News

POST TYPE

OPINION

မြန်မာ့နှစ်သစ်နှင့် ကုထုံးသစ်
25-Apr-2017


လက်ရှိအစိုးရလက်ထက်တွင် ၂၁ ရာစုဟူသော အချိန်ပြပုဒ်သည် ၂၁ ရာစုပင်လုံကြောင့် အများပြည်သူများကြား၌ အထူး ရေပန်းစားလာသည်။ ဤတွင် ၂၁ ရာစုကို နားလည်ရန်အတွက် ၂၁ ရာစု၏ အဓိပ္ပာယ်၊ ယင်းရာစုတွင် ကြုံတွေ့လာနိုင်ဖွယ်ရှိသော စိန်ခေါ်မှု အခက်အခဲများ၊ အခွင့်အလမ်းများနှင့် လာလတ္တံ့သော အိုင်ဒီယာများကို ကြိုတင် လေ့လာကြည့်ရန် အပူတပြင်း လိုလာသည်။ ၂၁ ရာစုကို စနစ်တကျ လေ့လာ၍ ကျယ်ကျယ်ပြန့်ပြန့် ချဉ်းကပ်သော ပညာရှင်ကြီး ဂျိမ်းမာတင်က လူတို့သည် သဘာဝနှင့်စပ်လျဉ်းပြီး အယူလွဲမှု ခြောက်ပါး ဖြစ်နေသည်ဟု ကောက်ချက်ဆွဲပြသည်။

နားလည်မှု အယူလွဲနေမှု ခြောက်ပါးမှာ -

၁။ သဘာဝ၏ ရင်းမြစ်အင်အားစုတို့သည် အကန့်အသတ်မရှိဟု မှားယွင်းစွာ ယုံကြည်သည်။

၂။ သဘာဝသည် ညစ်ညမ်းမှု မှန်သမျှကို သူ့အလိုလို စုပ်ယူ သိမ်းဆည်းနိုင်သည်ဟု မှားယွင်းစွာ တွေးတောသည်။

၃။ သဘာဝ၏ မျိုးစိတ်တို့ကို အမှုမဲ့ အမှတ်မဲ့ ဖျက်ဆီးပစ်ကြသည်။

၎။ လူတို့က မိမိခန္ဓာကိုယ်တို့သည် လူသားတို့ ထုတ်လုပ်သော ပစ္စည်းတို့၏ ဘေးအန္တရာယ်မှ ကာကွယ်နိုင်သည်။ ခုခံနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြသည်။

၅။ သဘာဝက ထုတ်လုပ်ပေးသော အရာမှန်သမျှကို နည်းပညာက အစားထိုး ပေးနိုင်သည်ဟု ယုံကြည်ကြသည်။

၆။ လူတို့က လူ့အဖွဲ့အစည်းကို ခပ်လွယ်လွယ်နည်းတို့ဖြင့် စီမံခန့်ခွဲနိုင်သည်ဟု ထင်ကြသည်။ ဤသို့နားလည်မှု အယူလွဲမှုတို့ကြောင့် ၂၁ ရာစုတွင် ရာသီဥတုတို့ ဖောက်ပြန်ပျက်စီးမည်။ ကပ်ဘေးကြီးများ မည်သည့် ကာလနှင့်မတူအောင် ခပ်စိပ်စိပ် ပေါ်လာမည်ဖြစ်ပြီး အဖျက်စွမ်းပကား ကြီးလာမည်ဟု ဆိုသည်။

အသွင်ကူးပြောင်းရေးနှင့် ၂၁ ရာစု

ဤသို့ လူသားတို့၏ အယူလွဲမှုကြောင့် ၂၁ ရာစုတွင် သဘာဝဘေးကြီးများနှင့် ပဋိပက္ခများ ကမ္ဘာအနှံ့အပြား သက်ရောက်မှု ရှိနေချိန်၌ မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမှု စတင် လာခဲ့ပါသည်။ ထိုအတွက် မြန်မာ့နိုင်ငံရေး ခရီးအပေါ် လူသားတို့၏ အယူလွဲမှု ခြောက်ပါးစလုံးမှ ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် အရိပ်မိုးလျက် ရှိနေပါသည်။ ပထမ အယူလွဲမှားမှု ငါးပါးကြောင့် နိုင်ငံတွင် ရေကြီးရေလျှံမှု ရေဘေး ဖြစ်လာရသည်။ ထိုသဘာဝဘေးကြောင့် အသက်အိုးအိမ် စည်းစိမ်များစွာ သေကျေပျက်စီးရသလို စိုက်ပျိုးမြေဧက များစွာလည်း ဆုံးရှုံးနစ်မြုပ်ခဲ့ရသည်။ အရပ်သားအစိုးရ အာဏာရယူပြီး မကြာမီက လှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့်လည်း နိုင်ငံ၏ နှလုံးသည်းပွတ် ရှေးဟောင်းတန်ဖိုးထားရာ ပုဂံမြေ၌ စေတီ၊ ပုထိုးများ ရာနှင့်ချီပြီး ဆုံးရှုံးခဲ့ရပြန်သည်။

ထို့အပြင် နောက်ဆုံး အယူလွဲမှားမှု ဖြစ်သော “အုပ်စိုးသူတို့က လူ့အဖွဲ့အစည်းကို လွယ်လွယ်စီမံခန့်ခွဲနိုင်မည်”ဟု အစိုးရ အဆက်ဆက်က လွဲမှားစွာ ထင်မြင်ယူဆခဲ့မှုကြောင့် လက်ရှိအချိန်တွင် စီးပွားရေးမှာ ဒေသတွင်းနှင့်ယှဉ်လျှင်ပင် မျက်နှာငယ်စရာ ဖြစ်နေရသည်။

တစ်ချိန်တစ်ခါက ဒေသတွင်းသာမက အာရှအဆင့်ထိပါ တန်းမှီ ခဲ့ရသော ပညာရေးမှာလည်း ဝါးလုံးခေါင်းထဲမှာပင် လမသာနိုင်သည့် အခြေအနေထိ ထိုးကျသွားခဲ့ရသည်။ ထိုထက် ပိုဆိုးသည်မှာ လွတ်လပ်ရေးနှင့်အတူ ဖွားဖက်တော်ဟု တင်စားခေါ်ဆိုကြသည့် ညီရင်းအစ်ကိုတို့၏ ပြည်တွင်းစစ်မှာလည်း ယနေ့ကာလ၌ အနေအထားကောင်းများ ရှိသည့်တိုင် ပန်းတိုင်အဆုံးကား ဝေးနေပါသေးသည်။ ထို့ကြောင့် လက်ရှိ အစိုးရအတွက် ဖြေရှင်းစရာများမှာ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စသည့် မျက်နှာစာပေါင်းစုံ ဖြစ်နေရသည့်အထဲ  ဘူးလေးရာ ဖရုံဆင့်ဆိုသလို သဘာဝဘေးဒုက္ခကပ်များကပါ ထပ်တိုးလာရသည်။ ထိုအတွက် လက်ရှိ အစိုးရအဖို့ ခေတ်အဆက်ဆက် အစိုးရတို့၏ လွဲမှားစွာ စီမံမှုတို့ကြောင့် ဖြစ်လာရသည့် မူလရှိရင်းစွဲ ပြဿနာအပြင် ၂၁ ရာစု၏ ပြဿနာများကိုပါ ဖြေရှင်းပေးနိုင်ရန် လိုအပ်လာပါသည်။

ပဋိပက္ခပုံစံနှစ်မျိုး

ပဋိပက္ခများကို လေ့လာကြသော ပညာရှင်များက ယေဘုယျအားဖြင့် ပဋိပက္ခပုံစံ နှစ်မျိုးရှိသည်ဟု ဆိုကြသည်။ ယင်းနှစ်မျိုးမှာ လူကဖန်တီးသော ပဋိပက္ခကပ်ဘေးနှင့် သဘာဝက ဖန်တီးသော ကပ်ဘေးတို့ ဖြစ်ကြသည်။ လူကဖန်တီးသော ပဋိပက္ခကပ်ဘေးတို့မှာ ထင်သာမြင်သာ ရှိကြသော စစ်ပွဲများ၊ စီးပွားရေး ကျဆင်းမှုများ၊ လူမျိုးစုဆိုင်ရာ ညှဉ်းပန်း အနိုင်ကျင့် နှိပ်စက်မှုများဟု ဖြစ်သည်။

ထို့ပြင် ယခုနောက်ပိုင်း အကြမ်းဖက်မှုက သတ်ဖြတ်သော စစ်ပွဲနှင့် အကြမ်းဖက်မှုကို တုံ့ပြန်ရာမှ ဖြစ်လာသော စစ်ပွဲများသည်လည်း လူကဖန်တီးသော ကပ်ဘေးများတွင် အကျုံးဝင်သည်။ သဘာဝက ဖန်တီးသော ပဋိပက္ခတွင်မူ ငလျင်၊ မုန်တိုင်း၊ ရေကြီးရေလျှံမှုနှင့် မိုးခေါင် ရေရှားခြင်းတို့ ပါဝင်သည်။ ဤသို့ ပဋိပက္ခကပ်ဘေး နှစ်မျိုးနှစ်စား ရှိရာတွင် မည်သည့် ကပ်ဘေးမှ ပျက်စီးဆုံးရှုံးနစ်နာမှု ပိုကြီးသလဲ တွက်ဆမှုကလည်း ခေတ်သစ်ကမ္ဘာတွင် ခန့်မှန်းကြည့်လာကြသည်။ နှစ်မျိုးစလုံးသော ကပ်ဘေးများသည် အဖျက်စွမ်းပကားတွင် ဧရာမ ကြီးမားလှသော်လည်း သဘာဝဘေးက ဖန်တီးသော အပျက်အစီးက ပို၍ များပြားကြီးမားသည်ဟု လေ့လာ တွေ့ရှိကြသည်။ သို့သော် ကံကောင်း ထောက်မသည်မှာ ယနေ့ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် လူကဖန်တီးသော ကပ်ဘေးအရေအတွက်မှာ အရင်ကာလများထက်စာရင် နည်းပါးလာနေသည့်အတွက် သဘာဝကပ်ဘေးကိုသာ အာရုံပြု ကာကွယ်ဖို့ ကြိုးစားရုံသာ ရှိတော့သည်။

သို့နှင်တိုင် ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ဤမျှလောက် ကံမပေးပါချေ။

ယင်းနိုင်ငံများတွင် လူက ဖန်တီးသော ကပ်ဘေးများမှ ဒုက္ခပေးလာသည်မှာ အချို့ဆိုလျှင် ဆယ်စုနှစ်ချီ ကြာညောင်းလျက် ရှိချေပြီ။

ထိုအထဲ သဘာဝကပ်ဘေးမှ ထပ်မံတိုက်ခိုက် ထိုးနှက်လိုက်သောအခါ ဖွံ့ဖြိုးဆဲနိုင်ငံတို့အဖို့ ပြေးစရာမြေမရှိ လွတ်မြောက်ရန်လမ်း မရှိသလောက်ပင် ဖြစ်နေတော့သည်။ ဤအတိုင်းပင် အသွင်ကူးပြောင်းစ မြန်မာတွင်လည်း လူကဖန်တီးသော ပဋိပက္ခများကို ထမ်းပိုးထားရသည်မှာ လွတ်လပ်ရေး ရအပြီးကတည်းဟု အချိန် သတ်မှတ်နိုင်ပါလိမ့်မည်။ ထို့အတူ သဘာဝကပ်ဘေးများ ခပ်စိပ်စိပ် ကျရောက်လာသည်မှာလည်း နာဂစ်ပြီးချိန်မှ စသည်ဟု ဆိုနိုင်ပါလိမ့်မည်။ သို့အတွက် ကူရာကယ်ရာ မျှော်လင့်ချက်မဲ့နေပြီလော။

ဤသို့သော ပဋိပက္ခကပ်ဘေးနှစ်ခု ပေါ်ထွန်းနေချိန်တွင် အခြားတစ်ဖက်မှာလည်း ပါဝါနှစ်မျိုး ဖြစ်ထွန်းလာပါသည်။ ဟားဗတ်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ မဟာဌာနမှူး ဂျိုးဇတ်အက်စ်နိုင်းက ပါဝါတို့တွင် ပါဝါ အမာ (Hard Power) နှင့် ပါဝါအပျော့ (Soft Power) နှစ်မျိုးရှိသည်ဟု သရုပ်ခွဲပြသည်။ စစ်အေးကာလများဆီက လူမျိုးတစ်စုမှ လူမျိုးစုတစ်ခု အပေါ်၌လည်းကောင်း၊ နိုင်ငံတစ်နိုင်ငံမှ နိုင်ငံတစ်နိုင်ငံ အပေါ်တွင်လည်း ကောင်း၊ ယုတ်စွအဆုံး လူတစ်ဦးချင်း အပေါ်တွင်လည်းကောင်း မိမိတို့ အလိုရှိရာကို ဩဇာသက်ရောက်ပြီး ပုံသွင်းလိုလျှင် ပါဝါအမာကိုသာ အားကိုး အားထားပြုကြသည်။ ပါဝါအမာ၏သဘောမှာ အနိုင်ယူလိုခြင်း၊ နှိပ်စက်လိုခြင်း၊ ပိတ်ဆို့ခြင်း၊ အဆက်အဆံ မပြုလုပ်ခြင်း စသည်တို့ ဖြစ်သည်။

စစ်အေးလွန်ကာလ ရောက်သောအခါ ပါဝါအမာတင်မက အခြား ပါဝါတစ်မျိုး ပေါ်လာသည်။ ပါဝါအပျော့ဟု ခေါ်သည်။

ပါဝါအပျော့တွင် စေ့စပ်ညှိနှိုင်းခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်း၊ အပေးအယူ အလျှော့အတင်းများဖြင့် ဆွဲဆောင်စည်းရုံးခြင်းတို့ ကိန်းအောင်းတတ်သည့် သဘာဝရှိသည်။

ပဋိပက္ခကပ်ဘေး နှစ်မျိုးနှင့် ပါဝါနှစ်မျိုးကို အရောအစပ်ပြုသောအခါ ဤအတိုင်း တွေ့ရပါလိမ့်မည်။ လူကဖန်တီးသော ပဋိပက္ခကပ်ဘေးမှာ ပါဝါအမာ သဘောကဲသည်။ သို့ပါ၍ လူသားတို့ကြား ပူးပေါင်းဆောင်ရွက်ခြင်းကို အားမပေးဘဲ ယှဉ်ပြိုင် တိုက်ခိုက်၍ သူသေကိုယ်ရှင် သဘော ဆောင်သည်။ အတ္တကို ဗဟိုပြုရသည့်အတွက် ရန်လိုသည်။ ဒေါသရှေ့ရောက်၍ ကရုဏာတရား ကင်းဝေးသည်။

တစ်နည်းဆိုရသော် သူနိုင်-ကိုယ်နိုင် ဂိမ်းမဟုတ်။

သဘာဝမှ ဖန်တီးသော ကပ်ဘေးမှာ ဆုံးရှုံးနစ်နာမှု ကြီးမားသော်လည်း ရင်ဆိုင်ဖြေရှင်းရာ၌ ပါဝါအပျော့ (Soft Power)ထွက်လာသည်။ ကပ်ဘေးကြုံလျှင် လူသားချင်း ပိုစာနာလာသည်။ လူသားအချင်းချင်း ပူးပေါင်း ဆောင်ရွက်လာကြသည်။ ရန်လိုမှုကင်းသော ဆက်ဆံရေး တစ်ရပ် အလျင်အမြန် ဖြစ်လာတတ်သည်။

အတ္တကို အခြေမခံဘဲ ပရဟိတကို ဦးညွှတ်သည့်အတွက် မပူလောင်ပေ။ ကရုဏာကို အားပြုသည့်အတွက် မေတ္တာတရားတို့ဖြင့် အေးမြလာသည်။ အပြန်အလှန် လေးစားမှု၊ အပြန်အလှန် ကူညီရိုင်းပင်းမှုတို့ဖြင့် လူ့ဘောင်ကို အလှဆင်လာကြသည်။

မြန်မာ့ပဋိပက္ခနှင့် ပါဝါနှစ်မျိုး

အထက်တွင် ရေးသားခဲ့ပြီးသလို မြန်မာတွင် ပဋိပက္ခ နှစ်မျိုးစလုံးက ကပ်ဘေးအသွင်ဖြင့် ကျရောက်လျက် ရှိပါသည်။

ပထမကပ်ဘေးမှာ လူကပြုလုပ်သော ပြဿနာများ ဖြစ်သည်။

ထို့ကြောင့် နာတာရှည် ပြည်တွင်းစစ်၊ နာလန်မထူနိုင်သေးသော စီးပွားရေး ကျဆင်းမှု၊ ပညာရေးဆိုင်ရာ အဟောသိကံမှု စသည်တို့ ဖြစ်သည်။ ထိုအရာများကို အဖြေရှာဖို့ အရေးတကြီး လိုနေသည်မှာ အားလုံးက မကြာခဏ ညွှန်းဆိုနေသော အမျိုးသား ပြန်လည် သင့်မြတ်ရေးဟူသည့် အမွန်အမြတ်တရားပင် ဖြစ်ပါသည်။

အခြားတစ်ဖက်တွင်လည်း နာဂစ်ပြီးစဉ်ကာလမှ စတင်ပြီး သဘာဝ ဖန်တီးသော ကပ်ဘေးများ၏ဒဏ်ကို ဆိုးဆိုးဝါးဝါး ခံစားလာရသည်။ သဘာဝဘေး၏ ဆိုးဝါးမှုဒဏ်ကို ဆင်းရဲနွမ်းပါးသော နိုင်ငံတို့က ဖွံ့ဖြိုးပြီးနိုင်ငံတို့ထက် ပို၍ခံစားရသော သဘောလည်း ရှိနေသည်။ သို့သော် ဤမျှဆိုးဝါးသော အနေအထားသည် ထွက်ပေါက် ပျောက်နေသော မျှော်လင့်ချက်မဲ့သော ဖြစ်ရပ်တစ်ခုတော့ မဟုတ်ပါချေ။

သဘာဝဘေးက ပေးသော ကပ်ဘေးများကို ရင်ဆိုင်အန်တုရင်း မြန်မာတို့တွင် ပါဝါအပျော့ဟု ခေါ်ကြသည့် Soft Power ထွက်လာရမည်သည်သာ ဖြစ်သည်။ ယင်းကတ္တီပါ ပါဝါအစွမ်းကြောင့် နှစ်ပေါင်းများစွာ ကင်းကွာနေကြသော တိုင်းရင်းသားများ ကျောချင်း ကပ်လာမည်။ ရင်ချင်း အပ်လာမည်။ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးလာကြမည်။ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြား အာဃာတများ၊ အတိတ်မှ အမုန်းများ အရည်ပျော်လာပြီး ရန်လိုမှုကင်းကာ နွေးထွေးသော ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါသည်။

ဤသို့သောအားဖြင့် သဘာဝက ဖန်တီးသော ကပ်ဘေးများအား ရင်ဆိုင်အန်တုကြရင်း လူက ဖန်တီးသော ကပ်ဘေးများကို အလိုလို ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်။

အဓိကအားဖြင့် အားတက်စရာ အကောင်းဆုံးမှာ သဘာဝဘေးများအား ကူညီရိုင်းပင်းကြရင်း မြန်မာတို့အတွက် အသည်းအသန် လိုအပ်နေသည့် အမျိုးသား ပြန်လည် သင့်မြတ်ရေး ပုံစံတစ်ရပ် ဖြစ်ထွန်းလာမည်မှာ သေချာလှသည်။

နိဂုံး

ယခုဆောင်းပါးကို လွန်ခဲ့သော နှစ်များဆီက ဖတ်ခဲ့ဖူးသော အက်ဆေးတစ်ပုဒ်နှင့် နိဂုံးချုပ်လိုပါသည်။ အက်ဆေးအမည်မှာ “တိမ်မည်းတွေမှာလည်း ငွေရောင်အနားစနှင့်”ဟူ၏။ အဆိုပါအက်ဆေး၏ ဆိုလိုရင်းမှာ ဤသို့ ဖြစ်သည်။ အက်ဆေးရေးသူမှာ ကွာရှင်းပြတ်စဲထားကြသည့် မိဘနှစ်ပါး (သို့မဟုတ်) Broken Family ဖြစ်နေသည်။ သို့အတွက် ဘေးပတ်ဝန်းကျင်မှ လူအများက သူ့ကို ဝိုင်းပြီး သနားကြသည်။

အစ ပထမကတော့ သူကိုယ်တိုင်လည်း ပတ်ဝန်းကျင် မြင်သကဲ့သို့ မိမိကိုယ်မိမိ သနားစရာသတ္တဝါ ကံဆိုးလှသည်မြင်နေသည်။

သို့သော် အချိန်ကာလတစ်ခုသို့ ရောက်လာသောအခါ သူ့အမြင်များ မှားယွင်းလာသည်ကို တွေ့လာရသည်။ သူ့မိဘများ မကွာရှင်းမီ အတူပေါင်းသင်းပြီးနေစဉ်က မိသားစုတစ်ခုအဖြစ် တည်ရှိနေသော်လည်း တစ်ရက်မှ စိတ်ချမ်းသာရသည် မရှိ။ မိဘနှစ်ပါးမှာ မျက်နှာချင်းဆိုင်လိုက်သည်နှင့် အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြသည်။ ဒီထက်ဆိုးလျှင် ထသတ်နေကြသည်။ သူ့ကို စိုးစဉ်းမျှပင် ဂရုမစိုက်ကြပေ။

ကွာရှင်းပြတ်စဲပြီးသောအခါ မိဘနှစ်ပါးစလုံးမှာ သူ့အပေါ် ဆက်ဆံရေးပုံစံမှာ တစ်ဆစ်ချိုး ပြောင်းလဲသွားတော့သည်။ သူ့ကို နွေးနွေးထွေးထွေး ဆက်ဆံလာပြီး ဂရုလည်း စိုက်လာကြသည်။ သူ့အတွက် မိသားစုပြိုကွဲခြင်း အဆိုးဖြစ်သွားခဲ့ရသော်လည်း အကောင်းတရားများက လက်တွေ့ကျကျ ခံစားလာရသည်။

ဒါသည်ပင် အက်ဆေး၏ ဆိုလိုရင်း ဖြစ်သည်။

ထိုနည်းတူစွာ မြန်မာတွင်လည်း ပဋိပက္ခကပ်ဘေး နှစ်မျိုးစလုံးက ကံဆိုးမိုးမှောင်ကျစွာ တည်ရှိနေပါသည်။ သို့သော် စိတ်ပျက်အားငယ်စရာတော့ မဟုတ်ပါချေ။

အရေးကြီးဆုံး လိုအပ်ချက်မှာ မြန်မာတို့အဖို့ အဆိုးများကြားက အကောင်းကို ရှာတတ်ဖို့ဖြစ်သည်။ အမှောင်များကြားက အလင်းရောင်ပြပြကို မြင်တတ်ဖို့သာ ဖြစ်သည်။

အတိုချုပ်ဆိုရသော် အခက်အခဲများကြားက အခွင့်အလမ်းကို ရှာဖွေတတ်သည့် ပညာမျက်စိရှိဖို့သာ ဖြစ်ပါသည်။

မြန်မာ့နှစ်သစ်တွင် အသီးသီးသော ခေါင်းဆောင်တို့ ကုထုံးသစ်ကို ရှာတွေ့နိုင်ပါစေဟုသာ ဆုမွန်ကောင်း တောင်းနေရပါတော့သည်။

နိုင်စိုး
စာကိုး- ဆရာမောင်စူးစမ်း (၂၁ ရာစု ဖွင့်ဆိုချက်နှင့် နိုင်ငံတကာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး ဆောင်းပါးများ)

  • VIA