News

POST TYPE

OPINION

မူးယစ်ဆေးအန္တရာယ်ကို ဘယ်လို တားဆီးကာကွယ် ကြမှာလဲ
03-Aug-2016
ဒီနေ့နံနက် သတင်းစာကြည့်ရင်း တွေ့လိုက်ရတဲ့ ဆောင်းပါးတစ်ပုဒ်က ကျွန်တော့်ရင်ကို လှုပ်ခတ်စေခဲ့သလို စိတ်ထဲမှာလည်း စဉ်းစားစရာ အတွေးတွေ၊ မေးခွန်းတွေ မေးစရာလည်း တစ်သီကြီး ပေါ်လာခဲ့ပါတယ်။ ဒါကတော့ စာတော်ပြီး မိဘပတ်ဝန်းကျင်ကလည်း လိမ္မာရေးခြား ရှိတယ်လို့ သတ်မှတ်ထားတဲ့ လူငယ်ကျောင်းသားလေး တစ်ဦးဟာ တက္ကသိုလ်မှာ ကျောင်းသွားတက်ရာက အစပြုလို့ မူးယစ်ဆေးစွဲသွားရင်း သူ့ဖခင်နဲ့မိခင်ကို ဓားနဲ့ထိုးမိကြတဲ့ ကိစ္စပါ။ အဲဒီလူငယ်လေး အနေနဲ့လည်း  ကြောက်လန့်ပြီး ထွက်ပြေးသွားလိုက်တာ ယနေ့အထိ ဖမ်းဆီးရမိခြင်း မရှိသေးသလို မိဘတွေထံကိုလည်း ပြန်မလာသေးဘူးလို့ ဆိုပါတယ်။ ဒါနဲ့ဆက်စပ်လို့ ဆက်ပြီးပြောရရင် ဒီနောက်ပိုင်းကာလတွေမှာ နေ့စဉ်ထုတ် သတင်းစာတွေမှာ မပါမဖြစ် ပါရှိလာနေတဲ့သတင်းကို ပြောပါဆိုရင်လည်း မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ကိစ္စတွေပဲ ဖြစ်နေတာပါ။

ယခင်ရက်ပိုင်းက ဖတ်ရတဲ့သတင်းတစ်ပုဒ်မှာ ဆိုရင် ရှမ်းပြည်နယ်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၈၂ သန်းတန်ဖိုးလောက်တောင် ရှိတယ်လို့ သိရသလို အခုဆိုရင် ပြည်တွင်းမှာသာမက ပြည်ပကိုခိုးထုတ်ဖို့ သယ်ဆောင်လာတာကို ရန်ကုန်လေဆိပ်မှာ ဖမ်းမိတဲ့အထိကို သတင်းတွေ ကြားသိခဲ့ရပါတယ်။ ဒါ့အပြင် ပြည်တွင်းနေရာအနှံ့မှာ ဖမ်းဆီးရမိတဲ့ ပမာဏဟာ ယခင့်ယခင်ကာလများလို မဟုတ်တော့ဘဲ ကျပ်သန်းထောင်ချီ တန်နေသလို အရေအတွက် တွေကလည်း အံ့မခန်း ဖမ်းမိနေကြတာကိုလည်း တွေ့မြင်ရပါသေးတယ်။

ဒါနဲ့မရှေးမနှောင်းမှာ ဆိုသလို အမျိုးသားလွှတ်တော်မှာ ဩဂုတ်လ ၁ ရက်နေ့က ကျင်းပတဲ့ အစည်းအဝေးမှာလည်း ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)က လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝမ်းလှိုင်ခမ်းကလည်း ‘ရှမ်းပြည်နယ် မြောက်ပိုင်းတစ်ခွင် ရပ်ကွက်ကျေးရွာ ခပ်များများတွင်  ရောင်းဝယ်ဖောက်ကားနေမှုများအား ဖမ်းဆီးအရေးယူရေး၊ အုပ်စုလိုက် မူးယစ်ဆေးဝါးများ သုံးစွဲသည့် ချောင်ကျသည့် နေရာများအား အမြစ်ပြတ် ရှင်းလင်းဖယ်ရှားရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ပညာပေးမှုများ ရပ်ကွက် ကျေးရွာမကျန် အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရေးနှင့် မူးယစ်ဆေးဝါး သုံးစွဲသူများ ပြန်လည်ပြုစု ကုသပျိုးထောင်သည့် စခန်းများ လိုအပ်သည့် နေရာများတွင် ဖွင့်လှစ်ပေးရေး’ နဲ့စပ်လျဉ်းတဲ့အဆိုကို တင်သွင်းခဲ့ပြီး အဲဒီနေ့မှာပဲ လွှတ်တော်ကိုယ်စားလှယ် ၉ ဦးတို့က ပါဝင်ဆွေးနွေးခဲ့ကြတာကို လေ့လာမိခဲ့ရပါသေးတယ်။

ဒီမူးယစ်ဆေးဝါး အဆိုအပေါ် ပါဝင်ဆွေးနွေးခဲ့ကြတဲ့ လွှတ်တော် ကိုယ်စားလှယ် ၉ ဦးရဲ့ဆွေးနွေးချက်တွေကို ခြုံငုံ ဆက်စပ်ကြည့်လိုက်တဲ့ အခါ မြန်မာပြည်တစ်ဝန်းနီးပါး မူးယစ်ဆေးတွေ ပျံ့နှံ့နေကြောင်း၊ ကမ္ဘာတွင် မြန်မာနိုင်ငံသည် အာဖဂန်နစ္စတန်နိုင်ငံပြီးပါက ဒုတိယအများဆုံး နိုင်ငံဖြစ်ကြောင်း၊ ရှမ်းပြည်နယ်တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေအပေါ် ခြုံကြည့်ရင် အကိုင်းအခက်တွေသာ မိနေကြောင်းနှင့် အချို့ဝန်ထမ်းတွေပင် ပါဝင ်ပတ်သက်ကြကြောင်း၊ ကျောင်းသားလူငယ်များ၊ လူငယ်လူရွယ်များ အကြားတွင် တစ်မျိုးသားလုံးအန္တရာယ်လို ဖြစ်လာနေသည့် မူးယစ်ဆေးဝါးအပေါ် အစိုးရတာဝန်ရှိသူများမှ ထိထိရောက်ရောက် နှိမ်နင်းရန် အချိန်ကျရောက်နေကြောင်း စသည်တို့ကို ကြားသိခဲ့ကြမယ် ထင်ပါတယ်။

ဒါ့အပြင် ဒီမူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ အရင်လတုန်းကလည်း ဆောင်းပါးတစ်ပုဒ် ဖတ်လိုက်ရပါသေးတယ်။ ဒီဆောင်းပါးထဲမှာ စိတ်ကြွဆေး WY (A) တွေဟာ ရန်ကုန်လိုမြို့ ကြီးမှာတောင် အရည် အသွေးအမျိုးမျိူး ဈေးနှုန်းအမျိုးမျိုး အလွယ်တကူနဲ့ဝယ်ယူရရှိနေတာ တွေ ဒီဆေးတွေဟာ ထိုင်း-အိန္ဒိယနဲ့ တရုတ်နယ်စပ်တွေဘက်ကနေ  အသီးသီး ဝင်လာနေတဲ့အကြောင်းနဲ့ ဒီဆေးကိုတောင် ယိုးဒယားသီး၊ တမူးသီး၊ ရှမ်းသီးဆိုပြီး ခေါ်ဝေါ်ဝယ်ယူ ရောင်းချသုံးစွဲနေကြတာတဲ့။

အရည်အသွေးအလိုက် ၈၈၊ WY အတည့် WYအစောင်း ဆိုတာ ရှိပြီး ၈၈ က ဈေးအကြီးဆုံးဖြစ်ကြောင်း၊ သုံးစွဲကြတဲ့လူငယ်တွေဟာ ဒါကိုမသုံးစွဲရရင် သူတို့ကိုယ်သူတို့ မတက်ကြွတော့ဘူး၊ လူရာမဝင်တော့ဘူး လို့ထင်နေကြပြီး မတက်ကြွသလိုဖြစ်နေတာကြီးကို မုန်းတယ်လို့တောင် ပြောကြတယ်လို့ဆိုပါတယ်။
အခြားဆေးတစ်နွယ်ဖြစ်တဲ့ Ice (Methamphetamine) ဟာလည်း အခုဆိုရင် ဈေးကွက်မှာ ပိုပိုတွင်ကျယ်လာနေပြီး ၁ ဂရမ်ကို တစ်သိန်းလောက် ပေးဝယ်ကြရကြောင်း ကိုလည်း ဖတ်ခဲ့ရပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့ လေ့လာသုံးသပ်ချက်တွေရဲ့အဆိုအရ ယနေ့အချိန်မှာ နိုင်ငံ တစ်နံတစ်လျားက မြို့ရွာတွေမှာပါ လူငယ်လူရွယ် အတော်များများ သုံးစွဲနေကြပြီး ကြာလာရင် လူငယ်တွေအများစုဟာ စိတ်မူမမှန်တာ၊ စိုးရိမ်စိတ်များတာ၊ သူများမမြင် မထိတာကို သူတို့ မြင်ထိတယ်လို့ ထင်နေတာ၊ နှလုံးခုန် မမှန်တာတွေ ကနေတစ်ဆင့် အသက်ပါ ဆုံးသွားနိုင်တယ်လို့ ဆိုနေကြပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုအတော်များများကို လေ့လာကြည့်ကြတဲ့အခါ ယခင်ကာလများဆီက မကြားဖူး၊ မတွေ့ဖူးတဲ့ ပုံစံတွေနဲ့ ရူးရူးမိုက်မိုက် ကျူးလွန်ကြတဲ့ပုံစံမျိုးတွေ တွေ့နေကြရခြင်းရဲ့ အဓိကလက်သည်တရားခံက ဘယ်သူလဲဆိုတာကိုလည်း ဆက်စပ်စဉ်း စားကြည့်ရင် အဖြေထွက်နိုင်မယ် ထင်ပါတယ်။

ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့လည်း ဒီရက်ပိုင်းထုတ်သတင်းစာ တွေမှာဖော်ပြပါရှိလာတဲ့ အာဆီယံနိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက သတင်းတစ်ပုဒ်ကလည်း ရှေ့တန်းရောက်လာပါသေးတယ်။ ဒါကတော့ ဖိလစ်ပိုင်နိုင်ငံမှာ ယခုအသစ်တက်လာတဲ့ သမ္မတအနေနဲ့ သူတို့ တစ်နိုင်ငံလုံးနီးပါး ပျံ့နှံ့သုံးစွဲပြီး ရာဇဝတ်မှု ကျူးလွန်နေကြတာကို ချေမှုန်းဖို့ အမိန့်ပေးခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လမ်းမတွေအပေါ်မှာ မူးယစ်ဆေးသုံးစွဲနေတဲ့ လူငယ်တွေကို ပစ်သတ်ထားတဲ့ ဓာတ်ပုံတွေ၊ ဖမ်းဆီးရမိတဲ့သူတွေကို ထောင်တွေအထဲမှာ မဆံ့မပြဲ ထိုးသိပ်ထည့်ထားရတဲ့ ဓာတ်ပုံတွေကို မြင်ကြရမှာပါ။ အမှန်တကယ်တော့ ဒီလိုအခြေအနေတွေ အထိ ဖြစ်လာအောင် အစိုးရက ထိန်းသိမ်းအရေးယူဖို့ ယခင်ကပျက်ကွက်ခဲ့ပြီးမှ ယခုလို လုပ်နေရတဲ့ အဖြစ်ဟာလည်း ကမ္ဘာ့မျက်နှာစာမှာ သတင်းကောင်းတစ်ခု မဟုတ်သလို အစိုးရအတွက်ရော၊ ပြည်သူတွေအတွက်ပါ  မျက်နှာပျက်စရာကောင်းတဲ့ သတင်းတွေအဖြစ် ရှုမြင်ကြရမှာပါ။

ကျွန်တော်တို့နိုင်ငံက အစိုးရအနေနဲ့ရော ပြည်သူတွေအနေနဲ့ပါ လူငယ်တွေအားလုံး အနေနဲ့လည်း ဒီလိုအဖြစ်မျိုးကို လိုချင်ကြသလား၊ အဖြစ်ခံမလား ဆိုတာကို ယနေ့အချိန်အခါမှာ နှိုင်းဆတွေးယူလို့ သင်ခန်းစာယူပြီး ရပ်ချိန်ကရပ်၊ တားချိန်တန်တားပြီး ဒီမူးယစ်ဆေး အန္တရာယ်ကို အထူးစစ်ဆင်ရေးတစ်ရပ် အနေနဲ့ လုပ်ဆောင်ကြဖို့ အချိန်တန်နေပါပြီ။

ယနေ့အချိန်ကာလမှာ ကြားသိနေကြရတဲ့ ဒီမူးယစ်ဆေးတွေရဲ့သတင်းတွေအကြားမှာ နိုင်ငံအတွင်းက မိဘတွေ၊ သားရှင် သမီးရှင်တွေဟာ သူတို့ရဲ့ကလေးတွေ အနာဂတ်အတွက် ဘယ်လို စိတ်အေးနိုင်ကြတော့ မလဲ။ အစိုးရသစ်ရဲ့ ပြောင်းလဲချိန်တန်ပြီလို့ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ အနာဂတ်ကောင်း တစ်ခုကို ပိုင်ဆိုင်ကြဖို့ ဝိုင်းဝန်း ပုံဖော်နေကြတဲ့နေရာမှာ ဒီမူးယစ်ဆေးဝါး ကိစ္စကြီးဟာ အနာဂတ်ကလေးတွေ အတွက် ကြီးမားတဲ့အန္တရာယ် ကြီးဖြစ်လာနေတာပါ။ အစိုးရအဆက်ဆက် ဒီမူးယစ်ဆေးဝါး ပပျောက်ရေး လုပ်ငန်းတွေအသီးသီး လုပ်နေခဲ့ကြသလို အဖွဲ့တွေဖွဲ့၊ သင်တန်းတွေပို့ချ၊ ဖမ်းဆီး ထောင်ချခဲ့ကြတာတွေ အများကြီး ရှိခဲ့ပေမယ့်လည်း ဘာကြောင့် ယနေ့ထိအမြစ်မပြတ်ဘဲ တိုးသထက်တိုးလို့ ဆိုးသထက် ဆိုးနေကြရတာ လဲဆိုတဲ့ မေးခွန်းတစ်ရပ်လည်း အမှန်ထွက်ပေါ်လာနေပါပြီ။

နယ်စပ်ကနေ ဂိတ်တွေအလီလီ ဖြတ်ပြီး ရန်ကုန်လို၊ မန္တလေးလို ပြည်မအတွင်းက မြို့ကြီးတွေနဲ့ အခြား မြန်မာပြည်အလယ်ပိုင်းက မြို့ငယ်တွေ၊ အခုဆိုကျေးရွာလိုနေရာမျိုးကိုတောင် ဝင်ရောက်အခြေချ နေရာယူလာပြီဆိုရင် နိုင်ငံတစ်နံတစ်လျားက နယ်မြို့တွေမှာလည်း ဘယ်လောက်အထိ ပျံ့နှံ့စိမ့်ဝင် ပျံ့နှံ့နေပြီလဲ၊ လူငယ်တွေ၊ လူကြီးတွေ၊ မိန်းမပျိုတွေ ဘယ်လောက် အသုံးပြုနေကြပြီ ဆိုတာလည်း မစဉ်းစားတတ်အောင်ပါပဲ။ ဒီလို သတင်းတွေကို သတင်းစာထဲမှာတောင် ဒီလောက်ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ် ရေးသားတင်ပြထားနေပြီဆို ဘယ်ရွေ့ဘယ်မျှအထိ လူငယ်ထုအတွင်းမှာ ရောက်ရှိဖြန့်ခွဲ နေရာယူ စိုးမိုးထားနေပြီလဲဆိုတာလည်း စဉ်းစားမိကြမှာပါ။

ဒီမူးယစ်ဆေးဆိုတာ အသံတိတ် လူသတ်သမားဖြစ်ပြီး တစ်မျိုးသားလုံး လူညွန့်တုံးစေတယ်ဆိုတာ အားလုံးလည်း သိပြီးသားတွေ ဖြစ်နေတာတောင် ဒီနေ့အချိန်အထိ ဘာဖြစ်လို့ အမျိုးသားရေးရန်သူ အဖြစ် စစ်ဆင်ရေးတစ်ရပ် သဖွယ် အမြစ်ပြတ်အောင် မကိုင်တွယ် မဆောင်ရွက်နိုင်ကြ သေးတာလဲ ဆိုတာလည်း မတွေးတောတတ်အောင် ဖြစ်ခဲ့ရပါတယ်။

အခုရက်ပိုင်းအတွင်းမှာကို ဖမ်းဆီးရမိတာတွေ ခပ်စိပ်စိပ်တွေ့နေရတဲ့အခါ ယခင့်ယခင် ကတည်းက ဆိုင်ရာဌာနတွေက အသေအချာတားဆီး ကာကွယ်ခဲ့ရင် ဒီလိုဖမ်းမိတာတွေ၊ သုံးစွဲကြတာတွေ ဖြစ်ပေါ် ဖော်ပြလာနိုင်စရာ မရှိပါဘူးလို့လည်း တွေးမိကြမှာပါ။ ဒီမူးယစ်ဆေးတွေ ဆိုတာ  အခုရေတွင်းတူး အခုရေကြည်သောက် ဆိုသလို အားချင်း ထလုပ်ယူလို့ရတဲ့အရာ မဟုတ်မှန်း လူတိုင်းသိကြပါတယ်။ ဘိန်းပင်တွေ၊ ဆေးခြောက်ပင်တွေကို တစ်ရာသီတော့ အနည်းဆုံး အချိန်ယူစိုက်ပျိုးရပါတယ်။ နောက် ခူးဆွတ်လို့အဆီထုတ်ပြီးမှ ဓာတုဆေးတွေနဲ့ ပေါင်းစပ်ပြီး စက်တွေနဲ့ ချက်ကြ၊ ထုတ်လုပ်ကြတာပါ။ ဒါနဲ့မပြီးသေးပါဘူး။ ပြီးတဲ့အခါ အရောင်းအဝယ်တွေ လုပ်ကြ၊ သယ်ဆောင်ကြ လုပ်ကြတဲ့အခါ ကားလမ်း၊ ရထားလမ်းကနေ ပြည်တွင်းကမြို့တွေကို ပုံစံအမျိုးမျိုးနဲ့ ခိုးဝှက်သယ်ယူ တင်သွင်းနေကြတာပါ။ 

ဒီအလုပ်ဟာ လွယ်ကူတဲ့အလုပ် မဟုတ်ပါဘူးဆိုတာကို ပြောလိုရင်း ဖြစ်သလို အခြားတစ်ဖက်ကလည်း ဒီလိုမလွယ်ကူတဲ့ အလုပ်ကို ဒီနေ့အချိန်အခါမှာ လွယ်လွယ်ကူကူ ဖြစ်နေတာကိုက မှားနေတာပါလို့ ပြောလို့ရနိုင်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ မသမာသူတွေရဲ့ ဝိသမ လောဘစီးပွားရှာသူတွေရဲ့ စနက်အတွင်း ကျွန်တော်တို့လူငယ်တွေ သက်ဆင်း ကျရောက်နေကြရပါပြီ။ တစ်မျိုးသားလုံး အန္တရာယ်ကြီး ဖြစ်နေပါပြီ။ အနာဂတ်နိုင်ငံတော်အတွက် ရင်လေးစရာ ဖြစ်လာနေပါပြီ။

အခြားမှောင်ခိုပစ္စည်းတွေ အကောက်ခွန်မဲ့ ကား၊ ဆိုင်ကယ်တွေ၊ စားသောက်ကုန် တွေကိုတော့ လှည့်လည်စစ်ဆေးရေး လှုပ်ရှားအဖွဲ့တွေနဲ့ ကာကွယ်တားဆီး ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြသလို အဲ့ဒီလိုကုန်ပစ္စည်းတွေထက် အဆတစ်ရာ အန္တရာယ်ကြီးတဲ့ တစ်မျိုးသားလုံး လူညွန့်တုံးစေတဲ့ မူးယစ် ထုံထိုင်းဆေးကိုတော့ ဘာလို့များ ဒီလိုအခြေအနေထိရောက်အောင် မကာကွယ် မတားဆီး မထိန်းချုပ်ကြလဲဆိုတဲ့ အဖြေကိုလည်း အစိုးရ တာဝန်ရှိသူတွေ၊ တားဆီး ကာကွယ်ပေးကြရမယ့် ဌာနတွေက အဖြေပေးကြရတော့မှာ ဖြစ်ပါတယ်။ 

အချုပ်အားဖြင့် တင်ပြရရင်တော့ ဒီမူးယစ်ဆေးတွေဟာ ဘယ်သူတွေနဲ့ ပတ်သက်နေတယ်။ ဘာကြောင့် တွင်တွင်ကျယ်ကျယ် ဖမ်းဆီးတားမြစ်ဖို့ မလုပ်တာလဲ၊ ဘယ်သူတွေက ဘယ်သူ့မျက်နှာတွေကို ထောက်နေရတယ် ဆိုတာကို ပြည်သူတွေ အနေနဲ့လည်း တဖြည်းဖြည်း တစ်စတစ်စ သိသိလာနေကြပါပြီ။ ဒီတော့ အနှစ်ချုပ်ကြည့်တဲ့အခါ ဒီလိုမကင်းရာ မကင်းကြောင်း ဆိုတာတွေ၊ အပေးအယူကိစ္စတွေ၊ သက်သာချောင်ချိရေးတွေ၊ လစာနဲ့ မလုံလောက်တာတွေကို အသာထားပြီး ဘေးဖယ်ပြီး ပြည်သူ့မျက်နှာကိုသာ ကြည့်တတ်တဲ့၊ လူငယ်တွေရဲ့ ရှေ့အနာဂတ်ကိုသာ ဦးစားပေး စဉ်းစားပေးတဲ့ တာဝန်ရှိသူ နိုင်ငံ့ဝန်ထမ်းတွေကိုသာ ပြည်သူတွေက အားကိုး မျှော်လင့်လာနေကြပါပြီ။ ဒီလိုအကျင့်သီလနဲ့ ပြည့်စုံပြီး ပြည်သူ့အကျိုးကိုသာ ကြည့်တတ်တဲ့ နိုင်ငံ့ဝန်ထမ်းတွေ ပေါများလှမှသာ တစ်မျိုးသားလုံး လူညွှန့်တုံးစေမယ့် မူးယစ်ဆေးအန္တရာယ်ကြီး လုံးဝပပျောက်သွားမှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသား တင်ပြလိုက်ရပါတယ်။

ရန်ကြီးအောင် (ဥပဒေ)


ABOUT AUTHOR

(ရန်ကြီးအောင်)