News

POST TYPE

OPINION

မြန်မာ့ကျန်းမာရေးကဏ္ဍ ဘာတွေပြောင်းလာလဲ
01-Jul-2016 tagged as

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံတစ်ခု

မနှစ်ကတော့ ရန်ကုန် ဝိတိုရိယဆေးရုံကို မိတ်ဆွေတစ်ယောက် ဆေးရုံတက်လို့ သွားကြည့်ခဲ့ပါတယ်။ အရက်သောက်ခြင်းဒဏ်ကြောင့် အသက် ၅၀ အရွယ်မှာ ပေါင်ညှပ် ရိုးတွင်းခြင်ဆီတွေ ကုန်ခန်းသွားလို့ အရိုးအစားထိုး ကုသခြင်း လုပ်ပါတယ်။ အရိုးအထူးကု ဆရာဝန်က ဝိတိုရိယက ဟိုတယ်လိုအခန်းမှာ တစ်ရက် ကျပ်သုံးသောင်းနဲ့ နေစေပြီး အာရှတော်ဝင် ခွဲစိတ်ခန်းကို ငှားရမ်းခွဲစိတ် အရိုးအစားထိုးကုပါတယ်။ ဆေးစစ်၊ ဆေးဝယ်၊ ခွဲစိတ်ကု၊ အရိုးအစားထိုးပစ္စည်း စတဲ့စရိတ်တွေနဲ့ ဆေးရုံမှာ နှစ်ပတ် နေထိုင်စရိတ် သိန်း ၇၀ လောက် ကုန်သွားပါတယ်။ သူငယ်ချင်းဖြစ်သူကို လာတွေ့ရင်း ဟိုတယ်လို သန့်ရှင်းသပ်ရပ်တဲ့ ဝိတိုရိယဆေးရုံမှာ စီတီစကင်နဲ့ အမ်အာအိုင်(1) စက်ခန်းကိုတွေ့လို့ မေးကြည့်တော့ တစ်ခါစမ်းရင် ကျပ်တစ်သိန်းကျော် ကျသင့်တယ် သိရပါတယ်။ တစ်ခါတလေ ကိုယ် လက်၊ ခြေ၊ ဦးနှောက်တွေ အသေးစိတ်ကြည့်လိုရင် ဒီစက်ကြီးတွေနဲ့ စမ်းသပ်ရပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်း ကလီစာတွေကို ကြည့်ရှုတဲ့ အာထရာဆောင်း(2) စက်တွေကတော့ ဈေးသိပ်မကြီးလို့ မြန်မာပြည်ဆေးရုံတိုင်း ရှိပါတယ်။ တစ်ခါစမ်းရင် ကျပ်တစ်သောင်းလောက် ကျသင့်ပါတယ်။

စာရေးသူ လွန်ခဲ့တဲ့ ၂ နှစ်က ဗီယက်နမ် ပုဂ္ဂလိကဆေးရုံတစ်ခုမှာ နေ့ဝက်ဆေးစစ်ရင်း စီတီစက်၊ ဓာတ်မှန်၊ ဆီး၊ သွေး၊ အီးစီဂျီ စစ်ဆေး ကုသခဲ့တဲ့ အတွေ့အကြုံအရ ဗီယက်နမ် ပုဂ္ဂလိကဆေးရုံ အဆင့် ရောက်ဖို့ မြန်မာများ ကြိုးစားနေကြတာ သမ္မတဟောင်း ဦးသိန်းစိန်ခေတ် ၂၀၁၁-၂၀၁၆ အတွင်းမှာ တော်တော်တိုးတက်လာတာကို တွေ့ရပါတယ်။ အထူးသဖြင့် ရောဂါရှာဖွေရေး ဆေးကုသခြင်းနဲ့ ခွဲစိတ်ကုသခြင်း တွေမှာတော့ ထိုင်းနိုင်ငံကို မမီပေမယ့် ဗီယက်နမ်နိုင်ငံ အဆင့်ကို တစ်ရှိန်ထိုး ရောက်ရှိလာပါတယ်။ ဗီယက်နမ်ကိုတော့ မမီသေးပါဘူး။ အထူးသဖြင့် လူနာနဲ့ ဆက်ဆံရေးမှာ အင်္ဂလိပ်စကား ကောင်းကောင်းပြောနိုင်တဲ့ ဆေးရုံတွေ နည်းပါသေးတယ်။

ကမ်ဘာဂမ်ဆေးရုံ(3)

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းမှာ ဦးနှောက်အထူးကု ဆရာဝန်နဲ့ ရက်ချိန်းသွားတွေ့ပါတယ်။ ရန်ကုန် ပုဂ္ဂလိကဆေးရုံကြီးများ ဖြစ်တဲ့ ဝိတိုရိယ၊ ပါရမီ၊ အက်စ်အက်စ်စီ စတဲ့ဆေးရုံတွေမှာ စီတီစကင်နဲ့ အမ်အာအိုင် စက်ကြီးတွေ ရှိပါတယ်။ ဂျပန်နိုင်ငံထုတ် တိုရှီဘာစက်ဖြစ်ပြီး စက်အသစ်ဆိုရင် စီတီစကင်စက် တစ်လုံးကို ဒေါ်လာတစ်သန်းနီးပါး ဈေးကြီးပါတယ်။ ကမ်ဘာဂမ် ဆေးရုံကတော့ မျက်နှာ၊ အသားအရေလှပမှု၊ ခရုသင်း အထူးကုသခြင်း၊ ခွဲစိတ်ခြင်းတွေကို အထူးပြုပါတယ်။ စီတီစကင် ဦးခေါင်း စမ်းသပ်တဲ့စက်ကြီးတော့ မထားပါဘူး။ တခြားဆေးရုံတွေဆီပဲ သွားစမ်းသပ် စေပါတယ်။ ၂၄ နာရီအလုပ်လုပ်တဲ့ ပါရမီဆေးရုံမှာ သွားရောက်စစ်ဆေးတော့ နာရီဝက်ပဲကြာပါတယ်။

ကမ်ဘာဂမ်ဆေးရုံကတော့ စင်ကာပူမှာ နှစ် ၃၀ နေထိုင်ဆေးကုခဲ့တဲ့ ဆရာဝန် ဒေါက်တာမြင့်မြင့်စန်း ဦးဆောင်တဲ့ ဆရာဝန်အဖွဲ့နဲ့ ဆေးရုံဝန်ထမ်းများ ဖြစ်ပါတယ်။ ခြောက်ထပ်မြင့်တဲ့ တက္ကသိုလ်ရိပ်သာလမ်းသစ်မှာ ပြောင်းရွှေ့ခဲ့တာ ၂ နှစ်ကျော်ပါပြီ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ရန်ကုန်မှာ ဆေးရုံဖွင့်ခဲ့ပြီး အခု မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲ ရေးမှာ ဆေးရုံတိုးချဲ့ခဲ့ပါတယ်။ ဝန်ထမ်း ၈၀ ကျော်နဲ့ အောင်မြင်စွာ ဆေးကုသခြင်း၊ အလှပြင်ခွဲစိတ်ခြင်းများကို လုပ်ဆောင်ပေးနေပါတယ်။

ဆေးရုံများရဲ့ ထုံးစံအတိုင်း နာမည်ကျော် ဆရာဝန်များစွာနဲ့ ချိတ်ဆက်ထားရပါတယ်။ ဥပမာ-အာထရာဆောင်းစက် ဈေးသိပ်မကြီးပေမယ့် စက်စမ်းသပ်မှု ကျွမ်းကျင်တဲ့ ဆရာဝန်ကိုရဖို့ ခက်ခဲပါတယ်။ ကမ်ဘာဂမ် ဆေးရုံမှာ အာထရာဆောင်း ကျွမ်းကျင်သူ ရောက်လာတဲ့အချိန် ညနေ ၃ နာရီမှာ အာထရာဆောင်း လုပ်လို့ရပါတယ်။ ပါရမီ၊ အက်စ်အက်စ်စီဆေးရုံ ကြီးတွေကတော့ စက်သာမက၊ ကျွမ်းကျင်သူများပါ ခန့်ထားနိုင် တဲ့အတွက် ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံသို့ ဆေးကုခြင်း

ယခင်ကဆိုရင် မြန်မာနိုင်ငံအစိုးရ အကြီးအကဲများ စင်ကာပူကိုပဲ ခွဲစိတ်ကုသခြင်း၊ ဆေးစစ်ခြင်းများ ပြုလုပ်ကြပါတယ်။ အခုတော့ မင်္ဂလာဒုံ စစ်ဆေးရုံ၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီးများမှာ ခွဲစိတ်၊ စမ်းသပ်စက်ကြီးများ ပြည့်စုံစွာ ရှိလာပါတယ်။ ဒါပေမဲ့ ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်ကြီး များကတော့ ရှားပါး၊ နည်းပါးဆဲဖြစ်ပါတယ်။ ဒါကလည်း အချိန်ယူ၊ သင်ကြားပို့ချရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆေးတက္ကသိုလ်များက ကျောင်းဆရာများနဲ့ သင်ကြားမှု အထောက်အကူပြုပစ္စည်း၊ လက်တွေ့ကွင်းဆင်းတဲ့ ဆေးရုံတွေမှာ ကျွမ်းကျင်တဲ့ဆရာ၊ ပစ္စည်းအင်အား ဖြည့်ဆည်းပေးနေဆဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူနဲ့ အထူးခွဲစိတ် စက်ကိရိယာများ လိုအပ်လာတဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်စတဲ့ ခွဲစိတ်ကုသခြင်းများမှာ စင်ကာပူနဲ့ ထိုင်းနိုင်ငံကို သွားရောက်ကုသခြင်း ခေတ်စားလာတာ မဆန်း ပါဘူး။ အခု ၂၀၁၁ နောက်ပိုင်းမှာ မြန်မာပြည်တွင်း ရောဂါရှာဖွေရေး စက်ကိရိယာတွေ တိုးတက်လာလို့ နိုင်ငံခြား သွားရောက်ကုသခြင်းများ နည်းပါးလာပါတယ်။ ၂၀၁၆ ဧပြီလအတွင်း နိုင်ငံတော်အကြီးအကဲ ဒေါ်အောင်ဆန်းစုကြည် မျက်စိခွဲစိတ်တာ မြန်မာပြည်မှာပဲ အောင်မြင်စွာ လုပ်ဆောင်ခဲ့ပါတယ်။

အသက်မွေးပညာ ဆေး၊ အင်ဂျင်နီယာ ဘာသာရပ်တိုင်းမှာ သင်ကြားမှုအားနည်းဆဲ ဖြစ်ပါတယ်။ စံနမူနာ တက္ကသိုလ်များကိုရွေးပြီး ကျွမ်းကျင်ဆရာနဲ့ အထောက်အကူ ပစ္စည်းများ ပံ့ပိုးဖို့ နိုင်ငံတော်အစိုးရက ကြိုးစားနေသလို တစ်ဖက်ကလည်း ပုဂ္ဂလိက တက္ကသိုလ်များကို အားပေးနေပါတယ်။ ဆေးတက္ကသိုလ်ဆိုရင် ဆေး(၂)၊ စက်မှုတက္ကသိုလ် ဆိုရင် အင်းစိန်ဝိုင်တီယူ(4) တွေကို အထူးပြုပြီး၊ ကျွမ်းကျင်သူနဲ့ အထောက်အကူပစ္စည်းများ ပုံပေးနေတာကို တွေ့ရပါတယ်။ ပညာရေးနဲ့ ကျန်းမာရေးကို နိုင်ငံတကာအကူအညီ အထောက်အပံ့များစွာ ရရှိလို့ ဆရာအရည်အချင်း တိုးတက်ရေး၊ နိုင်ငံခြားကို လေ့လာရေး၊ ပညာသင်ရေး လွှတ်နိုင်လာပါတယ်။

လူနာများနဲ့ လူနာရှင်များလည်း ငွေတတ်နိုင်တယ်ဆိုရင် နိုင်ငံခြားကို ဆေးကုသချင်သူများ ရှိပါတယ်။ အထူးသဖြင့် စင်ကာပူမှာ နေထိုင်တဲ့ မြန်မာများက သူတို့မိသားစုဝင်၊ ဆွေမျိုးများ ဆေးစစ်၊ ဆေးကု၊ ခွဲစိတ်လိုရင် စင်ကာပူဆေးရုံတွေကို လာရောက်ဖို့ အားပေးကြပါတယ်။ အရင်က နှလုံးရောဂါ၊ ကင်ဆာရောဂါ လူနာတွေကို စင်ကာပူ (သို့မဟုတ်) ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာရောက်ကုသလေ့ ရှိပါတယ်။ အခုတော့ ဒီရောဂါတွေ ကိုလည်း အထူးသဖြင့် ကင်ဆာဓာတ်ရောင်ခြည်နဲ့ ကီမိုသာရဖီ(5) တွေလည်း မြန်မာပြည်ဆေးရုံများမှာ ကုသနေပြီဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူရောက် မြန်မာများစွာ မြန်မာပြည်ပြန်ပြီး ဆေးကုသ၊ ခွဲစိတ်ခြင်းတွေ လုပ်နေကြတဲ့ခေတ် ဖြစ်လာပါတယ်။

ဘန်ကောက်မြို့ ဆေးရုံများကတော့ အရှေ့အလယ်ပိုင်း အာရပ် သူဌေးကြီးများ လာရောက်ကုသကြပါတယ်။ စင်ကာပူကတော့ အရှေ့တောင်အာရှ နိုင်ငံများက သူဌေးနဲ့ အစိုးရအကြီးအကဲတွေ လာရောက်ကုသ၊ ခွဲစိတ်ကြပါတယ်။ အိန္ဒိယ၊ တရုတ်ပြည်တွေမှာတော့ ခန္ဓာကိုယ်အစိတ်အပိုင်းများ အစားထိုးကုသခြင်း (နှလုံး၊ ကျောက်ကပ်) စတဲ့ ခွဲစိတ်ကုသခြင်းများ တိုးတက် ထွန်းကားပါတယ်။

ဆရာဝန်နဲ့ ရှေ့နေ(6)

ဘယ်နိုင်ငံမှာမဆို ကျွမ်းကျင်သူ လူသားများကို လူမှန်နေရာမှန် ထားနိုင်ရင်၊ အသုံးချနိုင်ရင် နိုင်ငံတိုးတက်ပါတယ်။ စင်ကာပူ၊ ဟောင်ကောင်၊ ဂျပန်စတဲ့ နိုင်ငံများက စံနမူနာဖြစ်ပါတယ်။ ဘာမှ သယံဇာတ မထွက်ပေမယ့် လူသားအစွမ်းအစ(7) ကို ကောင်းစွာ အသုံးချနိုင်ပါတယ်။ အဲဒီ လူသား ကျွမ်းကျင်သူများမှာ ဈေးအကြီးဆုံးကတော့ ဆရာဝန်နဲ့ ရှေ့နေတို့ဟာ အဓိကဖြစ်ပါတယ်။ တက္ကသိုလ်များမှာလည်း ဝင်ခွင့်အမှတ် အများဆုံးကို ကြည့်ရင် ဆရာဝန် ဆေးတက္ကသိုလ်နဲ့ ဥပဒေ ရှေ့နေပညာရပ်များ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကတော့ ဆရာဝန်အမှတ် အများဆုံး လိုအပ်ပေမယ့် ဥပဒေစိုးမိုးမှု လုံးဝမရှိတော့ ရှေ့နေနည်းပညာမှာ ဝင်ခွင့်အမှတ်များစရာ မလိုပါဘူး။ ဒါက မတိုးတက်သေးတဲ့ သဘောဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်လာရင် ဥပဒေပညာရှင်များ တက္ကသိုလ်ဝင်ခွင့် အမှတ် ဆေးတက္ကသိုလ်လို မြင့်မားလာမှာဖြစ်ပါတယ်။

အရည်အသွေး နဲ့ပတ်သက်ပြီး- 
နိုင်ငံတကာမှာ အမ်လေးလုံးနဲ့ အီးတစ်လုံး(8) ခေတ်စားပါတယ်။
နံပါတ် (၁) - လူသား
နံပါတ် (၂) - နည်းပညာ
နံပါတ် (၃) - ကုန်ကြမ်း
နံပါတ် (၄) - ငွေကြေး
နံပါတ် (၅) - ပတ်ဝန်းကျင်တို့ ဖြစ်ပါတယ်။

ဒါကြောင့် ငွေကြေးရှိတိုင်း အရင်းအနှီးမရှိလို့ ဆိုပြီး တောက်ခေါက်နေသူများ ငွေကြေးဘယ်လောက် ချမ်းသာပေမယ့် မလုပ်တတ်ရင် တစ်နှစ်အတွင်း ကုမ္ပဏီကြီးတွေပါ ပြုတ်ပြုန်းသွားနိုင် ပါတယ်။ အမေရိကန် ဒေါ်လာတစ်သန်း (ကျပ်သိန်းတစ်သောင်း)လောက်တော့ စားသောက် ဆိုင်၊ ဟိုတယ်လုပ်ငန်း မလုပ်တတ်ရင် တစ်နှစ်မကြာဘူး ပြုတ်သွားနိုင်ပါတယ်။ ဒေါ်လာသန်းပေါင်းရာနဲ့ချီ ရင်းနှီးဖို့လာတဲ့ နိုင်ငံခြားကုမ္ပဏီကြီးများက နံပါတ် (၁) ကျွမ်းကျင်သူပညာရှင်နဲ့ အလုပ်သမားများနဲ့ မြန်မာပြည်ကို လာကြပါတယ်။

ဒါကြောင့် မြန်မာပြည်ကိုပြန်လာ ရင်းနှီးမြှုပ်နှံသူများ လုပ်ငန်းအသေး ဆိုရင် မိမိကိုယ်တိုင် အထူးကြိုးစားအချိန်ပေး၊ လေ့လာ ဆည်းပူးရပါမယ်။ ယုံကြည်တဲ့ ကျွမ်းကျင်လူတစ်ယောက်ကို ရအောင်ရှာပြီး အတူလုပ်ကိုင်ခြင်းက အရင်းအနှီးများများ ရှိသူအတွက် ကောင်းပေမယ့် အရင်းအနှီး ဒေါ်လာတစ်သောင်း၊ တစ်သိန်းလောက်နဲ့ လာရောက်သူများ အတွက်ကတော့ မိမိကိုယ်တိုင် အချိန်ပေး လုပ်ရပါတယ်။ ငွေကြေးဆိုတာ ဘာလုပ်ငန်း၊ ပရောဂျက်မဆို နံပါတ် (၄) အဆင့်မှာပဲ ရှိပါတယ်။ မြန်မာပြည်ရဲ့ ပတ်ဝန်းကျင်ကလည်း ထူးခြားပါတယ်။ လူတွေရွေးချယ်ရင် မြန်မာနိုင်ငံအကြီးအကဲ ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပြောသလို တတ်တဲ့လူထက်စာရင် သင်လို့ရတဲ့ လူ(9) ပဲလိုတယ်ဆိုတာကို မြဲမြဲမှတ်ထားရပါတယ်။ သင်လို့ရတဲ့လူတွေပဲ ကြိုးစား လုပ်ကိုင်ရင်း ငါးနှစ်အတွင်း ပညာထူးချွန်သူ၊ စီးပွားအောင်မြင်သူ လူငယ်၊ လူကြီးများစွာ မြန်မာနိုင်ငံမှာ ပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။

နိဂုံး

မြန်မာနိုင်ငံရဲ့ ဆေးကုသခြင်း၊ ဆေးရုံများအကြောင်း ကတော့ ပထမ ငါးနှစ်ကာလမှာ ထုံးစံအတိုင်း ခြစားမှုတွေ အမြောက်အမြား တွေ့ရပါတယ်။ ရန်ကုန် မြို့လယ်ကောင်က ပြည်သူ့ဆေးရုံကြီးရဲ့ မြေနေရာကို ပုဂ္ဂလိကဆေးရုံတစ်ခုက နှစ်ရှည် ငှားရမ်းလိုက်ခြင်းကို ဆရာဝန်များနဲ့ ပြည်သူများက ပြင်းထန်စွာကန့်ကွက်လို့ ပြည်သူ့လွှတ်တော်က အဲဒီ မတရားစာချုပ်ကို ၂၀၁၆ မှာ ပယ်ဖျက်ပေးခဲ့ပါတယ်။ အလားတူ နိုင်ငံတကာ ထောက်ပံ့ငွေများစွာ ရရှိပြီး တိုင်းနဲ့ပြည်နယ်ဆေးရုံများမှာ ဆေးပစ္စည်းများ ဝယ်ယူဖို့ ဘတ်ဂျက်ငွေတွေ အမြောက်အမြား ရရှိပါတယ်။ ဆေးရောင်းတဲ့ ကုမ္ပဏီများက ဆေးရုံ တာဝန်ခံများကို ပြေးကပ်ရပါတယ်။ သိန်းပေါင်းရာချီပြီး ကျန်းမာရေးထောက်ပံ့မှုတွေ ရပါတယ်။ ခြစားမှုတွေ များစွာရှိပေမယ့် အခု အစိုးရပြောင်းသွားတော့ ခြစားမှုများ တန့်သွားတာကို ဝမ်းမြောက်ဖွယ် တွေ့ရပါတယ်။

အစိုးရဆေးရုံများကတော့ ဆင်းရဲမွဲတေလျက်ပဲ ရှိပါတယ်။ အစိုးရ ဆေးရုံတာဝန်ကျ ဆရာဝန်၊ ဆရာမ၊ ဝန်ထမ်းများက ပညာရေးဝန်ထမ်းလိုပဲ မေတ္တာ၊ သစ္စာ ရှေ့ထားပြီး စေတနာနဲ့ အနစ်နာခံလုပ်နေကြတာ တွေ့ရပါတယ်။ ဆေးရုံတင်ချင်ရင် အလွယ်တကူ တင်ပေးလို့ရပေမယ့် ဆေးဖိုး၊ ထိုးဆေး၊ လူနာစောင့်များကိုတော့ ကိုယ့်စရိတ်နဲ့ ကိုယ်ခံရပါတယ်။ ဆေးရုံ ရန်ပုံငွေအတွက် ပြည်သူများ၊ ကုမ္ပဏီများက အလှူများစွာ ပေးနေသလို အလှူခံဆိုင်းဘုတ် တွေလည်း အစိုးရဆေးရုံတိုင်း တွေ့ရပါတယ်။ ဆေးရုံ တော်တော်များများမှာ လူနာများအတွက် ရေနဲ့အစားအသောက် ကုသိုလ် ဒါနပြုသူ သူဌေးများ၊ သာမန်လူများစွာ တွေ့ရပါတယ်။ အရင်ကလို ဆေးရုံထဲဝင်တာနဲ့ အပေါက်စောင့်ကို ဝင်ကြေးပေးရတဲ့ ခေတ်ဆိုးကြီး ထဲက လွတ်မြောက်လာတာ သုံးနှစ်လောက်ရှိပါပြီ။

ပုဂ္ဂလိကဆေးရုံများနဲ့ မြန်မာပြည် ဆေးပညာတက္ကသိုလ်များ၊ သက်မွေးသူနာပြုများ မွေးထုတ်ခြင်းကိုလည်း နိုင်ငံတော်က အားပေးနေပါတယ်။ ပုဂ္ဂလိက ဆေးတက္ကသိုလ် နည်းပါးပေမယ့် ပုဂ္ဂလိက သူနာပြုသင်တန်းများ ရှိနေပါတယ်။ ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ဓာတ်မှန်၊ ဆေးပညာရှင်များကို အစိုးရ (ကျန်းမာရေးဝန်ကြီးဌာန)ရဲ့ တာဝန်ဖြစ်နေပါတယ်။ အထူးသဖြင့် ပေါ်လစီကို ရေးဆွဲ အကောင်အထည်ဖော်မယ့် နိုင်ငံတော်အစိုးရ ဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ထမ်း၊ အရာရှိကြီးများ အပေါ် လုံးဝ တာဝန်ရှိပါတယ်။

၂၀၁၆ မြန်မာနိုင်ငံ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်အတိုင်း ပြုပြင်ပြောင်းလဲနေတဲ့ အထူးသဖြင့် စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ မေတ္တာ၊ သစ္စာနဲ့ ပြောင်းလဲနေတဲ့ ကျန်းမာရေးလောကကို ကြိုဆိုရပါမယ်။ ကျန်းမာရေးမှာ အကောင်းဆုံးသော ဆရာဝန်ဟာ မိမိသာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မိမိကျန်းမာရေးကို အထူးဂရုစိုက်ဖို့ နေထိုင်စားသောက်မှုမှာ သင့်တင့်မှ ဂရုစိုက်ပါမှ တစ်ပါးသူအတွက် ကူညီနိုင်မှာဖြစ်ပါတယ်။

ရွှင်လန်းကျန်းမာကြပါစေ။ 
ဇော်အောင်

1. CT Scan & MRI
2. Ultra Sound
3. KENBANGAN UCH Hospital, Yangon
4. YTU Yangon Technology University, Insein
5. Cancer treatment
6. Medical Doctor & Lawyer
7. Human Resource
8. 4M and 1E (1.Man, 2.Method, 3.Material, 4.Money and Environment)
9. Teachable Person

  • TAGS