News

POST TYPE

OPINION

ဆင်ခြင်တုံတရားနဲ့ ပညာဉာဏ်
15-May-2017 tagged as

ဆင်ခြင်တုံတရားဆိုတာ မိမိလုပ်ရပ် တစ်ခုခုကြောင့် ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုတင်သိမြင်ပြီး မဖြစ်သင့်တာ မဖြစ်ရအောင်၊ ဖြစ်သင့်တာ ဖြစ်ရအောင် ဖြစ်စေ၊ ဖြစ်လာမယ့် အကျိုးဆက်တွေကို သေသေချာချာ သိမြင်ပြီး လက်သင့်ခံဖို့ ပြင်ဆင်ထားလို့ဖြစ်စေ၊ ကိစ္စတစ်ခုခုကို ပြောဆို၊ ဆောင်ရွက်ဖို့ ဆုံးဖြတ်ရာမှာ လက်ကိုင်ထားတဲ့တရားပါ။ ဆင်ခြင်တုံတရားဟာ ပညာဉာဏ်က လာပါတယ်။ အိမ်တစ်အိမ် ရှေ့မှာ ထီးတစ်လက် ချိတ်ထားတာ တွေ့တဲ့အခါ ပိုင်ရှင်မရှိတုန်းမှာမှ မယူလိုက်ရင် မိုက်မဲရာ ကျပေမပေါ့ဆိုတာ သူခိုးတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး၊ ကိုယ့်ပစ္စည်း မဟုတ်တဲ့အတွက်ကြောင့် မယူပါဘူးဆိုတာက လူကောင်း တစ်ယောက်ရဲ့ ဆင်ခြင်တုံတရားပါ။ ဒါဟာ ပညာဉာဏ်နဲ့ ဆိုင်ပါတယ်။ ပညာဆိုတာ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သော ဉာဏ်လို့ မြန်မာစာမှာ အနက်ဖွင့်ပါတယ်။ ဒီတော့ လူတိုင်းက ကိုယ့်ဆင်ခြင်တုံ တရားနဲ့ကိုယ် ထင်ရာလုပ်ကြပေမယ့် ပညာဉာဏ် မပါတဲ့ ဆင်ခြင်တုံတရားဟာ ဆင်ခြင်တုံ တရားအစစ် မဟုတ်ပါဘူး။

“တစ်ရွာမပြောင်း သူကောင်းမဖြစ်”ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျား တော ပြောင်း”ဆိုတဲ့ မြန်မာစကားပုံ နှစ်ခုက ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတယ် ထင်ရပေမယ့် တကယ်ကတော့ ကိစ္စရပ်တွေကို ဆင်ခြင်တုံတရားနဲ့ ဆောင်ရွက်ဖို့ သတိပေးတဲ့ စကားပုံတွေပါ။ ပြောင်းသင့်တဲ့အချိန်မှာ ပြောင်းပြီး၊ မပြောင်းသင့်တဲ့အချိန်မှာ မပြောင်းဖို့ပါပဲ။ အလားတူပဲ “ကြောက်ရင် လွဲ၊ ရဲရင်မင်းဖြစ်”ဆိုတဲ့ လုပ်စရာကို ရဲရဲဝံ့ဝံ့ လုပ်ဖို့အားပေးတဲ့ စကားပုံနဲ့ “ထိုင်နေ အကောင်းသား၊ ထသွားမှ ကျိုးမှန်းသိ”ဆိုတဲ့ နေမြဲအတိုင်းနေဖို့ အားပေးတဲ့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်တဲ့အနက်ရှိတဲ့ စကားပုံနှစ်ခုလည်း ရှိပါတယ်။ ဆိုလိုတာက အချိန်အခါနဲ့ အခြေအနေကို ကြည့်တတ်ဖို့ပါ။ အဲဒီလို ပြောင်းသင့်တဲ့အချိန်၊ မပြောင်းသင့်တဲ့အချိန်နဲ့ ရဲသင့်တဲ့အချိန် မရဲသင့်တဲ့အချိန်ကို သိဖို့အတွက်ကတော့ ပညာဉာဏ်ချွန်းအုပ်တဲ့ ဆင်ခြင်တုံတရား လိုပါတယ်။

ပညာဉာဏ်ကို အကြားအမြင် ဗဟုသုတတွေ ဆည်းပူးခြင်း၊ ဖြစ်ပြီးသောအရာများ၊ ဖြစ်နေသောအရာများ (သမိုင်း)တွေကို လေ့လာခြင်း၊ မိမိပတ်ဝန်းကျင်ကို လေ့လာခြင်း၊ ကိုယ်ပိုင် အတွေ့အကြုံ စတာတွေနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ပေါင်းစပ် သုံးသပ်ရာက ရနိုင်ပါတယ်။ သမိုင်းကို ကြည့်ရင်လည်း ဘာတွေလုပ်ခဲ့လို့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား တွေ့နိုင်တယ်။ မိမိပတ်ဝန်းကျင်ကို ကြည့်ရင်လည်း ဘယ်အကြောင်းတရားတွေကြောင့် ဘာအကျိုးတရားတွေ ဖြစ်နေတယ်ဆိုတာ သဘောပေါက် သိမြင်နိုင်တဲ့ ကိစ္စမျိုးတွေ ရှိပါတယ်။ ဂေါတမဗုဒ္ဓက ကာလာမသုတ်မှာ ဟောခဲ့ပါတယ်။ တစ်ဆင့် စကား (ကောလာဟလ)တို့၊ ရှေးအစဉ်အလာစကား ဖြစ်တယ်ဆိုရုံတို့နဲ့ အမှန်လို့ မယုံကြည်ဖို့၊ ဒီလိုဖြစ်ဖူးတယ်ဆိုရုံ၊ ကျမ်းဂန်နဲ့ ညီညွတ်တယ်ဆိုရုံ၊ နည်းမှီပြီးယူလို့ ရတယ်ဆိုရုံနဲ့ အမှန်လို့ မယုံကြည်ဖို့၊ ကျိုး ကြောင်း ဆီလျော်သလို ရှိတယ်၊ အထောက်အထား ရှိတယ်လို့ဆိုရုံနဲ့ မယုံကြည်ဖို့၊ ယုံကြည်ထိုက်သူရဲ့ စကားဖြစ်တယ်ဆိုရုံ၊ မိမိဆရာရဲ့စကား ဖြစ်တယ်ဆိုရုံနဲ့ အမှန်လို့ မယုံကြည်ကြဖို့။ တစ်ဆက်တည်းမှာပဲ ကိစ္စတစ်ခုနဲ့ ပက်သက်တဲ့အခါ အကျိုးမဲ့ကြောင်း၊ ပညာရှိတို့ ကဲ့ရဲ့အပ်ကြောင်း၊ မကောင်းမှုဖြစ်ကြောင်း မိမိကိုယ်တိုင် သိတဲ့အခါမှာ အဲဒီယုံကြည်ချက်ကို စွန့်ပယ်ပြီး အကျိုးတရား ရှိကြောင်း၊ ပညာရှိတို့ ချီးမွမ်းအပ်ကြောင်း၊ ကောင်းမှုဖြစ်ကြောင်း မိမိကိုယ်တိုင် သိမြင်တဲ့အခါမှာမှသာ ယုံကြည် ကျင့်ကြံကြဖို့ ဟောပြောခဲ့ပါတယ်။ အဲဒီတော့ မိမိ သိမြင်ဆည်းပူးထားတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေနဲ့ လက်တွေ့ကို ပေါင်းစပ်၊ ကိုယ်ပိုင်ဉာဏ်နဲ့ သုံးသပ်လို့ အမှန် အမှား၊ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြမ်းစိတ်ဖြာရမှာပါ။

နောက်ဆုံး အနေနဲ့ကတော့ ကိစ္စရပ်တစ်ခုခုကို ရေးတော့၊ ပြောတော့၊ လုပ်တော့၊ ဖြန့်ချိတော့မယ်ဆိုရင် ပညာဉာဏ် ကြီးမှူးတဲ့ ဆင်ခြင်တုံတရားကို အသုံးပြုရုံမက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အမှန်တရားကို မျက်ကွယ်ပြုစေနိုင်တဲ့ တရားတွေ မစွက်ဖက်အောင်ရယ်၊ ကြောက်လို့၊ ချစ်လို့၊ မုန်းလို့၊ နားမလည် မသိတတ်လို့ လုပ်လိုက်၊ ပြောလိုက်တာဆိုတဲ့ အဂတိတရား လေးပါးကနေ ကင်းလွတ်အောင်ရယ် အမြဲသတိပြုရမှာပါ။ အနှစ်ချုပ်ရရင် အများ အကျိုးပျက်စီးရာ ပျက်စီးကြောင်းက လွဲလို့၊ လူတွေရဲ့ လောဘ၊ ဒေါသတွေကို ဆွပေး ရုံကလွဲလို့၊ အမုန်းတရားတွေကို ကြီးထွားပွားများစေတာကလွဲလို့ ကောင်းကျိုး တစ်စုံတစ်ရာ မရှိစေတဲ့ ရေးသား၊ ပြောဆို၊ ဆောင်ရွက်ချက်တွေကို ရှောင်ဖယ်နိုင်ပြီး ဉာဏ်ပညာ ကြီးမှူးတဲ့၊ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန် သုံးသပ်နိုင်တဲ့  အဘက်ဘက်က ပြည့်စုံ ကောင်းမွန်တဲ့ ပြောဆိုချက်၊ ရေးသားချက်၊ ပြုမူဆောင်ရွက်ချက်တွေကိုသာ ဆင်ခြင်တုံတရားနဲ့ ပြည့်စုံတဲ့ အပြောအဆို၊ အရေးအသား၊ အပြုအမူတွေလို့ ခေါ်ရမှာ ဖြစ်ပါတယ်။

မောင်ဇိ

  • TAGS