News

POST TYPE

OPINION

ဖဲကြိုးပြာက ပြောတဲ့ လူမှန် နေရာမှန်
03-Aug-2016
ပြည်သူ့ကျန်းမာရေးဌာနတွင် ဆရာဝန် မဟုတ်သည့် ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများက ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနအတွင်း ဖဲကြိုးပြာ လှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်။ သူတို့တစ်တွေ ဖဲကြိုးပြာ လှုပ်ရှားမှုဖြင့် ဆန့်ကျင်နေကြသူများကား တစ်ချိန်က ဖဲကြိုးနက် လှုပ်ရှားမှုဖြင့် ကျန်းမာရေးဌာနသို့ အသွင်ပြောင်း တပ်မတော်အရာရှိများ ဝင်ရောက်လာမည့်အရေး ဆန့်ကျင်ခဲ့ကြသည့် ဆရာဝန်များ ဖြစ်နေသည်ကား အံ့သြဖွယ်တည်း။ ထိုစဉ်က ပြည်သူ့ ကျန်းမာရေး ဝန်ထမ်းများ ကိုယ်တိုင်က ဆရာဝန်များနှင့်အတူ ရပ်တည်ပေးခဲ့ကြသည်။

ဤအရေးက သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေး ဦးစီးဌာနကို ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဟူ၍ နှစ်ပိုင်း ခွဲခဲ့သော်လည်း ထိရောက် အောင်မြင်မှု မရှိခဲ့ခြင်းနှင့်လည်း ပတ်သက်နေလေသည်။ အစဉ်အလာအားဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများတွင် ကုသရေး ဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့မှာ ဆရာဝန်များသာ ကြီးစိုး လာခဲ့ကြသည်။ ဦးစီးဌာန နှစ်ခု မခွဲခြားမီ ယခင် တပ်မတော် အစိုးရ လက်ထက်မှာပင် ကျန်းမာရေးဌာနတွင် တပ်မတော် အရာရှိများက ဝင်ရောက် နေရာယူခြင်း မရှိခဲ့ချေ။ ဝန်ကြီးအဆင့်မှလွဲ၍ ထိပ်ဆုံး ညွှန်ကြားရေးမှူးချုပ်မှ အောက်ခြေ ဦးစီးအရာရှိ အဆင့်များသည် များသောအားဖြင့် ဆရာဝန်များသာ ဖြစ်ခဲ့ကြသည်။

သို့သော် ယခုကဲ့သို့ နိုင်ငံရေးအရ လွတ်လပ်လာသည်နှင့်အတူ သတင်းနည်းပညာများ ထွန်းကားလာချိန်တွင်မူ ဌာနတွင်း ပွတ်တိုက်မှုများက မလွဲမသွေ ဖြစ်လာရသည်။ မှန်တော့လည်း မှန်ပါသည်။ ကုသရေး နယ်ပယ်တွင် ဆရာဝန်များ အဓိက ဖြစ်နေခြင်းက ကျိုးကြောင်းဆီလျော်သော်လည်း ရောဂါ ကြိုတင် ကာကွယ်ရေးကိုသာ ဦးတည်သည့် ပြည်သူ့ကျန်းမာရေး နယ်ပယ်တွင်မူ ရာထူးကြီး အားလုံးကို ဆရာဝန်များ ကြီးစိုးထားခြင်းက လက်ခံနိုင်ဖွယ် မရှိတော့ဟု ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ဝန်ထမ်းများက ယခုအခါ မကျေမနပ် ဝေဖန်ထောက်ပြ လာကြသည်။

သမ္မတဦးထင်ကျော် အစိုးရသစ် လက်ထက်တွင်လည်း မကြာသေးမီက ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆရာဝန် မဟုတ်သည့် ဝန်ထမ်းအချို့ကို လက်ထောက် ညွှန်ကြားရေးမှူး အဆင့်အထိ ရာထူးတိုးမြှင့် ပေးခဲ့သော်လည်း ပြည်သူ့ကျန်းမာရေး အထူးကျွမ်းကျင်သူများ ဖြစ်ကြသည့် Health Assistant ခေါ် လက်ထောက် ကျန်းမာရေးမှူးများမှာ ဦးစီး အရာရှိအဆင့်ဖြစ်သည့် THA (Township Health Assistant) တွင်သာ အမြင့်ဆုံး ရပိုင်ခွင့်ရှိကြပြီး ၎င်းအပြင် လက်ထောက်ညွှန်ကြားရေးမှူး နေရာနှင့် အထက်သို့ ရာထူးတက်ခွင့် မရှိကြခြင်းက အံ့သြဖွယ်တည်း။

အမှန်မှာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ် တစ်ခုလုံးကို အခြေခံကျကျ လည်ပတ်ပေးနေသူများမှာ သူတို့သာ ဖြစ်ကြသည်။ ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်များက ရှုပ်ထွေးပါသည်။ ပြည်သူ့ကျန်းမာရေး အသိပညာပေး၊ စီမံခန့်ခွဲရေး၊ လူထုဆက်ဆံရေးနှင့် ဒေသအလိုက် အသေးစိတ် စီမံကိန်း ရေးဆွဲခြင်းများ (Micro-planning) အဓိက လုပ်ဆောင် နေရသူများမှာ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူများသာ ဖြစ်သည်။ သားဖွား ဆရာမများ၊ ကျန်းမာရေးကြီးကြပ် (၁) နှင့် (၂)၊ လက်ထောက် ကျန်းမာရေးမှူး၊ မြို့နယ် လက်ထောက် ကျန်းမာရေးမှူး အစရှိသူတို့မှာ ပြည်သူ့ ကျန်းမာရေး ကဏ္ဍတွင် အဓိက လည်ပတ် နေသူများသာ ဖြစ်ကြသည်။

၎င်းတို့ကို အဓိက စီမံခန့်ခွဲ နေသူများမှာမူ ကုသရေး နယ်ပယ်မှလာသည့် ဆရာဝန်များ ဖြစ်နေကြသည်။ Townshop Medical Officer ဟုခေါ်သည့် မြို့နယ် ဆရာဝန်များက ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို တွဲဖက် တာဝန် ယူကြသည်။ အများအားဖြင့် ဖြစ်တတ်သည်မှာ ဆရာဝန်များသည် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်ကို ဂဃဏန သဘော မပေါက်ကြချေ။ အထူးသဖြင့် မြို့နယ် ဆရာဝန် ဖြစ်စချိန်တွင် ပြည်သူ့ကျန်းမာရေး လုပ်ငန်း စတင်တာဝန် ယူရသည့် ဆရာဝန်များက ပြည်သူ့ကျန်းမာရေး လုပ်ငန်းကို မကျွမ်းကျင်ကြ။ သူတို့ အထူးပြု သင်ကြားခဲ့ရသည်ကလည်း ကုသရေး ဆေးပညာသာ မဟုတ်ပါလား။

လက်ထောက် ကျန်းမာရေးမှူးများတွင် ကျန်းမာရေးကြီးကြပ် အဆင့် (၁) မှ အဆင့်ဆင့် တက်လာသည့် အခြားဘွဲ့ရများရှိသလို မကွေး အခြေခံ ကျန်းမာရေး တက္ကသိုလ် (University of Community Health) ကျောင်းဆင်း လက်ထောက် ကျန်းမာရေးမှူးများလည်း ရှိသည်။ အခြေခံ ကျန်းမာရေး တက္ကသိုလ် ဟူသည့် အခေါ်အဝေါ်တွင်လည်း အငြင်းပွားမှုများ ရှိနေပြီး ကျန်းမာရေး ဝန်ထမ်း အများစုက ပြည်သူ့ကျန်းမာရေး သို့မဟုတ် လူထု ကျန်းမာရေး တက္ကသိုလ်ဟု ခေါ်ဝေါ်စေလိုကြပြီး ထိုတက္ကသိုလ်တွင် ဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်ပေးရန်ပါ အလိုရှိနေသော်လည်း ယခုတိုင် ပြည်သူ့ကျန်းမာရေး ဘွဲ့လွန် သင်တန်းများ မဖွင့်နိုင်သေးချေ။

အဆိုပါ တက္ကသိုလ်မှာ ၁၉၉၅ ခုနှစ်တွင် တပ်မတော် အစိုးရဟောင်းက တည်ထောင်ပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းတက္ကသိုလ်တွင် ပြည်သူ့ကျန်းမာရေး လုပ်ငန်းစဉ်နှင့် လုပ်ငန်း စီမံခန့်ခွဲရေးကို ၄ နှစ်တိုင်အောင် စနစ်တကျ သင်ကြားပေးခဲ့သည်ဖြစ်ရာ ကျောင်းဆင်းများမှာ ကျွမ်းကျင်မှု မြင့်မားသူများ ဖြစ်ကြသည်။ အများအားဖြင့် စီမံခန့်ခွဲရေးနှင့် လုပ်ငန်းအစီအစဉ် ရေးဆွဲရာတွင် တော်ကြသည်။

ပြည်သူ့ကျန်းမာရေး ဌာနတွင် ဆရာဝန်များက လိုအပ်သည်ထက် ကြီးစိုးနေခြင်းသည် လုပ်ငန်း ထိရောက်မှု အဟန့်အတား ဖြစ်စေပြီး မလိုလားအပ်သည့် ပြဿနာများ၊ စီမံခန့်ခွဲမှု အမှားများ ဖြစ်ပေါ်စေသည်ဟု ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် UN လက်အောက်ခံ အဖွဲ့အစည်းနှင့် နိုင်ငံခြား အခြေစိုက် ကျန်းမာရေး NGO များမှ အဖွဲ့ဝင်များ၊ ပညာရှင်များက ဝေဖန်ပြောဆို နေကြသည်။ သူတို့က ပြည်သူ့ကျန်းမာရေး ဝန်ထမ်းစစ်စစ်များ၏ ရာထူး၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို တိုးမြှင့် စေလိုကြသည်။

ယခုအခါ ခွဲထားပြီးဖြစ်သည့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ၂ ခုကို ပြန်လည် ပေါင်းစည်းမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိနေသည်။ ခွဲရေးစနစ် အဘယ်ကြောင့် မအောင်မြင်ခဲ့ရပါသနည်း။ လွယ်လွယ်လေးနှင့် ရှုပ်နေခြင်းသာ ဖြစ်သည်။ ဦးစီးဌာန နှစ်ခု ခွဲလိုက်သည်က မှန်ခဲ့သော်လည်း ဗဟိုအဆင့်နှင့် ပြည်နယ်/တိုင်းဒေသကြီး အဆင့်တွင်သာ ဦးစီးဌာနခွဲရေးက ပီပြင်စွာ ဖြစ်ပေါ်လာပြီး ခရိုင်နှင့် မြို့နယ် အဆင့်များမှာမူ ဆရာဝန်များကသာ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဌာန နှစ်ခုလုံးကို ကိုင်တွယ်နေခြင်းက ဝေဖန်စရာ ဖြစ်ခဲ့သည်။ 

မိမိတို့တွင် အစိုးရ ဝန်ထမ်း ဆရာဝန်များ လုံလောက်စွာ မရှိသည့်အတွက် ခွဲရေးစနစ် မအောင်မြင်ရခြင်း ဖြစ်သည်ဟု အကြောင်းပြချက်များ ကြားနေရသော်လည်း လက်ထောက် ကျန်းမာရေးမှူးများကမူ ထိုသို့ခွဲမည်ဆိုလျှင် မိမိတို့အား မြို့နယ်အဆင့် ပြည်သူ့ကျန်းမာရေး ဦးစီးမှူးများအဖြစ် တာဝန် ပေးစေလိုကြသည်။ သို့သော် ဆရာဝန် မဟုတ်သည့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများကို လုပ်ပိုင်ခွင့်များ ခွဲဝေခွင့် မပေးသည့်အတွက် ခွဲရေးမှာ ဝေဝေဝါးဝါး ပြီးဆုံးခဲ့ရသည်။ 

လတ်တလောတွင် ဆရာဝန် အင်အားစု၏ တုံ့ပြန်ကန့်ကွက် လာနိုင်ခြေကို လွန်ဆန်ရန် ခဲယဉ်းမည် ဖြစ်အံ့လည်း ပြည်သူ့ကျန်းမာရေး လုပ်ငန်းအကြောင်း ရင်းနှီးကျွမ်းဝင်ပြီး နိုင်ငံတကာနှင့် ထိတွေ့ဆက်ဆံမှုများသည့် လက်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးကမူ ပြဿနာကို အခြေခံကျကျ နားလည်နိုင်မည်ဟု ခန့်မှန်းထားရသည်။ ဤအချက်က အစဉ်အလာအရ အထူးကု ဆရာဝန်များကိုသာ ကျန်းမာရေး ဝန်ကြီးများအဖြစ် ခန့်ထားခဲ့သည့် ယခင်အစိုးရများနှင့် ကွာခြားချက် ဖြစ်သည်။

ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများ၏ ဖဲကြိုးပြာ လှုပ်ရှားမှုမှာ ဆရာဝန်များ၏ ဖဲကြိုးနက် လှုပ်ရှားမှုကဲ့သို့ လူသိ မများသေးသော်လည်း ကျွန်တော်တို့နိုင်ငံတွင် လူနှင့် နေရာ ခွဲဝေမှု မှားယွင်းနေသည်ကိုတော့ သတိပြုမိစေသည်။ ဆိုပါစို့။ ကျွန်တော်တို့က တပ်မတော် အရာရှိများသည် အရပ်ဘက် စီမံအုပ်ချုပ်ရေးများတွင် နေရာတကာ ပါဝင်ခဲ့ခြင်းကို မှားယွင်းသည်၊ ကျဆုံး နိုင်ငံဖြစ်စေသည်ဟု ဝေဖန်ခဲ့ကြသည်။ သို့သော် ဤသို့ မှားယွင်းနေရာ ချထားခြင်းက အသွင်ပြောင်း တပ်မတော် အရာရှိများက အရပ်ဘက် ကူးပြောင်းလာခြင်းသာ မဟုတ်ခဲ့ချေ။

ဥပမာ - ပညာရေး ဌာနတွင်လည်း ထိုနည်း၎င်းသာ ဖြစ်သည်။ သင်ကြားရေးတွင် အထူးပြု လုပ်ကိုင်လာသည့် ဆရာ၊ ဆရာမများကို ကျောင်းအုပ်နှင့် မြို့နယ် ပညာရေးမှူး ကဲ့သို့ ရာထူးများတွင် ရုတ်တရက် ခန့်အပ်လိုက်သည့်အခါတွင်လည်း ဖြစ်တတ်သည်။ ဆရာ၊ ဆရာမတိုင်းကို မဆိုလိုသော်လည်း ဆရာ၊ ဆရာမ အများစုမှာ အုပ်ချုပ်ရေး စွမ်းရည်နှင့် သီးခြား ဖြစ်နေတတ်သည်။ ပညာရေးဌာန အုပ်ချုပ်ရေးပိုင်းတွင် အုပ်ချုပ်ရေး စွမ်းရည်ရှိသူ ဆရာ၊ ဆရာမ အချို့နှင့် စီမံအုပ်ချုပ်ရေး သီးသန့် သမားများကို တွဲဖက် နေရာပေး၍ မရပါလေသလော။

ပြည်ပတွင် ဘွဲ့လွန် ပညာရပ်များ သင်ကြားခဲ့သူ ပညာတတ်ကြီးများက မိခင်နိုင်ငံသို့ ပြန်ရောက်လာသည့်အခါ တက္ကသိုလ် ပါမောက္ခချုပ်အဖြစ် အုပ်ချုပ်ရေး တာဝန် ယူနေရခြင်းက မိမိ သင်ကြားခဲ့သည့် ပညာများ ပြန်လည် မျှဝေနိုင်သည့် အခွင့်အလမ်း လျော့နည်းစေပါသည်။ ပြည်ထဲရေး ဝန်ကြီးဌာနအောက်ရှိ အရပ်ဘက် ဝန်ထမ်းများကလည်း မိမိတို့အရပ်သား စစ်စစ်များအတွက် နေရာ၊ မက်လုံးနှင့် ခံစားခွင့်များ မရှိခြင်းအပေါ် မကျေမနပ် ဖြစ်နေကြသည်။

အင်ဂျင်နီယာဌာနတွင် အင်ဂျင်နီယာသာ အဓိကဆိုပြီး အင်ဂျင်နီယာများသာ နေရာပေး၍ မရကောင်းချေ။ အင်ဂျင်နီယာများနှင့် စီမံခန့်ခွဲရေးသမား စစ်စစ်များက ပူးတွဲ လုပ်ကိုင်ခြင်းက ပိုမို ထိရောက်စေမည် ဖြစ်သည်။ ကျွန်တော်တို့က နိုင်ငံကို တိုးတက် စေချင်ပါသည်ဆိုလျှင် အရည်အချင်း ရှိသူတိုင်းကို တာဝန်နှင့် လုပ်ပိုင်ခွင့်များ အသီးသီး ပေးအပ်ရမည် ဖြစ်သည်။

ဒီမိုကရေစီ အသွင် ကူးပြောင်းခြင်းနှင့်အတူ စီးပွားရေး ပြုပြင် ပြောင်းလဲရေး၊ နိုင်ငံတော် တစ်ခု ပြန်လည် တည်ဆောက်ရေးတို့ကိုပါ တစ်ပြိုင်နက်တည်း လုပ်ဆောင်နေဆဲ မြန်မာနိုင်ငံတွင် လူမှန် နေရာမှန် မရှိသေးခြင်းကလည်း ရေရှည် ပြုပြင်ရမည့်အချက် တစ်ခု ဖြစ်နေသည်။ နိုင်ငံရေး နယ်ပယ်တွင်လည်း ရွေးကောက်ပွဲ ရှုံးနိမ့်ပြီး ပါတီကြီးအပြင် လက်ရှိအာဏာရ ပါတီနှင့် အခြားသော နိုင်ငံရေးပါတီ အတွင်းပိုင်းများတွင်လည်း လူမှန် နေရာမှန်သည့် စနစ်တစ်ခု မဖြစ်ထွန်းသေးသည်ကို တွေ့မြင်နိုင်သည်။ 

နိုင်ငံရေးပါတီ အများစု၏ အားနည်းချက်မှာ ပါတီတွင်းတွင် ဖက်ဒရယ် လစ်ဇင်၊ အခြေခံဥပဒေ၊ လူ့အခွင့်အရေးနှင့် နိုင်ငံရေးသင်တန်းများ သင်ကြားပေးလျက် ရှိခဲ့ကြသော်လည်း လက်တွေ့ကျသည့် အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနှင့် စီးပွားရေး ဘာသာရပ်ဆိုင်ရာ သင်တန်းများ စီစဉ်ရန် ပျက်ကွက်ခဲ့ကြခြင်း ဖြစ်သည်။ ပါတီတစ်ခု အာဏာ ရလာပါက အရင်ဦးဆုံး လက်တွေ့ အသုံးချရမည့် ဘာသာရပ်များမှာ ဘာဖြစ်သည်ဆိုသည်ကို မေ့လျော့ထားခဲ့ကြသည်။

အနောက်နိုင်ငံမှ စီမံခန့်ခွဲရေး ဘွဲ့လွန်ရလာသူ ဆရာကြီး တစ်ဦးက မိမိကျွမ်းကျင်မှုနှင့် မသက်ဆိုင်သည့် ဘောဂဗေဒ ဟောကိန်းများ၊ တွက်ချက်မှုများ လက်တွေ့မကျစွာ ပြောဆိုနေသည်ကိုလည်း ကျွန်တော် တွေ့ဖူးသည်။ စီးပွားရေး တက္ကသိုလ်ဆင်း ငယ်သူငယ်ချင်း တစ်ဦးကလည်း ထိုနည်း၎င်း။ သူတို့က နိုင်ငံတွင်းရှိ လက်တစ်ဆုပ်စာ ဘောဂဗေဒ ဂုရုကြီးများကိုပင် ဆရာကြီးလေသံဖြင့် ဝေဖန်လိုက်ဦးမည်။ သူတို့ ဟောကိန်းများ၊ ပြောဆိုချက်များ မမှန်ကန်ကြောင်း နောင်သောအခါ တွေ့ရှိရသည်ကတော့ အံ့ဖွယ်မရှိလှ။

မိမိတို့နိုင်ငံတွင် တတ်သိ ပညာရှင်များ လိုအပ်နေသည်၊ သူတို့၏ အကြံပြုချက်များ အလေးထားရမည်ဟု ခေတ်အဆက်ဆက် အော်လာသော်လည်း ပြုပြင် ပြောင်းလဲလိုစိတ် ပြင်းထန်နေသည့် နိုင်ငံရေးသမား အချို့က ပညာရှင်များနှင့် မတိုင်ပင်ဘဲ ပြုပြင် ပြောင်းလဲဖို့ ကြိုးစားနေကြသည်။ နိုင်ငံရေးသမားတို့မှာလည်း အမှန်တော့ တက်ကြွလှုပ်ရှားသူများ ဘဝမှ အသွင် ပြောင်းလာကြသူများသာတည်း။ 

ကျွန်တော်တို့သည် ပြောင်းလဲချိန် တန်ပြီ ဖြစ်ပါသည်။ သို့သော် ပြောင်းလဲဖို့ စတင် အားထုတ်ချိန် တန်ပြီဟုဆိုက ပိုမို မှန်ကန်ပေမည်လား မသိပေ။ ပြည်ထောင်စု ခေါင်းဆောင်များ အဆင့်တွင်မူ လူမှန် နေရာမှန် ရပြီးသည့် ထွန်းသစ်စ နိုင်ငံငယ်တွင် အောက်ခြေအထိ လူမှန် နေရာမှန်များ ဖြစ်ဖို့ မည်မျှမည်ရွေ့ လုပ်ဆောင်ရဦးမည်လဲ မပြောတတ်တော့ချေ။ ခုထိတော့ ဘယ်နေရာ ဘယ်သို့ မှားနေကြောင်း ပြောမကုန်နိုင်ပြီ။

နောင်လုလင်


  • VIA