News

POST TYPE

OPINION

ထူးချွန်ထင်ရှား မြန်မာအမျိုးသမီးများ(Daily, Vol-4/ No-236)
10-Jan-2017 tagged as

မြန်မာလူ့အဖွဲ့အစည်းသည် အမျိုးသမီးများကို စနစ်တကျ ဥပဒေ စည်းကမ်းဖြင့် ခွဲခြားဆက်ဆံခဲ့သည့် သဘောမျိုး သမိုင်းတွင် တိတိကျကျ မရှိခဲ့ဘဲ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကြောင့်သာ အမျိုးသမီးများကို ခွဲခြားဆက်ဆံ ခံရသကဲ့သို့ ရှိနေခဲ့ခြင်း ဖြစ်သည်။

အစဉ်အလာ ဆက်ခံကျင့်သုံးလာခဲ့သော ရိုးရာဓလေ့ ထုံးတမ်းများကြောင့် စေတီပုထိုးများ၏ အထက်ပစ္စယာ အမျိုးသမီး မတက်ရ၊ ကျိုက်ထီးရိုး စေတီတော်တွင် အမျိုးသမီးများ ကိုယ်တိုင် ရွှေသင်္ကန်း ကပ်လှူခွင့် မရသည့် ပုံစံမျိုး အရိုးစွဲလာခဲ့ခြင်း ဖြစ်သည်။

အချို့ကမူ အာရှသည် အခြားကမ္ဘာ့နိုင်ငံများထက် မဟာပုရိသ ဖိုဝါဒ ပို၍ကြီးစိုးသယောင်၊ အမျိုးသမီးများကို လင်ယောက်ျား၏ ပါရမီဖြည့်ဖက်၊ အိမ်မှုကိစ္စများကိုသာ စီမံကွပ်ကဲရသည့် အိမ်ရှင်မအဆင့်မျိုးထက်ပို၍ ဦးစား မပေးကြောင်း ဝေဖန်ထောက်ပြမှုများ ရှိသော်ငြား အာရှသည် ကမ္ဘာ့အခြားဒေသများထက် အမျိုးသမီး ခေါင်းဆောင်များ ပိုများပြားနေခြင်းက ထိုအချက်ကို ချေဖျက်ပြီးသား ဖြစ်သွားခဲ့သည်။

သမိုင်းကြောင်းတွင် လက်ရုံး အားကိုးသော စစ်ဘုရင်များ၊ စစ်ဝါဒီများ ကြီးစိုးခဲ့သော ဂျပန်နိုင်ငံနှင့် သားယောက်ျားလေးကိုမှ ဦးစားပေး၊ အလေးပေးတတ်သော တရုတ်နိုင်ငံတို့တွင် ယနေ့အချိန်အထိ ထူးချွန် ထင်ရှားသည့် အမျိုးသမီး ခေါင်းဆောင်များ ထွက်ပေါ်မလာသေးခြင်းမှာ ခြွင်းချက်ဟု ဆိုနိုင်သည်။

များစွာ ထူးခြားသည်မှာ ရှေးရိုးစွဲ ဘာသာရေး အယူသီးမှုများ ရှိနေသော အိန္ဒိယနှင့် တောင်အာရှ နိုင်ငံများကို ကြည့်လျှင်ပင် နာမည်ကျော် ထင်ရှားသော အမျိုးသမီး နိုင်ငံရေး ခေါင်းဆောင်များ၊ အမျိုးသမီး သမ္မတနှင့် ၀န်ကြီးချုပ်များ ထွက်ပေါ်ခဲ့၊ ထွက်ပေါ်နေဆဲ ဖြစ်သော်လည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နှင့် ပတ်သက်လျှင် အသံအကျယ်ဆုံးဟု ဆိုရမည့် အမေရိကန် ပြည်ထောင်စုတွင်ပင် ယနေ့အချိန်အထိ အမျိုးသမီး တစ်ဦးကို သမ္မတအဖြစ် လက်ခံရန် အမေရိကန် ပြည်သူများ အဆင်သင့် မဖြစ်သေးခြင်းပင် ဖြစ်သည်။

ထိုအခြေအနေများနှင့် နှိုင်းယှဉ်လျှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ် အသီးသီးတွင် ထူးချွန် ထက်မြက်သော အမျိုးသမီးများကို ဦးစားပေး၊ နေရာပေးကာ တလေးတစား အသိအမှတ် ပြုနေသည့် မြန်မာနိုင်ငံ၏ အခြေအနေမှာ များစွာ ထူးခြား ကောင်းမွန်သည်ဟု ဆိုရပေမည်။

ထို့အပြင် မြန်မာနိုင်ငံသည် အစဉ်အလာ ဓလေ့ထုံးတမ်းများတွင်ပင် မိခင်ကို မိဘမေတ္တာ သင်္ကေတအဖြစ် ဖခင်ထက် ပိုအလေးပေးတတ်သည့်အပြင် အမျိုးသမီးများကို မိမိတို့ မိခင်၊ အစ်မ၊ နှမများနှင့် နှိုင်းယှဉ်ကာ စာနာထောက်ထား ဦးစားပေးတတ်ရန် ဆုံးမသွန်သင် ပေးတတ်သည့်သဘော ရှိသည့်အတွက် ယနေ့ ကျားနှင့် မ တန်းတူရည်တူ အခွင့်အရေး တောင်းဆိုသံများ ဆူညံလာချိန်တွင် မြန်မာလူ့အဖွဲ့အစည်းအပေါ် ထူးထူးခြားခြား ထိခိုက် သက်ရောက်မှု မရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အစဉ်အဆက် လက်ခံ ကျင့်သုံးခဲ့သည့် အထက်ဆိုခဲ့ပါ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နိုင်ငံ၏ သမိုင်းကြောင်းနှင့် လူမှုရေး အစဉ်အလာများကို နားမလည်၊ သဘောမပေါက်ပါက အမျိုးသမီး အခွင့်အရေး ခေါင်းစဉ်ဖြင့် မူလက တမင် ဖိနှိပ်ခွဲခြားထားခြင်း မရှိသော ကိစ္စရပ်များကို ပုံကြီးချဲ့ ပြဿနာရှာသည့်သဘော သက်ရောက်သွားနိုင်ပေသည်။

ဆိုလိုသည်မှာ တစ်ခါတစ်ရံ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ ယုတ်စွအဆုံး ရဟန်းသံဃာများဖြစ်စေ ပတ်ဝန်းကျင်က ခွဲခြား ဆက်ဆံလိုသော ရည်ရွယ်ချက် မရှိပါဘဲ မိမိတို့၏ သံသယ မကင်း၊ စိုးရိမ်စိတ်ကဲသော လုပ်ရပ်မျိုး၊ တုံ့ပြန်မှုမျိုးများကသာ မိမိတို့ဘာသာ ခွဲခြား ကန့်သတ်သည့် သဘော သက်ရောက် သွားတတ်ခြင်းမျိုးကို ဆိုလိုသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ မြန်မာလူ့အဖွဲ့အစည်း၏ နယ်ပယ် အသီးသီးတွင် ဦးဆောင်သူ၊ ခေါင်းဆောင်နေရာ အများအပြားတွင် အမျိုးသမီးများ ယခင် ကာလများထက်ပို၍ နေရာယူလာခြင်း၊ အောင်မြင်ကျော်ကြားလာကြခြင်းမှာ ကောင်းသည့်လက္ခဏာ ဖြစ်သည့်အပြင် ရှေးရိုးစွဲ အစဉ်အလာများ၊ တစ်ပါးသူ သို့မဟုတ် မိမိကိုယ်တိုင် ကန့်သတ်နေခြင်းများကို ဖောက်ထွက်လာနိုင်ကြသည့် မြန်မာ အမျိုးသမီးများကို အထူးတလည် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပေသည်။

အယ်ဒီတာ (၁၀-၁-၂၀၁၆)

  • TAGS