News

POST TYPE

OPINION

၂၁ ရာစု ပင်လုံညီလာခံတွင် အရပ်ဘက်အဖွဲ့အစည်းများ မည်သို့ ပါဝင်နိုင်မည်နည်း
04-Jul-2016

ပဋိပက္ခဒဏ်ကို နှစ်ပေါင်းကြာရှည်စွာ ခံစားခဲ့ရသည့် နိုင်ငံများ၊ လူ့အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ခု တည်ဆောက်ရာတွင် ပြည်သူလူထု၏ ပါဝင်မှု အခန်းကဏ္ဍမှာလည်း အခရာ ကျပေသည်။ အထူးသဖြင့် အစိုးရနှင့် အရပ်ဘက်တို့အကြား ကာလကြာရှည်စွာ နားလည်မှု ပျောက်ဆုံးနေခဲ့သည့် လူ့အဖွဲ့အစည်းမျိုးတွင် ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တစ်ဆင့် လူထု၏ ပူးပေါင်းပါဝင်မှုမှာလည်း အလွန်ပင် အရေးကြီးလှသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ်တွင် အထွေထွေရွေးကောက်ပွဲ အောင်နိုင်ပြီး တက်လာသည့် ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူ ဆောင်ရွက်နေသည့် ဒေါ်အောင်ဆန်းစုကြည်မှ ယခင်အစိုးရနှင့် မတူညီသည့် ငြိမ်းချမ်းရေး မူဝါဒအချို့ကို ပြောင်းလဲချမှတ်ခဲ့သည်ကို တွေ့ရသည်။ ယင်းတို့အနက်မှ အရပ်ဘက် အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်မှုနှင့် ပက်သက်၍ မူဝါဒ ပြောင်းလဲချမှတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ တစ်နည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံအား ကျင်းပနေသည့် တစ်ချိန်တည်းတွင် အရပ်ဘက် အဖွဲ့အစည်းများဖိုရမ်အား တစ်ပြိုင်နက်တည်း ကျင်းပရန်ဟူ၍ ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်နေရာ တစ်နေရာမှ အနိုင်ရခဲ့ခြင်း မရှိသော နိုင်ငံရေးပါတီများ အနေနှင့် အရပ်ဘက်အဖွဲ့အစည်း ဖိုရမ်တွင် ပါဝင်ဆွေးနွေးနိုင်မည် ဖြစ်သည်။ အဆိုပါ အရပ်ဘက် အဖွဲ့အစည်းဖိုရမ်အား မည်သို့မည်ပုံ ကျင်းပမည် ဆိုသည်ကိုမူ အသေးစိတ် ပြောကြားထားခြင်း မရှိသေးပေ။ လူငယ်အဖွဲ့အစည်း အချို့နှင့် အရပ်ဘက်အဖွဲ့အစည်းအချို့ အနေနှင့်လည်း ၂၁ ရာစု ပင်လုံညီလာခံကြီးတွင် တိုက်ရိုက်ပါဝင်ခွင့် မရသည့်အပေါ် ဝေဖန်ပြောကြားမှုများလည်း ရှိလာခဲ့သည်ကို တွေ့ရပေရာ အစိုးရအနေနှင့် မကြာခင်တွင် ၎င်းတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကျင်းပရေးနှင့် စပ်လျဉ်းပြီး အသေးစိတ် အစီအစဉ်များကို ထုတ်ပြန်လာဖွယ် ရှိသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ခိုင်မာမှု ရှိစေရန် အားလုံးပါဝင်မှုသည် အရေးကြီး

သာမန်ပြည်သူတို့ အနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် ၎င်းတို့နှင့် သက်ဆိုင်မှု ရှိသည်၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ၎င်းတို့လည်း ပါဝင်နိုင်သည်ဟူသည့် အသိရရှိမှုမှာ နိုင်ငံတစ်ခု၏ ငြိမ်းချမ်းရေးအား အဓွန့်ရှည်ကြာ တည်မြဲစေနိုင်မည် ဖြစ်သည်။ ၎င်းင်းအပြင် နိုင်ငံအတွင်း နေရာအနှံ့အပြားရှိ သက်ဆိုင်ရာ ဒေသတစ်ခုချင်းစီ၏ ပြဿနာများ၊ လိုလားချက်များ၊ တောင်းဆိုချက်များကို အကောင်းဆုံး ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်အထည်ဖော်မှု အပိုင်းတွင် သက်ဆိုင်ရာဒေသ၏ သဘောသဘာဝကို ပိုမိုသိရှိနိုင်သည့် ယင်းဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများအား ပါဝင်ဆွေးနွေးစေခြင်းသည် များစွာ သဘာဝကျလှပါသည်။ ဒေသတွင်းအဆင့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု လုပ်ငန်းများအား ယင်းဒေသမှ ပြည်သူများမှပင် ပါဝင်ဆောင်ရွက်ခြင်းမှာ သင့်လျော်ပြီး အချိန်တိုအတွင်း ပိုမိုခရီးရောက်စေနိုင်မည် ဖြစ်သည်။ အထူးသဖြင့် အစိုးရတွင် အားကောင်းသည့် အင်စတီကျူးရှင်းများ မပေါ်ပေါက်မီ ကာလတွင် အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းရန် လိုအပ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ရန် လိုအပ်ပေသည်။

ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

Global Partnership for the Prevention of Armed Conflict (GPPAC) မှ ထုတ်ဝေသော စာတမ်းတွင် ဖော်ပြချက်အရ ငြိမ်းချမ်းရေး ဖြစ်စဉ်အတွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အခန်းကဏ္ဍမှာ အောက်ပါအတိုင်း ဖြစ်သည်။

- လူထုဗဟိုပြုသည့် လုံခြုံရေး အဆောက်အအုံတစ်ခု တည်ဆောက်နိုင်မည်၊

- ငြိမ်းချမ်းရေး ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် ဆောင်ရွက်နိုင်မည်၊

- လူထုအနေနှင့် ပဋိပက္ခဒဏ်ကြောင့် စွဲမြဲနေသည့် အယူအဆဟောင်းနှင့် စိတ်ဒဏ်ရာ အစွဲအလမ်းများကို ဖယ်ရှားနိုင်မည်၊

- အဓိက အကြောင်းအရာများကို ဦးတည်ဆွေးနွေးနိုင်ရန် ရွေးချယ်နိုင်ပြီး ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် လူထုနားလည်မှု ပိုမိုမြင့်မားလာစေရန်နှင့် တက်ကြွစွာ ပါဝင်လာစေရန် လှုပ်ရှားမှုများ ဆောင်ရွက်နိုင်မည်၊

- ဒေသတွင်း အငြင်းပွားမှုများ၊ ပြဿနာများကို ဖြေရှင်းနိုင်မည် ဖြစ်ပြီး ကြိုတင်သတိပေးမှုစနစ် Early Warning System အကောင်အထည်ဖော်နိုင်မည် ဖြစ်သည်၊

- ငြိမ်းချမ်းရေး ထိန်းသိမ်းမှု Peacekeeping နှင့် အရပ်သား စောင့်ကြည့်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် လုံခြုံရေးကဏ္ဍ မြှင့်တင်နိုင်မည်၊

- ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်တွင် နောက်ကွယ်မှ စားပွဲဝိုင်း ဆွေးနွေးပွဲများတွင် ပါဝင်ကူညီနိုင်သကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်မှုကို အထောက်အပံ့ ဖြစ်စေမည်၊

- ငြိမ်းချမ်းရေး သဘောတူညီချက်များတွင် ပြည်သူလူထုမှ ၎င်းတို့နှင့် သက်ဆိုင်သည်ဟူသည့် စိတ်ဓာတ်ကို တည်ဆောက်ပေးနိုင်မည်၊

- ပြန်လည်နေရာချထားရေး လုပ်ငန်းများ၊ DDR နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များ အကောင်အထည်ဖော်နိုင်ရန် အဟန့်အတား ဖြစ်နေသော အကြောင်းအရာများအား ရင်းမြစ်မှ ပြောင်းလဲပစ်နိုင်မည်၊

အကြံပြုချက်များ

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွင် ပါဝင်ခွင့်ရနိုင်ရန် အရပ်ဘက်အဖွဲ့အစည်းများဆိုင်ရာ လိုအပ်ချက်၊ သတ်မှတ်ချက်များ သတ်မှတ်နိုင်

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်မည့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်အား ကျင်းပရာတွင် မြန်မာနိုင်ငံတွင် အရပ်ဘက် အဖွဲ့အစည်းပေါင်း ရာနှင့်ချီကာ တည်ရှိနေသည့် အတွက်ကြောင့် Eligibility Criteria တစ်ခု သတ်မှတ်ပေးရန် လိုအပ်လာသည်။ ဥပမာအားဖြင့် အစိုးရထံတွင် တရားဝင် လူမှုအဖွဲှ့အစည်းအဖြစ် မှတ်ပုံတင်ထားသည့် အဖွဲ့များ ရှိသကဲ့သို့ မှတ်ပုံတင်ထားခြင်း မရှိသော်လည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်နေသည့် အဖွဲ့များလည်း ရှိသည်။ တစ်နည်းအားဖြင့် အရပ်ဘက် အဖွဲ့အစည်းများ၏ သတ်မှတ်ချက် Criteria ကို ကြိုတင်သတ်မှတ်ပေးထားခြင်း မရှိပါက နောက်ပိုင်းတွင် အငြင်းပွားဖွယ်ရာများ ပေါ်ပေါက်လာနိုင်သည်။

ငြိမ်းချမ်းရေးဖြစ်စဉ် သို့မဟုတ် ငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ရှေးရှုဆောင်ရွက်သည့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကို ဦးစားပေး ရွေးချယ်ရန် လိုအပ်သည်။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်နိုင်ရန် လိုအပ်သကဲ့သို့ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ကိုင်နေသည့် အဖွဲ့များလည်း ပါဝင်နိုင်ရန် လိုအပ်သည်။ အရပ်ဘက် အဖွဲ့အစည်း တစ်ခု၏ ခိုင်မာအားကောင်းမှုကို သုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားနိုင်မည့် အချက်များမှာ ယင်းအဖွဲ့၏ လှုပ်ရှားဆောင်ရွက်ခဲ့မှုများအပြင် အဖွဲ့၏ သက်တမ်း တစ်နည်းအားဖြင့် ယင်းအဖွဲ့ မည်မျှကြာရှည်စွာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည် ဆိုသည်ကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပေသည်။ မြန်မာနိုင်ငံရှိ အရပ်ဘက်အဖွဲ့အစည်း အချို့မှာ အခြေအနေ အကြောင်းကြောင်းကြောင့် ပေါ်ထွက်လာပြီးနောက် ရေရှည်မခံဘဲ ပြန်လည်ပျောက်ကွယ်သွားသည်မျိုးလည်း ရှိသည်ကို တွေ့ရပေသည်။ သို့သော် ခေတ်အဆက်ဆက် ပြည်သူလူထု အကျိုးကို ရှေးရှုကာ ဆောင်ရွက်ခဲ့သည့် အရပ်ဘက် အဖွဲ့အစည်းများလည်း အများအပြားပင်ရှိရာ ယင်းအဖွဲ့အစည်းများမှာ CSO ဖိုရမ်တွင် မဖြစ်မနေ ပါဝင်သင့်ပေသည်။

အရပ်ဘက် အဖွဲ့အစည်းများဖိုရမ်နှင့် ပတ်သက်၍ မည်သို့မည်ပုံ ပြုလုပ်ကျင်းပမည်၊ သဘောတူညီချက် ရယူမည်၊ ဆုံးဖြတ်ချက် ချမှတ်မည်ဆိုသည့် ယန္တရားတစ်ခု တည်ဆောက်ရာတွင် စဉ်းစားချက် အမျိုးမျိုး ရှိနိုင်ပေသည်။ နည်းလမ်းတစ်ခုမှာ အဖွဲ့အရေအတွက် အလွန်များပြားသည့် အတွက် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက် နေရာဒေသအပေါ် အခြေတည်ကာ ဒေသတွင်း ဆွေးနွေးပွဲငယ်များ Local/Community Dialogue ပြုလုပ်နိုင်ပါသည်။ ဒေသတွင်း အရပ်ဘက် အဖွဲ့အစည်းများ အနေနှင့် မိမိဒေသ၏ အကြောင်းအရာနှင့် ပြဿနာများကို အသိဆုံးသူများဖြစ်ရာ ဒေသကို အခြေပြု ဆွေးနွေးခြင်းက ပိုမိုထိရောက်နိုင်ပေသည်။ သို့သော် ယင်းနည်းလမ်းမှာ ထိရောက်မှု၊ အကျိုးဖြစ်ထွန်းမှုရှိမည် ဖြစ်သော်လည်း အချိန်ယူ၍ ဆောင်ရွက်ရမည် ဖြစ်သည်။ ယင်းဒေသတွင်း ဆွေးနွေးပွဲမှ ရရှိလာသည့် ပြဿနာများ၊ အဖြေများကို ပြည်ထောင်စု အဆင့်တွင် ပြန်လည်သုံးသပ်စေခြင်းမျိုးလည်း ဆောင်ရွက်နိုင်သည်။

ထပ်မံစဉ်းစားရမည့် အကြောင်းအရာတစ်ခုမှာ ဆွေးနွေးမည့် အကြောင်းအရာကိစ္စ ဖြစ်သည်။ ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ကဏ္ဍကြီးခြောက်ခုအဖြစ် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များနှင့် အထွေထွေကဏ္ဍဟူ၍ ဆွေးနွေးခဲ့သည်ကို တွေ့ရသည်။ ယခုတစ်ကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံသို့ ၂၁ ရာစု ပင်လုံညီလာခံတွင် နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အထူးပြု ဆွေးနွေးသွားဖွယ် ရှိသည်။ CSO ဖိုရမ်တွင်မူ စီးပွားရေး၊ လူမှုရေးနှင့် မြေယာ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ကိစ္စရပ်များ စသည့် ခေါင်းစဉ်ကြီးသုံးခု အောက်တွင် ခေါင်းစဉ်ငယ်များအလိုက် အလေးပေး ဆွေးနွေးသွားဖွယ် ရှိသည်။

ကိုယ်စားလှယ်ဦးရေကိစ္စ

အရပ်ဘက် လူမှုအဖွဲ့အစည်းတစ်ခုလျှင် ကိုယ်စားလှယ် မည်မျှစေလွှတ်ခွင့် ရနိုင်မည်နည်း ဆိုသည့် အချက်မှာလည်း ထည့်သွင်းစဉ်းစားရမည့် အချက်ပင် ဖြစ်သည်။ တစ်ဖွဲ့လျှင် ဦးရေမည်မျှဖြင့် ပုံသေသတ်မှတ်ကာ ပါဝင်စေနိုင်သကဲ့သို့ အဖွဲ့၏ အရွယ်အစားပေါ် မူတည်ကာ အဖွဲ့ကြီးများအား လူဦးရေ အချိုးအစား ပိုများကာ ဖိတ်ကြားစေခြင်းမျိုးလည်း ပြုလုပ်နိုင်သည်။ ဥပမာအားဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိတွေ့ဆောင်ရွက်နေသည့် အဖွဲ့ကြီးများ (ဥပမာ- ငြိမ်းဖောင်ဒေးရှင်း) သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သက်ဆိုင်သော အကြောင်းအရာများ ဖြစ်သည့် မြေယာပြဿနာများ၊ လူ့အခွင့်အရေး စသည့် အကြောင်းအရာများကို အထူးပြု ဆောင်ရွက်နေသော လူမှုအဖွဲ့အစည်းများအား ကိုယ်စားလှယ် ဦးရေအချိုးအစား ပိုမိုကာ ပါဝင်စေသင့်ပါသည်။ သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်း သို့မဟုတ် ဒေသအတွင်း၌သာ လှုပ်ရှားဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် လူမှုရေး အဖွဲ့ငယ်များကိုမူ ကိုယ်စားလှယ်လျှော့၍ ပါဝင်စေနိုင်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံနှင့် CSO ဖိုရမ်ကြား အချိတ်အဆက်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA အရ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှ ထွက်ပေါ်လာမည့် ဆွေးနွေးပွဲ ရလဒ်များ၊ သဘောတူညီချက်များအပေါ် အခြေခံကာ ပြည်ထောင်စု သဘောတူစာချုပ်ကို ချုပ်ဆိုရမည် ဖြစ်သည်။ သို့ရာတွင် ၂၁ ရာစု ပင်လုံညီလာခံနှင့် တစ်ပြိုင်နက်တည်း ကျင်းပပြုလုပ်မည့် CSO ဖိုရမ်မှ ပေါ်ပေါက်လာမည့် ဆွေးနွေးဆုံးဖြတ်ချက်များ၊ သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ်တွင် အခန်းကဏ္ဍတစ်ရပ် အနေနှင့် မည်သို့မည်ပုံ ထည့်မည်ဆိုသည်ကို စဉ်းစားရန် လိုအပ်လာပေသည်။ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာ တစ်နေရာမှ အနိုင်ရခဲ့ခြင်း မရှိသော နိုင်ငံရေးပါတီများ အနေနှင့်လည်း အဆိုပါ CSO ဖိုရမ်တွင်ပင် ပါဝင်ဆွေးနွေးကြမည်ဖြစ်ရာ အကြောင်းအရာ ကန့်သတ်ထားသော်ငြားလည်း ဆွေးနွေးပွဲကြီးနှစ်ခု အကြား ဆွေးနွေးသည့် အကြောင်းအရာထပ်ခြင်း၊ သဘောတူညီချက်များအကြား အဓိပ္ပာယ် ဆန့်ကျင်ကွဲပြားနေခြင်းမျိုးလည်း ရှိနေနိုင်ရာ အထူးဂရုပြုရန်လိုပြီး ယင်းအတွက် နောက်ဆုံးဆုံးဖြတ်ချက် (Final Decision) ချမှတ်နိုင်ရန် လုပ်ငန်းလမ်းညွှန်များ ကြိုတင်ရေးဆွဲထားသင့်သည်။

မင်းထက်မြက်