News

POST TYPE

OPINION

သမိုင်းတစ်ခေတ်ကို ဆန်းသစ်လိုလျှင် (Daily, Vol-4/No-69)
01-Jul-2016 tagged as

သမိုင်းကျောင်းသားသစ်များ ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တစ်ခုတွင် ပါမောက္ခကြီးတစ်ဦးသည် စကားပြောစင်မြင့်ပေါ် တက်လာပြီးနောက် -

“အေး … တွေ့တုန်းဆုံတုန်း ငါပြောလိုက်မယ်။ စိတ်ဝင်စားမှ သမိုင်းကို ယူ။ ဘွဲ့ရရုံသက်သက်ဆိုရင် မယူနဲ့။ သမိုင်းဘွဲ့ရရင် ရာထူးရာခံ ရမယ်လို့ မျှော်ကိုးရင်လည်း သမိုင်းကို မယူကြနဲ့။ တို့ကတော့ မင်းတို့ကို မအ,အောင် သမိုင်းသင်ပေးမှာပဲ။ ဒါပဲ။ မင်းတို့ ပြန်နိုင်ပြီ” ဟု ပြတ်ပြတ်ပြောကာ စင်ပေါ်မှ ပြန်ဆင်းသွားသူမှာ သမိုင်းပညာရှင် ဒေါက်တာသန်းထွန်း ဖြစ်သည်။

သမိုင်းကို မအ,အောင် သင်ပေးမည်ဆိုသည့် ဆရာများခေတ်တွင် မွေးထုတ်လိုက်သည့် ပညာရှင်များကလည်း မနည်းလှပေ။ ဆရာလောက်နီးပါး လက်စောင်းထက်သည့် ပညာရှင်များကိုလည်း မွေးထုတ်နိုင်ခဲ့ပါသည်။ သို့သော် ပညာရပ်ဆိုင်ရာ ကိစ္စများကို သုတေသန လုပ်နိုင်မှုများ၊ သုတေသန လုပ်ဆောင်နိုင်ရန် မွေးထုတ်နိုင်သည့် အရည်အချင်းများ၊ သုတေသန ပြုလုပ်နိုင်သူများ နည်းပါးလာသည့်အခါတွင် ပညာရပ်များသည် တဖြည်းဖြည်း သေလာခဲ့ရသည်။ ဆရာကြီး ဒေါက်တာသန်းထွန်းကပင် သူ့ကို ပညာရှင်ဟု ခေါ်သည်ကို မကြိုက်။ ‘ပညာသေ’ ဟု ကြိုတင်ပြောကြားသွားခဲ့သည်မှာ ပညာသေများခေတ်ကို ရောက်လာစေသည့် နိမိတ်ဖတ်မှု များလားဟု ထင်မှားစရာပင်။

မကြာသေးမီက တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ကြားသူများ နည်းပါးလာသည့် သတင်းတွေ ထွက်လာသည်။ တက္ကသိုလ်ဝင်တန်းကိုပင် စိတ်ကြိုက်မြန်မာစာယူသူ တစ်နိုင်ငံလုံးတွင် ရှားပါးလာခြင်းမှာ သင်သူ မရှိသောကြောင့်လား၊ ယူသူ မရှိသောကြောင့်လား။

ဝိဇ္ဇာဘာသာရပ်များသည် စာမေးပွဲ အောင်မြင်ရန် မသေချာသောကြောင့် ဆိုသည့် သဘောတရားမျိုးများ သင်ယူသူ ခေါင်းထဲသို့ ဝင်လာခြင်းမှာ စာကို အလွတ်ကျက်ဖြေရသည် ဆိုသော စနစ်ကြောင့်လည်း ပါသည်။ သဘောတရားကို ကျေညက်အောင် လေ့လာဖြေဆိုရသည် ဆိုခြင်းထက် ပုံနှိပ်ထဲက အကြောင်းအရာများကို အလွတ်ပြန်ရေးနိုင်မှ အမှတ်ကောင်းစွာ ရနိုင်သည်ဆိုသည့် သဘောတရားများ လွှမ်းမိုးနေလျှင်လည်း ဝိဇ္ဇာဘာသာရပ်များအပေါ် စိတ်ဝင်စားသူများ နည်းပါးလာနိုင်သည်။

တက္ကသိုလ်ဝင်တန်းအောင်လျှင် ကိုယ်လိုချင်သည့် ဘာသာရပ်ကို ကျောင်းသားသည် လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိပါသလား။ ရမှတ်အနည်းအများအလိုက် ကျောင်းသားက ရွေးချယ်ခွင့် မရှိသည့် တက္ကသိုလ်ဝင်ခွင့် စနစ်များကိုလည်း ပြန်လည်စဉ်းစားသင့်ပါပြီ။ စာမေးပွဲ အောင်ရေးသာ အဓိကဆိုပြီး အအောင်များနိုင်သည့် မေဂျာများကို လျှောက်လျှင်လည်း ဝိဇ္ဇာဘာသာရပ်များတွင် လျှောက်ထားသူများ နည်းသွားနိုင်ပေလိမ့်မည်။

အဓိက အကြောင်းတရားကို ပြန်လေ့လာကြည့်လျှင် ယခင်က ဆရာများသည် ‘ငါစာမသင်’ ဘူးဟု ဂုဏ်ယူကာ ပြောချင်ရာ ပြောသွားသည့်ခေတ်က တတ်မြောက်မှုနှုန်းနှင့် စာအုပ်ထဲကစာမှ လွဲပြီး ဘာတစ်ခုမျှ အပိုသင်ခွင့် မရကြသည့် ခေတ်ကို နှိုင်းယှဉ်အကဲဖြတ်ရန်သာ ဖြစ်သည်။

လွတ်လပ်စွာ တွေးခွင့်ဆွေးနွေးခွင့် ဖော်ထုတ်ခွင့်များရသည့်ခေတ်က ဝိဇ္ဇာကို ကျောင်းသားများ အလွန်စိတ်ဝင်စားကြသည်။ လွတ်လပ်စွာ ဖော်ထုတ်ဆွေးနွေးခွင့်များ ဆုံးရှုံးလာသည့် ခေတ်များတွင် သမိုင်းလို ဘာသာရပ်များမှာ ချောင်ထိုးထားစရာ ဖြစ်သွားသည်။

မအ,အောင် သမိုင်းသင်ကြရမည့် နေရာတွင် မအ, အအောင် ကြံဆောင်နေသည့် စနစ်ကြောင့် သမိုင်းပျောက်မလို ဖြစ်ခဲ့ရသည်ဟု သုံးသပ်မိပါသည်။ သမိုင်းဆိုသည်မှာ အအောင်ကြံဆောင်နေသူများ စိုးမိုးနေသည့်ခေတ်တွင် မရှိတော့ကြောင်းကို လွတ်လပ်သည့် သမိုင်းကြောင်းများ၊ သမိုင်းစစ် သမိုင်းမှန်များကို ပြန်လည် ဖော်ထုတ်ပြနိုင်ခြင်းဖြင့်သာ သမိုင်းတစ်ခေတ် ပြန်လည်ဆန်းသစ်လာစေနိုင်မည် ဖြစ်သည်။

အယ်ဒီတာ (၂၉-၆-၂၀၁၆)

  • TAGS