News

POST TYPE

OPINION

အမျိုးသား လုံခြုံရေးတာဝန်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ တရုတ်ပြည်မစ်ရှင်
15-May-2017 tagged as

ကျွန်တော်တို့ရဲ့ State Counsellor ဒေါ်အောင်ဆန်းစုကြည်က တရုတ်ပြည်မှာ One Belt One Road အစည်းအဝေး သွားမယ်၊ ၁၃ ရက်နေ့ သွားမယ်၊ ၁၄၊ ၁၅ မှာ အစည်းအဝေး ထိုင်မယ်၊ အဲဒီမှာ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး Frame Work Agreement လို့ခေါ်တဲ့ အခြေခံ မူဘောင်တွေကို သဘော တူညီမှုအတွက် လက်မှတ် ရေးထိုးဖို့ ဖြစ်နိုင်ခြေ များပါတယ်။ မြန်မာနိုင်ငံက ကျောက်ဖြူ အထူးစီးပွာေးရးဇုန်ကို ဆက်လုပ်မယ်၊ ဆက်လုပ်တဲ့နေရာမှာ State Counsellor သွားတဲ့ အခါမှာ Frame Work Agreement အတွက် ဆွေးနွေးတဲ့အခါမှာ ကျွန်တော်တို့ဆီက နိုင်ငံတော် အချုပ်အခြာ အာဏာနဲ့ အမျိုးသား လုံခြုံရေးအတွက် Golden Share ဆိုတာကို သုံးမယ်၊ နောက် အဲဒီရေနက် ဆိပ်ကမ်းထဲမှာ ကုန်သင်္ဘောသာလျှင် ဝင်ထွက်ခွင့် ရှိမယ်၊ နောက်တစ်ခုက အလုပ်လုပ်တဲ့အခါမှာလည်း အဆင့်လိုက် အဆင့်လိုက်ပဲ လုပ်မယ်၊ တစ်ဆင့်ပြီးတိုင်းမှာ Review လုပ်မယ်၊ Revise လုပ်မယ် ဆိုတဲ့သဘောကို အဲဒီသုံးချက်ကို တင်ပြထားတယ် State Counsellor သွားတဲ့အခါ ဒီအချက်တွေ ပါသွားနိုင်တယ်”

မကြာခင် ပြန်လည် အသက်သွင်းတော့မယ့် ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံကိန်းအကြောင်းကို ကျွန်တော့်ရှေ့မှာ စိတ်အားထက်သန်စွာ ရှင်းပြနေတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာ ဦးမောင်ရဲ့ ရှင်းလင်းချက်တွေကို နားထောင်ရင်း ကျွန်တော့်အတွေးတွေက တစ်ချက်တစ်ချက် စကားဝိုင်းကနေ ဖယ်ခွာလို့ မကြာသေးတဲ့ ဆယ်စုနှစ် အတိတ်ကာလဆီကို ရောက်လိုက်၊ လက်ရှိပစ္စုပ္ပန်မှာ ဝေ့လည်လိုက်၊ အနာဂတ်ဆီကို မရဲတရဲ ကြည့်မြင်လိုက်နဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ကြီးမားတဲ့ စိန်ခေါ်မှုကြီးတစ်ရပ်ကို ချိန်ဆလို့ ကြည့်မိနေခဲ့ပါတယ်။ ဟုတ်ပါတယ်၊ အခုဆိုရင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် One Road, One Belt အစည်းအဝေးကို တက်ရောက်ဖို့ တရုတ်ပြည်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ မဟာ့မဟာ ဗျူဟာမြောက် စီမံကိန်းကြီးဖြစ်တဲ့ One Road, One Belt စီမံကိန်းနဲ့လည်း ဆက်စပ်နေပြီး တရုတ်နိုင်ငံရဲ့ မဟာဗျူဟာမြောက် ဒုတိယ ပင်လယ်ထွက်ပေါက် ရရှိရေးလည်းဖြစ်တဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေး စီမံကိန်း ဆက်လက် ဆောင်ရွက်နိုင်ရေးဆိုင်ရာ မူဘောင်တွေကို သူမအနေနဲ့ ဆွေးနွေးဖို့ သေချာသလောက် ရှိနေပါတယ်။ ဒီနေရာမှာ လက်ရှိ အစိုးရသစ်လက်ထက်မှာ အသစ် ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ကြိုတင် အကြံပြုတင်ပြထားတဲ့ အဲဒီအချက် ၃ ချက်ကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထည့်သွင်းတင်ပြ ဆွေးနွေးနိုင်မည်လား၊ အကယ်၍ ဆွေးနွေးခဲ့မယ်ဆိုရင် အဆင်ပြေမှုတွေ ဖြစ်နိုင်ပါ့မလား၊ ဒီအချက် ၃ ချက်က တိုင်းပြည်အတွက် ဘယ်လောက် အရေးပါသလဲ၊ အဲဒီအချက် ၃ ချက်အပေါ် သဘောတူညီမှု မရရှိပါဘဲ ရခိုင်ကမ်းရိုးတန်းပေါ်မှာ မေးတင်ပြီး တရုတ်နိုင်ငံနဲ့ ဆောင်ရွက်နေတဲ့ ရေနက်ဆိပ်ကမ်းနဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းဟာ တိုင်းပြည်အနေနဲ့ သဘောတူ လက်ခံစေသင့်သလား စသဖြင့် သုံးသပ် ဆင်ခြင်ကြည့်မိပါတယ်။

အရင်ဆုံး ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအဖို့ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ အိမ်နီးနားချင်း ဖြစ်ရတာဟာ ကံဆိုး ကံကောင်းပါ။ ခပ်ရှင်းရှင်း ဥပမာ ပေးရမယ်ဆိုရင် ကမ္ဘာက စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်တာကို ခံထားရတဲ့ နဝတ စစ်အစိုးရဟာ တရုတ်နိုင်ငံ ကျေးဇူးနဲ့ နှစ်ပေါင်း ၂၀ ကျော် ရှင်သန် ရပ်တည်နေနိုင်ခဲ့သလို တရုတ်နိုင်ငံရဲ့ နယ်စပ်ကို ကျောမှီထားကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ် ရေးထိုးရေးကို ငြင်းဆန်နေတဲ့အတွက် ဒီကနေ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်စေတဲ့ အကျိုးကျေးဇူးနဲ့ ရင်ဆိုင်ကြုံတွေ့နေရတာကိုလည်း အားလုံး အသိပဲဖြစ်ပါတယ်။

တကယ်တော့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံကို သူ့ရဲ့ အရေးကြီးတဲ့ ခြံစည်းရိုးတစ်ခု၊ တံခါးပေါက်တစ်ခုလို သဘောထားပြီး အစဉ်အမြဲ တည်ဆောက် ပြုပြင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ပါတီ ဆိုရှယ်လစ်ခေတ်မှာဖြစ်ဖြစ်၊ အာဏာသိမ်း စစ်အစိုးရခေတ်မှာပဲဖြစ်ဖြစ် အစိုးရတိုင်းနဲ့ ရင်းနှီးချစ်ကြည်တဲ့ မဟာမိတ်နိုင်ငံအဖြစ် ရပ်တည် ဆက်ဆံနိုင်ခဲ့သလို နှစ်နိုင်ငံ နယ်စပ်မျဉ်းတစ်လျှောက်မှာရှိတဲ့ အစိုးရကို လက်နက်ကိုင် ဆန့်ကျင်နေတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့လည်း အဆင်ပြေစွာ ဆက်ဆံ ပေါင်းသင်းထားနိုင်တဲ့ အံ့ဖွယ် လှေနံနှစ်ဖက် နင်းနိုင်စွမ်းရှိတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ 

ဒီလို လုပ်နိုင်တယ်ဆိုတာ တကယ်တော့ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင် အကျိုးစီးပွားကိုသာ အဓိက ထားတယ်ဆိုတဲ့ အခြေခံ ရပ်တည်ချက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြန်ပြီး လေ့လာကြည့်မယ်ဆိုရင် လွန်ခဲ့သော နှစ်ပေါင်း ၅၀ အတွင်း စစ်တပ်က အာဏာကို လွှမ်းမိုး ချုပ်ကိုင်ထားပြီး နယ်စပ်တစ်လျှောက် လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ကာရံထားခဲ့တဲ့ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံအတွက် ခိုင်မာတောင့်တင်းပြီး အမြတ်အစွန်း ကြီးမားတဲ့ ကိုယ်ကျိုးစီးပွားတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်တပ်ခေါင်းဆောင်တွေ တက်ဆင်းဦးဆောင်ကြတဲ့ မြန်မာအစိုးရတွေရဲ့ တည်ငြိမ်တဲ့ နိုင်ငံရေးအာဏာ ချုပ်ကိုင်ထားနိုင်မှုက တရုတ်နိုင်ငံအတွက် နိုင်ငံရေး၊  စစ်ရေးအရ ယုံကြည်အားထားရတဲ့ တံတိုင်းတစ်ခု ဖြစ်ခဲ့သလို နယ်စပ်မျဉ်းတစ်လျှောက် လွှမ်းခြုံထားရှိတဲ့ လက်နက်ကိုင် ပဋိပက္ခတွေက အထူးမှောင်ခို စီးပွားရေးဇုန်သဖွယ် တရုတ်နိုင်ငံ နယ်စပ်ဒေသတွေအတွက် အတော်လေး မြိန်ရေရှက်ရေ ရှိခဲ့ပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ စစ်အစိုးရနဲ့ စစ်တပ် လွှမ်းမိုးချုပ်ကိုင်ထားတဲ့ အစိုးရ အဆက်ဆက်ကို သက်ဆိုးရှည်နိုင်အောင် ထောက်ပံ့ပေးကမ်းရင်း ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ မြန်မာအစိုးရဘက်က အစဉ်အမြဲဆိုသလို ကာကွယ် ရပ်တည်ခဲ့ပါတယ်။
 
မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း မပြုဆိုတဲ့  ခေါင်းစဉ်အောက်မှာ တရုတ်နိုင်ငံဟာ စစ်အစိုးရ လက်အောက်က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာတွေ ဝေဖန်ထောက်ပြဖို့ လက်ရှောင်နေခဲ့ပါတယ်။ ဒါကလည်း ကြီးမားတဲ့ အကြောင်းရင်းတစ်ရပ် ရှိခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားအုံကြွမှုနဲ့အတူ ပေါက်ဖွားလာတဲ့ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်၊ ဗြိတိန်နဲ့ အနောက်နိုင်ငံတွေရဲ့ကျောထောက် နောက်ခံပြု အားပေးမှုနဲ့အတူ မြန်မာ့အာဏာ နိုင်ငံရေးမှာ အားကောင်းလာပြီး မြန်မာစစ်အစိုးရအနေနဲ့ အတိုက်အခံ ခေါင်းဆောင်ထံကို အာဏာလွှဲပြောင်း ရောက်ရှိမသွားအောင် ခုခံရင်ဆိုင် နေခဲ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံ အတွက်တော့ မြန်မာနိုင်ငံရဲ့ အာဏာချုပ်ကိုင်မှုကို တရုတ်နိုင်ငံရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ အနောက်နိုင်ငံတွေက ကျောထောက်နောက်ခံ ပြုထားတဲ့ အင်အားစုလက်ထဲကို ရောက်ရှိမသွားအောင် စစ်အစိုးရအနေနဲ့ ကာကွယ်နေတာဟာ တစ်နည်းတစ်ဖုံ တရုတ်နိုင်ငံရဲ အနောက်ဘက်ခြမ်း လုံခြုံရေးကို ကာကွယ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် စစ်အစိုးရသက်တမ်း တစ်လျှောက်လုံး မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်ရင် စစ်အစိုးရဘက်ကနေ ကာကွယ်ရပ်တည်ရေးမူကို ကျင့်သုံးနေခဲ့တာပဲ ဖြစ်ပါတယ်။ 

သို့သော်လည်း တရုတ်နိုင်ငံအတွက် ဆုတောင်း မပြည့်ခဲ့ဘူးလို့ ပြောရပါလိမ့်မယ်။ အခုနောက်ဆုံးမှာ နိုင်ငံရဲ့ စီမံခန့်ခွဲမှု အာဏာဟာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ထဲကို ရောက်ရှိသွားလို့ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ တရုတ်-မြန်မာ ဆက်ဆံရေးဟာလည်း ပြန်လည် သုံးသပ်စရာတွေ တပုံတပင်နဲ့ အသစ် ပြန်လည် စတင်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရရှိပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အာဏာရ ရှိလာတဲ့အချိန်မှာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးဟာ ဟိုးရှေးယခင်က မှန်းဆထားခဲ့သလို အေးစက် တွန့်ဆုတ်မှုတွေ မရှိခဲ့ဘဲ နွေးနွေးထွေးထွေးနဲ့ စတင်နိုင်ခဲ့ပါတယ်။ အကြောင်းကတော့ ဦးသိန်းစိန် လက်ထက်မှာ မြစ်ဆုံ ရေကာတာစီမံကိန်း ရပ်ဆိုင်းခဲ့တဲ့ အကျိုးဆက်ကြောင့် တရုတ်နိုင်ငံဟာ မြန်မာ့အတိုက်အခံ အင်အားစုနဲ့ ပြည်သူလူထုဘက်ကို ကျောခိုင်းထားလို့ မဖြစ်တော့မှန်း နားလည်သွားပြီး မြန်မာ့နိုင်ငံရေးမှာ ဗီလိန်အဖြစ် အသုံးချခံဖြစ်နေတဲ့ သူ့ရဲ့ပုံရိပ်ကို ချက်ချင်း ပြုပြင်ဖို့ ကြိုးစားခဲ့ပါတယ်။ အတိုက်အခံ အင်အားစုတွေနဲ့ ဖက်လဲတကင်း ဆက်ဆံလာတယ်၊ ပြည်သူလူထုနဲ့ ပြည်တွင်း ပုဂ္ဂလိက မီဒီယာတွေအပေါ် အရေးတယူ ရှိလာခဲ့ပါတယ်။ ဖြစ်ချင်တော့ ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလမှာ ဦးသိန်းစိန် ပြန်လည်အာဏာ ရရှိနိုင်မယ့် တွက်ကိန်းတွေ၊ အလားအလာတွေ ရှေ့အတော်ပြေးနေတဲ့အတွက် အနောက်အုပ်စု အထူးသဖြင့် အမေရိကန်က အတိုက်အခံကို နောက်တစ်လှမ်းဆုတ် ဆက်ဆံပြီး အာဏာရ ဦးသိန်းစိန် အစိုးရကို တစ်လှမ်းတိုး ဆက်ဆံနေတဲ့အချိန် တစ်ဖက်မှာ တရုတ်နိုင်ငံက သူ့အကြောင်းနဲ့သူ အတိုက်အခံကို ရှေ့တစ်လှမ်းတိုး ဆက်ဆံချိန် ဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေက ကံအားလျော်စွာ တရုတ်နိုင်ငံအတွက် အတိုက်အခံ အာဏာရချိန်မှာ ဆက်ဆံရေး ပြေပြစ်ကောင်းမွန်စွာ စတင်နိုင်ဖို့ အဆင်သင့်စေခဲ့ပါတယ်။ ဒါကြောင့် အစိုးရသစ် စတင် တာဝန်ထမ်းဆောင်တဲ့အချိန်မှာ ပထမဦးဆုံး နိုင်ငံခြားရေး ဝန်ကြီး စေလွှတ်ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ခဲ့ပါတယ်။ သိုပေမယ့်လည်း တကယ့် လက်တွေ့ နှစ်နိုင်ငံ ရေရှည် မဟာဗျူဟာမြောက် ဆက်ဆံရေး ဆက်လက် တည်ရှိခိုင်မာဖို့ ဆိုတာကတော့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ခြေလှမ်းကျွံဝင်ပြီးဖြစ်နေတဲ့ စီမံကိန်းတွေကို ဘယ်လို ရှေ့ဆက် ဆောင်ရွက်ကြမလဲ၊ နောက်လာမယ့် အနာဂတ်မှာ ဘယ်လို စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ကြမလဲ ဆိုတာကသာ အဓိက ကျပါတယ်။ ဒါကြောင့် အခု အစိုးရသစ်အနေနဲ့ မြန်မာနိုင်ငံမှာ တည်ရှိပြီး ဆောင်ရွက်ဆဲ၊ ဆောင်ရွက်ရန်ရှိသော တရုတ်နိုင်ငံရဲ့  ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေ သဘောတူညီမှုတွေအပေါ် ဘယ်လို သုံးသပ် ရှုမြင်ပြီး ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာဟာ စိတ်ဝင်စားဖို့ ကောင်းလှသလို  ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အနာဂတ် ကံကြမ္မာနဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ အစိုးရသစ် တက်ပြီး တစ်နှစ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်ပြည်ကို အလုပ်သဘော သွားရောက် လည်ပတ်ခဲ့တာ အခု ၂၀၁၇ မေလ ခရီးစဉ် အပါအဝင် ၂ ကြိမ် ရှိသွားပြီဖြစ်ပါတယ်။ ပထမတစ်ကြိမ်က သွားခါနီးမှာ မြစ်ဆုံစီမံကိန်း ပြန်လည် သုံးသပ်ရေးအဖွဲ့ ဖွဲ့ထားခဲ့ပြီး တရုတ်နိုင်ငံရဲ့ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ယာယီ ကျော်လွှားနိုင်ခဲ့ပါတယ်။ အခု ဒုတိယအကြိမ်မှာတော့ တရုတ်ပြည်နဲ့ အချေအတင် ဆွေးနွေးစရာတွေ မြောက်မြားစွာ ရှိနေမည်မှာ အသေအချာပဲ ဖြစ်ပါတယ်။ အဲဒီအထဲမှာ မကြာသေးမီက သမ္မတ ဦးထင်ကျော်ရဲ့ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ပြန်လည် စတင်ဖို့ သဘောတူထားခဲ့တဲ့ ကျောက်ဖြူ စီမံကိန်းနဲ့ပတ်သက်တဲ့ ဆွေးနွေးစရာတွေဟာလည်း အဓိက အရေးပါတဲ့ နေရာမှာ ရှိနေပါတယ်။ အကြောင်းကတော့ ကျောက်ဖြူစီမံကိန်းတွေ အားလုံးဟာ တရုတ်နိုင်ငံအတွက် ပထဝီနိုင်ငံရေးအရ အထောက်အကူပြု အသက်သွေးကြောမကြီး တစ်ခုဖြစ်သလို ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် အချုပ်အခြာ အာဏာနဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုကြီး တစ်ရပ်လည်း ဖြစ်နေလို့ပါပဲ။

ဒီနေရာမှာ ကျောက်ဖြူ အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဒေါ်အောင်ဆန်းစုကြည်ထံ အကြံပြု တင်ပြထားတဲ့ တရုတ်နိုင်ငံနဲ့ ဆွေးနွေးတဲ့အခါ ထည့်သွင်းဆွေးနွေး တောင်းဆိုဖို့ အချက် ၃ ချက်အကြောင်းကို သုံးသပ်ကြည့်ချင်ပါတယ်။ ပထမတစ်ချက်က ကျောက်ဖြူ စီမံကိန်းတွေမှာ Golden Share လို့ခေါ်တဲ့ Supreme Power အမြင့်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ကို မြန်မာနိုင်ငံက ကိုင်ထားမယ်ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ ဒီအချက်က ပြောစရာ မလိုလောက်အောင်ကို ထောက်ခံရမယ့်၊ မြန်မာနိုင်ငံအနေနဲ့ မဖြစ်မနေရအောင် တောင်းဆိုရမယ့် သဘောတူညီမှု အပိုင်းပါ။ ကျောက်ဖြူစီမံကိန်းဟာ အလွန် ကြီးမားလှတဲ့အပြင် အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ကို တိုက်ရိုက် ပေါက်တဲ့ ကမ်းရိုးတန်းပေါ်မှာ တည်ရှိနေတာ ဖြစ်ပါတယ်။ စီမံကိန်းတွေကို ထောက်ကူ ချိတ်ဆက်မယ့် သယ်ယူပို့ဆောင်ရေး လမ်းမကြီးတစ်ခုနဲ့လည်း တရုတ်ပြည်ကို ချိတ်ဆက်ထားမှာ ဖြစ်တဲ့အတွက် ကျောက်ဖြူဒေသဟာ တရုတ်နိုင်ငံရဲ့ ခြေကုတ်စခန်း၊ မဟာဗျူဟာ ထွက်ပေါက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် စီမံကိန်း တည်ဆောက် အကောင်အထည်ဖော်နေစဉ် ကာလမှာရော စီမံကိန်းလွန်ကာလ လည်ပတ်ဆောင်ရွက်နေစဉ် ကာလမှာပါ အချုပ်အခြာ အာဏာနဲ့သော်လည်းကောင်း၊ အမျိုးသား လုံခြုံရေးနဲ့ ပတ်သက်၍သော်လည်းကောင်း အကြောင်းကိစ္စ ရှိလာခဲ့ရင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်စရာတွေကို လက်ဦးမှု ရယူဆောင်ရွက်နိုင်ရေးဟာ၊ ဝေဖန်ဆုံးဖြတ်နိုင်ရေးဟာ မြန်မာနိုင်ငံရဲ့လက်ဝယ်မှာ ပိုင်ပိုင်နိုင်နိုင် ဆုတ်ကိုင်ထားရှိရမှာ ဖြစ်သလို ဒီရပိုင်ခွင့်ကိုလည်း တရုတ်နိုင်ငံက အသိအမှတ်ပြုပေးရမှာ ဖြစ်ပါတယ်။ နောက် ဒုတိယအချက်က အလွန်အရေးပါတဲ့ အချက်တစ်ချက်ပါပဲ။ အဲဒါကတော့ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာ ကုန်သင်္ဘောတွေနဲ့ အစိုးရက သဘောတူ လက်ခံဖိတ်ကြားမှုနဲ့ လာရောက်မယ့် စစ်သင်္ဘောတွေကလွဲပြီး အခြား စစ်သင်္ဘောတွေ၊ စစ်ဘက်ဆိုင်ရာ သင်္ဘောတွေကို ဆိုက်ကပ်ရပ်နားခွင့် မပြုရေးဘဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် အလွန် အရေးကြီးတဲ့ အချက်ဖြစ်သလို တရုတ်နိုင်ငံ အနေနဲ့ မျက်မှောင်ကြုတ် ခေါင်းကုတ်စရာ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ အကြောင်းကတော့ အရင် နအဖ စစ်အစိုးရ လက်ထက်မှာ ကျောက်ဖြူ ရေနက်စီမံကိန်းရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးကြစဉ်က တရုတ်နိုင်ငံက စစ်သင်္ဘောတွေကို ကျောက်ဖြူဆိပ်ကမ်းမှာ ဒေါက်တင် ပြုပြင်တာမျိုးကို ခွင့်ပြုဖို့ သဘောတူထားခဲ့လို့ပါပဲ။ ဒါဟာ ရည်ရွယ်ချက် ကြီးမားတဲ့ သဘောတူညီမှုပဲဖြစ်သလို စစ်ရေးအရလည်း အလျော်အစားကြီးတဲ့ အကွက်ရွှေ့မှု တစ်ခုပါပဲ။ အကယ်၍များ နိုင်ငံရေး အပြောင်းအလဲတွေ အခုလို ဖြစ်ပေါ်မလာခဲ့ဘူးဆိုရင် ဒီကျောက်ဖြူ ရေနက်ဆိပ်ကမ်းဟာ အိန္ဒိယ သမုဒ္ဒရာရဲ့ စစ်ရေး အခင်းအကျင်းမှာ အရေး ပါလာမှာဖြစ်သလို အိမ်နီးချင်း အိန္ဒိယနိုင်ငံနဲ့ ဆက်ဆံရေးမှာ ထိရှမှုတွေလည်း ရှိလာနိုင်ပါတယ်။ နောက်တစ်ချက်က ကမ္ဘာ့အင်အားကြီး နိုင်ငံတွေအကြား အားပြိုင်မှုတွေထဲက စစ်ရေးအားပြိုင်မှုထဲကို မြန်မာနိုင်ငံက တရုတ်ဘက်ကနေ ကျွံဝင်မိသလို ဖြစ်သွားမှာလည်း ဖြစ်ပါတယ်။ ဒီလိုဖြစ်သွားခဲ့မယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ဆက်ဆံရေး နယ်ပယ်မှာ လေးပင်မှုတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်ဟာလည်း နှစ်နိုင်ငံအကြား တစ်နိုင်ငံရဲ့ အချုပ်အခြာကို တစ်နိုင်ငံက လေးစားတဲ့ အနေနဲ့ ထည့်သွင်း ဆွေးနွေးပြီး လက်ခံဆုံးဖြတ်သင့်ကြပါတယ်။ နောက်ဆုံးတစ်ချက်ဖြစ်တဲ့ စီမံကိန်းတွေကို တစ်ဆင့်ချင်း အကောင်အထည်ဖော်ပြီး ပြီးသွားတဲ့အဆင့်တိုင်းကို ပြန်လှန်သုံးသပ် တွက်ချက်ပြီး ရှေ့ဆောင်ရွက်မယ့် လုပ်ငန်းအဆင့်အတွက် သဘောတူညီချက်တွေ၊ တန်ဖိုးသတ်မှတ်မှုတွေကို လိုအပ်သလို ပြင်ဆင်ဖို့ ဆိုတဲ့အချက်ပါပဲ။ ဒါကတော့ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဆိုင်ရာ တွက်ချက်မှုနဲ့ ပတ်သက်ပြီး စီမံကိန်း တည်ဆောက်မှု ကုန်ကျစရိတ်တွေကို အမှန်တကယ် ကုန်ကျသင့်တဲ့ ပမာဏဖြစ်အောင်၊ မြန်မာ့နိုင်ငံရေး လောကက စကားလုံးနဲ့ပြောရင် ဆီးသီးဗန်းမှောက်ခြင်းက ကာကွယ်ဖို့ ရည်ရွယ် ထည့်သွင်းထားတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုထည့်သွင်းပြီး သဘောတူချုပ်ဆိုဖို့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ကော်မတီအနေနဲ့ တိုက်တွန်းရတဲ့ အကြောင်းထဲမှာ စီမံကိန်းတွေကို အဆင့် အလိုက် ဆောင်ရွက်ပြီးတိုင်း ပြန်လှန်စိစစ် သုံးသပ်ရေး Evaluation လုပ်စေခြင်းဟာ မြန်မာနိုင်ငံ ပြည်သူတွေကို စီမံကိန်းတွေရဲ့ အကျိုးအပြစ်တွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ အသိပေးချပြရာလည်း ရောက်တယ်ဆိုတဲ့ အကြောင်းအချက် တစ်ခုလည်း ပါဝင်နေပါတယ်။ ဒါဟာ အလွန်ပဲ သင့်တော်တဲ့အချက်ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ကို စက်ယန္တရားတွေနဲ့ နိုင်ငံခြားသားတွေ ရောက်ရှိလာပြီး ခြံစည်းရိုးခတ် အနားမကပ်ရ၊ မဝင်မထွက်ရဆိုတဲ့ စီမံကိန်းတွေကို ဘုမသိ ဘမသိ ငေးကြည့်နေရတဲ့ ဒေသခံတွေအနေနဲ့ အဲဒီစီမံကိန်းတွေ အကြောင်းကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း သိရှိနားလည်ထားသင့်ပါတယ်။ ဒီစီမံကိန်းတွေကို အကြောင်းပြုပြီး မိမိတို့ လူမှုစီးပွား မြှင့်တင်နိုင်ရေးကို ကြံဆပြင်ဆင်နိုင်ခွင့်လည်း ရှိသင့်ပါတယ်။ ဒါမှ တကယ် ဒေသတွင်း ပြည်သူလူထုကို အလေးအနက်ထားရာ ရောက်သလို သူတို့ရဲ့ဘဝ မြှင့်တင်ရေးကို တကယ် ရည်ရွယ်ရာလည်း ရောက်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ပါမှလည်း စီမံကိန်းတွေမှာ ကြုံတွေ့နေရလေ့ရှိတဲ့ ဒေသခံပြည်သူတွေရဲ့ ဆန့်ကျင် ကန့်ကွက်မှုကို ပြေလည်အောင် ရင်ဆိုင်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီသဘောတရားကို လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ ကြုံတွေ့ခဲ့ရပြီး ဖြစ်တဲ့အတွက် ဒီအခြေခံမူဘောင်တွေကို အခု တရုတ်နိုင်ငံမှာ ကျင်းပမယ့် OBOR အစည်းအဝေးမှာ ချပြတောင်းဆို ဆွေးနွေးဖို့ ယူဆောင်သွားလိမ့်မယ်လို့ ယုံကြည်ယူဆမိပါတယ်။ အချက်တိုင်းဟာလည်း တရုတ်နိုင်ငံ အနေနဲ့ ယခင်က မြန်မာနိုင်ငံအပေါ် ထားရှိခဲ့ဖူးတဲ့ မြန်မာပြည်သူတွေအပေါ် မျက်နှာမူခြင်း မရှိတဲ့ အာဏာရအစိုးရနဲ့ ပြေလည်ပြီး မိမိအကျိုးစီးပွား အဓိက ဆိုတဲ့မူဝါဒကို ပြောင်းလဲပြင်ဆင်ပြီး ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အရပ်သား အစိုးရသစ်နဲ့ ရိုးသားပွင့်လင်းပြီး အိမ်နီးချင်းကောင်းပီသတဲ့ ဆက်ဆံရေး မူဝါဒအသစ်ကို စတင်ပြသဖို့အတွက် အကောင်းဆုံး အချက်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် အခု မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ အတိုင်ပင်ခံလည်းဖြစ်၊ လူထုက ယုံကြည်အားကိုးရတဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရုတ်ပြည်ခရီးစဉ်မှာ တရုတ်-မြန်မာ နှစ်နိုင်ငံရဲ့ ပြည်သူကို ဗဟိုပြုပြီး ပိုမိုရင်းနှီးပွင့်လင်းတဲ့ ချစ်ကြည်မှုနဲ့အတူ အနာဂတ်မှာ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ အိမ်နီးချင်းတွေအဖြစ် အတူယှဉ်တွဲ နေထိုင်ရေးဆိုသော တောက်ပတဲ့ ရည်မှန်းချက် အိပ်မက်ကို ပူးပေါင်း တည်ဆောက်နိုင်ကြဖို့ မျှော်လင့် ဆန္ဒပြုလိုက်ရပါတယ်။ 

သီဟသွေး

  • TAGS