News

POST TYPE

OPINION

စိုက်ပျိုးရေး ကိုလိုနီ(Daily Vol-4/No-98)
03-Aug-2016

လူဦးရေ၏ ၇ဝ ရာခိုင်နှုန်းခန့်မှာ တောင်သူလယ်သမားများ ဖြစ်နေသည့် မြန်မာနိုင်ငံသည် လယ်ယာ စိုက်ပျိုးရေးကို မဖြစ်မနေ အခြေပြုရမည့် နိုင်ငံဖြစ်သည်။ စိုက်ပျိုးမြေနှင့် ဆည်၊ မြောင်း၊ တာတမံများ အလုံအလောက်နီးပါး ရှိနေသည့်အပြင် အခြားနိုင်ငံများနှင့်ယှဉ်လျှင် သဘာဝ မြေဆီ၊ မြေနှစ် ပေါများစွာ ကျန်ရှိနေသေးသည့်အတွက် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ၏ အလားအလာမှာ အထူး ကောင်းမွန်လှသည်။

သို့သော် နှစ် အဆက်ဆက် ကျင့်သုံးခဲ့သော စိုက်ပျိုးရေး မူဝါဒ အလွဲများကြောင့် တောင်သူ လယ်သမားတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အပေါ်တွင် တာဝန် အကျေဆုံး၊ အခွန်အခ ပေးဆောင်ရမှု အများဆုံး ဖြစ်သော်လည်း အုပ်ချုပ်သူတို့၏ အဖိအထောင်း အခံရဆုံး၊ အခွင့်အရေး အနည်းဆုံး၊ ခေတ်နောက် အကျဆုံး၊ အဆင်းရဲဆုံး ဖြစ်ခဲ့ရသည်။

ယနေ့ ခေတ်ပြောင်း စနစ်ပြောင်းသို့ ရောက်နေပြီဟု အသံကျယ်ကျယ် ပြောဆိုနေသော်လည်း တောင်သူ လယ်သမားတို့၏ ဘဝမှာ ကုန်ခဲ့သည့် အနှစ် ၅ဝ ကျော် ကာလနှင့် ထူးမခြားနားလှပေ။

တစ်ခေတ်၊ တစ်ခါက အာရှ၏ ဆန်အိုးကြီးဟု နာမည်ကျော်ကြားခဲ့စဉ်ကလည်း ပွဲစား၊ ကုန်သည်တို့သာ စီးပွားလမ်း ဖြောင့်ခဲ့ပြီး တောင်သူလယ်သမားတို့ ဘဝမှာ အကြွေး သံသရာတွင်သာ လည်နေခဲ့ကြရသည်။

အကြောင်းရင်းမှာ အစိုးရ အဆက်ဆက်သည် လူအများစု တောင်သူ လယ်သမားများကို အကာအကွယ် ပေးမည့်၊ ၎င်းတို့ဘဝကို မြှင့်တင်ပေးနိုင်မည့် စီမံကိန်း၊ စီမံချက်၊ မူဝါဒများထက် အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီးများ၊ ကုန်သည်ကြီးများနှင့် ပွဲစား၊ စက်ပိုင်များ အကျိုးစီးပွား ဖြစ်ထွန်းရေးကို ဦးတည်သော အဖျားရှူး မည်ကာမတ္တ စီမံကိန်း၊ မူဝါဒများ ဖြစ်ခဲ့သောကြောင့်ဖြစ်သည်။

ယနေ့အချိန်အထိ ဆက်တိုက်ဆိုသလို တောင်သူ လယ်သမားများ၏ ဆုံးရှုံးနေဆဲ အခွင့်အရေးများကို အကာအကွယ် မပေးနိုင်သေးပေ။ အကာအကွယ် မပေးနိုင်သည့်အပြင် တစ်ဖက်သတ် အနိုင်ကျင့်နိုင်သည့် ရွေးချယ်စရာ မရှိသော ဈေးကွက်ကိုသာ မှီခို အားထားရမည့် စပ်မျိုးစပါးများ မဖြစ်မနေသဘော စိုက်ပျိုးစေခြင်းက နူရာ ဝဲစွဲ၊ လဲရာ သူခိုးထောင်း သကဲ့သို့ ဖြစ်နေသည်။

ယနေ့အချိန်အထိ ကမ္ဘာ့ထိပ်တန်း အရည်အသွေးရှိ ဆန်စပါးမျိုး များစွာ ရှိနေသော မြန်မာနိုင်ငံသည် နိုင်ငံရပ်ခြားမှ မျိုးဗီဇ ပြုပြင်ထားသည့် အဆင့်နိမ့်၊ နိုင်ငံတကာ ဈေးကွက် တန်းမဝင် စပ်မျိုးများ ဝယ်ယူ စိုက်ပျိုးနေခြင်းမှာ များစွာ စိုးရိမ်စရာ ကောင်းလှသည်။

အရည်အသွေး မြင့်မားလှသည့် မျိုးစပါးများ ရှိနေသော်လည်း ကိုယ်ပိုင် သုတေသနဖြင့် ကိုယ်ပိုင် စပ်မျိုးများ မထုတ်နိုင်ဘဲ ဈေးကွက် မကျယ်ပြန့်သော စပ်မျိုး စပါးကို စိုက်ပျိုးမှု များလာပါက နောင်တွင် ထိုစပ်မျိုးစပါး ကုမ္ပဏီများ စိတ်တိုင်းကျ ဈေးကစားခြင်းကို ခံရမည်ဖြစ်သည်။

ဆန်စပါးနှင့် ပတ်သက်၍သော်လည်းကောင်း၊ အခြားစိုက်ပျိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍သော်လည်းကောင်း ကမ္ဘာ့ အဆင့်မီ၊ နိုင်ငံတကာ အရည်အသွေးမီ ဂျပန်နှင့် အစ္စရေးကဲ့သို့ နိုင်ငံမျိုးမှ နည်းပညာနှင့် အခြား အကူအညီများ မရယူဘဲ ဖွံ့ဖြိုးမှု အဆင့် မမီသေးသော နိုင်ငံကြီး တစ်ခုနှင့်သာ ဆက်သွယ် လုပ်ကိုင်နေခြင်းမှာလည်း များစွာ မေးခွန်းထုတ်စရာ ကောင်းလှသည်။

ယခုအခါ မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသော ကောက်ပဲသီးနှံ အများစုမှာ မျိုးဗီဇ ပြုပြင်ထားသည့် နိုင်ငံခြား စပ်မျိုးများသာ ဖြစ်နေပြီး မြန်မာ့မျိုးရင်းများ တိမ်ကောစ ပြုလာရာ ဤအတိုင်း ရှေ့ဆက်သွားပါက မြန်မာ့လယ်ယာ စိုက်ပျိုးရေးကဏ္ဍကြီး တစ်ခုလုံး နိုင်ငံခြားမှ ဗီဇပြုပြင် မျိုးစေ့နှင့် စပ်မျိုးစပါး ကုမ္ပဏီကြီးများ ခြယ်လှယ် ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည့် အန္တရာယ် ရှိနေကြောင်း အထူး သတိပေးလိုသည်။

အယ်ဒီတာ (၂၉-၇-၂ဝ၁၃)

(၂ဝ၁၃ခုနှစ် ဇူလိုင်လ ၃ဝ ရက်နေ့ထုတ် The Voice သတင်းစာတွင် ထည့်သွင်း ဖော်ပြခဲ့ပြီးသော အယ်ဒီတာ့အာဘော်ပါ အကြောင်းအရာများအတိုင်း ယနေ့ကာလအထိတိုင် သိသာစွာ ပြောင်းလဲမှု မရှိသေးသည့်အတွက် ဆင်ခြင် သတိပြုနိုင်ရန် ပြန်လည် ဖော်ပြခြင်း ဖြစ်ပါသည်)



  • VIA