News

POST TYPE

OPINION

ဝန်ထမ်းလစာ အဂတိ ကင်းစင်ရေးနှင့် ဆုကြေး
25-Apr-2017

သင်္ကြန်အပြီး မြန်မာနှစ်ကူးမှာ ဖတ်လိုက်ရတဲ့ သတင်းတစ်ခုကြောင့် အင်မတန် စိတ်လှုပ်ရှားရပါတယ်။ လစာ နှစ်ဆ တိုးပေးရန် အခွန်ရုံးမှ ဝန်ထမ်းတစ်ရာ ရွေးချယ် ဆိုတဲ့သတင်းကို ဧပြီ ၁၉ ရက်နေ့ထုတ် The Voice သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ဒါ့အပြင် လစာနှစ်ဆ တိုးပေးရာတွင် ဝန်ထမ်းအားလုံးကို တိုးပေးမှာမဟုတ်ဘဲ အဂတိလိုက်စားမှု သုညအဆင့် ရှိသူတွေကိုသာ တိုးပေးမယ်လို့ ဆိုပါတယ်။ နောက်တစ်ခုက နိုင်ငံအတွက် ဝင်ငွေများစွာရအောင် ရှာနိုင်တယ်လို့လည်း ညွှန်ကြားရေးမှူးချုပ်လုပ်သူက သတင်းစာကို ဖြေထားတာ ဖတ်ရပါတယ်။ 

အဂတိ လိုက်စားမှုအဆင့် သုညဆိုတဲ့အတွက် သူတို့အတွက် ဂုဏ်ယူမိသလို၊ ဆုကြေးအနေနဲ့ ပေးမယ်ဆိုတဲ့အတွက် ဝမ်းသာမိပါတယ်။ တို့နိုင်ငံမှာ အဂတိတရား လုံးဝ ကင်းတဲ့ဝန်ထမ်းတွေ ရှိနေတယ်ကွလို့လည်း ဂုဏ်ယူမိပါတယ်။ ဒါပေမဲ့ ဒီလိုလူတစ်ရာကို ရေတွက်တဲ့အခါ၊ လူတစ်ရာရဲ့ စာရင်းကောက်တဲ့အခါမှာရော အဂတိတရား ကင်းခဲ့လား ဆိုတာလေးတော့ တွေးစရာပါ။ ဒီလို လူအရေအတွက်ကို ဆွဲထုတ်လိုက်ပြီး ဒီလူတွေက အဂတိကင်းတယ်ကွ သူတို့လိုလုပ်ကြ၊ သူတို့က ရိုးသားလို့ ဂုဏ်ပြုတယ် ဆိုတာမျိုး အခြားသူတွေဆီကိုလည်း ရောက်စေချင်တယ်လို့ ယူဆပါတယ်။ ဒီလို ခွဲထုတ်ပြီး ဆုကြေးအဖြစ် ပေးတာကို အတုယူစေချင်တဲ့အတွက် စံနမူနာအနေနဲ့ လုပ်တယ်လို့ မြင်ပါတယ်။ ဒါပေမဲ့လည်း ဂုဏ်ပြုခံရတာထက် အဂတိလိုက်စားခြင်းကရတဲ့ အကျိုးအမြတ်က ပိုများပါတယ်ဆိုတဲ့ လူတွေအတွက် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့မေးခွန်းမျိုးလည်း ရှိနေပါသေးတယ်။ 

နောက်တစ်ချက်က အဂတိလိုက်စားမှု သုညအဆင့် ရှိတဲ့လူတွေက ဒီတစ်ရုံးလုံး တစ်ဌာနလုံးမှာမှ ၁၀ဝ ပဲ ရှိသလားဆိုတာ စဉ်းစားစရာပါ။ အဂတိ တရားနဲ့ကင်းတဲ့ ဝန်ထမ်းဆိုတာ ရှားလာပြီလို့တောင် ပြောရမလိုပါ။ အဂတိ တရားတွေထဲက တစ်ပါးမဟုတ်တစ်ပါးတော့ ကျူးလွန်နေတဲ့သူတွေ များပါတယ်။ ဒီလို လုပ်တာဟာ တကယ် ထိရောက်တဲ့ ဖြေရှင်းမှု ဟုတ်ရဲ့လားဆိုတာ စဉ်းစားစရာပါ။ နောက်တစ်ချက်က သုညအဆင့် ရှိတဲ့သူတွေကို လစာ တိုးပေးမယ်ဆိုတော့ ကျန်တဲ့ ကျူးလွန်နေတဲ့သူတွေကိုရော ဘယ်လို ဆောင်ရွက်မလဲဆိုတာ မေးစရာ ဖြစ်လာတယ်လို့ မြင်ပါတယ်။ 

ဝန်ထမ်းစစ်စစ်တွေက ဝန်ထမ်းတွေ လစာတိုးမယ်ဆိုတဲ့ သတင်းတွေကို ဝမ်းသာအားရနဲ့ ရက်စွဲတွေ၊ ခုနှစ်တွေ မကြည့်နိုင်ဘဲ လူမှုကွန်ရက်မှာ မျှဝေနေကြတာကိုလည်း စိတ်မကောင်းစွာ တွေ့မြင်နိုင်ပါတယ်။ တကယ်တော့ မစားလောက်တဲ့ ဝန်ထမ်းတွေ အများကြီးပါ။ ခိုးလို့၊ ဝှက်လို့ရတဲ့ နေရာရောက်ပြီး ခိုးလို့၊ ဝှက်လို့ရထားတဲ့ ပိုက်ဆံတွေနဲ့ အဆင်ပြေနေတဲ့ လူတွေကတော့ အပူအပင် မရှိပေမယ့် အမှန်တကယ် မစားလောက်တဲ့ ဝန်ထမ်းတွေ အတွက်လည်း ထည့်သွင်း စဉ်းစားရပါလိမ့်မယ်။ စိတ်ထဲရှိတဲ့အတိုင်း၊ ပေါ်လာတဲ့အတိုင်း လုပ်လို့တော့ မရနိုင်ပါဘူး။ ဥပမာ- ပညာရေး ဝန်ထမ်းတစ်ယောက် အနေနဲ့ ကြည့်မယ်ဆိုရင် နေစရာနဲ့ စားစရာအခက် အခဲရှိနေတဲ့ လူတစ်ယောက်က ကိုယ်ပြောမယ့်၊ မျှဝေမယ့်အရာတွေကို ကြားနာပြီး လောကကို အလှဆင်မယ့် လူငယ်တွေကြားမှာ ဘယ်လို ယုံကြည်မှုမျိုးနဲ့ ပညာဖြန့်ဝေနေလဲ ဆိုတာမျိုးကိုလည်း ထည့်သွင်း စဉ်းစားပေးစေချင်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံက ပညာရေးနဲ့ဆိုင်တဲ့ ပွဲတစ်ခုမှာ ပီတိကိုပဲ စားနေလို့မရဘူးလို့ ပြောခဲ့တုန်းကလည်း အပျော်ကြီး ပျော်ခဲ့ကြပါသေးတယ်။ 

ဟင်းမရှိလို့ ယူတဲ့သူ၊ ဟင်းမကောင်းလို့ ယူတဲ့သူ၊ ဟင်းတစ်ခွက်တည်းမို့ ယူတဲ့သူ၊ သားသမီးနဲ့ ဆွေမျိုးကို ကျွေးချင်လို့ ယူတဲ့သူလို့ အဆင့်ဆင့် ခွဲရမလိုပါပဲ။ ဒီလို ဆုချီးမြှင့်တဲ့သဘောနဲ့ တိုးပေးတာဆိုရင် သိန်းနဲ့ချီ၊ သန်းနဲ့ချီပြီး၊ တစ်မိသားစုစာ၊ မျိုးဆက်တစ်ခုစာ ယူနေတဲ့ လူတွေကိုရော ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စဉ်းစားစရာပါ။ အစိုးရသစ်တစ်ရပ် တက်လာခဲ့ရင် ပြည်သူကို တိုက်ရိုက် ထိရောက်စေတဲ့ တစ်ခုခုတော့ လုပ်ပြဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ဖြုတ်၊ ထုတ်၊ သတ် မလုပ်ဘူးဆိုတဲ့ မူဝါဒနဲ့ အဂတိတရား လိုက်စားနေသူတွေကို စောင့်ကြည့်နေမယ်၊ ပညာပေးနေမယ် ဆိုရင်တော့ဖြင့် နိုင်ငံက ပြာပုံဘဝ ရောက်ရုံပဲ ကျန်ပါတော့တယ်။ အမျိုးသား ရင်ကြားစေ့ရေး ခေါင်းစဉ်အောက်မှာ အဂတိသမားတွေ ပျော်ပျော်ကြီးနေကြမယ့် အဖြစ်မျိုးကိုတော့ ပြည်သူတစ်ယောက် အနေနဲ့ မမြင်ချင်တာ အမှန်ပါ။ 

နိုင်ငံ့ဝန်ထမ်းတွေ အနားယူသွားတဲ့အခါ နေစရာ အခက်အခဲ မရှိစေဖို့ အိမ်ရာတွေ ဆောက်လုပ်ပေးမယ် ဆိုတဲ့အတွက် ဝမ်းသာနေကြတဲ့ ဝန်ထမ်းတွေ အများကြီးပါ။ ဒီလိုအိမ်တွေကို ဆောက်လုပ်ပေးပြီး ခွဲဝေပေးတဲ့ နေရာမှာလည်း အဂတိတရား ကင်းပါ့မလားဆိုတဲ့ စိုးရိမ်စိတ်က ဝန်ထမ်းအားလုံးဆီမှာ ရှိနေပါတယ်။ သင့်တင့်တဲ့ နေရာတွေမှာ မနေရတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။ သုံးထပ်သားကို လူ့တစ်ရပ်စာလောက် ကာထားတဲ့ အခန်းလေးတွေမှာ မိသားစုလိုက်နေနေရတဲ့ ဝန်ထမ်းတွေ ရှိနေပါသေးတယ်။ ပညာရေး ဝန်ထမ်းတွေ များစွာ ပါနေပါသေးတယ်။ ကျန်းမာရေး ဝန်ထမ်းတွေ ပါနေပါသေးတယ်။ အခြားသော ဝန်ကြီးဌာနတွေမှာလည်း ရှိနေမယ်လို့ ယုံကြည်မိပါတယ်။ 

နောက်တစ်ချက်က နိုင်ငံအတွက် ငွေရှာပေးနိုင်လို့ဆိုတဲ့ သဘောမျိုး ဖြေထားတာ တွေ့ရတဲ့အတွက်လည်း စဉ်းစားစရာပါ။ ဒီလိုဆိုရင် ဝင်ငွေ မရဘဲ လူ့အရင်းအမြစ်တွေကို မွေးထုတ်ပေးနေတဲ့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ရော ဒီလိုခံစားမှုမျိုး မဖြစ်နိုင်တော့ဘူးလားဆိုတာ မေးရပါလိမ့်မယ်။ စောင့်ကြည့်နေမယ် ဆိုတဲ့အတွက်လည်း ဘယ်လို စောင့်ကြည့်မှာလဲဆိုတာရယ်၊ ဘယ်သူက စောင့်ကြည့်မှာလဲဆိုတာ မေးစရာပါ။ အလုပ်လုပ်ရင်း ဈေးရောင်းနေရတဲ့ ဝန်ထမ်းတွေ အများကြီး ရှိနေပါသေးတယ်။ အလုပ်ချိန်မှာ ရောင်းစရာလေးတွေ သယ်လာ၊ အချင်းချင်း ငါးရာ မြတ် တစ်ထောင်မြတ် လုပ်ပြီး အပိုဝင်ငွေအတွက် ကြံဖန်နေရတဲ့ဝန်ထမ်းတွေ အများကြီး ရှိနေပါတယ်။ သူတို့တွေ အတွက်ရော ဘယ်လိုဖြေရှင်းပေးဖို့ ရည်ရွယ်ထားလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါ။

အချို့က အဂတိ လိုက်စားတာကို ရှက်စရာလို မမြင်ဘဲ၊ ရပိုင်ခွင့် အနေနဲ့ မြင်နေတဲ့သူတွေလည်း ရှိနေပါတယ်။ ဥပမာ - ဝန်ကြီးဌာန တော်တော်များများမှာ အမှန်တကယ် မသုံးတဲ့ ကားတွေနဲ့ပတ်သက်ပြီး ပြင်ဆင်စရိတ်တွေ ထုတ်ယူနေတာမျိုးကို ရပိုင်ခွင့်လို့ ထင်နေကြဆဲပါ။ လစာတူ၊ ရပိုင်ခွင့် တူနေရင်တောင် လုပ်ပိုင်ခွင့် ပိုရတဲ့နေရာကို သွားချင်နေကြဆဲပါ။ ရတုန်းယူထားဆိုတာမျိုးကလည်း အဂတိသမားတို့ရဲ့ လက်သုံးစကားလို ဖြစ်နေခဲ့ပါပြီ။ ရာထူးအဆင့်နဲ့ညီတဲ့ လစာမျိုးကို ပေးထားပြီး အဂတိ လိုက်စားခဲ့ရင် ထိထိရောက်ရောက် အရေးယူပါမှ အမှန်တကယ် အဂတိကင်းစင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ မျှော်လင့်နိုင်ပါလိမ့်မယ်။

ဒီနေ့ အရာရှိဆိုတဲ့လူတွေ ဆိုင်ကောင်းကောင်းမှာ နေ့စဉ်လိုလို စားသောက်နေတာတွေ၊ မိသားစုလိုက် သုံးစွဲနေတဲ့ အသုံးအဆောင်တွေ ဒါတွေဟာ တရားဝင် ခံစားခွင့်နဲ့ ရထားတာတွေလား၊ ဒါမှမဟုတ် အဂတိ တရားနဲ့ ချမ်းသာနေတာလား ဆိုတာတွေကိုလည်း ပြည်သူတွေက သိကြပါတယ်။ ဒါပေမဲ့ အရေးယူမယ့်သူတွေ၊ အရေးယူခွင့်ရှိသူတွေက မသိဟန်ဆောင်နေရင်တော့ဖြင့် အဲဒီအကျိုးဆက်ကို ပြည်သူတွေက ခေါင်းငုံ့ခံနေရုံသာ ရှိပါလိမ့်မယ်။ အဂတိတရားကို များများ လုပ်သူတွေက လွတ်ကင်းခွင့်ရပြီး နည်းနည်း လုပ်သူတွေက အရေးယူ အပြစ်ပေးခံရတာမျိုး မဖြစ်ဖို့လည်း လိုအပ်ပါတယ်။

လက်ဖက်ရည်ဖိုး၊ မုန့်ဖိုးကစလို့ စေတနာ တုံ့ပြန်ကြသည်ဆိုတာမျိုးတွေနဲ့ ပေါင်းသင်းလာခဲ့ကြတာ ကြာတဲ့အတွက် ထိရောက်တဲ့ အရေးယူမှုတွေ မရှိဘဲနဲ့တော့ အဂတိတရား ကင်းစင်ဖို့ ခက်ခဲနေမှာ သေချာပါတယ်။ အဂတိတရား ကင်းတဲ့ ဝန်ထမ်းတွေကို ဒီလို ကွက်ကျားလိုက်ပြီး ဆုကြေး သဘောမျိုး ခံစားခွင့်ပေးနေတာဟာ ထိရောက်တဲ့ လုပ်ဆောင်မှုအဖြစ် ကောက်ချက်ချဖို့ အင်မတန် ခက်ခဲလှပါတယ်။ 

ဒါ့အပြင် လစာနဲ့ဆုကြေးကို ခွဲခြားပြီး လုပ်ဆောင်စေချင်ပါတယ်။ လစာနှစ်ဆ တိုးတယ်ဆိုတာမျိုးဟာ အခြားသော ဝန်ထမ်းတွေ အနေနဲ့ စိတ်ထဲ ဘဝင်မကျမှာ အသေအချာပါ။ အဂတိကင်းလို့၊ နိုင်ငံ့ဝင်ငွေ ပိုရှာနိုင်လို့ ဆုကြေးပေးတယ် ဆိုတာမျိုးကို အခြားသော ဝန်ထမ်းတွေအနေနဲ့ ကြည်ဖြူစွာ လက်ခံပေးနိုင်ပေမယ့် လစာကို နှစ်ဆတိုးပေးတယ်ဆိုတာမျိုးကို သဘောထားကြီးကြီးထားဖို့ ခက်နိုင်ပါတယ်။ အဂတိတရား ကင်းစင်တာ ဒီဝန်ထမ်းတွေပဲလား၊ ဒီဌာနတစ်ခုပဲလားဆိုတာ မေးစရာ ဖြစ်နိုင်ပါတယ်။ ဝင်ငွေရှာပေးနိုင်လို့ ဆိုရင်တော့ဖြင့် အခြားသော ဌာနတွေမှာရှိနေတဲ့ ဝန်ထမ်းတွေအတွက် လစာနှစ်ဆ ရနိုင်မယ့် ခေါင်းစဉ်က ဘာဖြစ်နိုင်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ဖြစ်နေပါလိမ့်မယ်။ 

ခမ်းခမ်းနားနား ကျင်းပတဲ့ ပွဲတွေတက်နေတဲ့ ဝန်ထမ်းဆိုသူတွေရဲ့ အသုံးစရိတ်တွေဟာ လစာအပေါ် မှီခိုနေရတဲ့ ဝန်ထမ်းတွေရဲ့ လစာထက် များစွာ ပိုနေတတ်ပါတယ်။ မိမိတို့ ကိုယ်ပိုင်ငွေနဲ့ သုံးစွဲတာမျိုး မဟုတ်ဘဲ အဂတိတရားနဲ့ ရထားတဲ့ ပိုက်ဆံတွေ သုံးနေတာကိုကြည့်ပြီး မပြောရဲ မဆိုရဲနဲ့ စိတ်ဆင်းရဲနေရတဲ့ ဝန်ထမ်းတွေလည်း ဌာနတိုင်းမှာ ရှိနေပါသေးတယ်။ ဒီလိုသာ ရွေးထုတ်ပြီး ခေါင်းစဉ်တပ်ပေးနေရင်တော့ အခြားသော ဝန်ကြီးဌာနတွေ အတွက်လည်း ဝန်ကြီးချင်းပြိုင် ဘယ်သူနိုင် လုပ်စေချင်တယ်လို့ပဲ ပြောပါရစေ။ 

အနည်းဆုံး လုပ်ခလစာအတွက်ကိုတော့ အဖွဲ့ ဖွဲ့ပြီးပါပြီ။ အနည်းဆုံး အစိုးရဝန်ထမ်းလစာ အတွက်တော့ အသံ မကြားရသေးပါဘူး။ စီးပွားရေးကို ဦးစားပေး လုပ်နေလို့၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့အတွက် ဆိုတဲ့ အကြောင်းပြချက်ရယ်၊ ငွေကြေး ဖောင်းပွနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်တွေကလည်း ဝန်ထမ်းလစာ တိုးရေးအတွက် အတားအဆီးတွေ ဖြစ်လို့နေပါတယ်။ လစာတိုးရင် ကုန်ဈေးနှုန်း တက်တယ်ဆိုတဲ့ အသိတွေကြောင့်လည်း ဝန်ထမ်းတွေ လစာတိုးမှာကို အခြေခံ လူတန်းစားတွေက စိုးရိမ်တတ်ကြပါတယ်။ 

ဒါပေမဲ့ အခက်အခဲတွေ၊ မလောက်ငမှုတွေ အတွက်ဆိုရင် အခြားသူတွေထက် အသံတိုးတဲ့ မှန်မှန်ကန်ကန် ဝန်ထမ်းတွေကို အဂတိတရားနဲ့ ချမ်းသာနေတဲ့ ဝန်ထမ်းတွေနဲ့ တစ်တန်းစားတည်း ထည့်တွက်လို့တော့ မရပါဘူး။ သူတို့အရေးကိုလည်း တွေးပေးစေချင်ပါတယ်။ စွမ်းဆောင်မှ ကောင်းကောင်း လိုချင်တယ်ဆိုရင် သင့်တင့်တဲ့ ထောက်ပံ့မှုတော့ ပေးရပါလိမ့်မယ်။ ဒီကုန်ဈေးနှုန်းနဲ့ ဒီလစာအတိုင်းသာ ဆက်သွားနေရင် မှန်မှန်ကန်ကန် လုပ်နေတဲ့ ဝန်ထမ်းတွေရဲ့ စေတနာတွေ အရောင် ပြောင်းသွားမှာကို စိုးရိမ်မိပါတယ်။ ဒါ့ကြောင့် အဂတိတရား ကင်းစင်ဖို့ဆိုရင် မလိုက်စားသူတွေကို  ကြည့်ရှုပေးသင့်သလို လိုက်စားနေတဲ့သူတွေကိုလည်း ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေ အနေနဲ့ နိုင်ငံအတွက် အလုပ်လုပ်ပေးချင်စိတ်တွေ တိုးပွားလာအောင် လုပ်ပေးနိုင်မယ့် အစီအစဉ်ကောင်းတွေ မြန်မြန် အကောင်အထည် ဖော်နိုင်ကြပါစေလို့။

ဖြိုးဝေမြင့် (စက်မှုအင်ဂျင်နီယာ)

  • VIA