News

POST TYPE

OPINION

ဆက်သွယ်ရေးလောက စနစ်တကျ ဖြစ်စေလို (Daily Vol-4/No-73)
လက်ရှိကာလသည် နှစ်ပေါင်းများစွာ အစိုးရက အရာရာ ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး နည်းပညာ တစ်ခေတ်ဆန်းလာချိန်ဟု ဆိုနိုင်သော်လည်း အခြားနိုင်ငံများတွင် 4G ခေါ် စတုတ္ထမျိုးဆက် မိုဘိုင်းလ်ကွန်ရက် နည်းပညာမှ ပဉ္စမမျိုးဆက် 5G သို့ ကူးပြောင်းအသုံးပြုရန် ဟန်ပြင်နေချိန်တွင် ဒုတိယမျိုးဆက် 2G နှင့် 3G အဆင့်တွင်သာ ရှိနေသေးသည်။

တစ်နည်းအားဖြင့် ပြောရလျှင် သတင်းအချက်အလက်များကို တစ်စက္ကန့်အတွင်း ကီလိုဘိုက်ပမာဏ များနိုင်သမျှ များများ လွှဲပို့ပေးနိုင်သော မြန်နှုန်းကို အခြေခံ၍ 2G, 3G, 4G, 5G အစရှိသဖြင့် မျိုးဆက်အလိုက် ခွဲခြား သတ်မှတ်ပေးသည့် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးစနစ်ကို ဖွံ့ဖြိုးသောနိုင်ငံများက မြန်နှုန်းမြင့် နောက်ဆုံးပေါ် မျိုးဆက်ဖြင့် ဆက်သွယ် အသုံးပြုရန် အားထုတ်နေချိန်တွင် မြန်မာနိုင်ငံသည် လက်ရှိသုံးနေဆဲ ဒုတိယနှင့် တတိယမျိုးဆက် မိုဘိုင်းလ်ကွန်ရက် နည်းပညာကိုပင် စံချိန်စံညွှန်း ပြည့်မီစွာ အသုံးမပြုနိုင်သေးပေ။

အကြောင်းမှာ မြန်မာနိုင်ငံတွင် လက်ရှိ လုပ်ငန်းဆောင်ရွက်နေသော ပြည်တွင်း၊ ပြည်ပမှ ဆက်သွယ်ရေး ကုမ္ပဏီများနှင့် အစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ကိုယ်တိုင် နိုင်ငံတကာက လက်ခံထားသည့် စံချိန်စံညွှန်းများကို လိုက်နာခြင်း မရှိခြင်း၊ တိကျသော ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများဖြင့် ထိန်းကွပ်မှု မရှိခြင်း၊ ကိုယ်ပိုင် စံချိန်စံညွှန်း မရှိခြင်းကဲ့သို့ အားနည်းချက်များကြောင့် ဖြစ်သည်။

လက်ရှိ ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများသည်လည်းကောင်း၊ အစိုးရနှင့် မိုဘိုင်းလ် ဖုန်းကုမ္ပဏီများ၏ ဆက်သွယ်ရေး စီမံကိန်း၊ စီမံချက် လုပ်ငန်းခွင်များတွင်လည်းကောင်း International Telecommunication Union - ITU ခေါ် နိုင်ငံတကာ ဆက်သွယ်ရေး အဖွဲ့ကြီးက သတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း ရေးဆွဲထားခြင်း မဟုတ်ပေ။

ထို့ကြောင့် မိုဘိုင်းလ် တယ်လီကွန်း ကုမ္ပဏီများ ကသော်လည်းကောင်း၊ မြန်မာ့ ဆက်သွယ်ရေး ကသော်လည်းကောင်း အနိမ့်ဆုံးအဆင့် တယ်လီဖုန်း တာဝါတိုင်များ ဆောက်လုပ်သည့်အခါ လိုက်နာရမည့် စည်းကမ်း သတ်မှတ်ချက်များ၊ စံချိန်စံညွှန်းများ ထုတ်ပြန်သတ်မှတ် လိုက်နာခြင်း မရှိပေ။

ထိုအခါ တာဝါတိုင် ဆောက်လုပ်ခွင့် ပေးထားသည့် လက်ခွဲ ကုမ္ပဏီများ၏ နည်းပညာ အရည်အသွေး၊ တာဝါတိုင် အရည်အသွေးတို့ကို စံချိန်စံညွှန်းဖြင့် စစ်ဆေးခြင်း၊ ယင်း အလုပ်ခွင်များတွင် ရေဒီယို သတ္တိကြွ ဓာတ်ရောင်ခြည် ကာကွယ်ရေးအလို့ငှာ ကျွမ်းကျင်လုပ်သားများ၊ ကြီးကြပ် အင်ဂျင်နီယာများအား လုံလောက်သည့် အကာအကွယ် ပစ္စည်းများ စံမီ၊ တန်းမီ ထောက်ပံ့ ပေးအပ်ထားခြင်းကဲ့သို့ ကြီးကြပ်ခြင်းမျိုး မရှိတော့ပေ။

အကျိုးဆက်အားဖြင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် စံမမီ၊ တန်းမမီ ဆက်သွယ်ရေး တာဝါတိုင်များ အလျှိုအလျှို ပေါ်ပေါက်လာကာ တာဝါတိုင် ဆောက်လုပ်ရာ ဒေသခံများ၊ ရပ်ကွက်နေပြည်သူများနှင့် ထိပ်တိုက်တွေ့မှုများ၊ တာဝါတိုင် အပါအဝင် မိုဘိုင်းလ် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းခွင်အားလုံးမှ လုပ်သားများ ရေဒီယိုသတ္တိကြွမှု ဒဏ်ကို ခါးစည်းခံ နေကြရပေသည်။

ပိုဆိုးသည်မှာ အရည်အချင်း မပြည့်မီသည့်အပြင် အခွန်ရှောင် သံသရာလည်ကာ ကုမ္ပဏီနာမည် အမျိုးမျိုးပြောင်း မှတ်ပုံတင်နေသော Subcon ခေါ် လက်ဝေခံ ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီအချို့၏ အရည်အသွေး မမှန်သော တာဝါတိုင်များကြောင့် မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး ထူးထူးခြားခြား ကောင်းမလာခြင်း၊ စံချိန်မမီခြင်းတို့ကို ဝယ်ယူသုံးစွဲသူ ပြည်သူလူထုက ခံစားရခြင်းဖြစ်သည်။

ထိုကဲ့သို့ မဖြစ်စေရန်မှာ စီမံကိန်းတစ်ခုလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းနှင့် တစ်ဆင့်ခံ ကန်ထရိုက်ရသော ပြည်တွင်း ပြည်ပ ကုမ္ပဏီများကိုလည်း မြန်မာနိုင်ငံသား ကြီးကြပ်သူ မန်နေဂျာများ၊ အင်ဂျင်နီယာများ၊ ကျွမ်းကျင်လုပ်သားများ ရာခိုင်နှုန်း မည်မျှ၊ နိုင်ငံခြားသား ရာခိုင်နှုန်း မည်မျှ၊ လုပ်ခလစာနှင့် အခြားခံစားခွင့်များ မည်သို့ စသဖြင့် တိကျစွာ စည်းကမ်း ပိုင်းခြားသတ်မှတ်စေခြင်း၊ ယင်းစည်းကမ်းများနှင့် ညီမညီ စစ်ဆေးခြင်း၊ မညီပါက အရေးယူခြင်း ကဲ့သို့ အသေးစိတ်အချက်များကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်၊ လက်စွဲများဖြင့် ကြီးကြပ်၊ အကာအကွယ် ပေးရမည်ဖြစ်ကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၅-၇-၂ဝ၁၆)