News

POST TYPE

OPINION

YBS၊ ဝန်ကြီးချုပ် ခွင့်ယူခြင်းနှင့် ဦးစားပေး ပြဿနာ (Daily, Vol-5/No-12)
25-Apr-2017

YBS ခေါ် ရန်ကုန်ဘတ်စ်ကား ဝန်ဆောင်မှုနှင့်ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်များ၏ အကြံပြု၊ ထောက်ပြ၊ ဆွေးနွေး၊ မေးမြန်းကြမည့် ဧပြီလ ၂၄ ရက်နေ့တွင် YBS ကို ဦးဆောင် စီမံကွပ်ကဲသူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လွှတ်တော်သို့ မလာရောက်ဘဲ ခွင့်ယူသွားခြင်းကို ပြောဆို ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ နယ်သာလန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာခြင်းကို လေဆိပ်သို့ သွားရောက် ကြိုဆိုရန် ခွင့်ယူခြင်းဖြစ်ကြောင်း သတင်းမီဒီယာ အချို့တွင် ဖော်ပြချက်များအရ သိရှိရပေရာ မြန်မာနိုင်ငံ၏ အရိုးစွဲ လာခဲ့သော အစဉ်အလာများအရ ဒုတိယသမ္မတကို ခရီးဦးကြိုပြုခြင်းကို ပထမ ဦးစားပေး ပရိုတိုကောအဖြစ် ရွေးချယ်ခြင်းမှာ မဆန်းလှပေ။

ပရိုတိုကောအရ ပြောရလျှင် ဥပဒေပြု လွှတ်တော်သည် ပြည်ထောင်စု အဆင့်တွင်ဖြစ်စေ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင်ဖြစ်စေ ဥပဒေပြု အာဏာတွင် အမြင့်ဆုံးနေရာတွင် ရှိနေသည့်အပြင် အစိုးရအဖွဲ့နှင့် အပြန်အလှန် တာဝန်ခံရသောကြောင့် အစိုးရအဖွဲ့၏ ဝါစဉ်ဖြင့် ရောနှောစဉ်းစား၍ မရပေ။

ခရီးသည် နှစ်သန်းခွဲခန့် နေ့စဉ် သွားလာနေကြသော ရန်ကုန်မြို့တော်၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာ ပြဿနာ တစ်ရပ်ကို အရေးတကြီး ဆွေးနွေး၊ မေးမြန်းကြမည် ဖြစ်သောကြောင့် ယင်းလုပ်ငန်းကို အဓိက ဦးဆောင် စီမံခန့်ခွဲသူ ဝန်ကြီးချုပ် လွှတ်တော် အစည်းအဝေး တက်ရောက်ခြင်း မရှိဘဲ ခွင့်ယူခြင်းအပေါ် ဝေဖန်ပြောဆိုမှု အထူး များပြားနေခြင်းဖြစ်သည်။

အာဏာရှင်စနစ် တစ်လျှောက်လုံး အထက်အရာရှိကို လွန်လွန်ကဲကဲ ချီးပမြှောက်ပင့်ခြင်း၊ လိုအပ်သည်ထက် မြှောက်စား၊ နေရာပေးခြင်း၊ အတိုင်းအတာ ကျော်လွန်သော ခယဝပ်တွားခြင်းတို့ကြောင့် အရေးမကြီးသော သာမည ကိစ္စရပ်များနှင့် အချိန်ကုန်ကာ အရေးကြီးသော အဓိကကိစ္စရပ် များစွာ ဆောင်ရွက်ရန် လစ်ဟင်းခဲ့သည့် သာဓကများစွာ ရှိခဲ့ပြီးဖြစ်သည်။

ဒုတိယသမ္မတကို ခရီးဦးကြိုပြုခြင်းနှင့် ပြည်သူ နှစ်သန်းခွဲခန့် နေ့စဉ် ကြုံတွေ့နေရသော ပြဿနာ သို့မဟုတ် ဝန်ကြီးချုပ် ကိုယ်တိုင် စီစဉ် ဆောင်ရွက်ခဲ့သည့် စီမံကိန်းတစ်ခု မည်သည့်အရာက ပိုအရေးကြီးသနည်းဆိုသော မေးခွန်းမျိုးကို ဝန်ကြီးချုပ်က ခရီးဦးကြိုပြုခြင်းကို ပထမ ဦးစားပေး အရေးကြီးကိစ္စအဖြစ် ရွေးချယ်သည်။

YBS စနစ် အကောင်အထည် မဖော်ခင်ကာလ၊ အကောင်အထည် ဖော်နေစဉ် ကာလများတွင် ယင်းလုပ်ငန်းနှင့်ပတ်သက်၍ ပြည်ပ အတွေ့အကြုံရှိသူများ၊ မော်တော်ယာဉ် ထိန်းသိမ်းကွပ်ကဲမှုနှင့် စက်ပိုင်းဆိုင်ရာ နားလည် တတ်ကျွမ်းသူများ၊ ပညာရှင်များက ဝေဖန်၊ ထောက်ပြ၊ အကြံပြုခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၎င်းတို့ ကိုယ်ပိုင်နည်းနာဖြင့်သာ ရှေ့တိုး ဆောင်ရွက်ခဲ့သည်။

အကျိုးဆက်အားဖြင့် ယနေ့ YBS တံဆိပ် ကပ်ထားသော ဘတ်စ်ကားများသည် ယခင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော မ.ထ.သ ဘတ်စ်ကားများ၏ အသွင်သဏ္ဌာန်အတိုင်း ဖြစ်နေသည့်အပြင် ယာဉ်စီးခ ပိုကုန်ကျခြင်း၊ ယာဉ်လိုင်းနှင့် ယာဉ်အစီးရေ မလုံလောက်ခြင်းများ ထပ်ဆောင်း ကြုံတွေ့နေရပေသည်။

ထိုအခြေအနေတွင် မြန်မာနိုင်ငံတွင် ပြည်သူအများစု၏ ယုံကြည် စိတ်ချမှု များစွာ အားနည်းပြီး မော်တော်ယာဉ် စက်ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကပါ ထောက်ခံချက် မပေးသည့် တရုတ်နိုင်ငံလုပ် ဘတ်စ်ကား အစီးရေ ၁၀ဝ၀ ကို စာချုပ်ချုပ် ဝယ်ယူလိုက်ခြင်းမှာ အစိုးရအဖွဲ့၏ ပွင့်လင်းမြင်သာမှု လိုအပ်ချက်အပေါ် ပို၍ ဝေဖန်စရာ ဖြစ်သွားစေခဲ့သည်။

မည်သို့ပင်ဖြစ်စေ YBS နှင့်ပတ်သက်၍ ရန်ကုန်ပြည်သူများ နေ့စဉ် ကြုံတွေ့နေရသည့် အခက်အခဲ၊ ပြဿနာများကို လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူများ ကိုယ်စား မေးမြန်းဆွေးနွေးချက်များကို လာမည့် ဧပြီလ ၂၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အကြောင်းပြန်မည်ဟု ဆိုထားသည်။

ထိုသို့ အကြောင်းပြန်ရာတွင် ဆောင်ရွက်ထားသော လုပ်ငန်းများကို မှားယွင်းမှု မရှိကြောင်း နည်းမျိုးစုံဖြင့် သက်သေပြရန် ကြိုးစားခြင်းမျိုးထက် လိုအပ်ချက်၊ အားနည်းချက်၊ ချို့ယွင်းချက်၊ မှားယွင်းမှုများကို အမှန်အတိုင်း ဝန်ခံကာ အချိန်မဆိုင်း ပြင်ဆင်ပြောင်းလဲရန် အထူး လိုအပ်လှကြောင်း သိစေအပ်ပေသည်။

အယ်ဒီတာ (၂၅-၄-၂၀၁၇)

  • VIA