News

POST TYPE

OPINION

ခြ
01-Jul-2016 tagged as

လက်ဖက်ရည်ဆိုင် ထိုင်နေရင်း ဘောလုံးဂျာနယ်တစ်စောင်ကို ကောက်ကိုင်လိုက်သည်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အဂတိ လိုက်စားသောသတင်းက စာလုံးမည်းကြီး များနှင့်။ နေ့စဉ် သတင်းစာတစ်စောင်ကို ထပ်ဖတ်သည။် NLD အစိုးရနှင့် သိန်း ၅၀ လက်ဆောင်သတင်းကို တွေ့ပြန်သည်။ စာဖတ်ခြင်းကိုခေတ္တရပ်ပြီး ဘေးဘီ ကို လှမ်းကြည့်မိသည်။

နေရာတကာတွင် ခြများ။

အစိုးရယန္တရားအတွင်းမှ ခြများအကြောင်း ဝန်ကြီးချုပ်ဦးနုက “ထင်းရှူးသေတ္တာ တစ်လုံးကို ခြပုံထဲ ထည့်ပေးလိုက်သလို ကျွန်တော်တို့ဆီမှာ လာဘ်စားတာက ထင်းရှူးသေတ္တာကို ခြတွေစားတာထက် ပိုဆိုးလှပါတယ်” ဟု ပြောခဲ့ဖူးသည်။

ဦးနုတို့ခေတ်မှ အစပြု၍ Clean government Good Government ဟု ကြွေးကြော်ပြီး တက်လာသော ဦးသိန်းစိန် အစိုးရအဆုံး အစိုးရအတွင်း ခြစားမှုများ ပပျောက်မသွားဘဲ ဘိုးဘိုးအောင်ဝလုံးများ ကဲ့သို့ များများလာသည်။

Transparency International အဖွဲ့မှထုတ်ပြန်သော ကမ္ဘာ့နိုင်ငံ ၁၆၈ နိုင်ငံ အဂတိလိုက်စားမှု စာရင်းတွင် မြန်မာနိုင်ငံ၏ အဆင့်မှာ ၁၄၇ ရှိနေခြင်းကို ကြည့်လျှင် မြန်မာနိုင်ငံတွင်း ခြစားမှု အနေအထားကို သိရှိနိုင်သည်။ ခြစားမှုသည် နိုင်ငံအတွင်း ယဉ်ကျေးမှုတစ်ရပ် အသွင်ပင် ခိုင်ခိုင်မာမာရှိနေပြီ ဖြစ်သည်။

“လက်ဖက်ရည်ဖိုးလေး ပေးလိုက်မှ ကားလိုင်စင်ဝင်တာ အဆင်ပြေသွားတယ်ဗျာ” 
“ရေများများလောင်းမှ ခင်ဗျားကိစ္စ အဆင်ပြေမှာပေါ့ဗျ” စသည့် စကားသံများကား လူထုပါးစပ်ဖျားဝယ် ထမင်းစား ရေသောက်သလိုပင် ပြောဆိုနေကြသည်။

မြန်မာပြည်တစ်ပြည်တည်း ခြစားမှုများ ကွက်ဖြစ်နေပါသလား။ ကျွန်တော်တို့၏ အိမ်နီးချင်းများ မှာလည်း ထိုနည်း၎င်းပင်။ မလေးရှားဝန်ကြီးချုပ် မစ္စတာ နာဂျစ်ရာဇတ်၏ ဘဏ်စာရင်းထဲမှ အာရပ် ငွေကြေးများ၊ အင်ဒိုနီးရှားသမ္မတ ယူဒိုယူနိုရဲ့ စီးပွားရေးလုပ်ငန်းရှင် မိုဟာမက် နာဇာအူဒင်ကို နေရာပေးမှုတွေ စသဖြင့် အရှေ့တောင်အာရှနိုင်ငံများတွင်လည်း ခြစားမှုပုံပြင်များကား ထူးမခြားနားပင်ဖြစ်သည်။

ခြစားမှုကို နှိမ်နင်းကြပုံများကလည်း တစ်ကျောင်းတစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်းပင်ဖြစ်သည်။ ဦးနုက စသုံးလုံးကိုဖွဲ့ကာ ခြစားမှုတွေကို ပပျောက်အောင် ကြိုးပမ်းခဲ့သည်။ ဦးသိန်းစိန် အစိုးရလက်ထက်တွင်လည်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဆိုတာကိုဖွဲ့ပြီး နှိမ်နင်းဖို့ အားထုတ်ခဲ့သည်။ သို့သော် ခြစားမှုများက နည်းနည်း မှလျော့ပါးမသွား။ ပန်းပန်ဆဲပင်ဖြစ်သည်။

တရုတ်နိုင်ငံတွင်လည်း မစ္စတာရှီကျင့်ဖျင်မှ CCDI (Central Commision for Discipline Inspection) ကိုဖွဲ့ကာ အဂတိလိုက်စားမှုကို တိုက်ဖျက်ခဲ့ရာမှ ကြီးမားသော ခြစားမှုကြီးများကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် ပနားမားပေပါမှ သမ္မတရှီ အကြောင်းဖော်ပြမှုများ၊ CCDI ကို ပါတီတွင်း နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုလာ ခြင်းများကြောင့် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

ထို့ကြောင့် အဂတိလိုက်စားမှု ဆိုသော ကင်ဆာကို တိုက်ဖျက်နိုင်ရန် မလွယ်ကူလှပေ။ အနာသိသော်လည်း ဆေးမရှိနိုင်သည့် အနေအထား

သဖွယ်ပင် ဖြစ်နေချေသည်။ သို့သော် စင်ကာပူနိုင်ငံတွင် ကျင့်သုံးလျက်ရှိသော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုံစံလေးကိုတော့ လေ့လာသင့်ပါသည်။ စင်ကာပူ၏စနစ်က ရိုးရိုးလေးသာ ဖြစ်သည်။ အစိုးရအမှုထမ်းများကို လစာလုံလောက် ပိုပိုလျှံလျှံ ပေးလိုက်ခြင်းသာ ဖြစ်သည်။ စားဝတ်နေရေး အဆင်ပြေသော ဝန်ထမ်းတစ်ဦးအနေနှင့် အပိုဝင်ငွေအတွက် အဂတိလိုက်စားမှုများ လုပ်နေဖို့ မလိုတော့ပါ။ လက်ရှိ နိုင်ငံတွင်းလုပ်နေသော အဂတိ လိုက်စားမှုများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း နည်းလမ်းများဖြင့် နှိမ်နင်းနေမှုများ ကိုလည်း ပြန်စဉ်းစားသင့်ပါသည်။

စင်ကာပူလို ဖြစ်အောင်လုပ်မည်ဟု မကြာသေးမီက ဝန်ကြီးတစ်ပါးပြောတာ ကြားလိုက်ရသေးသည်။ စင်ကာပူလို အဂတိလိုက်စားမှု ကင်းလိုလျှင်တော့ ဝန်ထမ်းများကို လခကောင်းကောင်းပေးရန်မှာ အမှန်ပင် လိုအပ်ပါသည်။

နေတောင် အတော်ပူနေပြီ။ အိမ်ပြန်ရန် ကျွန်တော်လည်း လက်ဖက်ရည်ဆိုင်မှ ထွက်လာလိုက်သည်။ ကျွန်တော့်အိမ်ရှိ စာအုပ်စင်ကလေးရှိ စာအုပ်များတွင် ခြတွေ ကိုက်နေသည်။ စာအုပ်များ မပျက်စီးဖို့ ခြတွေကို နှိမ်နင်းရမည်။ အိမ်အပြန်လမ်း ထိပ်ရှိ ကုန်စုံဆိုင်ကလေးတွင် ခြသတ်ဆေး တစ်ဘူးဝယ်ရန် စိတ်ကူးလိုက်သည်။ ခြတွေက များသည်။ တော်ရုံတန်ရုံဆေးနဲ့မရ။ အကောင်းစားဆေးနဲ့ သတ်မှ ရပေမည်။

အဂူး

  • TAGS