News

POST TYPE

OPINION

ရှေ့တန်းတိုက်စစ်မှူးများသို့
02-Aug-2016
ပြည်သူ့ကျန်းမာရေးလုပ်ငန်း လုပ်သူတိုင်း၊ တောနယ်မှာနေသူတိုင်း ကျန်းမာရေးမှူးဆိုတာ ရင်းနှီးပြီးသား။ ခေတ်အဆက်ဆက် ဆရာဝန်များ မရောက်နိုင်သောနေရာ ဒေသများတွင် အခြားသော အခြေခံကျန်းမာရေး ဝန်ထမ်းများ နည်းတူ ကျန်းမာရေးမှူးများက ဦးဆောင်ကာ ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့သည်မှာ ကြာပြီ။ ကျန်းမာရေးမှူးတွေကို စတင်မွေးထုတ်သည့် ၁၉၅၁ ခုနှစ်က စတင်ရေတွက်လျှင် နှစ် ၆၀ ကျော်ရှိခဲ့ပြီ ဖြစ်သည်။ 

၁၉၉၅ အရောက်တွင်မူ အခြေခံကျန်းမာရေးတက္ကသိုလ် (University of Community Health) ကို စတင်ဖွင့်လှစ်ကာ ဘွဲ့အဖြစ် ပေးအပ်ခဲ့သည်မှာ ယခုဆိုလျှင် ၁၆ သုတ်အထိ ဘွဲ့ပေးခဲ့ပြီးပေပြီ။ (နာမည်နှင့် ပတ်သက်၍လည်း အစာမကျေစရာတစ်ခုက လူထုကျန်းမာရေးလို့ မသုံးဘဲ အခြေခံကျန်းမာရေးလို့ သုံနှုန်းခြင်းက ခွဲခြားနေသယောင် ဖြစ်သည်။) မြန်မာပြည်ရဲ့ အောင်မြင်ခဲ့သည့် ကျောက်ရောဂါ တိုက်ဖျက်ရေးမှသည် လက်ရှိပိုလီယိုကာကွယ်ဆေး အပါအဝင် ရောဂါတိုက်ဖျက်ရေး ပေါင်းစုံတွင် ကျန်းမာရေးမှူးများ၏ အခန်းကဏ္ဍသည် မေးခွန်းထုတ်စရာမလိုအောင် ကျယ်ပြန့်အရေးပါခဲ့သည်၊ အသုံးဝင်ခဲ့သည်။ သို့သော် ထိုက်တန်သော အသိအမှတ်ပြုမှု၊ လေးစားတန်ဖိုးထားမှု ရှိခဲ့ပါရဲ့လား။ ဆန်းစစ်ကြည့်ဖို့ လိုပါမည်။ ဤစိတ်အခံသည်ပင် ပြဿနာများ၏အခြေခံ ဖြစ်ပါသည်။ 

မီးပွားလေး

ကျန်းမာရေးမှူးလက်မှတ် မရသူကို (တစ်နည်းကျန်းမာရေးနှင့် မသက်ဆိုင်သူကို) ကျန်းမာရေးမှူး ၂ အဖြစ် ရာထူးပေးမှုတစ်ခု ဖြစ်ခဲ့သည်။ မိမိတို့ရဲ့အမည်ကို တန်ဖိုးမထားဟု မှတ်ယူကာ ကျန်းမာရေးမှူးများက ပြင်းထန်စွာ ကန့်ကွက်နေကြသည်။ အထူးသဖြင့် ဘွဲ့ရလူငယ်များက ဦးဆောင်ကန့်ကွက်ကြသည်။ ဒါက ပြဿနာကြီးကြီးမဟုတ်ဟု ယူဆနိုင်ပါသည်။ မကြီးတဲ့ပြဿနာလေးကို ဘာကြောင့် တုံ့ပြန်မှုက များတာလဲ။ လူမသိ သူမသိ ဖုံးအုပ်နေတဲ့ ကာလကြာရှည်ရှိခဲ့သည့် လောင်စာပုံကြီးပေါ်ကို မီးပွားလေးတစ်စ ကျခြင်းသာ ဖြစ်ပါသည်။

ပြဿနာတွေ

ကျန်းမာရေးမှူးများ အတွက် အဓိက ခံရခက်စေသော အချက်မှာ သူတို့အတွက် မျက်နှာကြက် နိမ့်လွန်းနေခြင်းဟု မြင်နေကြခြင်းဖြစ်သည်။ သူတို့အတွက် လုပ်ရည်ကိုင်ရည် မည်မျှပင်ရှိစေကာမူ ရာထူးအကြီးကြီး ရပိုင်ခွင့်မရှိခြင်းက အဓိကအချက်ဖြစ်သည်။ အရင် ဒီပလိုမာပိုင်ရှင် ကျန်းမာ ရေးမှူးများအတွက် အမြင့်ဆုံး မြို့နယ်အဆင့် မြို့နယ်ကျန်းမာရေးမှူး အဆင့်တစ်ရာထူးသည် ထောက်ပြပြောစရာ မဟုတ်သော်လည်း တက္ကသိုလ် ဝင်တန်းတွင် တစ်စုံတစ်ရာ အမှတ်ကောင်းရန်လိုပြီး ပိုပြီးမြင့်မားသည့် ဆေးပညာဆိုင်ရာများကို သင်ကြားကာ ဘွဲ့အဖြစ် ရရှိလာခဲ့သော မျိုးဆက်သစ် ကျန်းမာရေးမှူးများ အတွက်တော့ အမြင့်ပျံခွင့် မရခြင်းဟု မြင်စရာ ဖြစ်နေသည်။ ဤသို့ လုပ်ငန်းခွင်အတွင်း Career Development များများ မျှော်မှန်းခွင့် မရှိခြင်းဟာ ခေတ်သစ်လူငယ်များအတွက် ဘဝတက်လမ်း မရှိသောအလုပ်ဟု မြင်စရာဖြစ်လာသည်။ ဘွဲ့ယူမိတာမှားပြီလား တွေးမိပေလိမ့်မည်။ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တစ်ခု အဖြစ် အသိအမှတ်ပြုခံရပြီး ဘဝတက်လမ်းအတွက် အာမမခံနိုင်သော လုပ်ငန်းတစ်ခုအဖြစ် မသိမသာ ပြောင်းလဲလာခြင်းက ပြဿနာတစ်ခု ဖြစ်သည်။ 

လုပ်ငန်းခွင်ထဲတွင် ကျင်လည် လှုပ်ရှားရသည်က မြို့နယ်တစ်ခု၏ ပြည်သူ့ကျန်းမာရေး လုပ်ငန်း ဖြစ်သည့်အတွက် အနိမ့်ဆုံးကျေးလက် ကျန်းမာရေးဌာနမှသည် မြို့နယ်အဆင့်တွင်သာ ဖြစ်ရာကျန်းမာရေးမှူး ဆိုလျှင် တောမှာသာနေရမည် ဖြစ်လာသည်။ မြို့များ၊ ပြည်နယ်ရုံးများနှင့် ဗဟိုရုံးမှ ရာထူးများသည် ကျန်းမာရေးမှူးများ အတွက် ရာထူးအခွင့်အလမ်း မရှိသလောက် နည်းသောနေရာ ဖြစ်လာသည်။ မြို့မှာလုပ်ရန် စဉ်းစားလျှင်ပင် မတန်မရာသဘောမျိုး တွေးမိသူများက မနည်းမနောပင်။ တကယ်တော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ တစ်စုံတစ်ရာ သောဝန်ထမ်းရာနှုန်းကို ကိုယ်စားပြုနေသည့် အဓိကပလေယာများ ဖြစ်ကြသည်ကို မေ့လျော့နေကြဟန် တူပါသည်။

လုပ်ငန်းခွင်မျှော်မှန်းချက် နည်းရသည့်အထဲ နောက်ထပ် ကျန်းမာရေးမှူးများ၏ အနာဂတ်ကို ထပ်မံဖိစီးထားသည်က မာစတာဘွဲ့ အခွင့်အရေး ဖြစ်သည်။ နိုင်ငံတကာလည်း (အမည်အားဖြင့်) အသိအမှတ်ပြုသော၊ ၎င်းတို့လုပ်ငန်း နှင့်လည်း ဆက်စပ်မှု အရှိဆုံးလည်းဖြစ်သော Master of Public Health (MPH) ပြည်သူ့ကျန်းမာရေး မဟာဘွဲ့ တက်ခွင့်ကို အနည်းငယ်သာ တက်ခွင့်ရခြင်းဖြစ်ကာ ဘွဲ့ရလာပြီးနောက် မည်သည့်ရာထူး ထားပေးမည်ဟု ရှင်းလင်းသော လုပ်နည်းလုပ်ဟန် မရှိခြင်းက ပြဿနာဟု မြင်စေပြန်သည်။ ယခုနှစ်မှစတင်ကာ Master of Community Health ဆိုသည့် ကျန်းမာရေးမှူးများသာ တက်ရောက်နိုင်မည့် အခြား ဘွဲ့တစ်ခုဖြင့် အစားထိုးရန် ကြိုးစားလာခြင်းက နဂိုကတည်းက ရှိနေသည့် ရှုပ်ထွေးမှုများကို ထပ်ဖြည့်ပေးလိုက်ခြင်း ဖြစ်သည်။

ဤသို့သော ဖွဲ့စည်းပုံဆိုင်ရာ ပြဿနာများ၊ အခွင့်အလမ်းဆိုင်ရာ ပြဿနာများကို ဖြေရှင်းရန်ကား အချိန်ယူရမည်မှာ ဧကန်ဖြစ်သည်။ 

ဆွေးနွေးချက်

ပြည်သူအားလုံးကို လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုမှာ ဆေးရုံတွေမှာတင် အခြေမခံဘူး ဆိုတာတော့ လူတိုင်းသိလောက်ပါရဲ့။ (ဆေးရုံတွေဟာလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိပါသည်) မြန်မာနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု အောင်မြင်မှု သမိုင်းမှာ သူတို့ကို ချန်ထားခဲ့လို့ မရပါဘူး။ ပြည်သူတွေ တတ်နိုင်သည့် ကျန်းမာရေးစနစ်မျိုးကို လူတိုင်းလက်လှမ်းမီစေရန် ပြည်သူကြားတွင် အမှန်တကယ် အလုပ်လုပ်ရသော အခြေခံကျန်းမာရေး ဝန်ထမ်းများသည်  အလွန်အရေးပါပါသည်။ 

ပညာရေးဆိုတာ လူတိုင်းရသင့်တဲ့ လူ့အခွင့်အရေးပါ။ ခွဲခြားဆက်ဆံတဲ့ ပညာရေးစနစ်ဟာ ဘယ်တော့မှ ကောင်းကျိုးမပေးပါဘူး။ လူမသိ သူမသိတဲ့ ဘွဲ့တွေ တီထွင်ပေးရုံနဲ့ ပညာသင်ကြားခွင့်ရခြင်း မမည်နိုင်ပါ။ လုပ်ငန်းခွင်မှာ ရခဲ့သည့်ဘွဲ့ကို အခြေခံကာ ခွဲခြားသတ်မှတ်ခြင်းသည် မြန်မာနိုင်ငံ၏ ထူးခြားသည့် ဝိသေသ ဖြစ်မည်ထင်ပါသည်။ 

ကျန်းမာရေးစောင့်ရှောက်မှုမှာ ပန်းမျိုးစုံတာ ပိုလှပါသည်။ မြို့နယ်တစ်ခုမှာ ကြည့်လိုက်ရင် မြို့နယ်ဆေးရုံနဲ့ တိုက်နယ်ဆေးရုံပေါင်းမှ ဆရာဝန်အရေအတွက်က လက်တစ်ဖက်စာသာ ရှိမည်။ ကျေးလက်ကျန်းမာရေး ၁၅ ခုနဲ့ ဌာနခွဲ ၁၀၀ နီးပါးမှာ ကျင်လည်နေတဲ့ အခြေခံကျန်းမာရေးဝန်ထမ်းက အဆဘယ်လောက် များမလဲဆိုတာ ခန့်မှန်းနိုင်ပါသည်။ အခြေခံ ကျန်းမာရေးဝန်ထမ်းများရဲ့ လုပ်ငန်းခွင်သာယာမှု (ဒါကလည်း မျှော်မှန်းခွင့်ရ ခြင်းဆိုတဲ့ Incentive က အခရာကျပါသည်) ဟာ ၇၀ ရာနှုန်းကျော်သော ပြည်သူများ၏ ကျန်းမာရေးနှင့် တိုက်ရိုက်အချိုးကျသည် ဟုဆိုလျှင် လွန်မည် မထင်ပါ။ တကယ်တော့ ဆရာဝန်က ဆရာဝန်အလုပ်လုပ်၊ ကျန်းမာရေးမှူးက ကျန်းမာရေးမှူးလုပ်၊ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ဆက်သွယ်ကူညီ ဖေးမရဖို့သာ ရှိသည်။

လုပ်ပေးသင့်တာတွေ

ဘာတွေ လုပ်ပေးရမယ် ဆိုရင်တော့ ပညာရှင်များက နည်းလမ်းရှာ စေလိုပါသည်။ ပြဿနာတွေကို ခြေရာခံပြီးတဲ့ နောက်တော့ အဖြေရှာရန်  မခက်တော့ဟု တွေးနိုင်ပါမည်။ ထိုသို့ အဖြေရှာရာတွင်လည်း ကာယကံရှင်များ၏ အသံသည်သာ မူလဘူတဆုံချက် ဖြစ်ပါလိမ့်မည်။  ထိုသို့ ဆွေးနွေးရာတွင်တော့ အထူးသတိထားရမည်မှာ ထိုက်တန်သည့် လေးစားမှုကို ပြသခြင်းဖြစ်ပါသည်။ တန်ဖိုးထားမှုကို သက်သေထူပါ။ ရာထူးအခြေပြု၊ ဘွဲ့အခြေပြု စဉ်းစားနည်းမှ ပြည်သူအခြေပြု စဉ်းစားနည်းသို့သာ ပြောင်းလိုက်လျှင် ပြည်သူတွေအတွက် အမှန်တကယ် လုပ်နေသော၊ ထိတွေ့နေသော သည်လူတွေကို ဘာ့ကြောင့် မစဉ်းစားပေးနိုင် ရသနည်း။ ပြည်သူများ၏ နိစ္စဓူဝ ကျန်းမာရေးကိစ္စများကို အနီးကပ် ကူညီနေသော ၎င်းတို့ အရည်အသွေး မြင့်လာခြင်းသည် ပြည်သူတွေ ကောင်းကျိုးရသွားခြင်းပဲ မဟုတ်ပါလော။ လမ်းကြောင်းဖွင့်ပေးဖို့ လေးလေးနက်နက် စဉ်းစားသင့်နေပေပြီ။ တော်လျှင်တော်သလောက် အဆင့်မြင့်တက်ခွင့် ရှိသည့်စနစ်ကို ဦးတည်မည်ဆိုပါက ယခုလက်ရှိလူများ ခံနေရလျှင်ပင် နောက်လူများ အတွက် ဖြေသိမ့်ကာ သူတို့တစ်တွေ ကျေနပ်ကြပါလိမ့်မည်။ 

ဒေါက်တာရဲမင်းဇော်