News

POST TYPE

OPINION

ရန်ကုန်လွှတ်တော် YBS နှင့် NCA
26-Apr-2017

(၁)

အစိုးရ၏ အားနည်းချက်များကို ထောက်ပြဖို့ကြိုးစားတိုင်း တစ်ခု စဉ်းစားမိသည်မှာ အခြားသော တစ်ဖက်အဖွဲ့အစည်းများအတွက် လက်ခုပ်တီးစရာများ ဖြစ်သွားလေပြီလား ဆိုသောသံသယ ဖြစ်သည်။ အစိုးရက ကိုယ်ရွေးချယ်ထားသည့် အစိုးရဖြစ်သော်လည်း ဝေဖန်စရာရှိတာ ဝေဖန်၊ ထောက်ပြစရာရှိတာ ထောက်ပြမှ အကျိုးလိုလားသူ ဖြစ်ပေလိမ့်မည်။ ယခုပဲ ရန်ကုန်လွှတ်တော်မှာ YBS ကိစ္စနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ ပြတ်ပြတ်သားသား ပြောလာတာ တွေ့ရသည်။ ဒါက ဒီမိုကရေစီ၏ သရုပ်သကန် အမှန်ဖြစ်သည်။ Check & Balance။ လွှတ်တော်သည် အစိုးရ၏ လုပ်ဆောင်ချက်တွေကို ထိန်းကျောင်းပေးရန် တာဝန်ရှိသည်။ အစိုးရ မှားနေလျှင် မှားကြောင်း ကျိုးကြောင်း ဆီလျော်စွာ ထောက်ပြဖို့ တာဝန်ရှိသည်။ ဒါ ထိပ်တိုက် တွေ့နေခြင်းမဟုတ်။ တစ်ဦးကိုတစ်ဦး အပုပ်ချနေခြင်းမဟုတ်။ လူထုက ရွေးချယ်ထားသည့် လွှတ်တော်ကိုယ်စားလှယ်သည် လူထုအသံကို ကိုယ်စားပြုရမည်။ လူထု ခံစားချက်ကို ထင်ဟပ်ပြရမည်။

ယခုရက်အတွင်း ပြန်လည် ကျင်းပသော ရန်ကုန်လွှတ်တော်ကတော့ မအောင်မြင်သော YBS စီမံကိန်းနှင့် စတင်တာထွက်ခဲ့ပြီ။ ရန်ကုန် အစိုးရ အကောင်အထည် ဖော်ခဲ့သော YBS ၏ ကောင်းကျိုး ဆိုးပြစ်တွေကို လွှတ်တော် ကိုယ်စားလှယ် ဦးနေဘုန်းလတ်က တစ်ချက်ချင်း ထောက်ပြသွားခဲ့သည်။ အရမ်းကာရော လက်ညှိုးထိုး ပြစ်တင် ဝေဖန်တာမျိုးမဟုတ်ဘဲ ကျိုးကြောင်းဆီလျော်စွာ တင်ပြသွားခဲ့သည်။ အားလုံး သိပြီးဖြစ်သည့်အတိုင်း ထိုနေ့ လွှတ်တော် အစည်းအဝေးကို ရန်ကုန် ဝန်ကြီးချုပ် မတက်ပါ။ ပြဿနာ ရှိနေပြီဆိုလျှင် ထိုပြဿနာကို ဖြေရှင်းဖို့ အစိုးရအဖွဲ့ အနေနှင့် နည်းလမ်းရှာဖို့ လိုလာပြီ။ လူထုကတော့ စိတ်ပျက်နေကြပြီ။ ဘယ်လိုပြင်မလဲ၊ ဘယ်လိုကုစားကြမလဲ။ အစိုးရက ဖြေရှင်းဖို့ တာဝန်ရှိလာပြီ။ မဖြေရှင်းနိုင်ဘဲ အီလေးဆွဲပြီး နောက်တစ်နှစ်အထိ ရေစုန် မျောနေလျှင်ကော အစိုးရအဖွဲ့ကို ဘယ်လို အပြစ်တင် အရေးယူမလဲ။

မတူညီသော အမြင်အမျိုးမျိုး ရှိနေကြမည် ဖြစ်သော်လည်း စာရေးသူ တစ်ဦးတည်း၏ ရှုမြင် သုံးသပ်ချက်အရ တစ်နှစ်တာ ရန်ကုန်အစိုးရသည် အောင်မြင်သော Effective အစိုးရတစ်ရပ် မဖြစ်ခဲ့ပါ။ အလွယ်တကူ ရယူသင့်သော ရမှတ်တွေကိုပင် ရအောင် မယူနိုင်ခဲ့ပါ။ ပြည်သူတွေ ပျော်ရွှင် စိတ်ချမ်းမြေ့အောင် လွယ်လွယ်ကူကူ လုပ်နိုင်သည့် သင်္ကြန်ပွဲတော်ကြီး ဆွံ့အသွားခဲ့သည်။ ငြိုငြင်ခံရသည်။ အမှတ်မရ။ စီမံခန့်ခွဲမှု ပိုသာသော မန္တလေးက အမှတ်ပြည့် ရသွားသည်။ ရန်ကုန်မြို့တော်ကြီးမှာ လိုအပ်ချက်တွေ၊ အားနည်းချက်တွေ ထောက်ပြစရာ တပုံတပင်ရှိသည်။ အားလုံး ချက်ချင်း ဥုံဖွမန်းမှုတ်သလို အကောင်အထည် ပေါ်မလာနိုင်မှန်း သိသော်လည်း ပြုပြင်သင့်တာ ပြုပြင် ပြောင်းလဲသင့်တာ ပြောင်းလဲ ပြတ်ပြတ်သားသား အရေးယူသင့်တာ အရေးယူ လုပ်ဖို့တော့လိုနေပြီ။

(၂)

ရန်ကုန်လွှတ်တော်မှာ YBS အရေး လွှတ်တော် ကိုယ်စားလှယ်များ ဝေဖန်ထောက်ပြသည်နှင့် တစ်နေ့တည်း တစ်ပြိုင်နက်တည်းမှာပင် နေပြည်တော်မှာ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသည့် ပြည်တွင်း ငြိမ်းချမ်းရေး နောက်တစ်ဆင့် အစပြုဖို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ ဦးဆောင်ပါဝင်သော NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး JICM တစ်ရပ် ကျင်းပခဲ့သည်။ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ခုမှ ကေအင်ယူခေါင်းဆောင် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး အပါအဝင် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ဤအစည်းအဝေးမှာ ဒုတိယမြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (ဒုတိယပင်လုံ) ကျင်းပရန် လျာထားပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်သွားခဲ့သည့် ဖေဖော်ဝါရီလနောက်ပိုင်း ထိပ်တန်း ခေါင်းဆောင်များ ပါဝင်သည့် ပထမဦးဆုံး အစည်းအဝေး ဖြစ်သည်။ ယခု အစည်းအဝေး ဆုံးဖြတ်ချက်အရ လာမည့် မေလ ၂၄ ရက်တွင် ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပမည်ဟု သိရသည်။

ပြည်တွင်း ငြိမ်းချမ်းရေးအကြောင်း ပြောသောအခါ လက်ရှိဖြစ်ပေါ်နေသော (Ongoing Process) ဖြစ်စဉ်များကို မြင်ယောင်မိသည်။ တစ်လောလေးကပင် NCA တွင် ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသော လက်နက်ကိုင်အဖွဲ့များက UWSA ၏ ပန်ခမ်းတွင် အစည်းအဝေး ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပြီး NCA လမ်းကြောင်း မဟုတ်သော ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆောင်ရွက်နိုင်ဖို့ နိုင်ငံရေး ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သတင်းများမှာ ဖတ်လိုက်ရသည်။ ယခု ဆက်လက်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ထိုလက်နက်ကိုင်အစုအဖွဲ့များ ပါဝင်မလာလျှင် ပြီးပြည့်စုံသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ဖြစ်နိုင်ပါ့မလား။ ပါဝင်လာဖို့ကိုရော ဘယ်လိုချဉ်းကပ်မှုတွေ လုပ်ထားပြီလဲ။

တပ်မတော်ဘက်ကတော့ NCA လက်မှတ် ရေးထိုးခြင်း တစ်ခုတည်းသာ ရွေးချယ်စရာလမ်းကြောင်း သတ်မှတ်ပေးထားသည်။ ထိုမျှမက စကားလုံးတစ်လုံးပင် အပွန်းအရှ မခံနိုင်ဟု ထပ်လောင်း ဆိုထားပြန်သည်။ ဒါဆိုလျှင် လက်မှတ်ရေးထိုးထားခြင်း မရှိသော လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် ရေရှည်ညှိနှိုင်းမှုတွေ အောင်မြင်နိုင်ပါ့မလား။ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို တစ်ခြမ်းပဲ့ ပုံသဏ္ဌာန်နှင့် ဆက်သွားနေလျှင်ရော ရေရှည် တည်တံ့သည့် ငြိမ်းချမ်းရေး ရနိုင်ပါ့မလား။ မေးစရာ မေးခွန်းတွေ ဖြစ်လာသည်။ လက်နက်ကိုင်အဖွဲ့ အချို့က လက်မှတ် ရေးထိုးဖို့ တာစူနေချိန်မှာ UWSA ဦးဆောင်သောအဖွဲ့က မတူညီသော ငြိမ်းချမ်းရေးဖြစ်စဉ် ပုံသဏ္ဌာန်တစ်ခု ဖော်ဆောင်လာသည်။

အစပြန်ကောက်လျှင် UNFC အဖွဲ့ဝင်တွေဖြစ်သော ကေအိုင်အေ၊ အက်စ်အက်စ်အေ အပါအဝင် လက်နက်ကိုင် ခုနစ်ဖွဲ့က NCA ကို ယေဘုယျ သဘောတူထားပြီး လက်မှတ် မထိုးသေးဘဲ စောင့်ကြည့်နေဆဲမှာပင် ငြိမ်းချမ်းရေးဖြစ်စဉ်က နောက်ထပ်တစ်ဖန် ဖြစ်ပေါ်လာသော တိုက်ပွဲများကြောင့် တုံ့ဆိုင်းသွားခဲ့ရသည်။ နီးမလိုနှင့်ဝေးသွားသော အခြေအနေ တစ်ရပ်မှာ နဂိုကတည်းက NCA ကို လက်မခံလိုသည့် UWSA က ဦးဆောင်ပြီး ငြိမ်းချမ်းရေး ပုံသဏ္ဌာန်သစ် ဖော်ဆောင်ဖို့ ကြိုးပမ်းလာခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလက လက်မှတ် ရေးထိုးခဲ့ကြသည့် NCA သဘော တူညီချက်များအရ ယခု ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများ ကျင်းပနေခြင်း ဖြစ်သော်လည်း ပြီးပြည့်စုံသည့် အခြေအနေမှာ မရှိသေး။ လူမျိုးအလိုက်၊ ဒေသအလိုက်၊ အကြောင်းအရာအလိုက် ဆွေးနွေးပွဲတွေကို လက်မှတ် ရေးထိုးထာပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး မလုပ်နိုင်ကြသေး။ ကရင်၊ ပအိုဝ်း၊ ချင်း လောက်ပဲ လုပ်နိုင်သေးသည်။ ကျန်အဖွဲ့များ အနေနှင့် ချောချောမွေ့မွေ့ လုပ်ခွင့် အခြေအနေ မရကြ။ ယခု တစ်လ နောက်ဆုတ်ထားသဖြင့် ကြားထဲမှ မလုပ်ရသေးသည့်အဖွဲ့တွေ လုပ်လာနိုင်သည်။ ပြောရလျှင် ပြည်တွင်း ငြိမ်းချမ်းရေးက ခရီးရှည်ကြီး ဖြစ်သည်။ စလုံးရေစအဆင့်မှာပဲ ရှိသည်။ အားလုံး ညီညီညွတ်ညွတ်နှင့် ပါဝင် အကောင်အထည် ဖော်နိုင်ဖို့ နားလည်မှုတွေ အများကြီး တည်ဆောက်ရဦးမည်။ တစ်ယောက်ကိုတစ်ယောက် နားလည်ဖို့၊ ယုံကြည်ဖို့၊ သံသယကင်းဖို့ သည်ဘက်အဖွဲ့အစည်းတွေက အားတက်သရော ပြသဖို့လိုသည်။ ဟန်ပြလုပ်နေလျှင်၊ အပေးအယူ အလျှော့အတင်း မပါသော တွေ့ဆုံဆွေးနွေးမှုတွေပဲ လုပ်နေလျှင် အယုံအကြည်ကင်းမဲ့ခံရနိုင်သည်။

ကေအင်ယူ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ပြောသွားတာ တစ်ခုတော့ သဘောကျသည်။ အစည်းအဝေး ခန်းမထဲကို အသင့် ပြင်ဆင်ထားပြီးသား Tailor-made စကားတွေအစား အမှန်တကယ် အချေအတင် ဆွေးနွေးမည့် Dialogue ဆွေးနွေးမှုတွေကိုပဲ လိုချင်သည်တဲ့။ ငြိမ်းချမ်းရေးကို တကယ် လိုလားပြီး ငြိမ်းချမ်းရေးကို ထဲထဲဝင်ဝင် ပြောဆို ဆွေးနွေးနိုင်သူများနှင့်သာ စကားပြောလိုသည်ဟု ဆိုလိုသည်။

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး JICM က လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအတွက် နေ့ရက် သတ်မှတ်ခြင်း အပါအဝင် ဆုံးဖြတ်ချက်အချို့ ချမှတ်နိုင်ခဲ့သော်လည်း ပြီးပြည့်စုံသည့် ပြည်တွင်းငြိမ်းချမ်းရေးတစ်ရပ် ပေါ်ပေါက်လာဖို့ကိုတော့ အချိန်အကြာကြီး စောင့်ရပါလိမ့်ဦးမည်။

ချစ်ဝင်းမောင်

  • VIA