News

POST TYPE

OPINION

နိုင်ငံရေးပါတီတစ်ခု ဘယ်အကြောင်းကြောင့် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိသလဲ
17-May-2017 tagged as

ယခုရက်ပိုင်း ကြားနေရသည့် နိုင်ငံရေးပါတီကြီး တစ်ခုနှင့် သက်ဆိုင်သည့်သတင်းက လူပြောများလှသည်။ ထိုသတင်းများအပေါ် ပြည်သူလူထုက စိတ်ဝင်တစား  
ရှိလှသည်။ ထို့ပြင် လွန်ခဲ့သောရက်ပိုင်းက သတင်းစာ ရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားခဲ့သည့် ပါတီတစ်ခု၏ ပိုင်ဆိုင်ခွင့်ကို ပြည်သူကို ချပြမည်ဆိုသည့်  
စကားရပ်အပေါ်တွင်လည်း ပိုမိုကာ စိတ်ဝင်စားလာခဲ့ကြသည်။ ထို့အတွက် ပြည်သူတို့က အဆိုပါ နိုင်ငံရေးပါတီများအပေါ် စိတ်ဝင်စားမှုမှာ ယခင်ကထက်  
ပိုလာနေပြီး သူတို့သိချင်ကြသည့် မေးခွန်းများလည်း အများအပြား ရှိသည်ဟု ဆိုသည်။ သူတို့ သိချင်နေသည်မှာ နိုင်ငံရေး ပါတီများဆိုတာ ဘာလဲ၊ သူတို့က  
ဘယ်သူတွေက ထူထောင်ခွင့်ပေးသလဲ၊ သူတို့က ဘာစည်းကမ်းတွေ စောင့်ထိန်းရသလဲ၊ သူတို့ကို ဘယ်သူတွေက ထိန်းကျောင်းနေသလဲ၊ သူတို့ပါတီတွေရဲ့  
ပါတီရန်ပုံငွေ ကိစ္စတွေ၊ ပါတီရဲ့စီးပွားရေး လုပ်ငန်းတွေ၊ ပါတီဝင်ကြေးတွေနဲ့ ပိုင်ဆိုင်မှုတွေကို ဘယ်သူတွေက စစ်ဆေးကြသလဲ၊ သူတို့ကရော ပြည်သူတွေကို  
ဖွင့်ပြောပြခွင့်ရှိသလား စတဲ့အရာတွေအပေါ် အခုအချိန်မှာ သိချင်စိတ်များ အာသာငမ်းငမ်း ဖြစ်ပေါ်နေကြသည်ဟု ဆိုလာကြသည်။ အမှန်ဆိုရလျှင် သူတို့ ယခုလို  
သိချင်စိတ် ဖြစ်ပေါ်လာအောင်၊ ယခုလို နိုင်ငံရေးအသိ ပိုဝင်လာအောင်လည်း ယခုလပိုင်းရက်ပိုင်းအတွင်း မကွေး တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး  
အစိုးရတို့အတွင်း ဖြစ်ပေါ်ခဲ့သည့် ငွေရေးကြေးရေးကိစ္စများက တွန်းပို့ခဲ့သည်ဟု ဆိုနိုင်သည်။ ထို့ထက် ပိုတွန်းပို့ခဲ့သည်မှာ အထက်တွင် ဖော်ပြခဲ့သည့်  
ပါတီကြီးတစ်ခု သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည့် စကားတစ်ခွန်းကြောင့်ဟုဆိုလျှင် ပို၍မှန်သည်။

ပြည်သူအများ သိချင်လာနေသည့် ထိုနိုင်ငံရေး ပါတီများနှင့် အလုံးစုံ သက်ဆိုင်သည့် ကိစ္စများအတွက်ဆိုလျှင် ယခင် နယက လက်ထက် ၂၀၁၀ ခုနှစ်တွင်  
ဥပဒေအမှတ် (၂) ဖြင့် ပြဋ္ဌာန်းပေးခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ပြည်သူများ သိချင်သမျှ ကိစ္စရပ်များ အားလုံး ပါဝင်သည်ကို  
တွေ့ရမည်ဖြစ်သည်။ အမှန်ဆိုရလျှင် ပြည်သူများ သိချင်နေကြသည့် အထက်ပါ အကြောင်းအရာများကို အခြေခံထားသည့် အဆိုပါ ဥပဒေအကြောင်းပြောလျှင်  
ထိုဥပဒေ၏ အမည်ကပင် စပြောရမည်ဖြစ်သည်။ ဥပဒေ၏အမည်မှာ စတပ်စဉ်ကပင် မှားနေသယောင် ဖြစ်သည်။ ထိုသို့ပြောရခြင်းမှာလည်း အကြောင်းရှိသည်။

ဥပဒေထဲတွင် ပါတီစုံ ဒီမိုကရေစီစနစ်တွင် ပေါ်ပေါက်လာကြမည့် နိုင်ငံရေးပါတီ တစ်ခုအတွက် ရည်ရွယ်ပြီး ရေးဆွဲခဲ့သည်မှာ မှန်သော်လည်း မှတ်ပုံတင်ခြင်း  
တစ်ခုတည်းသာ ပါဝင်သည်မဟုတ်၊ ပါတီတစ်ခုအဖြစ် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိသည့်ကိစ္စများ၊ ရန်ပုံငွေနှင့် ပါတီပိုင်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊  
သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်း ရှင်းလင်း ဖျက်သိမ်းခြင်း ကိစ္စများ အစုံပါသည်။ သို့သော် ကျန်ကိစ္စများကို ဖျောက်ထားပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း  
ဥပဒေဟုသာ အမည် ပေးထားခဲ့သည်မှာလည်း စဉ်းစားစရာ ကောင်းလွန်းလှသည်။ သို့အတွက်ပင် ပြည်သူအများက မသိခဲ့ကြခြင်းနှင့် ဥပဒေ လေ့လာသူများ  
မျက်စိလည်ခဲ့ကြခြင်းများ ဖြစ်ဟန်တူသည်။ ထိုဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း အမည်ပေးရလျှင် ဥပဒေ၏အမည်ကို နိုင်ငံရေးပါတီ တည်ထောင်ခြင်း၊  
ရပ်တည်ခြင်းနှင့် ဖျက်သိမ်းခြင်းဆိုင်ရာ ဥပဒေဟုသာ ပေးသင့်သည်။

ဥပဒေ၏ အမည်ပေးခြင်း ကိစ္စကို မေ့ထားပြီး ထိုဥပဒေထဲတွင် ပါဝင်သည့် ပြည်သူအများ သိချင်ကြသည့် အခြားကိစ္စများကို ဆက်ပြောရလျှင် ထိုဥပဒေတွင် အခန်း  
(၅) ခန်း ပါဝင်ပြီး အခန်း (၁) နှင့် (၅) မှာ ဥပဒေတစ်ခု၏ အင်္ဂါရပ်နှင့်အညီ ထည့်သွင်းဖွင့်ဆို ရှင်းလင်းရသည့် အမည်နှင့် အဓိပ္ပာယ် ဖော်ပြချက်နှင့် အထွေထွေ  
အခန်းဖြစ်သည်။ ကျန်အခန်း (၃) ခန်းဖြစ်သည့် အခန်း (၂) တွင် နိုင်ငံရေးပါတီ တည်ထောင်ခြင်းနှင့် မှတ်ပုံတင်ခြင်း၊ အခန်း (၃) ဆက်လက် ရပ်တည်ပိုင်ခွင့်  
မရှိခြင်းနှင့် အခန်း (၄) တွင် ရန်ပုံငွေနှင့် ပါတီပိုင်ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်းရှင်းလင်းဖျက်သိမ်းခြင်းတို့  
ပါဝင်သည်။

ပထမဦးစွာ အပိုင်းကိုပြောရလျှင် နိုင်ငံရေးပါတီ တစ်ခုအနေနှင့် ကနဦးအစ စတင် တည်ထောင်လိုပါက ပါတီဝင် ၁၅ ဦးက အဆိုပါဥပဒေ၏ ပုဒ်မ (၂၊ ၃၊ ၄၊ ၅)တို့ပါ  
စည်းကမ်းချက်များနှင့်အညီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (Union Election Commission) ထံသို့ လျှောက်လွှာ တင်သွင်းကြရသည်။ ထိုသို့  
တင်သွင်းကြစဉ် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ တရားဥပဒေ စိုးမိုးရေး၊  
လူမျိုးရေး၊ ဘာသာရေး (သို့မဟုတ်) လူအများနှင့်ပတ်သက်၍ ပဋိပက္ခ ဖြစ်ပေါ်စေနိုင်သည့် သိက္ခာနှင့် ကိုယ်ကျင့်တရားကို ထိခိုက်စေနိုင်သည့် ရေးသား  
ဟောပြောမှု၊ စည်းရုံး လှုံ့ဆော်မှုများ မပြုလုပ်ရန်၊ ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မပြုလုပ်ရန်၊ နိုင်ငံခြား တိုင်းပြည်အစိုးရ တစ်ခုခု၊ ဘာသာရေး  
အဖွဲ့အစည်း တစ်ခုခုနှင့် အခြား ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း မပြုရန်  
စောင့်ထိန်း လိုက်နာမည်ဖြစ်ကြောင်း ပုဒ်မ (၆) အရ လျှောက်ထားစဉ်ကတည်းက လျှောက်လွှာမှာ ဝန်ခံကတိပြု လက်မှတ် ရေးထိုးထားကြခဲ့ကြရသည်။

ထို့ထက်ဆိုးသည်မှာ အဆိုပါ ဥပဒေ၏ ပုဒ်မ (၇) ဖြစ်သည်။ ထိုပုဒ်မမှာတွင် နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက်အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊  
သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းဆိုလျှင် နိုင်ငံရေးပါတီအဖြစ်ပင် လျှောက်ထားခွင့် မရှိစေရဟု ပါရှိထားသည်ကို တွေ့ရသည်။ ထို့ပြင် အထက်ပုဒ်မ  
(၆) ပါ အချက်များထဲမှ တစ်ချက်ချက်နှင့် ငြိစွန်းနေလျှင်လည်း ပါတီ တည်ထောင်ခွင့်ပင် ရရှိကြရမည် မဟုတ်ပေ။ 

ပါတီတစ်ခုအနေနှင့် ဆက်လက် ရပ်တည်ပိုင်ခွင့် မရှိခြင်းကိစ္စများကိုလည်း အဆိုပါ ဥပဒေ၏ အခန်း (၃) တွင် ပုဒ်မ (၁၂) တွင် တိတိပပ ဖော်ပြထားသည်။  
ထိုပုဒ်မတွင် အချက် (၇) ချက် ပါဝင်သည်ကို တွေ့ရမည်ဖြစ်ပြီး ပုဒ်မ (၆) အရ စတင် လျှောက်ထားစဉ်ကတည်းက ဝန်ခံ ကတိပြုထားသည့် အချက်များကို  
ချိုးဖောက်ခြင်းများလည်း ပါဝင်သည်။ ထိုသို့ ချိုးဖောက်ခြင်းကို တွေ့ရှိရပါက ပုဒ်မ (၁၂) (ခ) အရ ကော်မရှင်သည် ပုဒ်မခွဲ (က) ပါ အချက် တစ်ရပ်ရပ်နှင့်  
ငြိစွန်းသောပါတီအား နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ယင်းပါတီကိုလည်း ဖျက်သိမ်းရမည်ဟု ပါရှိသည်ကို တွေ့ရသည်။

သို့တစ်ဖန် ပါတီရန်ပုံငွေနှင့် ပစ္စည်းများ စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုံးစွဲခြင်း၊ စစ်ဆေးခြင်းနှင့် စာရင်း ရှင်းလင်းဖျက်သိမ်းခြင်း ကိစ္စများနှင့်ပတ်သက်၍ အခန်း  
(၄) တွင် ပုဒ်မ (၁၄) မှ (၁၉) ထိ ပြည့်ပြည့်စုံစုံ ထည့်သွင်း ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်သည်။ ထိုအချက်များကို ပြည့်ပြည့်စုံစုံ သိရှိစေရန်အတွက်  
ဥပဒေပါအတိုင်း ဖော်ပြရလျှင် “ပုဒ်မ ၁၄။ ပါတီပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်းနှင့် သတ်မှတ်သည့်အတိုင်း စာရင်းများ စနစ်တကျ ပြုစုထားရှိခြင်းတို့ကို အောက်ပါ  
ပုဂ္ဂိုလ်များက တာဝန်ယူ ဆောင်ရွက်ရမည်-

(က) ပါတီဌာနချုပ်အတွက်ဖြစ်လျှင် ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ 

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီများအတွက်ဖြစ်လျှင် သက်ဆိုင်ရာ ပါတီ အလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊  
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီအတွက်ဖြစ်လျှင် သက်ဆိုင်ရာ စည်းရုံးရေးမှူး”ဟုလည်းကောင်း။

ပုဒ်မ ၁၅ တွင် (က) ပါတီပိုင် ရန်ပုံငွေကို အောက်ပါအတိုင်း ကောက်ခံ စုစည်း၍ စာရင်းပြုစုထားရမည် “(၁) ပုဒ်မ ၁၁ အရ ကောက်ခံ ရရှိထားသော  
ပါတီဝင်ကြေးနှင့် ပါတီ လစဉ်ကြေး၊ (၂) ပြည်တွင်းရှိ နိုင်ငံသား တစ်ဦးချင်းကဖြစ်စေ၊ အဖွဲ့အစည်းအလိုက်ဖြစ်စေ၊ နိုင်ငံသားပိုင် ကုမ္ပဏီ သို့မဟုတ်  
ကုမ္ပဏီအစုအဖွဲ့ကဖြစ်စေ ၎င်းတို့ တရားဝင် ရရှိထားသော ငွေကြေးပစ္စည်းများထဲမှ ပါတီသို့ လှူဒါန်းထည့်ဝင်သည့် ငွေကြေး သို့မဟုတ် ပစ္စည်း၊ (၃) ပါတီပိုင်  
စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသော ငွေနှင့် အမြတ်အစွန်း။ (ခ) ပုဒ်မခွဲ (က)၊ ပုဒ်မခွဲငယ် (၁) နှင့် (၂) တို့အရ ရရှိ သော ငွေကြေး ပစ္စည်းများပေါ်တွင်  
ထမ်းဆောင်ရမည့် အခွန်အခများကို ကင်းလွတ်ခွင့်ပြုသည်”ဟူ၍လည်းကောင်း။

ပုဒ်မ ၁၆ တွင် “ပါတီတစ်ခုသည်  လွှတ်တော်သက်တမ်း တစ်ရပ်အတွင်း (က) မိမိပါတီစည်းရုံးရေးအတွက် ပါတီစည်းမျဉ်းနှင့်အညီ သတ်မှတ်ထား သော  
အသုံးစရိတ်များကို သုံးစွဲခွင့်ရှိသည်။ (ခ) အထွေထွေ ရွေးကောက်ပွဲ၌ဖြစ်စေ၊ ကြားဖြတ် ရွေးကောက်ပွဲ၌ဖြစ်စေ မိမိပါတီကို ကိုယ်စားပြု၍ ရွေးကောက်ခံသော  
လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးစီအတွက် သတ်မှတ်ထားသော အသုံးစရိတ်များကို သုံးစွဲခွင့်ရှိသည်”ဟုလည်းကောင်း။

ပုဒ်မ ၁၇။ ပါတီတစ်ခုသည် မိမိ၏ နှစ်စဉ် ငွေစာရင်းရှင်းတမ်းကို ဘဏ္ဍာရေးနှစ်အလိုက် ရေးဆွဲခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စပ်လျဉ်းသည့် နှစ်ချုပ် စာရင်းပြုစုခြင်း၊  
ပါတီစည်းမျဉ်းနှင့်အညီ အတည်ပြုချက် ရယူခြင်းတို့ကို သတ်မှတ်သည့်အတိုင်း ဆောင်ရွက်ရမည်။ ပုဒ်မ ၁၈။ ပါတီတစ်ခု၏ စာရင်းများကို စစ်ဆေးရန် လိုအပ်လျှင်  
ကော်မရှင်က စစ်ဆေးနိုင်သည်။ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်အားလည်း စစ်ဆေးစေနိုင်သည်။ ယင်းသို့  စစ်ဆေးရာတွင် ကော်မရှင် သို့မဟုတ်  
ကော်မရှင်အဖွဲ့ခွဲသည် အစိုးရဌာန၊ အဖွဲ့အစည်းများထံမှ အကူအညီ ရယူနိုင်သည်။ ပုဒ်မ ၁၉။ (က) ပါတီတစ်ခုသည် မိမိဆန္ဒအလျောက် ဖျက်သိမ်းလျှင်ဖြစ်စေ၊  
ဤဥပဒေအရ မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်ခံရလျှင်ဖြစ်စေ ပါတီပိုင် ပစ္စည်းများကို နိုင်ငံတော် အစိုးရက သတ်မှတ်ပေးသည့်ဌာန၊ အဖွဲ့အစည်းသို့  
သတ်မှတ်သည့် နည်းလမ်းအတိုင်း အပ်နှံရမည်။ (ခ) ပုဒ်မခွဲ (က) အရ အပ်နှံသည့်ပစ္စည်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းသည် နိုင်ငံတော်အစိုးရ၏  
ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်”ဟူ၍လည်းကောင်း ပြည့်စုံစွာ ပြဋ္ဌာန်းချက် ရှိသည်ကို မြင်ကြရမည်ဖြစ်သည်။ 

ထို့ထက်ထူးခြားသည်မှာ အဆိုပါ နိုင်ငံရေးပါတီများနှင့်ပတ်သက်၍ စီရင်ဆုံးဖြတ်မှု မှန်သမျှ အဆိုပါဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် စပ်လျဉ်း၍ (က) ကော်မရှင်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။ (ခ) မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုပိုင်ခွင့်  
မရှိစေရဟု ပုဒ်မ (၂၀)တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို အထူး အာဏာကုန် လွှဲအပ်ခံထားရခြင်းပင်ဖြစ်သည်။

ထို့အတွက် နိဂုံးချုပ်အားဖြင့် ဆိုရလျှင် ပြည်သူအများ သိချင်နေကြသည့် နိုင်ငံရေးပါတီများ တည်ထောင်ခွင့်အကြောင်း၊ ထိုပါတီများအနေနှင့် နိုင်ငံတော်နှင့်  
နိုင်ငံသားများအပေါ် အထူး လိုက်နာကြရမယ့် စည်းကမ်းချက်များအကြောင်း၊ မည်သည့်ကိစ္စများ ဖြစ်လာလျှင် ဆက်လက် ရပ်တည်ခွင့် မရှိသည့်အကြောင်းနှင့်  
ပါတီပိုင် ရန်ပုံငွေများနှင့် ပစ္စည်းများနှင့် ပတ်သက်၍ စာရင်းစစ်ဆေးခြင်းများ ပြုလုပ်နိုင်သည့် အကြောင်းများကို အဆိုပါဥပဒေ အထဲတွင် တိတိကျကျ  
ပြဋ္ဌာန်းထားရှိခြင်းကို လေ့လာကြပါစေလိုကြောင်းနှင့် ပြည်သူ့အားဖြင့် တည်ထောင်ကြသည့် နိုင်ငံရေး ပါတီများအပေါ် ပြည်သူအများကပင်  
ပြန်လည် ထိန်းကျောင်းကြစေလိုပါကြောင်း စိတ်ကောင်း စေတနာဖြင့် ရေးသား တင်ပြလိုက်ရပါသည်။ 

အောင်ဇေယျ

  • TAGS