News

POST TYPE

OPINION

သန့်ရှင်းသော နိုင်ငံရေး
01-Jul-2016 tagged as

မကြာသေးခင်က တိုကျိုအုပ်ချုပ်ရေးမှူး ယိုအိချိ မဆုဇိုအဲ တစ်ယောက် နိုင်ငံရေး ရန်ပုံငွေ အရှုပ်တော်ပုံတွေနဲ့ တာဝန်ကနေ နုတ်ထွက်သွားခဲ့ရတာကို ကမ္ဘာ့သတင်းတွေမှာ အုတ်အော်သောင်းတင်း ပါရှိတဲ့အတွက် ကြားသိပြီး ဖြစ်ပါလိမ့်မယ်။ မဆုဇိုအဲ နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းဖြစ်တဲ့ နိုင်ငံရေး ရန်ပုံငွေ အလွဲသုံးစားမှုနဲ့ စွပ်စွဲခံရတဲ့ ဇာတ်လမ်းအစ ပြုချိန်ကစလို့ လွတ်လပ်တဲ့ တတိယပုဂ္ဂိုလ်လို့ဆိုတဲ့ ရှေ့နေအဖွဲ့ တစ်ဖွဲ့ကို ငှားရမ်းပြီး စုံစမ်းစစ်ဆေးစေခဲ့ပါတယ်။ အဲဒီရှေ့နေအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ တိုကျိုအုပ်ချုပ်ရေးမှူး မဆုဇိုအဲရဲ့ အသုံးစရိတ်တွေဟာ ဥပဒေ ချိုးဖောက်မှု တစ်စုံတစ်ရာ မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ အတိုင်ပင်ခံ ရှေ့နေအဖွဲ့က မဆုဇိုအဲရဲ့ အသုံးစရိတ်တွေဟာ ဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ ငြိစွန်းခြင်း မရှိပေမယ့် မလျော်ကန်ဘူး၊ ကျင့်ဝတ်နဲ့ ညီညွတ်ခြင်း မရှိဘူးလို့ ဆက်လက်သုံးသပ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တိုကျိုဒေသန္တရ လွှတ်တော်တွင်းက ရွေးကောက်ခံ လွှတ်တော်အမတ်တွေဟာ လွှတ်တော်အစည်းအဝေးတွေ အတွင်းမှာ အုပ်ချုပ်ရေးမှူးကို မေးခွန်းတွေ ထုတ်ကြပါတယ်။ နိုင်ငံရေး ရန်ပုံငွေကို အသုံးပြုပြီး အဖိုးတန် ပန်းချီကားတွေ ဝယ်ယူတာကအစ၊ ရွေးကောက်ပွဲဝင်ကာလ အသုံးစရိတ်အချို့ အလယ်၊ အုပ်ချုပ်ရေးမှူးရဲ့ သားသမီးတွေအတွက် ကာတွန်းစာအုပ် ဝယ်တာအထိ တစ်ခုချင်း ထောက်ပြမေးခွန်းထုတ်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ကြပါတယ်။ တကယ်တော့ အုပ်ချုပ်ရေးမှူး မဆုဇိုအဲရဲ့ နိုင်ငံရေး ရန်ပုံငွေ အရှုပ်တော်ပုံဟာ နိုင်ငံရေးထိုးနှက်ချက် အနေနဲ့ အစပြုခဲ့တယ် ဆိုရင်လည်း မမှားပါဘူး။ ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီရဲ့ ကျောထောက်နောက်ခံနဲ့ အရွေးချယ်ခံ အုပ်ချုပ်ရေးမှူး ဖြစ်လာတဲ့ မဆုဇိုအဲကို နိုင်ငံခြားခရီးတွေမှာ ပိုက်ဆံအလွန်အကျွံ သုံးတယ်လို့ ဧပြီလဆန်းပိုင်းလောက် ကတည်းက အတိုက်အခံ ကွန်မြူနစ်ပါတီက ထောက်ပြဝေဖန်ခဲ့ပါတယ်။

အဲဒီနောက် မေလဆန်းမှာ ထုတ်ဝေတဲ့ ‘ရှုကန်း ဘွန်းရှု’ လို့အမည်ရတဲ့ အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင်မှာ အုပ်ချုပ်ရေးမှူး မဆုဇိုအဲဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ အတွင်းက မိသားစု အပန်းဖြေခရီးတစ်ခုအတွင်း နိုင်ငံရေး ရန်ပုံငွေကို အသုံးပြုပြီး မိသားစု အပန်းဖြေ အနားယူခဲ့တယ်ဆိုတဲ့ ဖော်ထုတ် စွပ်စွဲရေးသားမှု ပေါ်ပေါက်လာခဲ့ပါတယ်။ မဂ္ဂဇင်းရဲ့ ရေးသားဖော်ထုတ်မှု နောက်ပိုင်းမှာတော့ မဆုဇိုအဲရဲ့ နိုင်ငံရေး ရန်ပုံငွေ အလွဲသုံးစားမှုတွေကို ဂျပန်မီဒီယာတွေက မီးခိုးကြွက်လျှောက် ဖော်ထုတ်ရေးသားလာကြတဲ့အပြင် အပတ်စဉ် သောကြာနေ့တိုင်း ကျင်းပတဲ့ တိုကျိုအုပ်ချုပ်ရေးမှူးရဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေက တစ်တစ်ခွခွ မေးခွန်းတွေကို မေးမြန်းခဲ့ကြပါတယ်၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးက လွတ်လပ်တဲ့ တတိယပုဂ္ဂိုလ် အတိုင်ပင်ခံ ရှေ့နေအဖွဲ့တစ်ဖွဲ့ကို ငှားရမ်းပြီး စုံစမ်းစစ်ဆေးစေမယ်လို့ ကတိပြုခဲ့ရပါတယ်။ ရှေ့နေအဖွဲ့ရဲ့ အစီရင်ခံစာ ထွက်လာချိန်မှာတော့ အုပ်ချုပ်ရေးမှူး မဆုဇိုအဲရဲ့ အသုံးစရိတ်တွေဟာ ဥပဒေနဲ့ မငြိစွန်းသော်လည်း ကျင့်ဝတ်အရ မသင့်တော်ကြောင်း သုံးသပ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးမှူး မဆုဇိုအဲက နောက်နောင် အသုံးအစွဲ ဆင်ခြင်ပါ့မယ်လို့ ကတိပေးခဲ့ပေမယ့် ရာထူးက နုတ်ထွက်ပေးဖို့ ငြင်းဆန်နေခဲ့တဲ့အတွက် တိုကျိုဒေသန္တရ လွှတ်တော်အတွင်းမှာ အတိုက်အခံပါတီ အမတ်တွေရဲ့ ပြင်းထန်တဲ့ ဝေဖန်မေးခွန်းထုတ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရသလို ရုပ်မြင်သံကြားနဲ့ သတင်းမီဒီယာတွေက တစ်ဆင့် သိရှိခွင့်ရခဲ့တဲ့ တိုကျိုမြို့နေ ပြည်သူတွေကလည်း ဒေါသပေါက်ကွဲခဲ့ကြပြီး တိုကျိုအစိုးရရုံးကို စာနဲ့တစ်မျိုး၊ ဖုန်းနဲ့တစ်သွယ် ဆက်သွယ်ပြီး ဝေဖန်ရှုတ်ချကန့်ကွက်ကြပါတယ်။ မကြာခင် ရက်ပိုင်းအတွင်း၊ ဇူလိုင်လဆန်းမှာ ကျင်းပဖို့ရှိတဲ့ ဂျပန်အထက်လွှတ်တော် ရွေးကောက်ပွဲ နီးကပ်နေတဲ့ ကာလမှာ အာဏာရပါတီ ကျောထောက်နောက်ခံ ပေးထားတဲ့ တိုကျိုအုပ်ချုပ်ရေးမှူးရဲ့ ငွေကြေးပြဿနာဟာ အတိုက်အခံပါတီများ အတွက် ထိုးနှက်စရာ အကွက်ကောင်း ဖြစ်လာနေတာကို ရိပ်မိတဲ့ အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်ပိုင်းကပါ အုပ်ချုပ်ရေးမှူး မဆုဇိုအဲကို ကျောထောက်နောက်ခံပေးမှု ရုပ်သိမ်းလိုက်ပြီး အတိုက်အခံ အမတ်များရဲ့ အယုံအကြည်မရှိ အဆိုကို ထောက်ခံမယ့် အရိပ်လက္ခဏာ ပြသလိုက်တဲ့အတွက်၊ အုပ်ချုပ်ရေးမှူးကို လွှတ်တော်တွင်းမှာ အယုံအကြည်မရှိ အဆိုတင်သွင်း ဆုံးဖြတ်မယ့် ဇွန်လ ၁၅ ရက်နေ့ မနက်ပိုင်းမှာပဲ နုတ်ထွက်လွှာ တင်သွင်းပြီး တိုကျိုအုပ်ချုပ်ရေးမှူး တာဝန်ကနေ အနားယူလိုက်ရပါတယ်။

တိုကျိုအုပ်ချုပ်ရေးမှူး ရာထူးကနေ နုတ်ထွက်လိုက်ရတဲ့ နိုင်ငံရေး ရန်ပုံငွေ အရှုပ်တော်ပုံ ပေါ်ပေါက်ပြီးတဲ့နောက် ဂျပန်နိုင်ငံရဲ့ နိုင်ငံရေးလောကမှာ အရေးကြီးတဲ့ မေးခွန်းတစ်ခု ချန်ထားခဲ့ပါတယ်။ အဲဒါကတော့ လက်ရှိ ဂျပန်နိုင်ငံ ကျင့်သုံးနေတဲ့ နိုင်ငံရေး ရန်ပုံငွေ ဥပဒေမှာ ဟာကွက်ကြီးကြီးမားမား ရှိနေပြီလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ အာဏာရ နိုင်ငံရေးသမား အများစုကို ဖယ်ရှားပစ်နိုင်ဖို့ အစဉ်အလာ အသုံးတည့်ခဲ့တဲ့ ဒီဥပဒေကိုယ်၌က နိုင်ငံရေး ရန်ပုံငွေတွေကို အသုံးပြုတဲ့နေရာမှာ ကိုယ်ရေးကိုယ်တာစရိတ် အသုံးပြုခွင့် ရှိမရှိနဲ့ အသုံးပြုတဲ့ အသုံးစရိတ်တွေရဲ့ အတိုင်းအတာပမာဏ ကန့်သတ်မှုကို တိတိကျကျ ပြတ်ပြတ်သားသား ပြဋ္ဌာန်းထားတာ မရှိတဲ့အတွက်၊ အခုနုတ်ထွက်သွားတဲ့ အုပ်ချုပ်ရေးမှူး မဆုဇိုအဲဟာ ပြည်သူ့ချွေးနှဲစာ နိုင်ငံရေး ရန်ပုံငွေတွေကို စည်းမရှိကမ်းမရှိ သုံးစွဲနိုင်ခဲ့တာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံရေးနဲ့ ဥပဒေ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

ဒီမိုကရေစီ ကျင့်သားရနေတဲ့ ဂျပန်နိုင်ငံက ဒီပြဿနာကို လေ့လာပြီး ဒီမိုကရေစီ ထွန်းသစ်စ မြန်မာနိုင်ငံအတွက် သင်ခန်းစာထုတ်တဲ့အခါ မြန်မာနိုင်ငံမှာ ဒီနေ့အထိ နိုင်ငံရေး ရန်ပုံငွေနဲ့ ပတ်သက်တဲ့ ဥပဒေ မရှိသေးတာကို သတိပြုမိပါတယ်။ ဒီမိုကရေစီနိုင်ငံတိုင်း နီးပါးမှာ ပြည်သူ့ကိုယ်စား ဆောင်ရွက်မယ်ဆိုတဲ့ ပါတီတွေ၊ တစ်သီးပုဂ္ဂလတွေနဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ ရန်ပုံငွေနဲ့ ပတ်သက်လို့ သီးခြားဥပဒေ ပြဋ္ဌာန်းပေးထားပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့ အခန်း (၄) မှာ ယေဘုယျသဘော ဖော်ပြထားတာနဲ့ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေတွေမှာ ရွေးကောက်ပွဲ အသုံးစရိတ်နဲ့ ပတ်သက်ပြီး အကျဉ်းချုပ် ဖော်ပြထားတာက လွဲရင် အသေးစိတ်တိကျတဲ့ သီးခြားဥပဒေ မရှိသေးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နိုင်ငံရေး ရန်ပုံငွေနဲ့ ပတ်သက်ပြီး ပါတီရန်ပုံငွေအဖြစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေရဲ့ ပုဒ်မ ၁၅၊ ပုဒ်မခွဲ (က) ရဲ့ အပိုဒ် (၃) မှာ ပါတီပိုင် စီးပွားရေး လုပ်ငန်းများမှ တရားဝင် ရရှိသောငွေနှင့် အမြတ်အစွန်းဆိုပြီး ထူးထူးခြားခြား ဖော်ပြထားတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ အဲဒီဥပဒေမှာ ပါတီရန်ပုံငွေနဲ့ ပတ်သက်လို့ အသေးစိတ် တိတိကျကျ ထည့်သွင်းပြဋ္ဌာန်းထားခြင်း မရှိပေမယ့် ပါတီရန်ပုံငွေကို အနက်အဓိပ္ပာယ် ဖွင့်ဆိုရာမှာ ရန်ပုံငွေ၊ လှူဒါန်းငွေ ဆိုတာတွေနဲ့အတူ ပါတီပိုင် စီးပွားရေးလုပ်ငန်း ဝင်ငွေတွေကိုပါ ထည့်သွင်းပြဋ္ဌာန်းထားတာဟာ အခြားဒီမိုကရေစီနိုင်ငံတွေနဲ့ ယှဉ်လိုက်ရင် အလွန်ထူးခြားပါတယ်။

ဒီလိုထူးခြားတဲ့ ပြဋ္ဌာန်းချက် ပါဝင်ရတာဟာ ကမ္ဘာပေါ်က အခြားဒီမိုကရေစီနိုင်ငံတွေ အတွက် အထူးအဆန်း ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မြန်မာနိုင်ငံ အတွက်တော့ အဆန်းမဟုတ်ပါဘူး။ လူမှုရေးအသင်းအဖွဲ့ အဖြစ် ဖွဲ့စည်းချိန်ကာလကတည်းက အများပြည်သူပိုင် မြေနေရာတွေမှာ ရုံးခန်းဖွင့်လှစ်ခြင်း၊ အများပြည်သူပိုင် မြေတွေပေါ်မှာ စီးပွားရေး လုပ်ငန်းတွေ တည်ထောင်ခြင်းနဲ့အတူ အခွင့်ထူးခံ စီးပွားရေးလုပ်ငန်းတွေ ထူထောင်ခဲ့တဲ့ လူမှုရေးသက်သက် အသင်းကြီးကနေ ရုတ်ခြည်းအသွင်ပြောင်း ပေါ်ပေါက်လာခဲ့တဲ့ ကြံ့ခိုင်ရေးပါတီကြီးဟာ စီးပွားရေးလုပ်ငန်းပေါင်း များစွာကို ပိုင်ဆိုင်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကြံ့ခိုင်ရေးပါတီ ကျောထောက်နောက်ခံ ပေးထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ကြံ့ခိုင်ရေး ပါတီဝင် အမတ်အများစု ကြီးစိုးခဲ့တဲ့ လွှတ်တော်သက်တမ်း အတွင်းမှာလည်း နိုင်ငံရေး ရန်ပုံငွေ (ဝါ) ပါတီရန်ပုံငွေနဲ့ ပတ်သက်ပြီး တိကျတဲ့ ဥပဒေ ပြဋ္ဌာန်းဖို့ စိတ်အားထက်သန်မှု မရှိခဲ့တာ အထူးအဆန်း မဟုတ်ပါဘူး။

ဒီနေ့အချိန်မှာတော့ ပြည်သူအများက မျှော်လင့်ချက်အပြည့်နဲ့ ယုံကြည်စွာ မဲပေးရွေးချယ်လိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ် အများစုနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဦးဆောင်ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေ ရရှိခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်တိုင်က အများပြည်သူရဲ့ လှူဒါန်းငွေ၊ ပါတီဝင်တွေရဲ့ ထည့်ဝင်ငွေတွေနဲ့ သန့်ရှင်းစွာ ရပ်တည်နေတဲ့ ပြည်သူ့ပါတီစစ်စစ် ဖြစ်ကြောင်း သက်သေပြဖို့ အချိန်အခါကောင်း ဖြစ်ပါတယ်။ ပြည်သူရဲ့ ချွေးနှဲစာကို အလဟဿ ဖြုန်းတီးတဲ့ လုပ်ရပ်နဲ့ ကိုယ်ကျိုးရှာ အလွဲသုံးစား ပြုလုပ်တဲ့ လုပ်ရပ်တွေကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်ပြရင်း ပြည်သူ့ချွေးနှဲစာကို စည်းမဲ့ကမ်းမဲ့ သုံးဖြုန်းတဲ့ လုပ်ရပ်မျိုးတွေ နောက်နောင်ပေါ်ပေါက်ခြင်း မရှိအောင် ဥပဒေ ပြဋ္ဌာန်းခြင်းအားဖြင့် အာဏာအပ်နှင်းခဲ့တဲ့ ပြည်သူတွေကို ကျေးဇူးတုံ့ပြန်ရမယ့် အချိန်အခါကောင်းလို့ ယူဆပါတယ်။

မကြာသေးခင် ကာလတွေ အတွင်း ကျောက်မျက်လုပ်ငန်းရှင်များရဲ့ ရန်ပုံငွေ အရှုပ်တော်ပုံ ပေါ်ပေါက်ခဲ့ပြီး အပြန်အလှန်စွပ်စွဲမှုတွေ၊ ပြန်လည်ရှင်းလင်း ဖြေရှင်းမှုတွေ ရှိနေတာကို အားလုံး သတိပြုမိကြမယ် ထင်ပါတယ်။ စွပ်စွဲတိုင်တန်းသူများဘက်က သက်ဆိုင်ရာ ဝန်ကြီးဌာနအပြင် လွှတ်တော်ရဲ့ ပြည်ထောင်စုအဆင့် ကော်မတီတစ်ခု အထိပါ တိုင်တန်းထားပြီး စွပ်စွဲခံရသူများ ဘက်ကလည်း သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး စွပ်စွဲမှုများ မှန်ကန်ခြင်း မရှိကြောင်း ဖြေရှင်းတယ်လို့ သတင်းတွေမှာ ဖတ်ရမြင်ရပါတယ်။ ဆက်လက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနရဲ့ ဌာနတွင်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး စာရင်းဇယား အမှားအယွင်း မရှိကြောင်း ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေရာမှာ တစ်ချက်သတိပြုသင့်တာက ကျောက်မျက်လုပ်ငန်းရဲ့ ရန်ပုံငွေ အရှုပ်တော်ပုံမှာ သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်က (အဲဒီအချိန်က) တာဝန်ရှိ ပုဂ္ဂိုလ်များပါ ပါဝင်ပတ်သက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်ပပုဂ္ဂလိက အသင်းအဖွဲ့ဘက်က တိုင်ကြားစွပ်စွဲလာတဲ့အခါမှာ ဝန်ကြီးဌာနကို စုံစမ်းစစ်ဆေးဖို့ တာဝန်ပေးတာဟာ လုံလောက်မှု မရှိသလို မသင့်လျော်ပါဘူး။ ပြည်ထောင်စု အစိုးရအဖွဲ့က တာဝန်ပေးအပ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးလို ဒါမှမဟုတ် ကျွမ်းကျင်ပညာရှင်များ ပါဝင်တဲ့ အခြားသီးခြားလွတ်လပ်တဲ့ စာရင်းစစ်အဖွဲ့လို အဖွဲ့တွေနဲ့ စုံစမ်းစစ်ဆေးဖော်ထုတ်မှ တိကျရှင်းလင်းပြီး အဂတိကင်းစင်တဲ့ အဖြေမှန်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ကျောက်မျက်လုပ်ငန်းရှင် လောကက ငွေကြေးအရှုပ်တော်ပုံဟာ ငွေပမာဏ များပြားတဲ့အပြင် ယခင်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ အနီးကပ်လက်ရုံး ကြံ့ခိုင်ရေးပါတီ ထိပ်တန်းခေါင်းဆောင်များပါ ပါဝင်ပတ်သက်နေတဲ့ စွပ်စွဲမှု ဖြစ်တာကြောင့် လက်ရှိအစိုးရ အနေနဲ့ အလေးထား ကိုင်တွယ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ယခင်အစိုးရကို ဦးဆောင်ခဲ့သူ သမ္မတဟောင်းရဲ့ ဂုဏ်သိက္ခာနဲ့လည်း သက်ဆိုင်တဲ့ကိစ္စ ဖြစ်နေလို့ ဖြစ်ပါတယ်။ မြန်မာပြည်သူများ အနေနဲ့လည်း ဒီငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ပြီး တိကျသေချာတဲ့ အဖြေမှန်ကို သိခွင့်ရှိပါတယ်၊ သိလည်းသိရပါမယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီကိစ္စဟာ သမ္မတဟောင်းနဲ့ သမ္မတဟောင်း ဦးဆောင်တဲ့ နိုင်ငံရေးပါတီကြီး တစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့တင် သက်ဆိုင်နေတာ မဟုတ်ဘဲ အများပြည်သူရဲ့ ချွေးနှဲစာတွေ ပါဝင်ပတ်သက်နေလို့ ဖြစ်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန် အပါအဝင် ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်များ အနေနဲ့လည်း လက်ရှိအစိုးရဘက်က လွတ်လပ်တဲ့ သီးခြားစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စုံစမ်းစစ်ဆေးမယ်ဆိုရင် ဝမ်းသာအားရ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ စွပ်စွဲမှုတွေ မမှန်ကန်ကြောင်း အထင်အရှား သက်သေပြနိုင်မှသာ မိမိတို့ ကိုယ်တိုင်နဲ့ ပါတီရဲ့ ဂုဏ်သိက္ခာကို ဆက်လက်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။ စွပ်စွဲမှုတွေ မမှန်ကန်ကြောင်း သက်သေအထင်အရှား မပြနိုင်သရွေ့ သံသယအရိပ်ကြောင့် ပါတီရဲ့ ပုံရိပ်ဟာ ဘယ်လိုမှ ကောင်းမလာနိုင်ပါဘူး။

ဒီမိုကရေစီခေတ်ဦး မြန်မာအဖို့ လတ်တလော ကမ္ဘာ့သတင်းများမှာ ခေတ်စားခဲ့တဲ့ ဂျပန်နိုင်ငံက တိုကျိုအုပ်ချုပ်ရေးမှူးရဲ့ အဖြစ်အပျက်ကို သင်ခန်းစာယူပြီး ကျောက်မျက်ငွေကြေး ရန်ပုံငွေ အရှုပ်တော်ပုံကို တိကျမှန်ကန်တဲ့ အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖော်ထုတ်ပြီး တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ လိုအပ်နေပါပြီ။ တိုကျိုအုပ်ချုပ်ရေးမှူးဟာ ဥပဒေအရ မငြိစွန်းသော်လည်း ကျင့်ဝတ်အရ မသင့်လျော်တဲ့ အပြုအမူအတွက် ပြည်သူရဲ့ အမျက်ဒေါသကို ခံယူပြီး ရာထူးက နုတ်ထွက်ခြင်းဖြင့် တာဝန်ယူသွားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ မြန်မာပြည်က ကျောက်မျက်ရန်ပုံငွေ အရှုပ်အထွေးဟာလည်း နိုင်ငံရေးပါတီတစ်ခု လူပုဂ္ဂိုလ်တစ်စုရဲ့ အကျိုးစီးပွား တစ်ခုထဲနဲ့ သက်ဆိုင်နေတာ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့လည်း ဆက်စပ်နေပါတယ်။ အာဏာရှိချိန် လုပ်ပိုင်ခွင့် ရှိချိန်မှာ ထင်ရာစိုင်းတဲ့ လုပ်ရပ်မျိုးတွေနဲ့ ပြည်သူ့ချွေးနှဲစာကို ထင်ရာလုပ်ခွင့် မရှိကြောင်း သင့်တင့်လျောက်ပတ်တဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ မျိုးဆက်သစ်တွေကို နမူနာကောင်းပေးဖို့ လိုအပ်ပါတယ်။ ပြည်သူ့ဘဏ္ဍာ ပြည်သူ့ချွေးနှဲစာကို အာဏာရှိစဉ်မှာ အလွဲသုံးစား မလုပ်ကြောင်း သက်သေအခိုင်အမာပြနိုင်မှ ကြံ့ခိုင်ရေးပါတီ အတွက်လည်း ပါတီကို ထောက်ခံယုံကြည်သူတွေ အတွက် သမိုင်းအမြင်လှပမှာ ဖြစ်ပါတယ်။

တစ်ဆက်ထဲမှာ ပြည်သူတွေအတွက် အလုပ်လုပ်ပေးဖို့ ရည်ရွယ်တယ်ဆိုတဲ့ နိုင်ငံရေးပါတီတွေအဖို့ နိုင်ငံရေးလုပ်ငန်းများ လုပ်ဆောင်ရာမှာ ပြည်သူ့ထောက်ပံ့ငွေအပေါ် မှီတည်ပြီး အဓိက ရပ်တည်သွားဖို့ ဦးတည်တဲ့ နိုင်ငံရေး ရန်ပုံငွေဆိုင်ရာ ဥပဒေ သို့မဟုတ် ပါတီရန်ပုံငွေဆိုင်ရာ ဥပဒေတစ်ခု ရေးဆွဲပြဋ္ဌာန်းဖို့ လိုအပ်နေပါပြီ။ နောင်လာနောက်သား မြန်မာပြည်သူများအတွက် နိုင်ငံရေးကို ဆောင်ရွက်ကြရာမှာ သန့်ရှင်းတဲ့ ပိုက်ဆံကိုသုံးပြီး သန့်သန့်ရှင်းရှင်း တန်းတူရည်တူ ယှဉ်ပြိုင်စည်းရုံး လှုပ်ရှားရင်း ပြည်သူ့အကျိုးကို ဆောင်ရွက်တဲ့ စနစ်တစ်ခု ထွန်းကားဖို့ သန့်ရှင်းတဲ့ နိုင်ငံရေးစနစ် တစ်ခုကို အနာဂတ် မြန်မာပြည်သူတွေ အတွက် အမွေကောင်းတစ်ခု ချန်ထားခဲ့ဖို့ လွှတ်တော်ထဲက ပြည်သူ့ကိုယ်စားလှယ်တွေမှာ တာဝန်ရှိနေပါတယ်။ ဖြူဖွေးသန့်စင်သန့်ရှင်းဖို့ ဆိုရင် အစွန်းအထင်း အမည်းအညစ်တွေကို တတ်အားသရွေ့ လျှော်ဖွတ်ဆေးကြော သန့်စင်ရပါမယ်။

ဗဟိန်းဆွေ

  • TAGS