News

POST TYPE

OPINION

ပြည်တွင်းငြိမ်းချမ်းရေး အဝေးမြင်
02-Aug-2016
ယခုရက်ပိုင်းအတွင်း ပြည်တွင်ငြိမ်းချမ်းရေးဖြစ်စဉ်က အတော်လေး လှုပ်လှုပ်ခတ်ခတ် ရှိနေသည်။ နိုင်ငံ၏ အရှေ့မြောက်ပိုင်း တရုတ်နယ်စပ်မျဉ်းအနီးရှိ မိုင်ဂျာယန်ဆိုသော မြို့ကလေးမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးကို ကျင်းပနေသလို နေပြည်တော်မှာလည်း အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းပြင်ပက လက်နက်ကိုင်အဖွဲ့အစည်း ကြီးနှစ်ခုနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်သောအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးနေကြသည်။

နောက်ဆုံးရလဒ် မသိရှိရသေးသော်လည်း ဤဆွေးနွေးပွဲများက လာမည့် ဩဂုတ်လမတိုင်မီ ကျင်းပရန်စီစဉ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ သို့မဟုတ် ၂၁ ရာစု ပင်လုံညီလာခံကြီးအတွက် တစ်နည်းတစ်ဖုံ အထောက်အကူပြုဖွယ် ရှိနေသည်။

နိုင်ငံသားတစ်ဦးအနေနှင့် ယခုဖြစ်ပေါ် တိုးတက်မှုများကို စိတ်ဝင်တစား စောင့်ကြည့်နေမိရင်းက ‘ပြည်တွင်းငြိမ်းချမ်းရေး’ နှင့် ပတ်သက်သည့် အတွေးမျှင်တန်းများစွာ ခေါင်းထဲပေါ်လာပါသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံ၏ ညီလာခံကို ကမကထပြု ကျင်းပပေးသည့် အဖွဲ့အစည်းက KIA ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ဖြစ်သည်။ KIA က သူတို့ထိန်းချုပ်ထားသည့် နယ်မြေထဲက မိုင်ဂျာယန်မြို့သို့ ကျန် လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ဖိတ်ကြားခေါ်ယူခဲ့သည်။ မိုင်ဂျာယန်မှာ လက်နက်ကိုင်အဖွဲ့များ ညီလာခံ ကျင်းပမည်ဆိုတော့ ဘယ်နေရာမှန်းမသိ။ ကေအိုင်အေနယ်မြေထဲမှာ ဆိုတော့ မြန်မာပြည် အရှေ့မြောက်ပိုင်း တရုတ်နယ်စပ် တစ်နေရာလို့ပဲ ခန့်မှန်းရသည်။ အွန်လိုင်းပေါ်သတင်း ဓာတ်ပုံတွေတက်လာတော့ လူနေတိုက်တာ အိမ်ခြေများနှင့် မြို့ငယ်တစ်မြို့ကို တွေ့ရသည်။ မှိုင်းညှို့သော တောင်တန်းများကြားက လူနေတိုက်တာ အဆောက်အအုံများမှာ မြန်မာမြို့ငယ်တစ်မြို့၏ အသွင်သဏ္ဌာန် မတွေ့ရ။ ထိုနေရာတွင် မြို့ငယ်တစ်မြို့ရှိကြောင်း ယခုမှသိရသည်။ ကျန်လက်နက်ကိုင် အဖွဲ့အစည်းများမှ တာဝန်ရှိသူများက ထိုနေရာကိုလာဖို့ တရုတ်နိုင်ငံထဲက ဖြတ်သန်းလာရသည်ဟု သိရသည်။ ကေအိုင်အေ ခေါင်းဆောင်တစ်ဦး ဖြစ်သော ဗိုလ်ချုပ်ဂွမ်မော်သည် ရောက်လာသမျှသော ဧည့်သည်တွေကို ညီလာခံခန်းမ အပေါက်ဝက ပြုံးပြုံးရွှင်ရွှင် ဆီးကြိုနေသည်ကိုလည်း တွေ့ရသည်။ ကချင်တိုင်းရင်းသားဝတ်စုံ ဝတ်ထားကြသည့် လူငယ်မောင်မယ်လေး များကလည်း တန်းစီပြီး သံပြိုင်သီချင်းများသီဆိုကာ ခရီးဦးကြိုပြုနေ သည်ကိုလည်း တွေ့ရသည်။ အကောင်းစား မာစီးဒီး ကားကြီးများဖြင့် ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်အချို့နှင့်အတူ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာနမ်ဗီးယားနှင့် နိုင်ငံခြားသားတစ်ဦးစ နှစ်ဦးစ၊ တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်တစ်ဦး ကိုလည်း ထူးထူးခြားခြား သည်ပွဲမှာ တွေ့လိုက်ရသည်။

အမိုးဖွင့်ကားပေါ်မှာ မောင်းပြန်သေနတ်များ မြှောက်ကိုင်ထားသည့် ယူနီဖောင်းဝတ် ကေအိုင်အေတပ်သား များကိုလည်း အစောင့်အကြပ်အဖြစ် လိုက်ပါလာသည်ကို တွေ့ရသည်။ လက်နက်ကိုင် အစောင့်အကြပ်များ၊ ပခုံးပေါ်တွင် အပွင့်အခက် တံဆိပ်မျိုးစုံ တပ်ဆင်ထားသော စစ်ဗိုလ်ချုပ်အချို့၊ စစ်ခေါင်းဆောင်အချို့၊ အရောင်မျိုးစုံ သင်္ကေတမျိုးစုံ ပါဝင်သော အလံတိုင်များနှင့် ထူးခြားဆန်းကြယ်သော မြင်ကွင်းတစ်ခုဖြစ်နေသည်။  ဒါဟာ မြန်မာနိုင်ငံထဲမှာ ဖြစ်သည်။ သို့သော် မြန်မာအစိုးရအုပ်ချုပ်ရေး၏  ပြင်ပတစ်နေရာ ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့အစည်းများ အတွက်တော့ လွတ်မြောက်နယ်မြေ သို့မဟုတ် ကိုယ်ပိုင်ဒေသဖြစ်သည်။ ထိုနေရာတွင် ဗဟိုအစိုးရ၏ အာဏာစက်မရှိ။ ကေအိုင်အေအဖွဲ့၏ ဩဇာအာဏာသာရှိသည်။ ဒေသခံတိုင်းရင်းသားတွေ မည်သည့်စီးပွားရေး လုပ်ကိုင်သည်ကို မသိ။ တရုတ်နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသဖြင့် တရုတ်နှင့်ပဲ စီးပွားကုန်သွယ် အလုပ်လုပ်ကြပုံရသည်။ မြို့တစ်မြို့ ဖြစ်တည်ဖို့ဆိုသည်မှာ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီး၊ ရေ လွယ်ကူအဆင်ပြေဖို့ လိုသည်။ သည်လိုနယ်မြေမှာ မိုင်ဂျာယန်လိုမြို့တွေ ဘယ်နှမြို့ရှိမှန်း မသိ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ညီလာခံကို အစောပိုင်းနှစ်များက လိုင်ဇာမြို့ မှာ တစ်ခါကျင်းပဖူးသည်။ လိုင်ဇာကလည်း လူဦးရေအတန်အသင့်များသော မြို့တစ်မြို့ဖြစ်သည်။ ယခုတစ်ကြိမ် လိုင်ဇာမှာ မကျင်းပဘဲ မိုင်ဂျာယန်ကို ဘာ့ကြောင့်ရွေးသလဲ မပြောတတ်။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အစည်းအဝေး ကျင်းပခဲ့ကြရာ နေရာများကိုကြည့်ပြီး ငြိမ်းချမ်းရေးနောက်ကွယ်မှ အခြေအနေများကို စာရေးသူ မှန်းဆကြည့်မိသည်။

ဟိုတစ်နှစ်က ပန်ဆန်း (ပန်ခန်း)မှာ ယခုလို အစည်းအဝေးလုပ်တော့လည်း  စာရေးသူ အံ့အားတသင့်ဖြစ်ခဲ့ရတာ အတော်များသည်။ ယခင် ဗကပ ဌာနချုပ်ဟောင်းတည်ရှိခဲ့ရာ ပန်ခန်းသည် အံ့မခန်း တိုးတက်ပြောင်းလဲနေသည်မှာ ယုံနိုင်ဖွယ်ပင်မရှိ။ မိုးမြင့် တိုက်တာကြီးများ၊ ခေတ်မီဟိုတယ်ကြီးများ၊ နောက်ဆုံးပေါ် ဇိမ်ခံကားများ၊ သန့်ရှင်းသော နိုင်လွန်ကတ္တရာ လမ်းများ၊ လျှပ်စစ်မီးရောင်စုံတို့ဖြင့် ပြိုးပြက်နေသော ညရှုခင်း၊ ကိုယ်ပိုင် အမှတ်တံဆိပ်ယူနီဖောင်း၊ ကိုယ်ပိုင်လုံခြုံရေး၊ ကိုယ်ပိုင်ကာကွယ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် အတော်ပင် အသားကျနေသော မြင်ကွင်းကို မြင်ခဲ့ရသည်။ ထိုနေရာသည် မြန်မာနိုင်ငံဖြစ်သော်လည်း မြန်မာအစိုးရ၏ အာဏာစက်ပြင်ပတွင် ရှိနေသည်။ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ။ ဤဒေသသည် လည်း တရုတ်နယ်စပ်မျဉ်းပေါ်မှာ ရှိနေပြီး တရုတ်နှင့်သာ အဓိက ကုန်သွယ်သဖြင့် မြန်မာကာရိုက်တာ ပျောက်ပြီး တရုတ်လက္ခဏာ (Chinese Character) လွှမ်းမိုးသောဒေသ ဖြစ်နေသည်။

လွန်ခဲ့သည့် နှစ်ပေါင်းအစိတ် သုံးဆယ်ကျော်က လူနေအိမ်ခြေ ကျဲပါးပြီး တောတောင်ကြားထဲတွင် ခြောက်ခြောက်သွေ့သွေ့ဖြစ်ခဲ့သော နေရာတစ်ခုသည် ယခု အံ့မခန်းလူနေမှုပုံစံ တစ်ခုအဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ။ သည်ဒေသ ယခုလို ရုတ်ခြည်းဖွံ့ဖြိုးသွားအောင် သူတို့ဘယ်လို ဖန်တီးခဲ့ကြသလဲ။ နောက်ကွယ်မှာ ဘယ်လိုစီးပွားရေးတွေ၊ ဘယ်လိုကုန်သွယ်ရေးတွေ ရှိနေသလဲ။

ပြီးခဲ့သည့်နှစ်တုန်းကတော့ ကရင်ပြည်နယ် ကေအင်ယူ ထိန်းချုပ်နယ်မြေ လော်ခီးလာမှာ လက်နက်ကိုင်အဖွဲ့များ ညီလာခံတစ်ခု ပြုလုပ်ခဲ့သေးသည်။ လော်ခီးလာကျတော့ ကေအိုင်အေတို့၊ ‘ဝ’၊ မိုင်းလားတို့လို ဖွံ့ဖြိုး တိုးတက်မှုသိပ်မရှိ။ တောထဲတောင်ထဲမှာ ဖြစ်သည်။ လူနေအိမ်ခြေ ကြီးကြီးမားမားမရှိ။ ကေအင်ယူက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးခဲ့သည်မှာ မကြာလှသေးသလို ဒေသဖွံ့ဖြိုးရေးလည်း ကြီးကြီးမားမားမရှိ။ လက်နက်ကိုင် အဖွဲ့အစည်းချင်းတူသော်လည်း ဒေသ ဖွံ့ဖြိုးပုံချင်း မတူကြ။ ‘ဝ’နှင့် မိုင်းလားတို့က လက်ရှိ NCA ကို လက်မှတ် ရေးထိုးခြင်းမရှိသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်က တည်းက ငြိမ်းချမ်းရေး ရယူထားပြီး ထိုအတောအတွင်း တိုက်ပွဲဖြစ်ပွားမှု လုံးဝမရှိခဲ့။ ကေအိုင်အေကျတော့ နှစ်အတော်ကြာကြာ ငြိမ်းချမ်းနေခဲ့ပြီးမှ ၂၀၁၁ မှာ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ခဲ့သည်။ ယခုထိ NCA မှာ လက်မှတ်ထိုးမထား။ လက်မှတ်ထိုးမထားသော်လည်း KIA က ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်မည့် ၂၁ ပင်လုံညီလာခံကြီးကိုတော့ ယုံကြည်ပုံရသည်။ ထို့ကြောင့် လက်နက်ကိုင် အဖွဲ့များညီလာခံကို မိုင်ဂျာယန်မှာ ကမကထ ပြုပြီး ကျင်းပပေးနေခြင်းဖြစ်သည်။

မိုင်ဂျာယန်ညီလာခံမှာ ဒုတိယပင်လုံညီလာခံ အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဘုံသဘောတူညီချက် ရယူသည့်ညီလာခံလည်း ဖြစ်သည်။ လတ်တလောသိရှိရသည့် သတင်းအချက်အလက်များ အရ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ခြင်းဆိုင်ရာ အခြေခံမူရှစ်ချက်ကို အခြေခံဖို့ ဘုံသဘောတူညီမှု ရကြသည်ဆို၏။ အခြေခံမူရှစ်ချက်အရ အချုပ်အခြာအာဏာသည် တိုင်းရင်းသားပြည်သူများ မှတစ်ဆင့် ဆင်းသက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု၊ တိုင်းရင်းသားလူနည်းစု အခွင့်အရေးကာကွယ်ရေး၊ ကျား/မ တန်းတူ ညီမျှမှု၊ ပါတီစုံဒီမိုကရေစီနှင့် ဘာသာရေးကို အခြေမခံသည့် နိုင်ငံရေး ကျင့်သုံးရန်အချက်များ ပါဝင်သည်။ ဤအခြေခံမူမှာ ၂၀၀၈ ခုနှစ်ကတည်းက တိုင်းရင်းသားအဖွဲ့အစည်းတွေ သဘောတူထားကြသည့်မူ ဟုလည်း ဆိုသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သဘောတူလိုက်သည့် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်နယ် ရှစ်ပြည်နယ် ပါဝင်ပြီး တိုင်းဒေသမရှိတော့ပါ။ ပြည်နယ်ကို အမျိုးသား ပြည်နယ်နှင့် အမျိုးသားများပြည်နယ်ဟု ခွဲခြားသွားမည်တဲ့။

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ညီလာခံက သဘောတူလိုက်သည့် ဖက်ဒရယ်အခြေခံမူ ထွက်လာတော့ တုံ့ပြန်မှုမြန်ဆန်သည့် အွန်လိုင်းပေါ်မှာ သဘောမတူ ကန့်ကွက်သည့်အသံတွေ ချက်ချင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ အငြင်းပွားဖွယ် အဓိကအချက် တစ်ခုက ဗမာပြည်နယ်ဆိုသော အသုံးအနှုန်း။ ပြီးတော့ အမျိုးသားများ ပြည်နယ်ဆိုသော နားရှုပ်ဖွယ် အခေါ်အဝေါ်။ လွတ်လပ်ရေးရပြီးကတည်းက တစ်သက်လုံး မကြားဖူးခဲ့သော အခေါ်အဝေါ်နှင့် ပြည်ထောင်စု စိတ်ပိုင်းမှုက လာမည့် ပင်လုံညီလာခံမှာ အကြိတ်အနယ် ငြင်းခုံဖြေရှင်းကြရဦးမည့် Issue တစ်ခု ဖြစ်လာဖွယ်ရှိသည်။ ပြီတော့ ယခုလိုခွဲခြားသတ်မှတ်မှုမှာ ဆင့်ကဲ ထောင်ချောက်တွေ အများကြီးဖြစ်လာနိုင်သည်။ ပြည်ထောင်စု Union အဖြစ် တစည်းတလုံးတည်း ဖြစ်ဖို့ဆိုလျှင် လူမျိုးစု Identity ကိစ္စကို အလွန်အကျွံ ခွဲခြားသတ်မှတ်မှုမှာ အန္တရာယ်ရှိသည်။ ပြီးခဲ့သည့် အစိုးရက လက်ခံထားသည့်အတိုင်း လူမျိုးစု ၁၃၅ မျိုးရှိသည်ဟုဆိုလျှင် ပိုမိုရှုပ်ထွေးသွားနိုင်သည်။

တိုင်းရင်းသားလူမျိုးစုများရော နိုင်ငံသားအားလုံး လိုလားသည်မှာ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်သည်။ ထိုဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရာတွင် တိုင်းရင်းသားလူမျိုးစုအားလုံး ဖက်ဒရယ်အခွင့်အရေး အပြည့်အဝရရှိဖို့ အဓိက ဖြစ်သည်။ တန်းတူရေး၊ ခွဲခြားဆက်ဆံမှု ကင်းရေး ဖြစ်ဖို့ဆိုလျှင် အားလုံးတစ်သားတည်း ဖြစ်ဖို့လိုသည်။ 
အသစ် ဖန်တီးမည့် နယ်မြေစည်းမျဉ်း အကန့်အသတ်က ငြိမ်းချမ်းရေးအစား ပဋိပက္ခ ဘက်သို့ ဦးတည်နေသည်။ ဒါတွေကတော့ လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ အကျေအလည် ထပ်မံဆွေးနွေးကြဖို့ပဲ ဖြစ်သည်။

ငြိမ်းချမ်းရေးက အပြောလွယ်သလောက် လက်တွေ့မှာ အခက်အခဲ တွေ၊ ပြဿနာတွေ၊ မဖြေရှင်းနိုင်သော ပုစ္ဆာတွေ၊ ကိုယ်စီအကျိုးစီးပွား အတွက် အငြင်းအခုံတွေ မြောက်မြားစွာရှိသည်။ မိုင်ဂျာယန်ညီလာခံက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကတော့ ‘ဒီလို’ ဖြစ်ချင် သည်ဟု ဆိုလိုက်ပါပြီ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ‘ငြိမ်းချမ်းရေးရဖို့ဆိုလျှင် ကိုယ်ဘာလိုချင်သည် ဆိုတာထက် ကိုယ်ဘာပေးနိုင်သလဲ အရင်စဉ်းစားကြဖို့’ အစောကတည်းက တိုက်တွန်းထားသည်။ အလျှော့အတင်းမရှိ ကိုယ်ဖြစ်ချင်တာ၊ ကိုယ်လိုချင်တာတွေပဲ စကားဝိုင်းထဲ စွတ်ပြောနေလျှင်တော့ ထိုစကားဝိုင်း ဘယ်တော့မှ အဆုံးသတ်နိုင်လိမ့်မည် မထင်ပါကြောင်း...။

ချစ်ဝင်းမောင်


ABOUT AUTHOR

(ချစ်ဝင်းမောင်)