News

POST TYPE

OPINION

ဦးနှောက်နှင့် တည်ဆောက်သော တိုင်းပြည်
24-Apr-2017


(၁)

သင်္ကြန်မတိုင်မီ ခရီးထွက်ဖြစ်ပြီး သင်္ကြန်အကြိုမှာ ရန်ကုန် ပြန်ရောက်သည်။ သင်္ကြန်တွင်း ရန်ကုန်မှာရှိသော်လည်း ဘယ်ကိုမှ ထူးထူးခြားခြား မထွက်ဖြစ်ဘဲ စာဖတ်နေသည့် အချိန်တွေက ပိုများသည်။ ခရီးက ပြန်ရောက်တော့ အတွေးတွေက ဟိုမှာ ကျန်နေခဲ့ပြီး ပြောချင်တာတွေ ရှိလာသည်။ ရန်ကုန်ပြန်ရောက်တော့ မြန်မာပြည် လူ့အဖွဲ့အစည်း အရှုပ်အထွေးကြားထဲ ပြန်ရောက်ရပြီး ပေါ့ပေါ့ပါးပါး မရှိလှတော့။ မြန်မာလူ့အဖွဲ့အစည်း၏ ပုံသဏ္ဌာန်က ရှည်ရှည်ဝေးဝေး လိုက်ကြည့်စရာမလို။ ဆိုရှယ် မီဒီယာဟုခေါ်သည့် Facebook ထဲဝင်ကြည့်ရုံနှင့် တွေ့နိုင်သည်။ ဤ လူ့အဖွဲ့အစည်းသည် အမြဲတမ်း အငြင်းအခုံ ဖြစ်နေသည်။ တစ်ယောက်က သည်လိုပြောလျှင် နောက်တစ်ယောက်က ကန့်လန့်တိုက်ပြီး ဟိုလိုပြောသည်။ ငြင်းကြ ခုံကြရင်းမှ မယဉ်ကျေးသော အပြောအဆို အသုံးအနှုန်း အစောင်းအမြောင်း အတိုက်အခိုက်တွေ ပါလာသည်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အလုံးစုံမှာ ငြင်းနေခုံနေကြသည်။ ဆိုရှယ်မီဒီယာ၏ သဘောသဘာဝက လူအချင်းချင်း အွန်လိုင်းပေါ်မှာ တိုက်ရိုက်ချိတ်ဆက် စကားပြောနိုင်သည်ဖြစ်၍ Interactive ဖြစ်သည်။ သူက သည်လို ပြောလိုက်လျှင် သဘော မတူသူက ချက်ချင်း တုံ့ပြန်သည်။ တုံ့ပြန်မှုမျိုးစုံကို အွန်လိုင်းပေါ်မှာ တွေ့နေရသည်။ မြန်မာလူ့အဖွဲ့အစည်း၏ သဘောသဘာဝက အငြင်းအခုံ သန်သည်။ ညီညွတ်သော အစုအဖွဲ့ ပုံသဏ္ဌာန်မျိုး ဟိုးယခင်ကတည်းက မရှိခဲ့။ ယခု ဆိုရှယ်မီဒီယာခေတ်ကျတော့ ပိုသိသာသည်။ ခရီးသွားနေစဉ် မြန်မာလူ့အဖွဲ့အစည်းနှင့် ခဏဝေးပြီး ပတ်ဝန်းကျင် အသစ်ထဲ ရောက်နေသဖြင့် စိတ်ချမ်းသာသော်လည်း ဖေ့စ်ဘွတ်ခ်ထဲ ခဏတစ်ဖြုတ် ဝင်ကြည့်မိလျှင်တော့ စိတ်ညစ်ညူးရပြန်သည်။

သင်္ကြန်အကြို တစ်ရက်က ရန်ကုန်သို့ပြန်ခဲ့ရာ လေဆိပ်ရောက်ကတည်းက စိတ်အနှောင့်အယှက် ဖြစ်စရာနှင့် ကြုံသည်။ Terminal အသစ်တွေ တိုးလာတော့ ရန်ကုန်လေဆိပ်သစ်ကြီးက လူလူသူသူ ခံ့ခံ့ညားညား ဖြစ်လာသည်။ ခန်းမအသစ်၊ ဈေးဝယ်စရာ ဆိုင်အသစ်၊ စားသောက်ဆိုင် အသစ်တွေနှင့် ပနံရနေသော်လည်း နှစ်ပေါင်းများစွာ အမြစ်တွယ်နေသည့် အခြေခံစိတ်ဓာတ် အဟောင်းတွေ၊ စနစ်ဟောင်းတွေက ကျန်နေတုန်း ဖြစ်သည်။ လက်ဆွဲသေတ္တာ သုံးခုတင်လာသည့် လက်တွန်းလှည်းကိုတွန်းပြီး ခန်းမဆောင်ထဲက ထွက်ရုံရှိသေးစဉ်မှာပင် ဘယ်ကရောက်လာမှန်း မသိသည့် တက္ကစီသမားတွေ အုံပြီး ရောက်လာသည်။ ဘယ်သွားမလဲ မေးသည်။ တစ်ယောက်တစ်ပေါက် အော်နေသည့်ကြားက ခေါ်နေသူတစ်ဦးနှင့် ဈေးတည့်သည်။ သူ့နောက် လိုက်ခဲ့ပါဆို၍ လက်တွန်းလှည်းကိုတွန်းပြီး လိုက်ခဲ့ရသည်။ တက္ကစီက အနီးအနားတွင်ပဲ ရှိသည်ထင်ခဲ့၏။ မဟုတ်။ ပေါ်တီကိုတစ်လျှောက် အဝေးကြီးကို လျှောက်ရသည်။ ထိုအချိန်မှာပဲ ဘယ်ကရောက်လာမှန်း မသိသော လူငယ်တစ်ဦးက လက်တွန်းလှည်းကို လာကိုင်သည်။ တက္ကစီသမား၏ အဖော်ပဲဟု ထင်သည်။ ကျွန်တော်တို့ တက္ကစီတွေ ဒီနား ရပ်မရလို့ပါ၊ အခုရပ်တာတောင် ငါးရာ ပေးရတယ် ဆိုပြီး ပြောသည်။ တော်တော် လျှောက်ပြီးတော့မှ သူ့တက္ကစီနား ရောက်သည်။ ပစ္စည်းတွေ တင်ပြီးတော့ စောစောက လက်တွန်းလှည်း လာကိုင်ပြီး ရောယောင် လိုက်လာသူက ပိုက်ဆံတောင်းသည်။ စိတ်ထဲ ဘဝင်မကျ ဖြစ်သွားသည်။ ငွေကို နှမြောလို့မဟုတ်။ သည်လို အပြုအမူကို မကြိုက်တာ ဖြစ်သည်။ ကားပေါ် ရောက်တော့မှ ဪ ... ဒါက တိုင်းပြည် ဆင်းရဲလို့ဖြစ်တာပါလေ ... ဆိုပြီး ဖြေသိမ့်လိုက်ရသည်။ ကားက ဗင်ကားအစုတ်။ အဲယားကွန်း မစဉ်းစားနှင့်။ ပြတင်းလေးပေါက်စလုံး ဖွင့်ထားပြီး သဘာဝလေ ပေးထားသည်။ ကားသမားက ကွမ်းယာထုပ်ကိုဖြေပြီး တစ်ယာ ဝါးသည်။ စားမလား ဆိုပြီး သူ့ကွမ်းထုပ် လှမ်းထိုးပေးတော့ မစားတတ်ပါဘူးဟု ငြင်းလိုက်ရသည်။ ကားသမားက ကွမ်းတပျစ်ပျစ်ဝါးရင်း ပြည်လမ်းအတိုင်း မြို့ထဲဘက်ကို မောင်းခဲ့သည်။

ကိုယ်က တခြားနိုင်ငံတစ်ခုက ပြန်လာတာဆိုတော့ ဟိုနိုင်ငံက စံတွေ၊ စနစ်တွေနှင့် ရုတ်တရက် ချိန်ထိုးမိပြီး စိတ်အနှောင့်အယှက် ဖြစ်သွားတာလည်း ဖြစ်နိုင်သည်။ နှစ်ပေါင်း ငါးဆယ်ကျော် စနစ်မဲ့ စည်းမဲ့ ယိုယွင်းလာခဲ့သော လူ့အဖွဲအစည်းတစ်ခု ချက်ချင်းကြီး ကောင်းလာဖို့တော့ စိတ်ရှည်ရပါဦးမည်။

(၂)

စင်ကာပူသို့ ရောက်ရောက်ချင်း သတိထားမိလိုက်သည်က ရာသီဥတု ဖြစ်သည်။ ထိုရက်များအတွင်း ရန်ကုန်မှာ အပူချိန် ၄၀ ဒီဂရီအထက်မှာ ရှိနေပြီး အထက်မြန်မာပြည်အချို့ နေရာတွေမှာ ၄၅ ဒီဂရီလောက် ရှိနေရာ လူတိုင်း အပူဒဏ်ကို ကျောကော့အောင် ခံနေရသည့်အချိန်ဖြစ်သည်။ မလေးရှားကျွန်းဆွယ်၏ အစွန်ဆုံး တောင်ဘက်ဖျား စင်ကာပူကျွန်းငယ်လေးမှာတော့ ရာသီဥတုက သာသာယာယာ ဖြစ်နေသည်။ မနက်ခင်းပိုင်းတုန်းက မိုးတွေ ရွာထားသဖြင့် မြက်ခင်းတွေက စိမ်းနေပြီး သစ်ပင်လေးတွေက စိုစိုစိမ်းစိမ်း ဖြစ်နေသည်။ နေရောင် လင်းပွင့်နေသော်လည်း အပူချိန် က ၃၀ ဒီဂရီစွန်းစွန်းလောက်ပဲ ရှိသည်မို့ နေရထိုင်ရ သက်သောင့်သက်သာ ရှိလှသည်။ ရန်ကုန်အပူက ဒေါက်တာထွန်းလွင်စကားနှင့်ဆိုရလျှင် နဂိုအပူကို လူက တကယ် ခံစားရသော ခံစားအပူနှင့် ပေါင်းလိုက်သောအပူဖြစ်သည်။ နေကပူ၊ ကားတွေက ကျပ်ပြီး ရှုပ်ထွေး ဆူညံလှသည့်နေရာမှ ဤနေရာသို့ ခဏ ရောက်လာသောအခါ စိတ်က လွတ်မြောက်လန်းဆန်းသွားသည်။

စင်ကာပူတွင်နေသော သမီးက ကလီမင်တီအရပ်ရှိ Apartment တစ်ခုမှာ အခန်းငှားပြီး နေသည်။ ထိုရက်များအတွင်း Clementi တစ်ဝိုက် ဟိုဟိုဒီဒီ တော်တော် သွားဖြစ်လိုက်သည်။ အေးအေးလူလူ လမ်းလျှောက်ရတာ ဝါသနာပါသည်ကတစ်ကြောင်း၊ စင်ကာပူသားတို့၏ နိစ္စဓူဝ လူမှုဘဝကို စပ်စုလိုသည်ကတစ်ကြောင်းကြောင့် ဖြစ်သည်။ ကလီမင်တီ အရပ်က စင်ကာပူ၏ အနောက်ပိုင်း ပင်လယ်နှင့်နီးသော နေရာမှာရှိသည်။ MRT ရထားအစိမ်းရောင်လိုင်းကိုစီးလျှင် နောက်ဆုံး ဘူတာက ဂျူးကွန်းဖြစ်ပြီး အနီးဆုံးဘူတာတွေက ဂျူရောင်းအိစ် Jurong East နှင့် ဒိုဗာ ဖြစ်သည်။ သည်နေရာတွေက စင်ကာပူ အိုးအိမ်နှင့် ဖွံ့ဖြိုးမှု ဘုတ်အဖွဲ့ HDB က တည်ဆောက်ပေးထားသည့် အထပ်မြင့် လူနေတိုက်ခန်း အဆောက်အအုံများ စုဝေးနေသောနေရာဖြစ်သည်။ သည်နေရာတွင်မကပါ။ စင်ကာပူ တစ်နိုင်ငံလုံးမှာလည်း သည်လို လူနေအိုးအိမ် တိုက်ခန်း အဆောက်အအုံတွေပဲ ရှိသည်။ ကိုယ်ပိုင်လုံးချင်းအိမ်ဆိုသည်မှာ စင်ကာပူမှာ မရှိသလောက် နည်းသည်။ အားလုံးသော နိုင်ငံသားတွေက ယခုလို လူနေတိုက်ခန်း Flats တွေမှာ နေကြတာများသည်။ စင်ကာပူ အိုးအိမ်နှင့် ဖွံ့ဖြိုးရေးဘုတ်အဖွဲ့ HDB, Housing and Development Board စာရင်းများအရ စင်ကာပူတွင် နေထိုင်သူ ၈၂ ရာခိုင်နှုန်းက ယခုလို Flats တိုက်ခန်းတွေမှာ နေကြသည်ဟု သိရသည်။ ၁၉၆၀ ခုနှစ်များကတည်းက အိမ်ရာပြဿနာကို HDB က ဦးဆောင်ပြီး အိမ်ရာတိုက်ခန်း အဆောက်အအုံများ ဆောက်လုပ်ဖြေရှင်းပေးခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

စင်ကာပူ တည်ထောင်စက ဘာပဲလုပ်လုပ် ကျွန်တော်တို့ကို အတုခိုး လုပ်ခဲ့ရာ ကျွန်တော်တို့ဆီက ဟောက်ဆင်းဘုတ် Housing Board ဟုခေါ်သော အိုးအိမ်ဦးစီးဌာနကို အတုယူခဲ့သလားတော့ မပြောတတ်ပါ။ စင်ကာပူကတော့ အောင်မြင်မှုတွေနှင့် ဆက်လက် ချီတက်နေသော်လည်း ကျွန်တော်တို့ဆီက အိုးအိမ်ဦးစီးဌာနကတော့ နာမည်ပျက်တွေ၊ ခြစားမှု သတင်းတွေနှင့် အလုပ်မဖြစ်တော့။ စင်ကာပူ HDB Flats တွေကို ဒေသအလိုက် Housing Estates များအဖြစ် စနစ်တကျ တည်ဆောက်ပေးထားတာ ဖြစ်သည်။ အိမ်ရာတိုက်တာ အစုအဖွဲ့တွေကို “မြို့”  Town အဖြစ် ခေါ်ဝေါ်ပြီး တစ်နေရာတည်းမှာ နေထိုင်သူ အားလုံး အဆင်ပြေပြေဖြစ်အောင် ဖန်တီးပေးထားသည်။ စာသင်ကျောင်း၊ ဆေးခန်း၊ ဆူပါမားကက်၊ ဟော်ကာစင်တာ၊ ကိုယ်လက် လှုပ်ရှား လေ့ကျင့်နိုင်သည့် ကိရိယာများ၊ ပန်းခြံများ၊ စာကြည့်တိုက်များ အစုံအလင် ပါဝင်သည်။

ခဏနေသည့်ရက်များအတွင်း မနက်ခင်းတိုင်း လမ်းလျှောက်ဖြစ်သည်။ ပတ်ဝန်းကျင်က တိတ်ဆိတ်၍ ဆူညံသံ ဘာမျှမကြားရ။ MRT ရထားလမ်းနှင့်နီးသဖြင့် အချိန်တိုင်း တဝေါဝေါနှင့် ဖြတ်သန်းနေသော ရထားသံတွေကိုတော့ ကြားနေရသည်။ ကျွန်တော် သဘောကျသည်က Apartment တစ်ခုနှင့်တစ်ခုကြား အမိုးပါသော စင်္ကြံကွန်ကရစ် လမ်းသွယ်ကလေးများဖြင့် ဆက်သွယ်ပေးထားခြင်းဖြစ်သည်။ ဘေးဘီဝဲယာမှာ စိမ်းလန်းသော မြက်ခင်းတွေ သစ်ပင်ကြီးငယ်တွေ ရှိသည်။ အဆောက်အအုံခြေတံများကို လွှတ်ပေးထားပြီး မြေညီထပ်ဟူ၍ မရှိ။ ထူးခြားမှုတစ်ခုမှာ ဤအိမ်ရာများတွင် နေထိုင်ကြသူ အားလုံးနီးပါး ကိုယ်ပိုင်မော်တော်ကား မရှိကြခြင်းပင်။ ရှိဖို့လည်း မလိုအပ်။ စင်ကာပူ သယ်ယူပို့ဆောင်ရေး စနစ်နှင့် ကွန်ရက်က နေထိုင်သူ အားလုံးကို လွယ်ကူချောမွေ့ သက်သောင့်သက်သာဖြစ်အောင် ဖန်တီးပေးထားပြီး ဖြစ်သည်။ ကျွန်း၏ အရှေ့ အနောက်၊ တောင် မြောက်၊ မြို့လယ် မြို့ပတ် ခရီးစဉ်အားလုံးကို MRT, LRT ရထား လမ်းကွန်ရက်တွေနှင့် ဆက်သွယ်ပေးထားပြီးဖြစ်သည်။

စင်ကာပူတွင် ကိုယ်ပိုင်ကားစီးနိုင်သူက ဝင်ငွေကောင်းသော လူချမ်းသာတွေပဲ ဖြစ်သည်။ သာမန် လူလတ်တန်းစားတွေအဖို့ ကိုယ်ပိုင်ကား မလိုအပ်သလို အစိုးရကလည်း လူတိုင်း ကိုယ်ပိုင်ကား မစီးနိုင်အောင် ကန့်သတ်မှုတွေ လုပ်ထားသည်။ ကျဉ်းမြောင်းသော ကျွန်းမြို့ပြထဲမှာ လူတိုင်း ကားဝယ်စီးနိုင်အောင် လုပ်ပေးလိုက်လျှင် ပေါ်ပေါက်လာမည့် နောက်ဆက်တွဲ ယာဉ်ကြော ပိတ်ဆို့မှု၊ လေထုညစ်ညမ်းမှု ပြဿနာတို့ကို အုပ်ချုပ်သူ အစိုးရက အမြော်အမြင်ရှိရှိ ကြိုတွက်ထားခဲ့သည်။

စင်ကာပူတွင် ကိုယ်ပိုင်ကားတစ်စီး ဝယ်တော့မည်ဆိုလျှင် ကားတန်ဖိုး၏ တစ်ဆခွဲပမာဏရှိသော ဂျူတီခွန်ဆောင်ရရုံမက COE, Certificate of Entitlement ဟုခေါ်သည့် ကားဝယ်ယူနိုင်သည့် သတ်မှတ် အရည်အချင်း ပြည့်မီသူ လက်မှတ်ရှိဖို့ လိုသည်။ ရန်ကုန်မှာ ကိုယ်ပိုင်ကားတွေ ဗုံးပေါလအော ပေါများနေသော်လည်း လူဦးရေ ၅ ဒသမ ၆ သန်းရှိသည့် စင်ကာပူမှာတော့ မပေါများ။ ထို့ကြောင့် သူတို့က ယာဉ်ကြော ပြဿနာ Traffic Congestion ကို လျှော့ချထားနိုင်သည်။ လူအများစုက MRT ဖြင့် လွယ်လွယ်ကူကူ လိုရာနေရာသွားနိုင်ကြ၍ သူတို့ဆီက ဘတ်စ်ကားစနစ်ကလည်း အဆင်ပြေ ချောမွေ့လှသည်။ ဒါတွေက စနစ်တစ်ခုကို ကျကျနန တည်ဆောက်ထားနိုင်ခြင်းဖြစ်သည်။ ထိုစနစ်အောက်မှာ လူတွေကို ထည့်သွင်းထားသောအခါ ထိုလူ့အဖွဲ့အစည်းသည် ညင်သာချောမွေ့စွာ စီးမျော လည်ပတ်နေတော့သည်။

နံနက်ခင်းတစ်ခုမှာ ကွန်ကရစ် လူသွားလမ်းပေါ် လျှောက်နေရင်း ဥဩတွန်သံ ကြားလိုက်ရ၍ အံ့အားသင့်မိသည်။ ရန်ကုန်မြို့မှာ ဥဩတွန်သံ မကြားရတော့တာကြာပြီ။ သိပ်တော့ မထူးဆန်းလှပါ။ သည်မှာက သစ်ပင်၊ တောင်ကုန်း၊ ရေကန်၊ မြက်ခင်းပြင်တွေကို တန်ဖိုးထား ထိန်းသိမ်းထားသလို အီကွေတာ ရာသီဥတုကြောင့် သစ်ပင်ပန်းပင်များ အမြဲတမ်း စိမ်းလန်းနေသည်မို့ သဘာဝ၏ ပကတိအလှတွေကို မြင်နေရခြင်းဖြစ်သည်။

လူတွေအားလုံးက Public Housing ဟုခေါ်သည့် အိမ်ရာတွေမှာ နေကြသည်။ ထိုအိမ်ရာထဲမှာပဲ စားသောက်တန်း Food Court တွေရှိ သည်။ Shop House ဈေးဆိုင်တန်းတွေ၊ အစားအသောက်မျိုးစုံ ရနိုင်သည့် စားသောက်ဆိုင်ခန်းတွေ၊ ဈေးဝယ်ဖို့ Fair Price စတိုးနှင့် ရှော့ပင်းမောလ်ကြီးတွေ၊ ရုပ်ရှင်ရုံတွေ ရှိသည်။ အစိုးရက စီမံပေးထားသော စနစ်တစ်ခုအောက်မှာ လူတွေ နေသားတကျ ဖြစ်နေကြသည်။

စင်ကာပူက လူမျိုးပေါင်းစုံ နေထိုင်သော Multi Racial နိုင်ငံဖြစ်သည်။ တရုတ်နွယ်ဖွားက ၇၀ ရာခိုင်နှုန်းကျော်ရှိပြီး မလေးက ၁၃ ရာခိုင်နှုန်း၊ တမီလ် (အိန္ဒိယနွယ်)က ၉ ရာခိုင်နှုန်း၊ မြန်မာ အပါအဝင် နိုင်ငံခြားသားက ၃ ဒသမ ၅ ရာခိုင်နှုန်း စုဖွဲ့နေထိုင်သော နိုင်ငံဖြစ်သည်။ ထိုလူမျိုးများ အားလုံး စနစ်တစ်ခုအောက်မှာ Harmony ဖြစ်နေကြသည်။ ၁၉၆၀ ပြည့်လွန် အစောပိုင်းနှစ်များက တရုတ်-ကုလား လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ခဲ့ဖူးသော်လည်း နောက်ပိုင်းမှာ မဖြစ်သလောက် ဖြစ်သွားသည်။ လူမျိုးရေး ပြဿနာတွေ မဖြစ်အောင် ကြိုတင် စီမံခဲ့ရာတွင် အိမ်ရာအစုအဖွဲ့ Housing Estates များ၌ လူမျိုးတစ်မျိုးတည်းကိုသာ အိမ်ရာ ဝယ်ယူပိုင်ဆိုင်ခွင့် ပေးမထားဘဲ အချိုးအစား သတ်မှတ်ပေးထားသည့်စနစ်ကို ပြဋ္ဌာန်းပေးထားသည်။

ပညာကို ဦးစားပေးသော နိုင်ငံတစ်ခုမှာ အရာရာသည် ခေတ်မီ စီမံခန့်ခွဲမှုများ၊ ခိုင်မာစနစ်ကျသော အင်စတီကျူးရှင်းများနှင့် စနစ်တကျ ဖြစ်နေသည်မှာ မဆန်းပါ။ လူတွေက ထိုစနစ်၊ ထိုစီမံခန့်ခွဲမှုအောက်ထဲ စီးဝင်သွားရုံပဲဖြစ်သည်။ ခေတ်မီနိုင်ငံတချို့မှာ ယခုနောက်ပိုင်း Smart City တွေ ပုံဖော်လာနေရာ စင်ကာပူကလည်း ထိုအရွေ့ကိုလိုက်ဖို့ ကြိုးစားနေတာ တွေ့မြင်နေရသည်။

နေထိုင်ခဲ့သည့် ခဏတာ ရက်များအတွင်း တွေ့ကြုံခံစားခဲ့ရသည်များကို ရန်ကုန်ပြန်ရောက်တော့ စမြုံ့ပြန် အတွေးနယ်ချဲ့နေမိသည်။ ထိုအခါ လူထုခေါင်းဆောင် ပြောသော နှစ်နှစ်ဆယ်အတွင်း စင်ကာပူကို ကျော်ဖြတ်မည် ဆိုသည့်စကားတွေကိုသာ နားထဲ အထပ်ထပ် ကြားယောင် နေမိပါတော့သည်။

ချစ်ဝင်းမောင်

  • VIA