News

POST TYPE

OPINION

လွှတ်တော်ကို မလေးစားခြင်းနှင့် နောက်ဆက်တွဲ အန္တရာယ်(Daily, Vol-5/No-11)
24-Apr-2017

ပြည်ထောင်စုအဆင့်ဖြစ်စေ၊ ပြည်နယ်နှင့် တိုင်းဒေသအဆင့်ဖြစ်စေ ဥပဒေပြု လွှတ်တော်သည် ပြည်သူလူထုက ဆန္ဒမဲပေးရွေးချယ်ထားသော ပြည်သူ့ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည့်အတွက် ပြည်သူလူထုနှင့် တိုက်ရိုက်အချိုး ဆက်စပ်နေသည်ဟု ဆိုနိုင်သည်။

အစိုးရအဖွဲ့မှာမူ ထိုပြည်သူ့ကိုယ်စားလှယ်များကတစ်ဆင့် ပြန်လည် မဲပေးရွေးချယ်သည့် နိုင်ငံတော် သမ္မတက အမည်စာရင်း တင်သွင်းသူများဖြင့် လွှတ်တော်၏ သဘောတူညီချက် ရယူကာ ဖွဲ့စည်းထားခြင်းဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်နှင့်သာ တိုက်ရိုက် အပြန်အလှန် တာဝန်ခံရသည်။

အခြားတစ်ဖက်ကကြည့်ပါက ပြည်ထောင်စု လွှတ်တော်သည် ပြည်သူကို တိုက်ရိုက် ကိုယ်စားပြုသည့်အတွက် အစိုးရအဖွဲ့သည် လွှတ်တော်အပေါ် တာဝန်ခံရခြင်းသည် ပြည်သူကို တာဝန်ခံရခြင်းဟုလည်း ဆိုနိုင်သည်။

ထို့ကြောင့် လွှတ်တော်တွင် ကျင်းပသည့် လွှတ်တော် အစည်းအဝေးများတွင် နိုင်ငံတော်သမ္မတ အပါအဝင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများကို လွှတ်တော်က ဖိတ်ကြားပါက ခြွင်းချက်ကိစ္စရပ် အချို့မှလွဲ၍ တက်ရောက်ပေးရန် ဥပဒေအရပင် တာဝန်ရှိသည်။

လွှတ်တော်က ဖိတ်ကြားခြင်းသည် ပြည်သူ့ကိုယ်စားလှယ်များ သို့မဟုတ် ပြည်သူလူထုက ဖိတ်ကြားသည့်သဘော သက်ရောက်သဖြင့် အဖိတ်ကြားခံရသော မည်သည့်အဆင့်တွင်ရှိသူမဆို အကြောင်းပြချက် မခိုင်လုံဘဲ တက်ရောက်ရန် ပျက်ကွက်ပါက ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ ပြည်သူလူထုကို မလေးစားသည့်သဘော၊ မထီမဲ့ပြင်ပြုသည့်သဘော သက်ရောက်သည်။

အထူးသဖြင့် မိမိကိုယ်တိုင် အစပျိုး၊ အကောင်အထည် ဖော်ထားသော လုပ်ငန်းကိစ္စရပ် တစ်ခုလည်းဖြစ် ပြည်သူလူထုအကြား ဝေဖန်ပြောဆိုမှုများ၊ အဆင်မပြေမှုများ မြင့်တက်နေသော ကိစ္စရပ်မျိုးကို ဆွေးနွေးမည့် အစည်းအဝေးမျိုးဆိုလျှင် ကာယကံရှင်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက မဖြစ်မနေ တက်ရောက်ပေးရန် ဥပဒေအရရော၊ ကျင့်ဝတ်အရပါ တာဝန်ရှိသည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ အနေနှင့်လည်း မိမိတို့၏ ပြောဆို၊ ပြုမူ၊ လုပ်ကိုင်မှုများသည် မိမိတစ်ဦးချင်း၊ မိမိကိုယ်စားပြုသော ပါတီ  တစ်ခုချင်းကိုသာ ကိုယ်စားပြုနေသည် မဟုတ်ဘဲ မိမိတာဝန် ထမ်းဆောင်နေသော ဥပဒေပြု လွှတ်တော်နှင့် မိမိအား ဆန္ဒမဲပေး ရွေးချယ်ထားသည့် ပြည်သူလူထုတို့ကိုပါ ကိုယ်စားပြုနေသည့်အတွက် ပြည်သူ့ကိုယ်စားလှယ် တစ်ဦး၏ ဂုဏ်အင်္ဂါ အဆင့်အတန်းနှင့်ညီစေရန် အထူး ဂရုပြုရမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းအနေနှင့်သော်လည်းကောင်း၊ သမ္မတ၊ ဝန်ကြီးချုပ်၊ ဝန်ကြီး တစ်ဦးချင်းစီအနေနှင့်သော်လည်းကောင်း၊ ၎င်းတို့ တစ်ဦးချင်းစီဖြင့် ဖွဲ့စည်းထားသော ဥပဒေပြုလွှတ်တော်နှင့် အစိုးရအဖွဲ့တို့သည် ပြည်သူလူထု၏ အပေါ်တွင်ရှိနေသော အုပ်ချုပ်စိုးမိုးသူများ မဟုတ်ဘဲ ပြည်သူလူထု ကိုယ်စား ပြည်သူလူထု၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနေကြသူများ၊ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူ့ကိုယ်စား အဓိက တာဝန်ခံ ဆောင်ရွက်ပေးနေကြသူ ပြည်သူ့အစေခံများဟု မှတ်ယူရမည်ဖြစ်သည်။

ထိုအချက်ကို သီအိုရီအရ အဖြစ်သဘော၊ ဟန်ပြသဘော မှတ်ယူထားပါက ယခင်အာဏာရှင် အစိုးရများလက်ထက်က မကြာခဏ ဖြစ်ပေါ်ခဲ့သော သံတူကြောင်းကွဲ ပြဿနာများ၊ အမှားများအတိုင်း သံသရာလည်ကာ ပြည်သူလူထု၏ ယုံကြည်လေးစားမှု ကျဆင်းသွားနိုင်သည့်အပြင် ဒီမိုကရေစီ အပေါ်တွင်ပါ စိတ်ပျက်လက်ပျက် ဖြစ်သွားနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်း သတိပေးလိုရင်း ဖြစ်သည်။

အယ်ဒီတာ (၂၄-၄-၂၀၁၇)

  • VIA