News

POST TYPE

OPINION

တို့ကျောင်းနေရာလေး ပြန်ပေးပါ
01-Jul-2016

စက်မှုလက်မှု အထက်တန်းကျောင်းသည် တောင်ကြီးမြို့ တောင်ပိုင်း စူဠာမုနိ ဘုရား၏ မြောက်ဘက်၌ ၁၉၆၈ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ တည်ရှိခဲ့ပါသည်။

စက်မှုလက်မှု အထက်တန်းကျောင်း Technical High School မှ ရှစ်တန်း အောင်ပြီးသော ကျောင်းသားများကို လက်ခံသည်။ ဘာသာရပ် ခြောက်မျိုး သင်ပေးသည်။ လျှပ်စစ်၊ ဂဟေ၊ တွင်ခုံဖောက်ခုံ၊ ပိုက်ဆက် မြို့ပြအင်ဂျင်နီယာ၊ မော်တော်ယာဉ်ပညာရပ်များ ဖြစ်သည်။ သင်ထောက်ကူ ပစ္စည်းများ နိုင်ငံခြားမှ ပံ့ပိုးကူညီသည်။

စက်မှုလက်မှု အထက်တန်းကျောင်းဆင်းများသည် ပညာထူးချွန်ပါ က G.T.I သို့ ပညာဆက်လက် သင်ယူခွင့်ရှိသည်။ ယခု G.T.I ကျောင်းကို G.T.C ဟု ပြောင်းလဲခေါ်ဝေါ်သည်။ T.H.S ကျောင်းဆင်းများ အလုပ်နှင့် ပတ်သက်၍ ပူပင်စရာမလိုပါ။ စားဝတ်နေရေး ချောင်လည်ကြ၏။

ကျွန်တော်သည် တောင်ကြီး အ.ထ.က (၂) ၌ တာဝန်ထမ်းဆောင်ခဲ့၏။ ၁၉၈၅ ခုနှစ်၌ T.H.S သို့ ပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သည်။

ကျွန်တော် စက်မှုလက်မှုကျောင်း ရောက်စက ကျောင်းအုပ်ကြီးမှာ ဦးစောဒေးဗစ်ဝင်းဖြစ်၏။ ကရင်လူမျိုးဖြစ်ပါသည်။ ရိုးသားပွင့်လင်း၍ သဘောကောင်း၏။

T.H.S ၌ ကျွန်တော် Physicsနှင့် Chemistry သင်ရ၏။ နောက်ပိုင်းတွင် ဆရာ ဦးဘိုကြီးက Physics သင်၏။

၁၉၉၈ ခုနှစ် ရောက်သောအခါ T.H.S ၏ ကံကြမ္မာ ညှိုးလာသည်။ စစ်တပ်က ကျွန်တော်စာသင်နေသော Technical High School အား ဖယ်ရှားခိုင်းသည်။ ကျောင်းမြေနေရာနှင့် အဆောက်အအုံ အားလုံးအား သိမ်းယူသည်။ တောင်ကြီး မြို့ပေါ်တွင် စက်မှုလက်မှု အထက်တန်းကျောင်း မရှိတော့ပါ။

အေးသာယာမြို့သစ်တွင် G.T.I ကျောင်းပေါ်လာ၏။ ယခု G.T.C ကျောင်း ဖြစ်သည်။ တောင်ကြီး T.H.S မှ သင်ထောက်ကူပစ္စည်း အားလုံး အေးသာယာ G.T.C သို့ ပြောင်းရသည်။ စစ်တပ်မှ သတ်မှတ်သောအချိန်အတွင်း ပြီးရန် အမြန်ဖြုတ်ရ၏။ ဝက်အူဖြင့် သေချာစွာ စုပ်ထားသော တွင်ခုံ၊ ဖောက်ခုံကြီးအား လွှဖြင့် တိုက်ဖြတ်ရ၏။ တောင်ကြီး T.H.S မှ သင်ထောက်ကူပစ္စည်းများ G.T.C ကျောင်း ရောက်သောအခါ ပြန်လည်သုံးစွဲ၍ မရနိုင်သော အခြေအနေ ရောက်ရှိသွားသည်။ ဝမ်းနည်းဖွယ် ကောင်းလေစွ။

ပစ္စည်းပျက်များနှင့်အတူ တောင်ကြီး T.H.S မှ အေးသာယာ G.T.C သို့ ကျွန်တော် ရောက်ရှိသွားသည်။ ၂၀၀၀ ပြည့်နှစ်ရောက်တော့ ကျွန်တော် အသက် ၆၀ ပြည့်၍ ပင်စင်ယူလိုက်သည်။ ကျွန်တော့်အိမ်သည် တောင်ကြီးမြို့ပေါ်တွင် ရှိ၏။ စူဠာမုနိဘုရား သွားတိုင်း ကျွန်တော် ရင်နာရသည်။ ကျွန်တော် ၁၉၆၈ ခုနှစ်က စာသင်ခဲ့သော Technical High School သည် ယခု စရဖ တပ်ဖြစ်နေပြီ။

ရှစ်တန်းအောင်ပြီးသော ကျောင်းသားများအတွက် တောင်ကြီး၌ T.H.S မရှိတော့ပါ။ T.H.S ကျောင်းရှိလျှင် စက်မှုလက်မှုကျောင်းမှ လျှပ်စစ်၊ ဂဟေဆော်၊ တွင်ခုံ၊ ဖောက်ခုံနှင့် အင်ဂျင်နီယာ ပိုက်ဆက်ပညာများ သင်ကြားနိုင်မည်။ ဘဝနောင်ရေး စိတ်အေးရပေမည်။

ကျွန်တော့်အသက် ၇၅ နှစ်ရှိပြီ။ မကြာမီ သေရတော့မည်။ မသေမီ ၁၀ တန်းအထိ စာမသင်နိုင်သော T.H.S ကျောင်း၊ တောင်ကြီး၌ ပြန်ရှိစေချင်သည်။ ဤစာကို ယခင်အစိုးရလက်ထက်က ကျွန်တော် မရေးရဲပါ။ ဖမ်းဆီး နှိပ်စက်ခံရမှာ ကြောက်၍ မရေးခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီး ဦးထင်ကျော်ကို ပြောချင်ပါသည်။ စရဖစစ်တပ်ကို ပြည်သူအားကာကွယ်ရန် မြို့အပြင်ထုတ်ပေးပါ။ စက်မှုလက်မှု အထက်တန်းကျောင်းကို မူလနေရာမှာ ပြန်လည်ပေးစေချင်ပါသည်။

(တောင်ကြီး၌ ယနေ့ စက်မှုလက်မှု အထက်တန်းကျောင်း မရှိသော်လည်း ၁၉၆၈ မှ ၁၉၉၈ ခုနှစ်က စာသင်ခဲ့သော ကျွန်တော့်တပည့်များသည် ဆရာကန်တော့ပွဲကို နှစ်စဉ်ပြုလုပ်နေဆဲဖြစ်ပါသည်။)

ဦးခင်မောင်ဌေး (B.Sc Physics)
စက်မှုလက်မှု အထက်တန်းကျောင်း နည်းပြ(ငြိမ်း)