News

POST TYPE

OPINION

စင်ကာပူနိုင်ငံ အကောက်ခွန်
27-Apr-2017

(၁)

နှစ်စဉ်ဧပြီလရောက်ပြီဆိုလျှင် စင်ကာပူနိုင်ငံတွင် ၀င်ငွေခွန်ကြေညာလွှာ တင်သွင်းရသည့်ကာလများ ဖြစ်ပါသည်။ ပြည်သူတို့က တစ်နှစ်အတွင်း မိမိ၏၀င်ငွေ မည်မျှ ရရှိကြောင်း အစိုးရသို့ အသိပေး တင်ပြကြရပါသည်။ ယခင်က အစိုးရရုံးသို့ အရောက်သွား၍ တင်ကြရသော်လည်း ယခုအခါ ဘယ်ကိုမှသွားစရာ မလိုတော့ပါ။ အင်တာနက်မှတစ်ဆင့် မိမိ၏ဘာသာ စာကြောင်းလေးကြောင်းပါ ကြေညာလွှာ တင်သွင်းခြင်းစနစ်ကို အသုံးပြုနေသည်မှာ ၁၉၉၈ ခုနှစ်မှ စတင်ခဲ့ပါသည်။ ယခုနှစ်တွင်မူ မိမိမိုဘိုင်းလ်ဖုန်းမှပင် တင်သွင်း၍ရနေပါပြီ။

ပြည်သူတို့ထံမှ ၀င်ငွေခွန် ကောက်ရာ၌ နှုန်းထား အနည်းဆုံးနိုင်ငံများတွင် စင်ကာပူ ပါဝင်ပါသည်။ ထို့အပြင် ရုံးလုပ်ထုံးလုပ်နည်း အုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်း ကိစ္စများတွင်လည်း ရိုးရှင်းလွယ်ကူလှပါသည်။ စင်ကာပူနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် သက်တမ်းငါးနှစ် ရှိသော အစိုးရအဖွဲ့ တစ်ဖွဲ့သည် နိုင်ငံတော်၏ ၀င်ငွေနှင့်သုံးငွေကို ညီမျှစေရမည်၊ သို့မဟုတ် ညီမျှသော ဘတ်ဂျက် (Balanced Budget) ကို နိုင်ငံတော်သို့ တင်ပြနိုင်ရမည်ဆိုသော အချက်တစ်ချက် ပါဝင်ပါသည်။

၁၉၆၅ ခုနှစ်တွင် လွတ်လပ်ရေး ရခဲ့ရာမှစတင်၍ အခွန်ကောက်ခြင်းကို စနစ်တကျ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုနိုင်ပါသည်။ ၁၉၆၆ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် အကောက်ခွန်ဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် ပထမဦးဆုံး ကော်မရှင်နာတစ်ဦး (Commissioner) ကိုခန့်ထားပြီး အကောက်ခွန်ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်စေသည်။ IRAS - Inland Revenue Authority of Singapore အဖွဲ့ကို ၁၉၉၂ ခုနှစ် စက်တင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့သည်။ အချက်အလက် ဒေတာများကို အစဦးတွင် စာရွက် ဖောင်တိန်များနှင့် စတင်မှတ်သားကြရာမှ မိုက္ကရိုဖလင်များဖြင့် မှတ်တမ်းတင်သည်။ ၁၉၇၂ ခုနှစ်မှစ၍ ကွန်ပျူတာများကို စတင် အသုံးပြုကြသည်။

(၂)

အစိုးရ၀န်ထမ်း ပရိုက်ဗိတ် ကုမ္ပဏီဝန်ထမ်းများအတွက် လစာဝင်ငွေကို ကွန်ပျူတာ မှတ်တမ်းများ ထားရှိရပြီး အကောက်ခွန်ဌာနသို့ အလုပ်ရှင် ကုမ္ပဏီများက တိုက်ရိုက် တင်သွင်းကြရသည်။ အကောက်ခွန်ဌာနက စိစစ်ပြီး ကင်းလွတ်ခွင့်များနုတ်ခါ ပေးဆောင်သင့်သည့် အခွန်ငွေပမာဏကို အကြောင်းကြားသည်။ ပေးသွင်းရမည့်ငွေကို တစ်လုံးတစ်ခဲတည်းသော်လည်းကောင်း၊ မိမိ၏ဘဏ်စာရင်းမှ အရစ်ကျသော်လည်းကောင်း ပေးသွင်းနိုင်သည်။

မိမိဘာသာ ကုမ္ပဏီထောင်သူများ (Self Employ) များအတွက်မူ တစ်ဦးချင်းစီက မိမိ၏၀င်ငွေနှင့် ထွက်ငွေအတွက် စာကြောင်းလေးကြောင်းပါ ကြေညာလွှာ တင်သွင်းရသည်။ အကောက်ခွန်ရုံးသို့ သွားပါလျှင် ကွန်ပျူတာတွင် တင်သွင်းရန် ကူညီပေးသူများ ရှိသည်။ မိမိဘာသာ နေအိမ်မှလည်း တင်သွင်းနိုင်သည်။ မိမိထည့်သွင်းချက်များအပေါ်တွင် မူတည်ပြီး မိမိပေးသွင်းရမည့် အခွန်ငွေပမာဏကို ချက်ချင်း သိရှိနိုင်သည်၊ အကောက်ခွန်ဌာနမှလည်း ရက်အနည်းငယ်အတွင်း မိမိ၏အဆိုတင်သွင်းလွှာ ရရှိကြောင်း စာရေးအကြောင်းကြားသည်။

အိမ်ထောင်ရှိသော လုပ်သားတစ်ဦးအဖို့ ဇနီးသည်အတွက်၊ အသက် ၂၁ နှစ်အောက် ကလေးများအတွက်၊ မိမိကို မှီခိုနေသူ မိဘများအတွက် စသည့် ကင်းလွတ်ခွင့်ပြုသည့် ငွေကြေး ပမာဏများ ရှိသည်။ ထိုကင်းလွတ်ခွင့်များကို နုတ်ပယ်ပြီး ၀င်ငွေမှာ ဒေါ်လာ နှစ်သောင်း (၂၀,၀၀၀) အထိ အခွန်ငွေ ပေးဆောင်ရန် မလိုပေ။ ထိုပမာဏကို ကျော်လွန်သွားမှသာ ကျော်လွန်သည့်အလျောက် အခွန်ပေးရသည်။ ၀င်ငွေ ၃ သိန်း ၂ သောင်းအထိ အဆင့် ၁၀ ဆင့်မျှ ခွဲထားပြီး အခွန်ငွေ ပေးဆောင်ရမည့်ရာနှုန်းမှာ ၂ ရာခိုင်နှုန်းမှ ၂၂ ရာခိုင်နှုန်းအထိ အဆင့်ဆင့် တက်သွားသည်။

ကုမ္ပဏီများအတွက် အမြတ်ငွေမှာ ဒေါ်လာ သုံးသိန်းအောက်တွင် ၈ ဒသမ ၅ ရာခိုင်နှုန်း ကောက်ခံပြီး ဒေါ်လာ သုံးသိန်းအထက်ဆိုပါက ၁၇ ရာခိုင်နှုန်း ကောက်ခံသည်။ ၀င်ငွေ ထွက်ငွေ ရှင်းတမ်းကို လည်ပတ်ငွေ ဒေါ်လာ ၅ သန်းကျော်လျှင် စာရင်းကိုင်များက တင်ပြရပြီး လည်ပတ်ငွေ မများသော ကုမ္ပဏီများအတွက် ကိုယ်တိုင်ဝန်ခံချက်ဖြင့် တင်ပြရသည်။

GST - Government Services Tax စနစ်ကို ၁၉၉၄ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့ပြီး ၃ ရာခိုင်နှုန်းမှ စတင်ခဲ့သည်။ ၄ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်း စသည်ဖြင့် တစ်ဆင့်စီ တိုးမြှင့်ကောက်ခံခဲ့ပြီး ၂၀၀၇ ဇူလိုင်လတွင် ၇ ရာခိုင်နှုန်း ဖြစ်လာသည်။ ပစ္စည်းအားလုံးအတွက် အကောက်ခွန် တစ်မျိုးတည်းသာ ကောက်ခံသည့်စနစ် ဖြစ်ပါသည်။ ဇိမ်ခံပစ္စည်း စသည်ဖြင့် ပစ္စည်းအမျိုး အမည် ခွဲခြားထားခြင်း မရှိ၊ ဥပမာ - မော်တော်ကားများအတွက်၊ ပြုလုပ်သည့်နှစ်၊ မော်ဒယ်လ်၊ အင်ဂျင်ပမာဏ စသည်ဖြင့် ခွဲခြားမထားဘဲ ဂျီအက်စ်တီတစ်မျိုးတည်း (၇ ရာခိုင်နှုန်း) ကိုသာ ကောက်ခံသည်။

အစိုးရ၏ ရည်ရွယ်ချက်မှာ တိုင်းပြည်တွင်းသို့ ဝင်လာချိန်တွင် အကောက်ခွန်ကို တစ်ကြိမ်သာ ကောက်ခံပြီးလျှင် ထိုပစ္စည်းအတွက် အကြိမ်မည်မျှ ထပ်မံ ရောင်းချစေကာမူ အကောက်ခွန်ကို ထပ်မံ ပေးဆောင်ရန် မလိုတော့ပေ။ အကယ်၍ ထိုပစ္စည်းကို နိုင်ငံတွင်းမှပြင်ပသို့ တင်ပို့လျှင်လည်း ထိုကောက်ခံထားငွေကို ပြန်လည် အမ်းပေးသည်။

ကုမ္ပဏီများမှာ GST Merchant အဖြစ် အစိုးရထံ မှတ်ပုံတင်ထားနိုင်သည်။ ထိုသို့ မှတ်ပုံတင်ထားပါက နိုင်ငံခြားမှ တင်သွင်းလာသော ပစ္စည်းများအတွက် အကောက်ခွန်ကို ပေးဆောင်စရာ မလိုပေ။ မိမိက ထိုပစ္စည်းကို ပြည်တွင်း၌ ပြန်လည် ရောင်းချလျှင်သာ အစိုးရကို ၇ ရာခိုင်နှုန်း ပေးဆောင်ရသည်။

ဂျီအက်စ်တီ ကုမ္ပဏီအဖြစ် မှတ်ပုံတင်ထားလျှင် သုံးလတစ်ကြိမ် မိမိဝယ်သော ပစ္စည်းများအတွက် ဂျီအက်စ်တီပေးရငွေ၊ တစ်ဖန် မိမိရောင်းချသော ပစ္စည်းများမှ ကောက်ခံရရှိသည့်အတွက် အစိုးရကိုပေးရမည့် ငွေရှင်းတမ်းကို တင်သွင်းရသည်။ မိမိက အစိုးရကိုပေးရန်လိုလျှင် ချက်စာရွက်နှင့်ဖြစ်စေ၊ ဘဏ်စာရင်းမှဖြစ်စေ ပေးသွင်းနိုင်သည်။ အစိုးရက မိမိကိုပေးရမည်ဆိုလျှင်လည်း မိမိထံ ငွေပေးချက် ရောက်လာသည်။

ဤနည်းဖြင့် တိုင်းပြည်အတွင်းသို့ ၀င်လာသော ပစ္စည်းတစ်ခုအတွက် အစိုးရကို နှစ်ကြိမ် ထပ်မံ အခွန်မပေးရအောင် စီစဉ်ထားသည်။

နိုင်ငံခြားမှ ရောက်လာသော ပစ္စည်းများအတွက် အကောက်ခွန် အရာရှိများက ကုန်သည်တစ်ဦးမှ တင်ပြလာသည့်ပြေစာ (Invoice)မှ တန်ဖိုးကို စိစစ်ခြင်းဖြင့် အချိန်ဆွဲထားလေ့ မရှိပါ။ တင်ပြသော ပြေစာတန်ဖိုးမှာ မသင်္ကာဖွယ်ရှိလျှင် ပစ္စည်းကို ထုတ်ပေးလိုက်ပြီးမှ သက်ဆိုင်ရာဌာနက လိုက်လံ စစ်ဆေးသည်။ ဤနည်းဖြင့် နိုင်ငံခြားမှ ရေကြောင်းဖြင့် ရောက်လာသော ကွန်တိန်နာ တစ်လုံးသည် ဆိပ်ကမ်း၌ အလုပ်ချိန် သုံးရက်ထက် ပိုပြီး ကြာလေ့ မရှိပေ။ ပိုင်ရှင်လက်ထဲသို့ အမြန်ဆုံး ရောက်ရှိအောင် ဆောင်ရွက်ပေးသည်။

ထိုနည်းတူ ၀င်ငွေ ထွက်ငွေ စာရင်းကြေညာလွှာကို ကွန်ပျူတာများက လက်ခံပြီး ကျသင့်သော အခွန်ငွေကို ကွန်ပျူတာများကပင် တွက်ချက်ပေးခြင်းဖြစ်သဖြင့် အကောက်ခွန်အရာရှိများ၏ ပါဝင်ပတ်သက်မှုမှာ အနည်းဆုံးဖြစ်သည်။

ဝင်ငွေကြေညာသူက အကြောင်း တစ်စုံတစ်ရာကြောင့် မှားယွင်းတင်မိလျှင် အကောက်ခွန်အရာရှိထံ သွားရောက် တင်ပြပိုင်ခွင့်ရှိပြီး အမှားအယွင်း လုပ်မိသည်ကို ပြုပြင်ပေးသည်။

ဂျီအက်စ်တီကို မိမိဘာသာ စာရင်းပြုစုရခြင်းကြောင့် မသမာမှုများဖြင့် မကင်းနိုင်ပေ။ အကောက်အခွန် အရာရှိများက စာရင်းတိုင်းကို စောင့်ကြည့် စစ်ဆေးလေ့ရှိသည်။ မသင်္ကာဖွယ်ရာ ကိစ္စများကို သေချာ စိစစ်၍ မသမာမှုများကို ရုံးတင်တရားစွဲ အပြစ်ပေးလေ့ရှိသည်။

(၃)

စင်ကာပူနိုင်ငံ လွတ်လပ်ရေး ရပြီးမှ ၅ နှစ်တစ်ကြိမ် ရွေးကောက်ပွဲဖြင့် အာဏာရရှိလာသော အစိုးရအဖွဲ့များ၏ ဘတ်ဂျက်များမှာ အ၀င်အထွက် ညီမျှနေသောကြောင့် သူတို့၏ အကောက်ခွန်စနစ်သည် ကောင်းမွန်သည်ဟု ဆိုနိုင်ပါသည်။

ဂလိုဘယ်လိုက်ဇေးရှင်းခေါ် ကမ္ဘာ့နိုင်ငံအားလုံး၏ ကုန်သွယ်မှု တစ်စတစ်စ တိုးတက်လာသောအခါ စီးပွားရေး ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီမှ ကောက်ခံရရှိသော အခွန်ငွေများမှာ တိုင်းပြည်၏ လည်ပတ်နေသော ဘတ်ဂျက်အတွက် အရေးကြီးလာကြပါသည်။ ဥပမာအနေနှင့် စင်ကာပူနိုင်ငံ၏ လည်ပတ်ငွေ ၆၅ ဘီလီယံ ဒေါ်လာရှိသော နှစ်တစ်နှစ်တွင် ကော်ပိုရေးရှင်းကြီးများမှ ကောက်ခံရရှိသော အကောက်ခွန်က ၂၁ ရာခိုင်နှုန်း၊ တစ်ဦးချင်းစီက ပေးငွေများက ၁၄ ရာခိုင်နှုန်းနှင့် ဂျီအက်စ်တီအပေါ်မှ ရသည့်ဝင်ငွေက ၁၆ ရာခိုင်နှုန်းမျှ ရှိပါသည်။

စင်ကာပူနိုင်ငံ အကောက်ခွန်စနစ်၏ အောင်မြင်ရခြင်းမှာ (၁) အကောက်ခွန်နှုန်းထား သင့်တင့်မျှတမှု ရှိခြင်း၊ (၂) အကောက်ခွန်စနစ်ကို ကွန်ပျူတာနက်ဝပ်များဖြင့် လုပ်ဆောင်နိုင်ခြင်း၊ (၃) ထိုစနစ်ကို ကြီးကြပ်နေကြသော ဝန်ထမ်းများနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များမှာ စနစ်တကျ ရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။

အကောက်ခွန်အရာရှိများတွင် မည်သည့် ပစ္စည်းအတွက် အခွန် မည်မျှ ချမှတ်ရမည်ဟု ဆုံးဖြတ်ပေးရသော အခွင့်အရေး ပေးမထားပါ။ ဂျီအက်စ်တီ စနစ်ကြောင့် ပစ္စည်းမှန်သမျှ နှုန်းထား တစ်ခုတည်းကိုသာ ပေးရပါသည်။ တစ်ကမ္ဘာလုံးတွင် ဤစနစ်ကို အသုံးပြုသော နိုင်ငံ ၁၆၀ မျှရှိရာ ၎င်းတွင် အားသာချက် များစွာ ရှိသည်ဟု ယူဆနိုင်ပါသည်။ နိုင်ငံတိုင်းတွင် အခွန်နှုန်းထား တိုးကောက်ခြင်းအစား အခွန်ကောက်ယူခြင်းစနစ်ကို ပို၍စနစ်ကျအောင်သာ ဆောင်ရွက်သင့်ပါသည်။

အကောက်ခွန် အရာရှိများအဖို့ စနစ်တကျ လည်ပတ်နေသော စနစ်ကြီးအတွင်းမှ မသမာမှု၊ မရိုးသားမှုများကို စောင့်ကြည့်ရန်နှင့် လိုအပ်သော နေရာတို့ကို ဖြည့်စွက်ပြင်ဆင်ပေးရန်သာ တာဝန်ရှိသဖြင့် ခြစားမှု အနည်းဆုံးဖြစ်သော စနစ်တစ်ခုအဖြစ် ယူဆနိုင်ပါသည်။

ကိုသန်းလွင်

  • VIA