News

POST TYPE

OPINION

အာဏာတည်မြဲရေး လုပ်နေတာ မဟုတ်ဘူးဆိုတာ ၂၁ ရာစု ပင်လုံမှာ သက်သေပြလိုက်စမ်းပါ
05-Aug-2016
တရားမျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေ ရှိနေသမျှ ကာလပတ်လုံး မြန်မာတိုင်းရင်းသား ပြည်သူလူထုတွေရဲ့ နိုင်ငံအပေါ် အာဏာပိုင်စိုးမှုဟာ အမြဲ ရှိနေမှာ ဖြစ်သလို မြန်မာတိုင်းရင်းသား ပြည်သူလူထုကလည်း မိမိတို့ ရွေးကောက် ပေးလိုက်တဲ့ နိုင်ငံရေးပါတီ ကိုယ်စားပြုသူတို့ အစိုးရအဖွဲ့ရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ခံယူရမှာ ဖြစ်တယ်၊ တာဝန်ယူကြရမှာလည်း ဖြစ်ပါတယ်။ ဒီနေ့တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် မြန်မာတိုင်းရင်းသား လူထုက မည်သို့ပင် ထင်မြင်သုံးသပ် ကြစေကာမူ အဲဒီအခြေခံ ဥပဒေအရ ကျင်းပတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ NLD နိုင်ငံရေးပါတီနဲ့ ကိုယ်စားပြုတွေကို ပြည်သူလူထုက ပခုံးနဲ့ ထမ်းတင်ပေးလိုက်တာ ဖြစ်တဲ့အတွက် NLD အစိုးရရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို မြန်မာလူထုက ခံယူရပါမယ်၊ တာဝန် ယူရပါမယ်။ ပြည်သူလူထုက ခံယူနိုင်ဖို့၊ တာဝန်ယူနိုင်ဖို့၊ ပြည်သူလူထုကိုလည်း လွတ်လပ်တဲ့ ထွက်ပေါက် (လွတ်လပ်စွာ ပြောဆို ရေးသားခွင့်) တွေပေးပါမှ ပြည်သူလူထုက ပခုံးထမ်းတင် ပေးလိုက်တဲ့ အစိုးရကလည်း ပြည်သူအပေါ် တာဝန်ကျေမှာ ဖြစ်ပါတယ်။

လူထုက အာဏာပိုင်စိုးတဲ့ ရွေးကောက်ပွဲများ

မြန်မာတိုင်းရင်းသား ပြည်သူလူထုတွေ ကိုယ်တိုင် လုံးဝ အာဏာ ပိုင်စိုးခွင့် ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ သမိုင်းတွေ ရှိခဲ့ပါတယ်။ အဲဒီ ပြည်သူကို အာဏာ ပေးတဲ့ ရွေးကောက်ပွဲတွေရဲ့ ကနဦး သမိုင်းအစကတော့ ရှမ်းပြည်နယ် (တောင်ပိုင်း) ပင်လုံမြို့မှာ ၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က စတင် ပြင်ဆင်ခဲ့တာပါ။ အဲဒီအခြေခံအပေါ် အောင်ဆန်း အက်တလီ စာချုပ်ကို ဇန်နဝါရီ ၂၇ ရက်နေ့ ၁၉၄၇ ခုနှစ်မှာ လက်မှတ်ထိုး နိုင်ခဲ့ပေမယ့် “အောင်ဆန်း အက်တလီ စာချုပ်သည် ကချင်၊ ချင်း၊ ရှမ်း တိုင်းရင်းသားများနဲ့ မသက်ဆိုင်စေရ၊ လွတ်လပ်ရေး ရပြီးသောအခါ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိသည်”ဆိုတဲ့ တစ်လ မပြည့်သေးမီ ဖေဖော်ဝါရီ ၆ ရက်၊ ၁၉၄၇ နေ့ ပင်လုံမှာပဲ ပြုလုပ်တဲ့ ကချင်၊ ချင်း၊ ရှမ်းတိုင်းရင်းသား ကိုယ်စားလှယ်များက ဆုံးဖြတ် လိုက်ပြန်ပါတယ်။ အဲဒီအချက်က ၁၉၄၇ ခု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာမျက်နှာ ၂၅၂/၂၅၃ မှာ ဖော်ပြ ပေးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တိုင်းရင်းသား လူထုရဲ့ အချုပ်အခြာ အာဏာ ပိုင်စိုးမှုဖြစ်တဲ့ ရွေးကောက်ပွဲတွေကို ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက် တပ်မတော် အိမ်စောင့် အစိုးရကို အာဏာ လွှဲပြောင်းပေးရတဲ့နေ့ မတိုင်မီ ၁၉၅၆ ခုနှစ် ဧပြီလ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ် ပေးနိုင်ခဲ့ပါတယ်၊ တပ်မတော် အိမ်စောင့်အစိုးရကလည်း “ဒိုင်”အဖြစ်နဲ့ အဲသလို ရွေးကောက်ပွဲကို ၁၉၆၀ ဖေဖော်ဝါရီလမှာ ရွေးကောက်ပွဲ ပြုလုပ်ပေးခဲ့တဲ့ သမိုင်းတွေ ရှိခဲ့ပါတယ်။

လူထုအာဏာ ပါတီသိမ်း

ဒါပေမဲ့ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာမျက်နှာ ၂၅၂/၂၅၃ မှာ ဒီမိုကရေစီ အနှစ်သာရကို ယုံကြည်ပြီး ဖော်ပြခဲ့တဲ့ အချက်ကို ထောက်ပြပြီး တပ်မတော်နောက်ခံ တော်လှန်ရေး ကောင်စီက ၁၉၆၂ မတ်လ ၂ ရက် အာဏာသိမ်းရခြင်း အကြောင်းအရင်းထဲမှာ ဖော်ပြခဲ့တာ သတိပြုမိပါတယ်။ (ရည်ညွှန်း၊ တော်လှန်ရေး ကောင်စီ၏ ၁၉၆၂ ခုနှစ်၊ မတ်လ ၇ ရက် သတင်းစာ ကွန်ဖရင့်) အဲဒီနောက် မတ်လ ၁၆ ရက်၊ ၁၇ ရက် တော်လှန်ရေး ကောင်စီ အစည်းအဝေးများက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထူထောင်ဖို့ ဆုံးဖြတ်ပြီး ၁၉၆၂ ဇူလိုင် ၄ ရက် (တိုက်တိုက်ဆိုင်ဆိုင် အမေရိကန် လွတ်လပ်ရေးနေ့)မှာ အမြုတေ ပါတီ ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကြားရက်တွေထဲမှာ ဆန် အရေးအခင်း၊ တရုတ်-ဗမာ အရေးအခင်းကြီးတွေ ဖြစ်ခဲ့ပါတယ်။ နိုင်ငံရေးအရ ထိန်းသိမ်းထားတဲ့ ခုနစ်ရက် သားသမီးတွေ ဦးရေ (သောင်းကျော်)ကို “ထောင်ခါ” လွှတ်ခဲ့ပါတယ်။ ဖွဲ့စည်းပုံ အသစ်အတွက် အကြံပေး ၃၃ ဦး ကော်မတီကို ၄-၁၂-၁၉၆၈ နေ့မှာ ဖွဲ့ပါတယ်။ တော်လှန်ရေး ကောင်စီရဲ့ နိုင်ငံရေး ကစားကွက်အဖြစ်သာ အဖတ်တင်ခဲ့ပါတယ်။ (၂၅-၈-၁၉၇၁) ရက်မှာတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရေး ကော်မရှင် ဖွဲ့လိုက်ပြီး (၁၅-၁၂-၁၉၇၃) မှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်ခဲ့ပါတယ်၊ (၃-၁-၁၉၇၄)ရက်မှာတော့ 
မြန်မာနိုင်ငံအတွက် ဒုတိယမြောက် ဖွဲ့စည်းပုံအဖြစ် ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြေညာလိုက်ပါတယ်။ ပြည်သူလူထုက လုံးဝ အချုပ်အခြာ အာဏာပိုင်တဲ့ ရွေးကောက်ပွဲကို မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီက သိမ်းပိုက် လိုက်ပါတော့တယ်။

အချိန်တွေ ဖြုန်းသလိုမျိုး

တိုင်းရင်းသား ပြည်သူလူထုအတွက် လုံးဝ အချုပ်အခြာပိုင်တဲ့ ၁၉၆၀ ခုနှစ် ပါလီမန် ဒီမိုကရေစီ ရွေးကောက်ပွဲမျိုးတွေ မြန်မာနိုင်ငံမှာ မရှိခဲ့တာ ၂၀၁၅ ရွေးကောက်ပွဲ ကာလအထိ နှစ်ပေါင်း ၅၅ နှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့လို ကမ္ဘာရွာကြီးခေတ်မှာ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားတိုင်းဟာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ပိုင်ဆိုင်ခွင့် ရသင့်ကြပါတယ်၊ ရချင်ကြပါတယ်။ ဒီထွက်ရပ်လမ်းကို ဖောက်ဖို့ NLD အစိုးရကိုပဲ တာဝန် ပုံချပေးထားလို့ မဖြစ်သလို NLD အစိုးရကလည်း “လမ်းကြော”ကို ရှာပေးဖို့ တာဝန် ယူရပါ့မယ်။ လူထု ကိုယ်စားလှယ်တွေကို  လွှတ်တော်ထဲမှာ အစည်းအဝေးတွေနဲ့ အချိန်ကြာမြင့်စွာ ပိတ်လှောင်ထားပြီး ကြာလေလေ ပြည်သူလူထုနဲ့ အကျောပြတ်လေ ဖြစ်စေနိုင်မယ့် “ရုပ်ပြသေနတ် ဗျူဟာမျိုး”က လမ်းကြော ရှာပေးရမယ့် အချိန်တွေကို “အဖဲ့” ခံနေရသလို သံသယ ဝင်မိပါတယ်။ တိုင်းရင်းသား ပြည်သူလူထုတွေရဲ့ လမ်းကြောသစ်အတွက် အချိန်ကို ခြိုးခြံဖို့လိုသလို “အရင်လိုလမ်းအို” လိုက်တာလည်း လိုက်ဖို့နဲ့ လမ်းသစ်ဖောက်ဖို့ အချိန်များများ ပေးစေလိုပါတယ်။ အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ပါဘူး။ (Time and Tide Wait For No man)

တစ်လှေတည်းစီးပြီး လှော်ခတ်ခဲ့

အဲသလို လမ်းကြောသစ် ရှာတဲ့နေရာမှာ NLD တစ်ပါတီကပဲ ရှာတာမျိုး မဟုတ်ဘဲ ဒီမိုကရေစီ မျက်နှာဖုံး စွပ်ဖို့သာသုံးတဲ့ နိုင်ငံရေး ပါတီတွေကိုတော့ အထူး သတိထားပြီး ဒီမိုကရေစီ စစ်စစ်ကို နှစ်နှစ်ကာကာ ယုံကြည်တဲ့ နိုင်ငံရေး ပါတီတွေ၊ အထူးသဖြင့် တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကိုလည်း “ဘုတ် ကျီးရိုသေ၊ ကျီး ဘုတ်ရိုသေ” ဆက်ဆံရေးနည်းနဲ့ တစ်လှေတည်းစီးပြီး ခရီးအတူ သွားသင့်ပါတယ်။ အဲသလို နိုင်ငံရေး နည်းလမ်းကောင်းတွေဟာ မြန်မာ့နိုင်ငံရေး သမိုင်း စာမျက်နှာတွေပေါ်မှာ သင်ခန်းစာကောင်းတွေအဖြစ် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ကြီးကို ဗြိတိသျှတို့လက်အောက်က လွတ်မြောက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့ ကာလမှာ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေဟာ အမြင်ချင်း၊ ယုံကြည်ချက်ချင်း မတူညီကြပေမယ့် “လွတ်လပ်ရေးသာ ရမယ်ဆိုရင်”ဆိုတဲ့ ရည်ရွယ်ချက်မှာတော့ လက်တွဲ မဖြုတ်ခဲ့ကြတာ သမိုင်း သာဓက ဖြစ်ပါတယ်။ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်)ရဲ့ အိန္ဒိယသို့ ရှောင်တိမ်းတဲ့ မှတ်တမ်းများနဲ့ ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်ရဲ့ မှတ်တမ်းများမှာ ဖော်ပြထားတာ ဖတ်ဖူး မှတ်ဖူးပါတယ်။ သခင်သိန်းဖေဟာ ပြည်သူ့ အရေးတော်ပြုပါတီ (မြေအောက်ယူနစ်)မှာ ဗိုလ်ခင်မောင်လေး (နောင် ဖဆပလဝန်ကြီး)နဲ့ ပူးတွဲ တာဝန်ယူခဲ့တယ်။ ၁၉၄၂ ခုနှစ် ြသဂုတ်လမှာ အင်္ဂလိပ် စစ်ပြေး အစိုးရရုံးစိုက်ရာ အိန္ဒိယနိုင်ငံ ဆင်းမလားမြို့ကို သွားတဲ့အခါ သခင်တင်ရွှေ (ဖိုးယုံ) (နောင် ကွန်မြူနစ်ပါတီ)နဲ့ အတူသွားတယ်။ ဗြိတိသျှဘုရင်ခံ (ဆာဒေါ်မန်စမစ်)ရဲ့ အကြံပေး ပုဂ္ဂိုလ်တွေဖြစ်တဲ့ ဆာပေါ်ထွန်း၊ ဝန်ကြီး ဦးထွန်းအောင်ကျော်တို့နဲ့လည်း သဘောထားချင်း တူခဲ့ကြတယ်လို့ သူ့ မှတ်တမ်းမှာ ဖော်ပြတယ်။

တစ်သားတည်း

သမိုင်းထင်ရှားတဲ့ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ သခင်နု၊ သခင်စိုးနဲ့ သခင်သန်းထွန်းတို့ဟာလည်း ဂျပန်ကို ဆန့်ကျင်ဖို့ သခင်တွေရဲ့ကိုယ်စား တရုတ် ချန်ကေရှိတ်ကူမင်တန် အစိုးရဗိုလ်ချုပ် (ဂျင်နရယ် ဝိန်) နဲ့ ဖက်ဆစ်ကို တိုက်ထုတ်ဖို့ ၁၉၄၂ ဖေဖော်ဝါရီလမှာ ဆွေးနွေးခဲ့ကြတယ်။ ၁၉၄၄ ခုနှစ် ဖေဖော်ဝါရီလမှာ ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးလှမောင် (ဦးညိုထွန်း)၊ ဦးစိုးညွန့် (ရန်ကုန် မြူနီစီပယ် မင်းကြီး)၊ သတင်းဆရာ ဒီးဒုတ် ဦးဘချို (ဒီးဒုတ် ဂျာနယ်)၊ ပြည်ထဲရေး ဝန်ကြီးဟောင်း ဦးအေး၊ မန်းဝင်းမောင်၊ စမစ်ဒွန်း၊ ဟင်္သာတ ဦးမြ၊  ဦးချစ်လှိုင် (သမ္မတ)တို့အပြင် ဆန်စက်ပိုင်တွေ၊ မြေရှင်တွေ၊ ချမ်းသာသူတွေ၊ ပညာတတ်တွေ၊ ရိုးသားတဲ့ ဗျူရိုကရက်တွေ၊ ကုန်သည်တွေ၊ ကျောင်းသားတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေ၊ ဘုန်းကြီးတွေ၊ ဗမာ၊ ကရင်၊ ရှမ်း၊ ရခိုင်တွေ၊ ကုလားတွေ၊ တရုတ်တွေ အားလုံး ဂျပန်ကို ဆန့်ကျင်ဖို့ ပါဝင်ခဲ့ကြပြီး သခင်စိုးနဲ့ သခင်သန်းထွန်းတို့ဟာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်တွေ ဖြစ်နေကြပေမယ့် ဖက်ဆစ်ဂျပန် လက်အောက်က လွတ်မြောက်ရေးကိုသာ ဦးစားပေး ခဲ့ကြတယ်။ လွတ်မြောက်တဲ့အခါမှာလည်း မည်သူနဲ့မဆို မျိုးချစ် အရင်းရှင်၊ ပြင်ဆင်ရေးသမား ဗြိတိသျှ-အမေရိကန်တို့နဲ့ပါ ပူးပေါင်း ဆောင်ရွက်မယ်လို့ ဦးသိန်းဖေမြင့်ရဲ့ မှတ်တမ်းမှာ ဖော်ပြထားတာ ဖတ်ရပါတယ်။

ဗြိတိသျှတို့ကို ပြောပြခဲ့

သခင်သိန်းဖေရဲ့ အစီရင်ခံစာကို (၂-၁၀-၁၉၄၄) ရက်မှာ ဗြိတိသျှ တပ်ဖွဲ့ ၁၃၆ (Force 136)ကို တင်ပြတယ်၊ ဗိုလ်မှူး (မေဂျာဘတ္တဝတီး)က တပ်မှူး (ကွန်မင်ဒါ မက္ကင်ဇီး) ဆီ သတင်းပို့တယ်။ ချက်ချင်း လန်ဒန်ရှိ မြန်မာနိုင်ငံရုံးကို ဆက်ပို့လိုက်တယ်လို့ ဖော်ပြထားတာ ဖတ်ရပါတယ်။

ဗိုလ်ချုပ်အပေါ် သူ့အမြင်

အဲဒီမှတ်တမ်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပတ်သက်တဲ့သူ (သခင် သိန်းဖေ)ရဲ့ မှတ်ချက်က “အောင်ဆန်းဟာ အခု မှန်ကန်တဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိလာပါပြီ။ သူဟာ အတိတ်က သူ့ရဲ့ အမှားကို နားလည် သဘောပေါက်လာပြီး ပြုပြင်ဖို့အတွက် ဂျပန်ဆန့်ကျင်ရေးမှာ သူ အစွမ်းကုန် ကူညီမှာ ဖြစ်ပါတယ်။ နောက်ဆုံးတော့ သူ (ဗိုလ်ချုပ် အောင်ဆန်း) ဟာ တစ်ခါတစ်ရံ ကျယ်ပြန့်တဲ့ ကိစ္စတွေမှာ အမြင် မကြည်လင်ဖြစ်ပေမယ့် တကယ့် မျိုးချစ် တစ်ယောက်ပါ။ တစ်ဖက်သတ် အမျိုးသားရေးဝါဒက သူ့ကို အကန်း ဖြစ်သွားစေတာပါ။ ဒီနှစ် သြဂုတ်လ ကာကွယ်ရေးတပ် အရာရှိများ အစည်းအဝေးမှာ တခြားကိစ္စတွေအပြင် အောင်ဆန်း ပြောတာက တော်လှန်ရေးကို မင်းတို့တွေ ရက် သတ်မှတ်ကြတယ်လို့ ငါ သိရတယ်။ ဂျပန် ဆန့်ကျင်ရေး မျိုးချစ် စိတ်ဓာတ်အတွက် မင်းတို့ကို ငါ ချီးကျူးတယ်။ ဒါပေမဲ့ အချိန်မကျဘဲ လုပ်ရင် အချေမှုန်း ခံရမယ်၊ ငါ တော်လှန်ရေး ခေါင်းဆောင်မှု ယူမယ်၊ အချိန်ကျရင် မင်းတို့ကို ငါအကြောင်းကြားမယ်”လို့ ဖော်ပြ ထားတာလည်း ဖတ်ရပါတယ်။

သက်သေပြုလိုက်ပါ

အခု ဖော်ပြခဲ့တဲ့ သမိုင်း အချက်အလက်တွေကို ဖိုးသောကြာက ဦးစိန်ညွန့် (ယခု ဦးသုဝေ) ထံမှ လက်ရေးမူနဲ့ ရရှိခဲ့ပါတယ်။ မျိုးဆက်သစ် နိုင်ငံရေးသမားတွေအတွက် အလွန်ကောင်းမွန်တဲ့ သမိုင်းသင်ခန်းစာ အထောက်အထားတွေ ဖြစ်နေတာ ဖတ်ရလို့ ဒီနေ့ မြန်မာ့နိုင်ငံရေး အခြေအနေအတွက် ဆက်လက် သင်ယူသင့်တဲ့ သင်ခန်းစာ တစ်ခုလို ခံစားရပါတယ်။ အဲသလို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်မျိုး ပူးပေါင်းကြိုးပမ်း ကြတာမျိုးတွေဟာ ယခု သြဂုတ်လကုန်မှာ စတင် အကောင်အထည် ဖော်တော့မယ့် ၂၁ ရာစု ပင်လုံအတွက် လက်တွေ့ လုပ်ပြရမယ့် လိုအပ်ချက်တွေလို့ မြင်ပါတယ်။ “၂၁ ရာစုပင်လုံ”ရဲ့ ဇာတ်ဆောင်တွေဟာ ငြိမ်းချမ်းရေး ဇာတ်ဆောင်တွေ စစ်စစ် ဖြစ်ကြဖို့ တိုင်းရင်းသား ပြည်သူလူထု အားလုံးကလည်း မျက်လုံးဒေါက်ထောက် ကြည့်နေပြီး ငြိမ်းချမ်းရေး ရအောင် ကိုယ်တိုင် ဝန်းရံကြရမှာပါ။ “ရုပ်ပြဆန္ဒပွဲ”တွေဟာ ၁၉၆၄ ခုနှစ်ကလို အမှောင့် ပယောဂတွေကို ဖိတ်ခေါ်သလို ဖြစ်လာမှာ စိုးရိမ်မိပါတယ်။ NLD ဟာ အာဏာ တည်မြဲရေးကို လုပ်နေတာ မဟုတ်ဘူး။ ဒီမိုကရေစီ စစ်စစ် နိုင်ငံတော်ကြီး တည်ထောင်ဖို့ လူထုရဲ့ အချုပ်အခြာ အာဏာကို ဖော်ဆောင်ပေးဖို့ လုပ်နေတယ် ဆိုတာကိုတော့ “၂၁ ရာ စုပင်လုံ”နဲ့ သက်သေ ထုတ်ပြဖို့ တောင်းဆိုချင်ပါတယ်။

ဖိုးသောကြာ (ခေတ်+မိုး)


  • VIA