News

POST TYPE

OPINION

စီးပွားရေး မဟာဗျူဟာ နိုင်ငံရေး မဟာဗျူဟာ
16-May-2017 tagged as

တစ်လောက သွားရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပခရီးစဉ်မှာ လန်ဒန်ရှိ မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲ အစီအစဉ်တစ်ခုလည်း ပါဝင်တာ တွေ့လိုက်ရသည်။ လန်ဒန်မြို့မှာ တွေ့ဆုံပွဲပြုလုပ်ပုံကို ဖေ့စ်ဘွတ်ခ် Livestream တင်သဖြင့် တိုက်ရိုက် ကြည့်ခွင့်ရလိုက်သည်။ အခန်းက ကျဉ်း၊ စပီကာက ကောင်းသဖြင့် ဒေါ်အောင်ဆန်းစုကြည် ပြောသမျှကို ကြည်ကြည်လင်လင် ကြားလိုက်ရသည်။ လန်ဒန်ခရီးစဉ်မှာ တွေ့ဆုံစရာ၊ သွားစရာ၊ လာစရာ အစီအစဉ် အတော် များပြားပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်က အချိန် မရသဖြင့် မေးခွန်းမေးမည့်သူ အားလုံး တိုတိုတုတ်တုတ် လိုရင်းပဲမေးရန် ပွဲစကတည်းက တောင်းဆိုထားသည်။ ထိုသို့ ပြောထားသည့်ကြားက လန်ဒန်ရောက် ဆရာဝန်ကြီးတစ်ဦးက သူမြန်မာပြည် ပြန်လာစဉ် ကြုံတွေ့ရသည့် အခက်အခဲကို စီကာစဉ်ကာ ပြောနေသဖြင့် စိတ်မရှည်သော ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စကားစဖြတ်၍ လိုရင်းချုံ့ ဖြေပေးလိုက်ရသည်။ လိုရင်းကို တိုတိုတုတ်တုတ်သာ မေးပါဆိုတော့ နောက်မေးခွန်းရှင်တစ်ဦးက လက်ရှိ အခြေအနေတွင် ပြည်တွင်း ငြိမ်းချမ်းရေးအပေါ် အားမလို အားမရ ဖြစ်နေမိကြောင်း မေးမြန်းခဲ့ရာ “အားမလို အားမရ ဖြစ်ရင် ကိုယ်တိုင် ဝင်ပါကြလေ”ဆိုပြီး တိုတိုပြတ်ပြတ် ပြန်ဖြေသွားတာကိုလည်း တွေ့ရသည်။

ထိုအဖြေကို ကြားသောအခါ အဓိပ္ပာယ်ကို နားမလည်။ သဘော မပေါက်။ ဘာကို ဆိုလိုတာလဲ။ ငြိမ်းချမ်းရေး ကိစ္စမှာ သာမန်ပြည်သူ တစ်ဦးက ဘယ်လိုနေရာက ပါဝင်ပေးရမှာလဲ။ သာမန်ပြည်သူတွေ ကိုယ်၌က ငြိမ်းချမ်းရေးကို လိုလားနေပြီပဲ။ ဘယ်လို ပါဝင်ပေးရဦးမှာလဲ။ နားမလည်နိုင်ခဲ့။ လန်ဒန် မြန်မာမိသားစု တွေ့ဆုံပွဲ အမေးအဖြေ အစီအစဉ်ကို နားထောင်ပြီးတော့ ခေါင်းထဲမှာ မရှင်းမရှင်း ကျန်ခဲ့သည်။ ကိုယ်ကပဲ ဉာဏ်မမီတာလား။ ပြည်သူတစ်ဦး အနေနှင့် အားမလို အားမရ ဖြစ်သည်ကို အားမလို အားမရ ဖြစ်မိကြောင်း မေးသည့်အပေါ် ကြားရသည့် အဖြေက ဘဝင်မကျစရာ ဖြစ်နေသည်။

မေလ ၂၄ ရက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၊ ဒုတိယ ပင်လုံကို ဒုတိယအကြိမ် ထပ်မံ ကျင်းပရန် ရက်သတ်မှတ်ထားခဲ့ပြီဖြစ်သည်။ ရက်အားဖြင့် တစ်ပတ်ကျော်မျှသာ လိုတော့သည်။ လန်ဒန်က ပြန်ရောက်ပြီးသည့်နောက် UPDJC အစည်းအဝေး ကျင်းပခဲ့ရာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ပြီး စကားပြောသည်။ ယခုပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ UNFC က နုတ်ထွက်သွားသော KIA/KIO အပါအဝင် ကိုးကန့်၊ “ဝ”နှင့် မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေ ပါဝင်နိုင်ခြေ ရှိ မရှိ မသိရသေးသော်လည်း ပြည်နယ်တွေက ကိုယ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခွင့်ရှိတယ်ဆိုသော အာမခံ စကားတစ်ခွန်းကိုတော့ ကြားလိုက်ရသည်။ အသစ်အဆန်း ဟုတ်ဟန် မတူသော်လည်း ဒေါ်အောင်ဆန်းစုကြည်ထံမှ ထိုစကား ကြားရသဖြင့် တိုင်းရင်းသား အဖွဲ့တွေ ကြိုဆိုကြတာ တွေ့ရသည်။

ထိုရက်များအတွင်း ပြည်တွင်း ငြိမ်းချမ်းရေးအတွက် တာဝန်ပေးထားသော တရုတ် အထူးကိုယ်စားလှယ်နှင့် NCA ကို လက်မခံသော “ဝ” ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ် လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ ချင်းမိုင်မှာ တွေ့ဆုံဆွေးနွေးသည့် သတင်းကိုလည်း ဖတ်ရသည်။ ထိုဆွေးနွေးပွဲကလည်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနှင့် ပတ်သက်သည့် ထူးခြားချက် တစ်စုံတစ်ရာ မတွေ့ရ။ ထိုအတောအတွင်းမှာပင် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရကြသေးသည့် တိုင်းရင်းသား အဖွဲ့အစည်း အချို့ကလည်း ညီလာခံကို လာတက်ဖို့ မသေချာဟု ဆိုလာပြန်သည်။ ဤအခြေအနေမှာပင် ဒေါ်အောင်ဆန်းစုကြည်က တရုတ်နိုင်ငံသို့ OBOR ထိပ်သီး အစည်းအဝေး တက်ဖို့ ထွက်သွားသည်။ ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေကတော့ ညီလာခံ အချိန်မီ ကျင်းပနိုင်ရေး ဆက်တိုက် ကြိုးပမ်းနေကြတာ တွေ့ရသည်။

တစ်နေ့က ဦးကိုကိုကြီး (၈၈ မျိုးဆက်)၊ ဝန်ကြီးဟောင်း ဦးရဲထွဋ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်တို့ ပါဝင်သည့် မြန်မာ့နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်တစ်ရပ် ပါ့ခ်ရွိုင်ရယ် ဟိုတယ်မှာ ပြုလုပ်သွားခဲ့သည်။ ကိုယ်တိုင် တက်ရောက် နားထောင်ခြင်း မပြုခဲ့သော်လည်း ဆွေးနွေးကြသည့် အကြောင်းအရာများထဲတွင် အစိုးရအနေနှင့် စီးပွားရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဘယ်အရာကို ဦးစားပေး ဆောင်ရွက်သင့်သလဲ ဆိုသည့် ဆွေးနွေးမှုတစ်ခု ပါဝင်သည်ကို ဖတ်လိုက်ရသည်။ ဦးကိုကိုကြီးရော ဦးရဲထွဋ်ပါ စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာရေးကို အလျင် ဦးစားပေး လုပ်ဆောင်သင့်ကြောင်း ဆွေးနွေးခဲ့သည်ဟု ယေဘုယျ ကောက်ချက်ချမိသည်။

စာရေးသူကို ထိုမေးခွန်း မေးလာပါကလည်း လတ်တလော စီးပွားရေး ကောင်းမွန်လာဖို့ကိုပဲ ဦးစားပေးသင့်သည်ဟု ဖြေမိမှာပဲ ဖြစ်သည်။ စီးပွားရေး ကောင်းမွန်လာလျှင် အချို့သော ပြဿနာများ၊ ပဋိပက္ခများ ဖြေရှင်းရ လွယ်ကူသွားနိုင်သည်။ သို့သော် ... စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်တွင်း ငြိမ်းချမ်းရေးက တိုက်ရိုက် အချိုးကျနေသည်။

“ကျွန်မတို့ ငြိမ်းချမ်းရေး မရဘဲနဲ့ စီးပွားရေး တိုးတက်အောင် မလုပ်နိုင်ဘူး။ စီးပွားရေး တိုးတက်အောင် လုပ်တဲ့အခါ ငြိမ်းချမ်းရေး မရှိရင်လည်း မဖြစ်နိုင်ဘူး။ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်” ထိုစကားကို လန်ဒန် စကားဝိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာကို ကြားလိုက်မိသည်။ မှန်သည်။ ယခင်အစိုးရများ လက်ထက်ကလည်း သည်လိုပဲ ပြောခဲ့ကြသည်။ နိုင်ငံတည်ငြိမ်မှ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နိုင်မယ်။ မတည်ငြိမ်လျှင် ဖွံ့ဖြိုးတိုးတက်အောင် မလုပ်နိုင်။

စီးပွားရေးအကြောင်း ပြောသည့်အခါ တရုတ်က ပါလာပြန်သည်။ အားလုံး သိကြသည့်အတိုင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ယခု ကျင်းပနေသည့် OBOR (One Belt, One Road) ညီလာခံကြီးမှတစ်ဆင့် တရုတ်တို့၏ အနာဂတ် ကမ္ဘာ့စီးပွားရေး မဟာဗျူဟာကို နိုင်ငံတကာ ခေါင်းဆောင်ကြီးများကို ချပြဆွဲဆောင် စည်းရုံးနေသည်။ အထူးသဖြင့် တစ်ခုတည်းသော ရပ်ဝန်း၏ အဓိကကျသော နေရာလည်းဖြစ်၊ နယ်မြေချင်း ထိစပ်နေသည့် နိုင်ငံလည်းဖြစ်သော မြန်မာကို အပါခေါ်ဖို့ စည်းရုံးနေသည်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လာလျှင် ဘယ်လို ကတိကဝတ်တွေ ရခဲ့၊ ပေးခဲ့သလဲ သိဖို့ လိုလာသည်။ တရုတ်က မဟာဗျူဟာ စီမံကိန်းကြီးတွေကို နောင်နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်အထိ မြော်မြင်ရေးဆွဲ အကောင်အထည် ဖော်နေသည့်အချိန်မှာ ကိုယ့်ဘက်က Long Term လည်းမရှိ၊ Short Term လည်းမရှိ ကြုံသလို စီးပွားရေး မဟာဗျူဟာနှင့် သွားနေလျှင် ခံရဖို့များသည်။ တရုတ်က သူ့နိုင်ငံ အနာဂတ် အကျိုးစီးပွားအတွက် ယခုလို မဟာဗျူဟာတွေ ချမှတ်နေတာ ဖြစ်သည်။ တစ်ခုတည်းသော ရပ်ဝန်းထဲက နိုင်ငံအားလုံး အတူတကွ ဖွံ့ဖြိုးရေးဟု ခေါင်းစဉ် တပ်ထားသော်လည်း ကိုယ်ကျိုးစီးပွားက အဓိက ဆိုသည်ကို မမေ့အပ်။

မနှိုင်းယှဉ်စရာစကားဟု ဆိုနိုင်သော်လည်း ယခုတရုတ်၏ မဟာဗျူဟာက ဒုတိယကမ္ဘာစစ်အတွင်း အာရှကို ကျူးကျော် သိမ်းပိုက်ခဲ့သည့် ဂျပန်တို့၏ “အာရှ သာတူညီမျှ ကောင်းစားရေး” စကားနှင့် ခပ်ဆင်ဆင် တူနေသည်။ ဝေါဟာရ စကားလုံးများ လှပသော်လည်း အနှစ်သာရကတော့ ကိုယ်ကျိုးစီးပွား အတွက်ပင်။ နိုင်ငံတိုင်း ကိုယ်ကျိုးစီးပွား ရှေ့တန်း တင်ကြသည်ကို မမေ့အပ်ပေ။

ယခု အခြေအနေမှာတော့ ပြည်တွင်း ငြိမ်းချမ်းရေးကလည်း ဘယ် သောင် ဘယ်ကမ်း မသိသေး။ ပြည်တွင်းစီးပွားရေးကလည်း Take off ပျံတက်ဖို့ မပြောနှင့်ဦး။ မြေပြင်က အရှုပ်အထွေးတွေ ရှင်းနေရသေးတုန်း ဖြစ်သလို ပျံဖို့လည်း အားအင်ကောင်းကောင်း မရှိသေးပါ။ သည်လို အခြေအနေမျိုးမှာ အစိုးရအနေနှင့် စီးပွားရေး မဟာဗျူဟာ ကောင်းကောင်း ချမှတ်ထားနိုင်ဖို့လိုသလို ငြိမ်းချမ်းရေး မဟာဗျူဟာလည်း တိတိကျကျ ခိုင်ခိုင်မာမာ ချမှတ်ထားဖို့ လိုနေကြောင်းပါ။

ချစ်ဝင်းမောင်

  • TAGS