News

POST TYPE

OPINION

မီးခိုးတိတ်သွားသော ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများ
17-May-2017 tagged as

၂၀၁၂ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၁၀) ဖြစ် သည့် “ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ” ပုဒ်မ ၁၃(က)နှင့် (င) တွင် အောက်ပါ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ပြဋ္ဌာန်းထားပါသည်။ 

- လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ပြည်သူ့အကျိုးပြုရေး။

- မှုခင်းများနှင့် ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေး တိုင်ကြားခြင်း၊ ဖမ်းဆီး အရေးယူခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအား သတင်းပို့ခြင်းနှင့်ကူညီခြင်း စသည်တို့ ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၄၁)ဖြင့် ပြင်ဆင်လိုက်သည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် အထက်ပါကိစ္စများနှင့်ပတ်သက်၍  ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း မပြုဘဲ ယခင်အတိုင်း ထားရှိသည်ကို တွေ့ရှိရပါသည်။

ရာဇဝတ်ဘေး ပြေးလို့ လွတ်ကုန်ကြပြီ

အထက်ဖော်ပြပါ ကိစ္စရပ်များနှင့်ပတ်သက်၍ ဥပဒေတွင် သတ်မှတ်ပြဋ္ဌာန်းထားသည့် တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အချို့သော ကိစ္စရပ်များမှာ လက်တွေ့ ဆောင်ရွက်ရန် ခက်ခဲကြောင်း တွေ့ရှိလာရပါသည်။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အနေနှင့် ပြည်သူလူထုက ရွေးချယ်တင်မြှောက်သော ကိုယ်စားလှယ်များ ဖြစ်သည်မှာ မှန်သော်လည်း ပြည်သူတို့ ကိုယ်စား ပြည်သူတို့၏ အကျိုးစီးပွားအတွက် တာဝန် ထမ်းဆောင်ရာတွင် စိန်ခေါ်မှုများစွာကို ကြုံတွေ့နေရပါသည်။

အထူးသဖြင့် ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထမ်းဆောင်ရမည့် တာဝန်ဝတ္တရားများကို ကြည့်ပါက မိမိအတွက် အကာအကွယ်နှင့် လုပ်ပိုင်ခွင့်အာဏာ မရှိပါက မည်သို့မျှလုပ်ဆောင်ရန် မလွယ်ကူသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။ ယခုအခါ နေ့စဉ်နှင့်အမျှ ကြားသိ ဖတ်ရှုနေရသော သတင်းများကိုကြည့်ပါက ပြစ်မှု ကျူးလွန်သူတို့သည် လက်နက်များ ကိုင်ဆောင်၍ ကျူးလွန်ကြသလို ဖမ်းဆီးသူ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်များကိုပင် ပြန်လည်ရန်ပြုလာကြသည်ကို တွေ့ရှိရမည်ဖြစ်ပါသည်။

မောင်တောဒေသတွင် သတင်းပေးသူ ရပ်ကွက် တာဝန်ရှိသူများကို သတ်ဖြတ်ကြသည်အထိ လက်ရဲ၊ ဇက်ရဲ ရှိလာကြသည်ဖြစ်ရာ နောင်တွင် မည်သူ တစ်စုံတစ်ယောက်ကမျှ ရပ်ရွာ အကျိုးကို သယ်ပိုး ထမ်းဆောင်ရဲမည် မဟုတ်ကြတော့ပါ။

ရပ်ကျေး အုပ်ချုပ်ရေးမှူးကို အကာအကွယ် ပေးရန်လို

ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည် အမှန်တရားဘက်မှ ရပ်တည်၍ မသမာသူများ၊ ပြစ်မှုကျူးလွန်လေ့ရှိသူများ၊ လောင်းကစားဝိုင်းနှင့် ပြည့်တန်ဆာအိမ်များ၊ ချဲထီ နှစ်လုံးထီဒိုင်များ စသည်တို့ကို သတင်းပေးပို့ တိုင်ကြားပါက ၎င်းအား ရန်လိုမုန်းတီးသူများ ရှိလာမည်ဖြစ်ပြီး အသက် အန္တရာယ်ကို ရန်ရှာသည်အထိ ဖြစ်လာနိုင်ပါသည်။ ထို့ကြောင့် “ရပ်ရွာမှ ကြည်ညို လေးစားပြီး သိက္ခာ သမာဓိရှိသူ”တို့ ရပ်ရွာအကျိုး သယ်ပိုးချင် စိတ်ရှိစေရန်အတွက် ဥပဒေအရ အကာအကွယ် ပေးရန် အထူး လိုအပ်ပါသည်။

ယခင်ကာလ သူကြီးများ အုပ်ချုပ်စဉ်အခါက တရားဥပဒေ စိုးမိုးမှုရှိသည့်အပြင် သူကြီးများကို နှစ်လုံးပြူး သေနတ်ကိုင်ဆောင်ခွင့် ပြုထားသည်ဖြစ်ရာ သူကြီးဆိုလျှင် ဖိမ့်ဖိမ့်တုန်အောင် ကြောက်ရပါသည်။ နဝတ၊ နအဖ အစိုးရခေတ်တွင်လည်း မြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် ရဲကင်းများ တွဲဖက် ပေးထားပြီး ရပ်ကွက် လုံခြုံရေးကို များစွာ အထောက်အကူပြုခဲ့ပါသည်။ သို့ရာတွင်၂၀၁၁ ခုနှစ် နောက်ပိုင်းမှစ၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ လူအင်အား မလုံလောက်ဟူသော အကြောင်းပြချက်ဖြင့် ရပ်ကွက်များအတွက် သီးခြား မပေးနိုင်တော့သည့်အပြင် လမ်းဆုံလမ်းခွများ၊ လူစည်ကားရာ နေရာများ၌ပင် ရပ်ကင်းများ ချထားခြင်း မပြုနိုင်ဘဲ လှည့်ကင်းများလောက်သာ ထားရှိနိုင်ပါသည်။ ထို့ကြောင့် ရာဇဝတ်မှု ကျူးလွန်လိုသော သူခိုးဓားပြ၊ လူဆိုးလူမိုက်များကို ထိုကဲ့သို့ ကျူးလွန်နိုင်ရန်အတွက် အခြေအနေကောင်း တစ်ရပ်ကို ရည်ရွယ်ချက်ရှိရှိ တမင်သက်သက် ဖန်တီးပေးထားသကဲ့သို့ ဖြစ်နေပါသည်။

မကြာသေးမီက ပြည်နယ်မြို့ ကြီးတစ်မြို့မှ ကြားသိရသော သတင်းတစ်ခုမှာ လမ်းပေါ်တွင် လူနှစ်ဦး တုတ်၊ ဓားကိုယ်စီဖြင့် ထိုးခုတ်သတ်ဖြတ်နေကြသည်ကို မြင်တွေ့ရသော ပြည်သူတစ်ဦးက ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သတင်းပေးပို့ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြန်ပြောသည်မှာ “နေပါစေ၊ လွှတ်ထားလိုက်၊ အေး … သူတို့ အချင်းချင်း၊ ရိုက်ကြနှက်ကြလို့ သေပြီဆိုရင် လာပြော၊ အလောင်းလာကောက်ပြီး ဆေးရုံကို ပို့ပေးမယ်”ဟု ပြန်ပြောလိုက်ကြောင်း ကြားသိရပါသည်။ ဤနေရာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြောလိုက်သော စကားမှာ သူ့ဘက်ကကြည့်လျှင် မှန်သည်ဟုပင် ဆိုရပါမည်။ အကယ်၍သာ သူက သွားရောက်၍ တားဆီး ဟန့်တားမည်၊ ဝင်ရောက် ဖျန်ဖြေမည်ဆိုလျှင် သူ့ကိုပါ ရန်ပြုမည်ဖြစ်ပြီး အခန့်မသင့်လျှင် အသက် အန္တရာယ်ပင် ရှိပါသည်။ ရဲတပ်ဖွဲ့ကို အကြောင်းကြားမည် ဆိုပါကလည်း အချင်းဖြစ်နေရာနှင့် ကွာလှမ်းသော ရဲစခန်းမှ ချက်ချင်း လာရောက်နိုင်မည် မဟုတ်သလို လူအင်အားလည်း ရှိချင်မှရှိမည် ဖြစ်ပါသည်။

အုပ်ချုပ်ရေး၏ ခြေတံ လက်တံများ

အထက်တွင် ရေးသား ဖော်ပြခဲ့သည့် အချက်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ သတင်းပေးပို့ တင်ပြရန်ဆိုသည်မှာ အုပ်ချုပ်ရေး လက်တံရှည်မှသာလျှင် ဖြစ်နိုင်ပါမည်။ အုပ်ချုပ်ရေးလက်တံ ဆိုသည်မှာ ရပ်ကွက်အတွင်းရှိ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း/ လူမှုဝန်ထမ်းစိတ်ရှိသည့် ပြည်သူများပင် ဖြစ်ပါသည်။ သို့ရာတွင် ယခုအခါ လူအများစုမှာ စားဝတ်နေရေး ကျပ်တည်းပြီး ထမင်းတစ်လုတ်အတွက် ရုန်းကန်လှုပ်ရှားနေရသည့် အချိန်မျိုးတွင် ဆယ်အိမ်မှူး၊ ရာအိမ်မှူး အပါအဝင် မည်သူကမျှ ကြီးတော်နွားကို အလကား လာ၍ ကျောင်းပေးကြမည် မဟုတ်ပါ။
အတိတ်ကို ပြန်လည် တမ်းတခြင်း မဟုတ်စေကာမူ တစ်ချိန်က မြို့ပေါ်ရပ်ကွက် (ရဝတ/ရယက) ရုံးများတွင် ညဦးပိုင်း ၇ နာရီခန့်မှစ၍ ည ၁၀ နာရီ၊ ၁၁ နာရီအထိ တိုင်အောင် လူစည်ကားနေသည်ကို တွေ့ရှိရပါသည်။ ထိုသို့ လူစည်ကားရခြင်းမှာ တစ်နယ်တစ်ကျေးမှ လာရောက် တည်းခိုကြသော ဧည့်သည်များအတွက် ဧည့်စာရင်းများ တိုင်ကြားခြင်း၊ အခြားသော ထောက်ခံစာများ လာရောက် တောင်းခံခြင်းနှင့် လူမှုရေး ကိစ္စအဝ၀အတွက် လာရောက်ကြသူများ ဖြစ်ကြပါသည်။ ထို့အပြင် အကြောင်းအမျိုးမျိုး၊ ကိစ္စရပ် အသီးသီးအတွက် လာရောက် ကူညီဖြေရှင်းပေးကြသော ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း လုပ်အားပေးများ စသည်တို့ကြောင့် ဖြစ်ပါသည်။

ကြီးတော်နွားကို အလကားကျောင်းမပေးပါ

သို့သော် ထိုသူ၊ ဤသူတို့သည်လည်း အလကား၊ အခမဲ့ စေတနာ့ ဝန်ထမ်းသက်သက်ဖြင့် လာရောက် ကူညီဆောင်ရွက်ပေးနေကြသူများ မဟုတ်ကြပါ။ လကုန်သည့်အခါ ရာအိမ်မှူးကလည်း ရာအိမ်မှူးအလျောက်၊ ဆယ်အိမ်မှူးကလည်း ဆယ်အိမ်မှူးအလျောက်၊ အရန်မီးသတ်နှင့် လုပ်အားပေးကလည်း သူ့လုပ်အားနှင့် ထိုက်တန်သလောက် လုပ်အားခများကို အသီးသီး အသက အသက ရရှိကြပါသည်။ ထိုသို့ဆိုလျှင် အဆိုပါ လုပ်အားခများကို မည်သူက သူတို့ကို ပေးပါသလဲ၊ မည်သူက သူတို့ကို ချီးမြှင့်ပါသလဲ။ မည်သူကမျှ မပေးပါ၊ မည်သူကမျှ မချီးမြှင့်ပါ။ ဧည့်စာရင်း လာရောက် တိုင်ကြားသူများအတွက် ဧည့်စာရင်း လက်မှတ်ပုံစံများ ရောင်းချရာမှ ရရှိသည့်ငွေ၊ ထောက်ခံစာများ ဆောင်ရွက်ပေးရာမှ ရရှိသည့် စာရွက်စာတမ်းကြေး၊ မီးကင်းကြေး ကောက်ခံရာမှ ရရှိသည့် ရန်ပုံငွေ စသည်တို့မှ အချိုးကျခွဲဝေပေးခြင်းသာ ဖြစ်ပါသည်။

ထိုကဲ့သို့ ဆောင်ရွက်ပေးမှုများကြောင့် မည်သည့် အကျိုးအပြစ်များ ရရှိခဲ့ကြပါသလဲဟု ဆန်းစစ်ကြည့်မည်ဆိုပါက ရပ်ကွက်ရုံးတွင် အဆင့်ဆင့်သော တာဝန်ရှိသူများ တစ်ချိန်တည်း၊ တစ်နေရာတည်းတွင် စုစုစည်းစည်း ရှိနေကြသည့်အတွက် အရေးအကြောင်းဆိုလျှင် လူလိုက်စုစရာ မလို၊ မီးရေးထင်းရေး သို့မဟုတ် လုံခြုံရေးကိစ္စ၊ လူဆိုးသူခိုး အသံကြားသည်နှင့် ထိုသူများက လမ်းပေါ်သို့ အရင် ရောက်နှင့်ကြပါပြီ။ ဝိုင်းဝန်းပိတ်ဆို့ ဖမ်းဆီးသည်နှင့် လူဆိုးသူခိုးမိသော ဇာတ်လမ်းများ အများအပြား ရှိခဲ့ပါသည်။ ထိုမျှသာမက ညဘက် ၁၀ နာရီ ရုံးပိတ်သည်နှင့် ကိုယ့်အိမ် ကိုယ်မပြန်ကြသေးဘဲ ရပ်ကွက်အတွင်း လမ်းအလိုက် တစ်လမ်းဝင်တစ်လမ်းထွက် လှည့်လည် စစ်ဆေးကြသည်ဖြစ်ရာ ရပ်ကွက်ပြည်သူများ စိတ်အေးချမ်းစွာ အိပ်စက် အနားယူနိုင်ကြပါသည်။

ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်းနှင့် အကျိုးအပြစ်များ

ဤနေရာတွင် အလျဉ်းသင့်၍ ဧည့်စာရင်း တိုင်ကြားသည့်ကိစ္စနှင့် ပတ်သက်၍ တင်ပြလိုပါသည်။ မြန်မာနိုင်ငံတွင် အင်္ဂလိပ်အစိုးရ အုပ်ချုပ်စဉ် ၁၉၀၇ ခုနှစ်က မြို့များ အက်ဥပဒေနှင့် ကျေးရွာအက်ဥပဒေတို့ကို ပြဋ္ဌာန်းခဲ့သည်။ ယင်းဥပဒေများအရ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်သူတို့သည် “အခြားရပ်ကွက်/ ကျေးရွာအုပ်စု တစ်ခုခုတွင် နေထိုင်ပြီး အိမ်ထောင်စု စာရင်းဝင် မဟုတ်သူက ညဥ့်အိပ်ညဥ့်နေ လာရောက်တည်းခိုခြင်း”အတွက် ဧည့်စာရင်း တိုင်ကြားရန် တာဝန်ရှိသည်။ ထို့အတူ ရပ်/ကျေး အကြီးအကဲကလည်း “လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ စစ်ဆေးခြင်းနှင့် ပျက်ကွက်ပါက အရေးယူခြင်း”စသည်တို့ကို ဆောင်ရွက်ရန် တာဝန်ရှိကြောင်း ပြဋ္ဌာန်းခဲ့ပါသည်။ ယင်းဥပဒေ ပြဋ္ဌာန်းချက်ကို မြန်မာအစိုးရ အဆက်ဆက်က လိုက်နာကျင့်သုံးခဲ့ပြီး ယခင်အစိုးရလက်ထက်တွင် ၂၀၁၂ ခုနှစ်က ပြည်ထောင်စု လွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေတွင်လည်း ပုဒ်မ ၁၃ (ဆ)နှင့် ပုဒ်မ ၁၇ တို့တွင် ဆက်လက် ထည့်သွင်းကာ ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာပြည်သူတို့သည် ဧည့်စာရင်း တိုင်ကြားရသည့် ဒုက္ခနှင့် ဧည့်စာရင်း စစ်ဆေးခံရခြင်း၏ဒဏ်ကို နှစ်ပေါင်းများစွာ ခံစားခဲ့ကြရသည်။ ပြည်သူတို့သည် ဥပဒေနှင့်အညီ ဧည့်စာရင်း တိုင်ကြားလိုကြသော်လည်း အလွယ်တကူ တိုင်ကြားခွင့် မရရှိကြပါ။ ယခင် ရဝတ၊ ရယက ခေတ်များတွင် နှစ်ပေါင်းများစွာ ဧည့်စာရင်း တိုင်ကြားခဲ့ကြရာ၌ ပထမဦးစွာ မိမိအပိုင် ဆယ်အိမ်မှူးထံတွင် ထောက်ခံချက် ရယူရပါသည်။ ထို့နောက် တစ်ဖန် ရာအိမ်မှူး၏ ထောက်ခံချက်ကို ရယူရသည်။ ထိုမှသည် မိမိရပ်ကွက်/ ကျေးရွာအုပ်စု၏ ရုံးဖွင့်လှစ်သည့်အချိန်တွင် ရုံးသို့ သွားရောက်ရသည်။ ရန်ကုန်လို မြို့ကြီးများတွင် ညဘက်များ၌သာ ရုံးဖွင့်သည်ဖြစ်၍ ထိုအချိန်မှသာ သွားရောက်ရပါသည်။ ရုံးသို့ ရောက်သည်ရှိသော် ဧည့်စာရင်း တိုင်ကြားလွှာပုံစံကို ဝယ်ယူ၍ဖြစ်စေ၊ အလှူငွေသဘောဖြစ်စေ ထည့်၍ ရယူရပါသည်။

ထိုကဲ့သို့ ဧည့်စာရင်း တိုင်ကြားကြရခြင်းမှာ ဥပဒေကို လေးစား လိုက်နာသည် ဆိုခြင်းထက် ပြည်သူတွေ ဧည့်စာရင်း စစ်ဆေးခံရမည်ကို ကြောက်၍သာ ဖြစ်ကြပါသည်။ ထိုကဲ့သို့ ကြောက်ရသည့် အကြောင်းမှာလည်း စစ်ဆေးရာတွင် ပါဝင်သော ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၏ အပြုအမူများကြောင့် ဖြစ်သည်ဟုဆိုပါက မှားမည်မဟုတ်ပါ။ ဧည့်စာရင်း စစ်ဆေးခြင်းကို အပြင်းအထန် ဆောင်ရွက်ခဲ့သည်မှာ ၁၉၈၈ ခုနှစ်ပိုင်း နဝတ အစိုးရ တက်ပြီးစ ကာလများက ဖြစ်သည်။ ထိုစဉ်က ရပ်ကွက် လုံခြုံရေးကို တာဝန် ယူထားကြသော စစ်ကြောင်းများက ဦးဆောင်ပြီး ဧည့်စာရင်း စစ်ဆေးခဲ့ကြသည်။ အိမ်ပေါ်သို့တက်ရာ တွင် (ဘုရားစင်ထားရှိသော) ဧည့်ခန်းများ အထိ ဖိနပ်စီး၍ဝင်ခြင်း၊ အိပ်ရာခြင်ထောင်များကို အိမ်ရှင်ထံခွင့်ပြုချက်မယူဘဲ (အထဲတွင် မည်သူမည်ဝါ အိပ်နေကြောင်းကို မေးမြန်းခြင်း မပြု၊ အိပ်နေသူကိုလည်း မနှိုးဘဲ) ခြင်ထောင်ဆွဲ၍လှန်ခြင်း စသည်တို့ကို ပြုမူဆောင်ရွက်ခဲ့ကြသဖြင့် ပြည်သူတို့က ရွံကြောက်ကြောက်ကာ အော့နှလုံးနာခဲ့ကြသည်။ နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်များနှင့် ရဝတ/ရယကများချည်းသက်သက် စစ်ဆေးကြရာတွင်လည်း တချို့က ထိုအစဉ်အလာကို လိုက်နာ ကျင့်သုံးခဲ့ကြသဖြင့် ရပ်ရွာလုံခြုံရေး/ အေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဟူသောရည်ရွယ်ချက်ဖြင့် ပြဋ္ဌာန်းထားရှိသော ရပ်/ကျေး ဥပဒေပါ ဧည့်စာရင်း တိုင်ကြားခြင်း၊ စစ်ဆေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်ကို ပြည်သူတို့က မလိုလား ဆန့်ကျင်ခဲ့ကြခြင်း ဖြစ်ပါသည်။ (အချို့သော အုပ်ချုပ်ရေး အဖွဲ့များက ဧည့်စာရင်း တိုင်ကြားခြင်းကို လုပ်ပိုင်ခွင့်တစ်ခုသဖွယ် ကျင့်သုံး၍ ဧည့်စာရင်း ပိတ်ခြင်း ဟူ၍ပင် ဆောင်ရွက်ခဲ့ကြပါသေးသည်)။

မီးခိုးတိတ်သွားသော အုပ်ချုပ်ရေးမှူးရုံးများ

ဧည့်စာရင်း စစ်ဆေးခြင်းကြောင့် ပြည်သူတို့ စိတ်ဝယ်ငြိုငြင်၍ မကျေမနပ် ဖြစ်ကြရသော်လည်း တစ်ဖက်မှ ကြည့်ပြန်လျှင်မူ တရားခံပြေးများ၊ ပြစ်မှုကျူးလွန်ရန် ကြံစည်သူများ၊ ပြစ်မှုကျူးလွန်ပြီးနောက် ရှောင်တိမ်း/ထွက်ပြေး လွတ်မြောက်နေသူများကို ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ၂၀၁၁ ခုနှစ်အထိ ကာလများအတွင်း အတိုင်းအတာ တစ်ခုအထိ ဖမ်းဆီးရမိခဲ့ရသည်များ ရှိခဲ့သည်မှာ ငြင်းမရသော အချက်များပင် ဖြစ်ပါသည်။ 

သို့သော် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြည်သူတို့၏ မကျေမနပ်သံများ ထွက်ပေါ်ခဲ့သဖြင့် (၂၀၁၂ ဥပဒေတွင် ပြဋ္ဌာန်းခဲ့သော်လည်း) ဧည့်စာရင်း စစ်ဆေးမှုများ ရပ်ဆိုင်းခဲ့သလို ဧည့်စာရင်း တိုင်ကြားမှုများလည်း မရှိကြတော့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးရုံးများတွင် ရန်ပုံငွေ ရရှိမှုလည်း သိသာစွာ ကျဆင်းခဲ့ပါသည်။ ထို့အပြင် အခြားသော ရန်ပုံငွေ ကောက်ခံမှုများကိုလည်း မကောက်ခံရန် ညွှန်ကြားမှုများ ပြုလာသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများမှာ ဝင်ငွေ(ဝါ)ရန်ပုံငွေ လုံးဝ မရှိတော့သဖြင့် ခြေလက်ရိုက် ချိုးခံရသော သူကဲ့သို့ မည်သည့်ကိစ္စကိုမျှ ဆောင်ရွက်နိုင်စွမ်း မရှိတော့ပါ။ အထူးသဖြင့် ဧည့်စာရင်း စစ်ဆေးခြင်း အပါအဝင် လုံခြုံရေး အထောက်အကူပြုသည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်စွမ်း မရှိကြတော့ပါ။ တစ်ချိန်က မီးဖိုလေးပေါ်တွင် ရေနွေးအိုးလေး တစ်အိုးတင်၍ လက်ဖက်ရည်သောက်၊ လက်ဖက်သုပ်ဝိုင်းလေးလည်း ပျောက်ကွယ်ခဲ့ရတော့သည်။ တစ်နည်းဆိုရလျှင် ရပ်ကွက် အုပ်ချုပ်ရေးရုံးများလည်း မီးခိုးတိတ် ကုန်ကြရပါတော့သည်။

ထို့အပြင် ၂၀၁၂ ဥပဒေအရ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တစ်ဦးတည်းကိုသာ ရွေးချယ် တင်မြှောက်။ ခန့်အပ် တာဝန်ပေးရပြီး ၎င်းတစ်ဦးတည်း သာလျှင် လစဉ် ချီးမြှင့် ထောက်ပံ့ငွေနှင့် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေကို ခံစားခွင့် ရှိသည့်အတွက် ရပ်ကွက်ရုံးများတွင် ယခင်ကလို အဖွဲ့ဝင်များ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ စုစုစည်းစည်း မရှိကြတော့ဘဲ လုပ်ငန်း တာဝန်များလည်း လစ်ဟင်းကုန်ကြပါသည်။ အထူးသဖြင့် ပုဒ်မ ၁၃ ပါ တာဝန်နှင့် ဝတ္တရားများ ဖြစ်သည့် “မှုခင်းများနှင့် ဒုစရိုက်မှုများ ဖော်ထုတ်ခြင်း၊ သတင်းပေး တိုင်ကြားခြင်း၊ ဖမ်းဆီး အရေးယူခြင်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများအား သတင်းပို့ခြင်းနှင့် ကူညီခြင်း”စသည့် ကိစ္စရပ်များကို တာဝန်ကျေပွန်စွာ ဆောင်ရွက်နိုင်စွမ်း မရှိကြတော့ပါ။

မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထိရောက်သော လုပ်ငန်းတစ်ခုဖြစ်သည့် မီးသတိပြုရေး လှုံ့ဆော်သည့် အစီအစဉ်ကို မမြင်ရ၊ မကြားရသည်မှာလည်း ကြာပြီဖြစ်ပါသည်။

အကြံပြုလိုသည်မှာ

၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၄၁)ဖြင့် ပြင်ဆင်လိုက်သည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေတွင် ပုဒ်မ ၁၃ (ဆ) ပါ ပြဋ္ဌာန်းချက်ဖြစ်သည့် ဧည့်စာရင်း တိုင်ကြားခြင်း၊ လက်ခံခြင်း၊ ခွင့်ပြုခြင်း၊ စစ်ဆေးခြင်း စသည့်အချက်များကို ပယ်ဖျက်ပြီး၊ ပုဒ်မ ၁၇ ကို “တစ်လနှင့်အထက်ကျော်လွန်၍ လာရောက် နေထိုင်သူများရှိပါက သက်ဆိုင်ရာ တာဝန်ရှိသူထံ အသိပေး အကြောင်းကြားရမည်”ဟူ၍ အစားထိုးခဲ့ပါသည်။

ဤနေရာတွင် ကျွန်တော်တစ်ဦးတည်း၏ ထင်မြင် ယူဆချက်ဖြင့် အကြံပြု တင်ပြလိုသည်မှာ

- အထက်ဖော်ပြပါ ပယ်ဖျက်ခြင်းနှင့် ပြင်ဆင်ခြင်းတို့ကို ပြန်လည် သုံးသပ်၍ စည်းစနစ်ကျနသော လုပ်ထုံးလုပ်နည်း သတ်မှတ်ချက်များဖြင့် ဆောင်ရွက်သင့်ပါသည်။

- ရပ်ကွက်/ကျေးရွာအတွင်း အခြား ရပ်ကွက်/ကျေးရွာမှ လာရောက် နေထိုင်သူများသည် လာရောက် နေထိုင်သည့်နေ့မှ စတင်၍ အသိပေး တင်ပြရပါမည်။

- ထိုသို့ တင်ပြရာတွင် မိမိသည် မည်သည့်ကာလအထိ နေထိုင်မည်ဖြစ်ကြောင်းကို ထည့်သွင်း ဖော်ပြရပါမည်။

- ထိုကဲ့သို့ဖော်ပြသည့် ကာလသည် သာမန်အားဖြင့် ၆ လထက် မပိုစေရန်နှင့် ၆ လထက် ကျော်လွန်ပါက အကျိုးအကြောင်း ဖော်ပြချက်ဖြင့် ထပ်မံ တင်ပြစေရပါမည်။

- ထိုသို့ဖော်ပြသည့်ကာလ ကုန်ဆုံးသည့်အခါတွင် ပြန်လည် ထွက်ခွာပြီဖြစ်ကြောင်း သို့မဟုတ် ဆက်လက် နေထိုင်မည်ဖြစ်ကြောင်း၊ ထပ်မံ အသိပေး တင်ပြရပါမည်။

- အကယ်၍ ၎င်းတင်ပြခဲ့သည့် (နေထိုင်သည့်) ကာလကုန်ဆုံးသော်လည်း လာရောက်တင်ပြခြင်း မရှိပါက ရပ်/ကျေး အုပ်ချုပ်ရေးမှူးသည် အဆိုပါ နေအိမ်သို့ ဝင်ရောက် စစ်ဆေးခွင့် ရှိရပါမည်။

- ထိုသို့ ဝင်ရောက် စစ်ဆေး၍ ဆက်လက် နေထိုင်သည်ကို တွေ့ရှိပါက ထပ်မံ သက်တမ်းတိုး၍ နေထိုင်ခွင့် တင်ပြစေရပါမည်။ (ယခုကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့်  နိုင်ငံသား တစ်ဦးသည် မြန်မာနိုင်ငံအတွင်း မည်သည့် အရပ်ဒေသတွင်မဆို စဉ်ဆက်မပြတ် နေထိုင်သည့် အထောက်အထား ဖြစ်သကဲ့သို့ ပြစ်မှုကျူးလွန်သူ တစ်ဦးကိုလည်း ဆိတ်ကွယ်ရာတွင် ပုန်းအောင်းနေထိုင်ခြင်းမှ ကာကွယ်ပြီးသား ဖြစ်ပါမည်)။

နောက်တစ်ချက် အကြံပြု တင်ပြလိုသည်မှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးက ဆောင်ရွက်ပေးရသည့် ထောက်ခံချက်များ အပါအဝင် ဝန်ဆောင်မှုများအတွက် လုပ်ငန်း အမျိုးအစားအလိုက် တရားဝင် သတ်မှတ်ထားသည့် ငွေကြေး ပမာဏကို ကောက်ခံစေ၍ နိုင်ငံတော်ဘဏ္ဍာသို့ ပေးသွင်းစေရပါမည်။ ထို့နောက် ကောက်ခံရရှိငွေ၏ အချိုးအစားအလိုက် ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အချိန်ပိုင်း ရုံးထိုင်ဆောင်ရွက်သူများအတွက် ပံ့ပိုးငွေ/ထောက်ပံ့ငွေကို ပမာဏ သတ်မှတ်ချက်ဖြင့် ထုတ်ပေးရပါမည်။ ထို့အပြင် ဧည့်ခံစရိတ်များ၊ လုပ်အားခများကိုလည်း အဆိုပါ အခွန်ဘဏ္ဍာရငွေမှ ပြန်လည် ခွဲဝေပေးသင့်ပါသည်။

အဆိုပါ ငွေကြေး သုံးစွဲမှုများနှင့်ပတ်သက်၍ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးမှ ရပ်မိရပ်ဖများ ပါဝင်သောအဖွဲ့က ပုံမှန် စစ်ဆေးရပါမည်။ ဤကဲ့သို့ ဆောင်ရွက်ခြင်းအားဖြင့် မြေပြင် အခြေအနေတွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက အမှန်တကယ် ဆောင်ရွက်နေရသော လုပ်ငန်းများနှင့် အမှန်တကယ် ကုန်ကျနေရသော ငွေကြေးများအတွက် အထောက်အကူ ရရှိမည်ဖြစ်ပါသည်။ ထို့အပြင် ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာ လုပ်ငန်းများအတွက် လိုအပ်နေသော ပြစ်မှုကျူးလွန်သူများနှင့် ပတ်သက်သည့် သတင်းများကို စုဆောင်းရ လွယ်ကူစေမည့်အပြင်၊ ဥပဒေက ပေးအပ်ထားသည့် တာဝန်နှင့် ဝတ္တရားများကို အပြည့်အဝ ထမ်းဆောင်နိုင်ရန် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်တကွ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လုပ်အားပေးများ အပါအဝင် ယခင်ကလို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်လာမည်ဖြစ်ပြီး ရပ်။ကျေး အုပ်ချုပ်ရေးရုံးများသည်လည်း မီးခိုးလေးများ တလူလူနှင့် ပြည်သူများ စိတ်အေးချမ်းသာစွာ အိပ်စက်နိုင်ရေးအတွက် နေ့ညမပြတ် နိုးနိုးကြားကြား ရှိနေကြမည် ဖြစ်ပါသည်…၊…။

သိန်းထက်အောင်

  • TAGS