News

POST TYPE

OPINION

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနှင့် တပ်မတော်၏ အပြန်လမ်း
02-Aug-2016
မြန်မာ့နိုင်ငံရေး၏ လက်ရှိအချိန်သည်  စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို သတိမူကြရတော့မည့် အချိန်ပင်ဖြစ်သည်။ နှစ်ပေါင်းများစွာ နိုင်ငံရေးအာဏာကို ချုပ်ကိုင်ခဲ့သော စစ်ဘက်၏နိုင်ငံရေးမှ အထွက်ချိန် ဖြစ်သောကြောင့်  ယင်းအခြေအနေကို အရပ်ဘက်က အထူးသတိပြု ကိုင်တွယ်နိုင်ဖို့  အရေးကြီးသည်။ တစ်နည်းအားဖြင့် တပ်မတော်၏ အပြန်လမ်းကို မြန်ဆန်ချောမွေ့ စေဖို့လည်းဖြစ်သည်။

တစ်လောက ကြားမိလိုက်သေးသည်။

ငြိမ်းချမ်းရေးရရင် လွှတ်တော်ထဲကနေ တပ်မတော်ထွက်မယ်။ လူထုရဲ့ ခေါင်းဆောင်ကို ဝန်းရံမယ်ဆိုသောစကားကို လက်ရှိစစ်ဘက် ခေါင်းဆောင်က ပြောခဲ့သည်ဟု။ ထူးထူးခြားခြား မအံ့ဩမိပါ။ ဒီစကားမျိုး  တပ်မတော်ခေါင်းဆောင်ပိုင်းမှ ပြောသည်မှာ ယခုတစ်ကြိမ်နှင့်ဆို  သုံးကြိမ် ခန့်ရှိပြီထင်သည်။ ဒါသည်ပင် တပ်မတော်၏ ခိုင်မာသောမူဘောင်ဖြစ်ပြီး တပ်မတော်၏ တိကျသော ‘ပေးထားချက်’ ကို အရပ်ဘက်သို့ ရှင်းရှင်းလင်းလင်း သိစေလိုက်ခြင်းလည်း ဖြစ်သည်။

နိုင်ငံရေးဟူသည်  ပေးထားချက်ကိုတည်၍ တွက်ဆအဖြေရှာရသော  ပုစ္ဆာဖြစ်ရာ  လက်ရှိ အရပ်သားအစိုးရ၏ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအပေါ် နည်းမှန်လမ်းမှန်ဖြင့် ချဉ်းကပ်နိုင်ဖို့ လိုလာပါသည်။

စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ သီအိုရီများ

Hantington က  တိုင်းပြည်တစ်ခု၏ စစ်တပ်သည်  Professional  ဖြစ်လာပါက နိုင်ငံရေးနှင့် ဝေးဝေးနေလိမ့်မည်ဟု ဆိုသည်။ နောက်ပိုင်းတွင်  ၎င်း၏အဆိုကို စနစ်တကျ  ချေဖျက်ပြနိုင်သော ဖြစ်ရပ်များနှင့်အတူ ၎င်းထက် ပို၍ လက်တွေ့ကျသော သီအိုရီများနှင့် ပညာရှင်များ ထွက်ပေါ်လာခဲ့သည်။ Samuel E.finer က နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှုမှာ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့ (Political Culture) အနိမ့်အမြင့်နှင့် ဆိုင်သည်ဟု ဆိုသည်။ ‘နိုင်ငံရေးဓလေ့’ ဟုဆိုရာတွင်  လူထု၏နိုင်ငံရေး ရင့်ကျက်မှုအခြေအနေ၊ ပြည်တွင်းစစ်၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် အခြားပဋိပက္ခများကို ဆိုလိုခြင်းဖြစ်သည်။ ၎င်း၏အဆိုအရ လူထု၏ နိုင်ငံရေးဓလေ့ ရေချိန်မြင့်လျှင် နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု နိမ့်ပါးပြီး  လူထု၏နိုင်ငံရေး ဓလေ့ ရေချိန်နိမ့်ကျလျှင်  နိုင်ငံရေးတွင် စစ်ဘက်ပါဝင်မှု မြင့်မားတတ်သည်။ Marcus Meitzner ကတော့ နိုင်ငံရေးတွင် စစ်ဘက်က ပါဝင်လာရခြင်း အကြောင်းရင်းများကို လေးမျိုးခွဲပြသည်။ ၎င်းတို့မှာ  ၁။ သမိုင်းကြောင်းတွင် ပါဝင်ပတ်သက်ခဲ့မှု  ၂။ စစ်ဘက်၏  ဦးတည်ချက် ၃။ နိုင်ငံတကာ၏ ပယောဂ  ၄။ အရပ်ဘက်၏ အရည်အသွေးပိုင်းနှင့် ခေါင်းဆောင်မှုပုံစံတို့ ဖြစ်ကြသည်။ ပညာရှင်တစ်ဦးဖြစ်သူ L.Bland က တပ်ကိုအရပ်ဘက်၏ လက်အောက်ခံအဖြစ် ထား၍ ဆက်ဆံခြင်းထက် တာဝန်ယူမှု ခွဲဝေထားသော ပုံစံကိုသာ အဆိုပြုထားသည့် ‘တာဝန်ခွဲဝေရယူမှု သီအိုရီ’ (The Theory of Shared Responsibilities) ကို ဖော်ထုတ်ခဲ့သည်။ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးနယ်ပယ်အတွက်  ဟန်တင်တန်၏ ပရော်ဖက်ရှင်နယ် သီအိုရီ အလွန်ကာလတွင် ပေါ်ပေါက်လာခဲ့သော နောက်ပိုင်းသီအိုရီအများစုမှာ  စစ်ဘက်နှင့် အရပ်ဘက်ကို ခွဲခြားပိုင်းကန့်ခြင်းထက် စုစည်းခြင်း၊ ပေါင်းစပ် လုပ်ကိုင်ခြင်းဘက်ကိုသာ ဦးစားပေးခဲ့ကြပါသည်။

စစ်ဘက်-အရပ်ဘက်ဆက်ဆံရေး  ဖော်မြူလာအဆင့်ဆင့်

စစ်ဘက်မှ နိုင်ငံရေးသို့ ပါဝင်လာခြင်းတွင် အောက်ပါအတိုင်း အဆင့်လေးဆင့်ကို တည်ဆောက်သည်။ ၎င်းတို့မှာ  ၁။ အဝင်ပေါက်၏  တရားဝင်ခြင်း (Entrance Legitimacy)  ၂။ မျိုးစပ်အာဏာပိုင်စနစ် (Hybrid Authoritarianism)  ၃။ နိုင်ငံရေးကစားမှု (Political Manipluation) ၄။ ထွက်ပေါက်မဟာဗျူဟာ (Exit Strategy) တို့ ဖြစ်သည်။

အဝင်ပေါက်၏ တရားဝင်မှုကို ဖော်ပြလိုသည့်အခါ  နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေးအဖြစ်အပျက် အခြေအနေတို့အပေါ် စစ်ဘက်၏  စိုးရိမ်ပူပန်မှုများကို ပြသသည်။ ထိုအခါမျိုးတွင် ၎င်းတို့၏ အကြောင်းပြချက်များမှာ  စီးပွားရေးကျဆင်းမှု၊ နိုင်ငံရေး မတည်ငြိမ်မှုနှင့် စစ်မက်ရေးရာ ထူပြောလာမှု အခြေအနေများအပါအဝင် အရပ်ဘက်နိုင်ငံရေး အဖွဲ့အစည်း အသီးသီး၏ လွဲမှားချက်ချို့ယွင်းချက်များ ဖြစ်နေတတ်သည်။ စစ်ဘက်၏နိုင်ငံရေးသို့  အဝင် တရားဝင်မှုအတွက် ဆုပ်ကိုင်စရာ အကြောင်းအရာများ ပေါ်ပေါက်မလာဖို့ အရေးကြီးသည်။

စစ်ဘက်မှ အာဏာသိမ်းရခြင်း အကြောင်းပြချက်များမှာ ခိုင်လုံသည်ဖြစ်စေ မခိုင်လုံသည်ဖြစ်စေ၊ အကျိုးအကြောင်း ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ  စစ်ဘက်အာဏာ တည်မြဲရေးအတွက်ကိုတော့ နည်းလမ်းရှာကြံကာ ဥပဒေတစ်ခုခု ရေးဆွဲပြဋ္ဌာန်းပြီး တရားဝင်မှုကို ထူထောင်မြဲဖြစ်သည်။ ယင်းနည်းလမ်းဖြင့် ပေါ်ပေါက်လာသော အစိုးရစနစ်ကို ‘မျိုးစပ်အာဏာပိုင်စနစ်’ ဟု  ပါကစ္စတန် နိုင်ငံရေးသိပ္ပံပညာရှင် အာကွီးလ်ရှားက  အမည်ပေးသည်။

ဤသို့ဖြင့် အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီး ဥပဒေမူဘောင်တို့ကို လိုအပ်သလို ရေးဆွဲအုပ်ချူပ်သည်။ ထိုသို့အုပ်ချူပ်ရာတွင် အရပ်ဘက်၏ အခြေအနေကို ချင့်တွက်၍  ပေါ်လစီ အပျော့/အမာကို ချမှတ်ကျင့်သုံးလေ့ ရှိသည်။ ၎င်းကို ‘နိုင်ငံရေးကစားခြင်း’ ဟု ပညာရှင်တို့ ခေါင်းစဉ်တပ်ကြသည်။

စစ်ဘက်အုပ်ချူပ်ရေး၏ အဆုံးသပ်ပိုင်းတွင်တော့ အထွက်ဘက်ကို မျက်နှာမူလာကြသည်။ ပါးနပ်သော စစ်အာဏာရှင်တိုင်းသည်  အဝင်ချိန်၊ အလုပ်ချိန်နှင့်  အထွက်ချိန်ကို ကောင်းစွာနားလည်သည်။ ထို့ကြောင့်လည်း  အထွက်လှဖို့ကို စနစ်တကျ ဖန်တီးထားတတ်ကြသည်။ ယင်းကို ‘ထွက်ပေါက် မဟာဗျူဟာ’ ဟုခေါ်သည်။

ထွက်ပေါက်မဟာဗျူဟာနှင့်  ဒီမိုကရေစီ တည်ငြိမ်ခိုင်မာမှု အဆက်အစပ်

အာဏာသိမ်းစစ်အစိုးရ အများစုသည် အာဏာကိုင်စွဲထားမှုအပေါ်  ‘ဆုတ်ချိန်’ နှင့် ‘တက်ချိန်’  ကို ခွဲခြားကျင့်သုံးသည်။ အထူးသဖြင့် ဆုတ်ချိန်ကို ပိုမိုဂရုစိုက်တတ်ကြသည်ဖြစ်ရာ ၎င်းတို့၏ ထွက်ပေါက်မဟာဗျူဟာ အတွက်  လူ၊ စနစ်၊ မူတို့ကို အသေအချာ အထိုင်ချထားပြီးမှ နိုင်ငံရေးအပြောင်းအလဲကို ဖော်ဆောင်ပေးလေ့ရှိသည်။ ထို့ကြောင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး၏ အရေးကြီးဆုံးအချိန်မှာ ထွက်ပေါက်မဟာဗျူဟာ ကျင့်သုံးချိန်ပင်ဖြစ်သည်။ ယင်းကာလသည် အရပ်ဘက်အတွက် တည်ငြိမ်မှု၊ အနာဂတ်သေချာမှု  တို့မှာ ဝိုးတဝါးအခြေအနေ ဖြစ်သလို  စစ်ဘက်အတွက်လည်း အရပ်ဘက် အပေါ် ယုံကြည်စိတ်ချနိင်မှုကို အကဲစမ်းသောကာလ ဖြစ်ရာ အစစ မသေချာ မရေရာမှုများစွာဖြင့် အရှုပ်ထွေးဆုံး၊ ထိလွယ်ရှလွယ် အရှိဆုံး အချိန် ကာလတစ်ခုလည်း ဖြစ်သည်။ အဆင်မပြေလျှင် အချိန်မရွေး နောက်ပြန် လည်နိုင်သည်။

ထို့ကြောင့်  ဤကာလမျိုးတွင် အရပ်ဘက်၏ ခေါင်းဆောင်မှုနှင့်  စွမ်းဆောင်ရည်က အရေးကြီးလာပါသည်။ အခိုင်အမာချမှတ်ထားသော  မူဘောင်နှင့် ရပ်တည်နေသောတပ်ကို ရည်မှန်းချက်အတိုင်း  အိမ်အပြန်လမ်း မြန်ဆန်ချောမွေ့စေဖို့မှာ အရပ်ဘက်၏ အရည်အသွေးက အဆုံးအဖြတ်ပေးမည်သာ ဖြစ်သည်။

စစ်ဘက်၏ ထွက်ပေါက်မဟာဗျူဟာကို သိမ်မွေ့စွာ ကိုင်တွယ်နိုင်လျှင် နိုင်ငံရေးကဏ္ဍ အတွင်းရှိ စစ်ဘက်၏ လက်တံများ မြန်ဆန်စွာ ရုပ်သိမ်းသွားနိုင်သည့် အကြောင်းကို ဒေသတွင်း အင်ဒိုနီးရှားနိုင်ငံက သက်သေထူခဲ့သည်။ 

အင်ဒိုနီးရှားနိုင်ငံတွင် ဆူဟာတို အလွန်ကာလအထိ နိုင်ငံရေးတွင် စစ်ဘက်၏ပါဝင်မှုက ကြီးမားစွာရှိနေခဲ့သေးသည်။ သို့သော် သမ္မတ ယိုဒိုယိုနိုလက်ထက်တွင်မူ စစ်ဘက်၏အခန်းကဏ္ဍကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့သည်ကို တွေ့ရသည်။ ယိုဒိုယိုနိုက အင်ဒိုစစ်တပ်ကို ခေတ်မီစစ်လက်နက်များ တပ်ဆင်ပေးခဲ့သည်။ စစ်တပ်အတွက် တရားမဝင်ဖြစ်နေသော ဘတ်ဂျက်များကို တရားဝင်ဖြစ်လာစေရန် လုပ်ဆောင်ပေးသည်။ ဤသို့ဖြင့် အစိုးရသည် စစ်တပ်၏ ယုံကြည်မှု ထောက်ခံမှုကို ရရှိခဲ့သည်။

စစ်တပ်အနေနှင့်လည်း ခေတ်မီတပ်မတော်ဖြစ်ရေး ကိစ္စနှင့် ပတ်သက်၍  မိမိကိုယ်သာကိုးကွယ်ရာဟု ထင်မြင်ယူဆထားမှုများကို လျော့ကျစေ ခဲ့ပါသည်။ အရပ်ဘက် အဖွဲ့အစည်းများ၏ အကွဲအပြဲ ပြဿနာများသည် နိုင်ငံရေးမတည်ငြိမ်မှုကို ဖြစ်ပေါ်စေပြီး ယင်းမှတစ်ဆင့် စစ်ဘက်၏ ပါဝင်ပတ်သက်မှု ရှိလာနိုင်သည်ကို ကြိုမြင်ထားသော အစိုးရသည် ပြည်တွင်း တည်ငြိမ်ရေးကို ဂရုစိုက် ထိန်းသိမ်းခဲ့သည်။ အစိုးရသည် အတိုက်အခံများ အပေါ် ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချခြင်း၊ ဖယ်ထုတ်ခြင်း တိုက်ခိုက်ခြင်းတို့ကို မပြုလုပ်ခဲ့ဘဲ ဂိုဏ်းဂဏ ကွဲပြားမှုများကို နားလည်လက်ခံပေးပြီး ညီညွတ်မှုကို တည်ဆောက်ခဲ့သည်။ အရပ်ဘက် အဖွဲ့အစည်းများအကြားတွင်  ဖယ်ရှား သုတ်သင်ရှင်းလင်းခြင်း (Elimination) ကိုရှောင်ကြဉ်ခဲ့ပြီး မတူကွဲပြားမှုများကို လက်ခံနိုင်သော ဒီမိုကရက်တစ်ဓလေ့ကို တည်ဆောက်ယူခဲ့သည်။ အခြားတစ်ဖက် တွင်လည်း စွမ်းဆောင်ရည် ကောင်းမွန်သော အစိုးရတစ်ရပ် ဖြစ်လာစေရေးကို အားစိုက် လုပ်ဆောင်ခဲ့သည်။ အစိုးရသည်  နိုင်ငံရေးနယ်ပယ်တွင် စစ်တပ်က ရယူထားသော နေရာအသီးသီးကို ဇွတ်အတင်း သိမ်းပိုက်ဖို့ မကြိုးစားခဲ့သောကြောင့်လည်း မလိုလားအပ်သော  အားပြိုင်မှုပြဿနာများ ပေါ်ပေါက်မလာတော့ဘဲ နိုင်ငံရေးတည်ငြိမ်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ သမ္မတယိုဒိုယိုနို လက်ထက်တွင် ပဋိပက္ခ အတော်များများ ပြေလည်ခဲ့ပြီး အရေးကြီးသော အာချေးပြဿနာကို ဖြေရှင်းနိုင်ခဲ့ သည့်အတွက် အရပ်ဘက်၏ ခေါင်းဆောင်မှုကဏ္ဍ တက်လာခဲ့သည်။ ယိုဒိုယိုနိုလက်ထက် အင်ဒိုနီးရှားအစိုးရ၏  စစ်ဘက်ထွက်ပေါက် မဟာဗျူဟာကို ကိုင်တွယ်သွားပုံမှာ Samuel E.Finer ၏ သီအိုရီနှင့် ဆက်စပ်နေသည်ကို တွေ့ရသည်။

အရပ်ဘက် အဖွဲ့အစည်း၏ နိုင်ငံရေးဓလေ့ အနိမ့်အမြင့်ကို လိုက်၍  စစ်ဘက်၏ နိုင်ငံရေးတွင်ပါဝင် ပတ်သက်မှု အနည်းအများကို ချိန်ထိုးနိုင်သည် ဖြစ်ရာ လူထု၏ ‘နိုင်ငံရေးဓလေ့’ (နိုင်ငံရေးရင့်ကျက်မှု အခြေအနေ၊ နိုင်ငံရေးတည်ငြိမ်မှု)ကို မြှင့်တင်ပေးနိုင်ခဲ့သောကြောင့် စစ်ဘက်၏  လက်တံများ အလိုအလျောက် ဆုတ်ခွာသွားခဲ့သည်ကို တွေ့ရသည်။ အရပ်ဘက်မှ  အကွဲအပြဲများကို စုစည်းစေနိုင်ခဲ့ခြင်း ကလည်း နိုင်ငံတည်ငြိမ်မှုအတွက်  စစ်တပ်၏ စိုးရိမ်ချက်ကို ဖယ်ရှားပေးနိုင်ခဲ့သည်။ အရပ်ဘက် ဦးဆောင်မှု မြင့်လာသလောက် စစ်ဘက်အခန်းကဏ္ဍက နောက်ဆုတ်ပေးသွားသည်ကို  တွေ့ရသည်။ မြန်မာနိင်ငံမှာလို ‘အစိတ်သား ထွက်သွား’ ဟု အော်မနေဘဲ တပ်၏အပြန်လမ်းကို ချောမွေ့မြန်ဆန်အောင် ဖန်တီးပေးသွားနိုင်ခဲ့ပါသည်။

မြန်မာ့နိုင်ငံရေးတွင်  စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအခြေအနေမှာ  စစ်ဘက်၏ ထွက်ပေါက်အဆင့်သို့ ရောက်ရှိနေပါပြီ။ နိုင်ငံရေးကဏ္ဍတွင်  အရေးကြီးသော အာဏာအစိတ်အပိုင်း အချို့ကို ရယူထားခြင်း၊ အခြေခံ ဥပဒေဖြင့် ထိန်းထားခြင်း ဟူသော အချက်များမှာ ထွက်ပေါက် မဟာဗျူဟာ၏ အစီအမံများသာဖြစ်ပြီး အမှန်တကယ်အားဖြင့် တပ်မတော်သည် အပြန်လမ်းကို မျက်နှာမူနေပြီသာ ဖြစ်သည်။ ယင်းအပြန်လမ်းအတွက် တပ်မတော်၏ စိုးရိမ်ချက်မှာ ပြည်တွင်းစစ် အရပ်ဘက်ပဋိပက္ခများနှင့် နိုင်ငံတည်ငြိမ်ရေး ကိစ္စများဖြစ်နိုင်သည်။ အဆိုပါပြဿနာများအပေါ် လက်ရှိအရပ်သား အစိုးရ၏  ဖြေရှင်းဆောင်ရွက်နိုင်စွမ်း သည်သာ  တပ်မတော်၏ အပြန်လမ်းအတွက်  အတားအဆီး သို့မဟုတ် လမ်းခရီးသာယာဖြောင့်ဖြူးစေမှု  တစ်ခုခုဖြစ်ပါ လိမ့်မည်။ သို့ဖြစ်ရာ အရပ်သားအစိုးရသည် ကိုယ်တိုင်တည်ဆောက်မှုဖြစ်သည့် ကောင်းမွန်သော အစိုးရတစ်ရပ် ဖြစ်လာရေး၊ အရပ်ဘက်ပဋိပက္ခများ လျော့နည်းချုပ်ငြိမ်းရေး၊ တပ်မတော်နှင့် လက်တွဲ၍ ငြိမ်းချမ်းမှုလုပ်ငန်းစဉ်များ  အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး   စသည်တို့ကို စနစ်တကျ လုပ်ဆောင်လာနိုင်သည်နှင့်အမျှ တပ်မတော်၏ အပြန်လမ်းသည်ပို၍ပို၍  ပီပြင်လာမည်ဖြစ်သည်။ တပ်မတော်သာနိုင်ငံရေးမှ ဆုတ်ခွာခဲ့လျှင် အခြေခံ ဥပဒေပြင်ဆင်ရေးလိုမျိုး အခက်အခဲအကျပ်အတည်း ဖြစ်နေသောပြဿနာများပါ အောင်မြင်လာနိုင်ပြီး ဒီမိုကရေစီ စနစ်လည်း ပိုမိုအပြန့်ကျယ်ကာ  ခိုင်မာလာစေမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ လက်ရှိအရပ်သား အစိုးရအနေနှင့်   စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို အထူးဂရုစိုက် ချဉ်းကပ်ပြီး တပ်မတော်၏ အပြန်လမ်းကို မြန်ဆန်ချောမွေ့စေရန် ကြိုးပမ်းလုပ်ဆောင် သင့်လှပါကြောင်း တင်ပြအပ်ပေသည်။ 

ဝင်းကို


ABOUT AUTHOR

(ဝင်းကို)