News

POST TYPE

OPINION

နှစ်သစ်မှာ အနိမ့်ဆုံး ဘာမျှော်လင့်နိုင်သလဲ (Daily, Vol-5/No-9)
22-Apr-2017
နှစ်သစ်ကူး သြင်္ကန်ပွဲတော်လို့ ပြောလိုက်ရင် နှစ်ဟောင်းက တင်နေတဲ့ အညစ်အကြေးတွေကို နှစ်သစ်မှာ ပါမလာအောင် အတာရေနဲ့ ဆေးကြော သန့်စင်တဲ့ပွဲလို့ ကျွန်တော်တို့ မြန်မာတွေ ယေဘုယျ နားလည်ထားကြတယ်။

တကယ်ရော နှစ်သစ်ကူးတိုင်း နှစ်ဟောင်းက ကပ်ငြိလာခဲ့တဲ့ အကျင့်ဆိုး၊ အကျင့်ပုပ်၊ အကျင့်သိုး၊ အကျင့်ယုတ်တွေကို ဆေးကြော သန့်စင်နိုင်ကြရဲ့လားလို့ မေးစရာရှိတယ်။ 

ထင်သာမြင်သာ အရှိဆုံး ပြဒါးတိုင်ကတော့ သြင်္ကန်အပြီး ထုတ်ပြန်လေ့ရှိတဲ့ သြင်္ကန်ပွဲတော်ကာလအတွင်း ထိခိုက်၊ သေဆုံးမှု၊ ဒုစရိုက်မှု၊ ရာဇဝတ်မှုတွေလို့ ပြောရမလား မသိဘူး။ 

ဒါကလည်း ဒီစာရင်း ထုတ်ပြန်တာက ပြည်ထဲရေး ဝန်ကြီးဌာနဖြစ်နေတဲ့အတွက် အကြောင်းကြောင်းကြောင့် အရင့်အရင်နှစ်တွေထက် စာရင်း ပိုပြတာရော မဖြစ်နိုင်ဘူးလားလို့ စောဒက တက်စရာရှိတယ်။ 

အရင် အစိုးရလက်ထက်နဲ့စာရင် အမှုအခင်းတွေ တိုးလာတာ၊ တရားခံ မဖော်ထုတ်နိုင်တဲ့ အမှုကြီးတွေ တိုးလာတာ၊ လူမြင်ကွင်းမှာတောင် ပြောင်ပြောင်တင်းတင်း သေနတ်နဲ့ ပစ်သတ်တာ၊ မူးယစ်ဆေးဝါးမှုတွေ များလာတာ၊ သေနတ်တွေ ပေါပေါများများ ဖမ်းမိလာတာစတဲ့ ကိစ္စတွေကို ကြည့်ပြန်ရင်လည်း ပြည်ထဲရေးက ထုတ်ပြန်တဲ့စာရင်းတွေ ဖြစ်နေတဲ့အတွက် ဘဝင်မကျတဲ့သူတွေ ရှိတယ်။

ဒါကလည်း နှစ်အများကြီး အလိမ်အညာ၊ အညစ်အပတ်၊ အလှည့်အပတ်၊ အစောင်းအရွဲ့တွေနဲ့ တစ်လျှောက်လုံး ယဉ်ပါးလာခဲ့တဲ့အပြင် လက်ရှိအခြေအနေအထိ ဆက်ဆံထိတွေ့၊ မြင်၊ ကြား၊ တွေ့၊ သိနေရတာတွေက အရင်ပုံစံအတိုင်း နီးပါးဖြစ်နေတော့ ဒီလို ထုတ်ပြန်မှုတွေ အပေါ်မှာရော၊ ဌာန၊ အဖွဲ့အစည်း အပေါ်မှာရော သံသယ ဖြစ်ကြတာ မဆန်းဘူး။ 

ဘာပဲပြောပြော လက်တွေ့ အလုပ် လုပ်နေတဲ့သူတွေက ကိုယ့်ကိုယ်ကိုယ် မလိမ်မညာစတမ်း၊ ကိုယ့်သိက္ခာကို မချစတမ်း၊ ကိုယ့်မျိုးရိုး ဇာတိဂုဏ်ကို မညှိုးမနွမ်းစတမ်း၊ ရိုးရိုးဖြောင့်ဖြောင့် အရှိကို အရှိအတိုင်း၊ အမှန်ကို အမှန်အတိုင်း ဟုတ် မဟုတ် အသိဆုံးဖြစ်မယ်။

ပြောချင်တာက ဘယ်သူတွေ တရားပျက်ပျက် ကျွန်တော်တို့ တစ်ဦးချင်းစီက လိုက်မပျက်ကြဖို့ လိုမယ်ဆိုတဲ့ အကြောင်းပါ။ ပြီးခဲ့တဲ့ နှစ်အဟောင်းကရော၊ လွန်ခဲ့တဲ့ နှစ်အစိတ်လောက်ကတည်းကရော စွဲကပ်နေတဲ့ အကုသိုလ်စိတ်တွေ၊ လုပ်ရပ်တွေကို တတ်နိုင်သလောက် နှစ်သစ်မှာ ပါမလာဖို့ လိုတယ်။

သြင်္ကန်လည်းပြီးရော လမ်းပေါ်မှာ၊ အင်းလျားကန်မှာ၊ ကန်တော်ကြီးမှာ၊ ရေကစား မဏ္ဍပ်ရှိတဲ့ နေရာတွေမှာ၊ ဖျော်ဖြေရေးမဏ္ဍပ်၊ ဆုပေးမဏ္ဍပ်ရှိတဲ့ နေရာတွေမှာ၊ အပန်းဖြေစရာ ပန်းခြံ၊ ကစားကွင်းတွေမှာ၊ ဘုရားပရိဝုဏ်တွေမှာ အမှိုက်တွေ မြင်မကောင်းအောင် ပစ်ထားခဲ့တာက အရင်နှစ်တွေကနဲ့ ဘာမှ မထူးဘူး။

ကျွန်တော့်အနေနဲ့တော့ နှစ်သစ်မှာ အာဏာ သုံးရပ်စီကရော မြန်မာပြည်သူတွေဆီကရော အများကြီး မမျှော်လင့်ဘူး။ အချိန်တန်ရင် စည်ပင်က လာရှင်းလိမ့်မယ်ဆိုတဲ့ ကိုယ်နဲ့ မဆိုင်တဲ့ စိတ်မျိုး၊ တာဝန်မဲ့စိတ်မျိုးနဲ့ အမှိုက်ကို တွေ့ကရာ လွယ်လွယ်ကူကူ ပစ်တတ်တဲ့ စရိုက်ဆိုး၊ စရိုက်ညစ်၊ စရိုက်ပျက်ကို ပြုပြင်နိုင်ကြဖို့ တစ်ခုပဲ မျှော်လင့်တယ်။

အဲလို ဖြစ်ဖို့ဆိုရင် တာဝန်ရှိသူတွေကလည်း နေရာတိုင်းမှာ အမှိုက်ပုံးကို လက်တစ်ကမ်းအကွာမှာ ထားပေးဖို့ လိုမယ်။ အခြေခံပညာ မူလတန်းကစပြီး တက္ကသိုလ်အဆင့်အထိ အသက်အရွယ်နဲ့ အတန်းအလိုက် အမှိုက် စည်းကမ်းတကျ ပစ်တတ်အောင် လေ့ကျင့် ပညာပေးဖို့ လိုမယ်။

စည်းကမ်းတကျ အမှိုက်ပစ်ခြင်းဟာ လူချွန်၊ လူမွန်၊ လူယဉ်ကျေး၊ လူပီသသူတွေရဲ့ စရိုက်ဖြစ်ကြောင်း နားဝင်အောင် ကြိုးစားပေးရမယ်။ အမှိုက် စည်းကမ်းမဲ့ ပစ်ခြင်းဟာ ရှက်စရာ၊ အသိဉာဏ် ဆင်ခြင်တုံတရား နည်းသူတွေရဲ့ လုပ်ရပ်၊ တာဝန်မဲ့သူတွေရဲ့ လုပ်ရပ်၊ နိုင်ငံကြီးသား မပီသသူတွေရဲ့ အကျင့်ဆိုးဆိုတာ ခေါင်းထဲမှာ စွဲသွားအောင် လုပ်ပေးဖို့ လိုမယ်။

အဲလိုဖြစ်ဖို့ဆိုရင် လွှတ်တော်၊ အစိုးရနဲ့ တရားရေး မဏ္ဍိုင်မှာ ရှိတဲ့သူတွေက စံပြဖြစ်နေဖို့ လိုမယ်။ လွှတ်တော် အသီးသီးမှာ၊ ဝန်ကြီးရုံးတွေမှာ၊ တရားရုံးတွေမှာ၊ မြို့တော်ခန်းမတွေမှာ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်ဆင့်မှာရှိတဲ့ အုပ်ချုပ်ရေး၊ စည်ပင်သာယာရေးနဲ့ ဌာနဆိုင်ရာ ရုံးတွေ အားလုံးမှာ၊ ရဲစခန်းတွေမှာ ဝန်ထမ်းတွေရော၊ ရုံးတွေရော သန့်ရှင်း တောက်ပြောင်နေဖို့ လိုတယ်။

အဲလိုမှမဟုတ်ဘဲ ပြည်သူလူထုဆီကသာ သန့်ရှင်းဖို့၊ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ဖို့ မျှော်လင့်နေတယ်ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ပြောချင်တယ်။

အယ်ဒီတာ (၂၂-၄-၂၀၁၇)


  • VIA