News

POST TYPE

OPINION

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံအားပေးကြပါ
02-Aug-2016
နေဝင်ညကို ကူးဖြတ်ပြီးမှ ရောင်နီလာတဲ့ နေ့သစ်ကိုရောက်မယ်၊ ယုံကြည်ခြင်းနဲ့ကြိုးစားထားမှ တစ်ချိန်မှာအောင်မြင် လွတ်မြောက်မယ်မဟုတ်လား... အရှုံးမပေးနဲ့ မိငယ်ရေ... 

ကိုတိုးကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ကိုခင်မောင်တိုးရဲ့သီချင်း၊ တေးရေးဆရာ ကိုနေဝင်းရဲ့ ဂန္ထဝင်လက်ရာ မြန်မာ့နိုင်ငံရေး သမိုင်းအတွက်လည်း တစ်ထောင့်တစ်နေရာက ပါဝင်ပြီး အားသစ်တွေ ဆောင်ကြဉ်းပေးတဲ့ သီချင်းပေါ့။ သမ္မတရဲ့ဂုဏ်ပြုညစာစားပွဲ အခမ်းအနားမှာတောင် ပန်းရဲ့လမ်းအဖွဲ့က ဆိုသွားပါသေးတယ်။ ကိုတိုးကြီးတို့၊ ကိုနေဝင်းတို့၊ ကိုမောင်မောင်တို့ရဲ့ ဘော်ဒါကြီး ကိုရဲလွင် အားပါးတရဖျော်ဖြေသွားတာ တွေ့လိုက်ရတော့ ဝမ်းသာကြည်နူးမိပါတယ်။

ခွန်အားဖြည့်မိငယ် ဆိုတဲ့သီချင်းက နောက်ပိုင်းခေတ်တွေမှာ ဘယ်သူကို ရည်ရွယ်ပြီး ဆိုနေကြတယ်ဆိုတာတော့ မြန်မာပြည်သူတွေအားလုံး သိကြပါတယ်။ မြန်မာပြည်သူ အားလုံးကလည်း ဝမ်းပန်းတသာနဲ့ ဝိုင်းဝန်းဂုဏ်ပြု သီဆိုကြပါတယ်။ ဒါကြောင့် မြန်မာပြည်တစ်ဝန်းလုံး အဲဒီသီချင်းကို ကြိုက်နှစ်သက်တယ် ဆိုတာတော့ ပြောစရာမလိုဘူး ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် ခွန်အားဖြည့်ပေးပါလို့ ပြောပါရစေ။

မြန်မာပြည်က ပြည်သူတွေရဲ့ မျှော်လင့်ချက်လို့ပြောရမယ့် ဒေါ်အောင်ဆန်းစုကြည်က ၂၇.၇.၁၆ နေ့ ညဘက်အချိန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ကျင်းပတဲ့ လာအိုနိုင်ငံကနေ ပြန်ရောက်လာပါတယ်။ သတင်းဓာတ်ပုံတွေ ကြည့်လိုက်ရတော့ ပင်ပန်းနေတဲ့အမူအရာ ဟန်ပန်တွေ တွေ့လိုက်ရတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ။ အသက် (၇၀) အရွယ် လူတစ်ယောက်အတွက် စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေတာတွေဟာ မြန်မာပြည်ကြီးနဲ့ မြန်မာပြည်သူတွေအတွက် ဘယ်လောက်အထိ အပင်ပန်းခံပြီး အလုပ်လုပ် နေတယ်ဆိုတာ သက်သေတွေပါလို့ ပြောနေသလိုပါပဲဗျာ။

မြန်မာပြည်အတွက် ဒေါ်အောင်ဆန်းစုကြည် အလုပ်လုပ်ခွင့် ရတဲ့အချိန်ဟာ အတော်ကို နောက်ကျနေပါပြီ။ မြန်မာလူမျိုးတွေရဲ့ ဗီဇသက်တမ်းအရ အသက် (၇၀) ဆိုတဲ့အရွယ် ဆိုတာ သက်ကြီးတယ်ဆိုတာထက် အိုနေပြီလို့တောင် ပြောလို့ရနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်လို သူမို့လို့သာ ဒီလောက်လုပ်နိုင်ကိုင်နိုင်နေတာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မြန်မာပြည်ကြီးနဲ့ ပြည်သူတွေက ကျေးဇူးတင်ပါတယ်လို့ ပြောပါရစေ။ ခေတ်အဆက်ဆက် အာဏာရှင်တွေရဲ့ အမှားတွေကြောင့် မြန်မာပြည်ကြီး ချွတ်ခြုံကျ မွဲတေနေပါပြီ။ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲမှာလည်း အောက်ဆုံးစာရင်း ဝင်နေတာ ၁၀ စုနှစ်တောင် ချီနေပါပြီ။ ဒါတွေကို ဘယ်သူကယ်တင်မှာလဲ။ ပြည်သူတွေက ဘယ်သူကယ်တင်နိုင်မယ်လို့ ယုံကြည်နေကြတာလဲ။ ပြောစရာတောင် လိုမယ်မထင်ပါဘူး။ 

မြန်မာပြည်က ကမ္ဘာမှာ ပြည်တွင်းစစ် အရှည်ကြာဆုံးနိုင်ငံ ဖြစ်ပါတယ်တဲ့။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ် အဲဒီပြည်တွင်းစစ်ကြောင့် စစ်အာဏာရှင်တွေ ဖြစ်တည်လာကြတာ ဖြစ်ပါတယ်။ အယူအဆ ကွဲတာတွေ၊ ပုဂ္ဂိုလ်ရေး အာဏာလုမှုတွေ၊ နောက် တိုင်းရင်းသားတွေက နိုင်ငံကို ဦးစီးဦးဆောင်လုပ်သူတွေကို မယုံကြည်မှုတွေက အပြစ်မဲ့ တိုင်းရင်းသား မြန်မာပြည်သူတွေကို ငရဲတွင်းထဲ ပို့နေတာ ဖြစ်ပါတယ်။ ပညာချို့တဲ့တာတွေ၊ စီးပွားရေး အဆင်မပြေမှုတွေက မြန်မာပြည်နဲ့ တိုင်းရင်းသားပြည်သူတွေကို ကမ္ဘာမှာ အဆင်းရဲ ဆုံးနိုင်ငံ ဖြစ်စေခဲ့ပါတယ်။ အဲဒီကိစ္စတွေကို ရှင်းဖို့ တိုင်းရင်းသားပြည်သူတွေ၊ လက်နက်ကိုင်အဖွဲ့တွေ အားလုံး ယုံကြည်ရတဲ့ ခေါင်းဆောင်က ဘယ်သူလဲလို့ဆိုရင် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲ ရှိပါတယ်။

ဒါ့အပြင် နိုင်ငံတကာအဆင့်အနေနဲ့ ပြောရရင် အာဆီယံနိုင်ငံတွေ အပါအဝင် အာရှနိုင်ငံတွေရော ကမ္ဘာ့နိုင်ငံအသီးသီး ကပါ အလေးစားဆုံးသူကို ပြောပါဆိုရင်  ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ပြောရမှာ ဖြစ်ပါတယ်။ ဒီရာစုနှစ်အတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ရော အရှေ့တောင်အာရှနိုင်ငံ တွေအနေနဲ့ပါဆိုရင် ကမ္ဘာမှာ အလေးစား ခံရဆုံးပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူရဲ့ပုံရိပ်၊ သူရဲ့အရည်အချင်း၊ သူရဲ့မြန်မာပြည်နဲ့ မြန်မာပြည်သူတွေ အပေါ် ချစ်မြတ်နိုးမှု၊ သူရဲ့ကိုယ်ကျိုးစွန့် အနစ်နာခံမှုတွေ၊ နောက် သူ့ကို နိုင်ငံတကာက လေးစား အသိအမှတ်ပြုမှုတွေကို အသုံးချပြီး အောက်တန်းနောက်တန်း ကျနေတဲ့ ကျွန်တော်တို့မြန်မာပြည်ကို ပြန်လည် ထူထောင်ကြဖို့ လိုပါတယ်။

ဟိုးလွန်ခဲ့တဲ့ အနှစ် ၅၀ကျော်လောက်က အာရှမှာသာမက ကမ္ဘာ့အဆင့်မီခဲ့တဲ့ နိုင်ငံတစ်နိုင်ငံဟာ ပြည်တွင်းစစ်ရယ် အဲဒီ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး ချောက်ထဲကျမှာကို ကယ်တင်ချင်ခဲ့တဲ့ စစ်အာဏာရှင်တွေကြောင့် နိုင်ငံဟာ အိမ်အိုအိမ်ပျက်ကြီးလို ဖြစ်နေပါပြီ။ အဲဒီအိမ်အိုအိမ်ပျက် ကြီးလိုဖြစ်နေတဲ့ ကျွန်တော်တို့ မြန်မာပြည်ကြီးကို အသစ်ပြင်ဆင်ဖို့ လိုနေပါပြီ။ အသစ် ပြင်ဖို့က ဘယ်သူလုပ်နိုင်မှာလဲ။ ဘယ်သူ့ကို ယုံကြည်ကြမှာလဲ။ မြန်မာပြည်သူတွေ ၂၀၁၅  ခု နိုဝင်ဘာ ၈ ရက်နေ့ကပဲ ရွေးခဲ့ကြပါပြီ။ သူ့ကိုယုံပြီး ရွေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့ ကောင်းစားဖို့အတွက် ကျွန်တော်တို့ ရွေးချယ် ထားခဲ့သူကိုတော့ ဝန်းရံပံ့ပိုးဖို့တော့ လိုပါတယ်။

အခုဆိုရင် မြန်မာပြည်ကို ဆင်းရဲ တွင်းထဲတွန်းပို့ခဲ့တဲ့ ကာလရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ဖို့ပြင်ဆင်နေကြပါပြီ။ အထင်အမြင်လွဲမှားမှုတွေ၊ အမြင် မကြည်မှုတွေ ရှိနေကြတဲ့ ကျွန်တော်တို့ရဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားတွေနဲ့ ပြန်လည်ရင်ကြားစေ့နိုင်ဖို့ အတွက် ၂၁ ရာစု ပင်လုံညီလာခံလို့ အမည်ပေးထားတဲ့ ငြိမ်းချမ်းရေးညီလာခံကြီးကို ကျင်းပဖို့ပြင်ဆင်နေပါပြီ။ တကယ်တော့ မြန်မာပြည်မှာရှိတဲ့ ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတွေ အကုန်လုံးဟာ အာဏာရှင်အဆက်ဆက်ရဲ့ အောက်မှာ ပညာရေး၊ လူမှုရေး၊ စီးပွား ရေးတွေအကုန်လုံး နိမ့်ကျခဲ့တာ အားလုံး အသိပါ။ ချမ်းသာသွားတာကတော့ အာဏာရှင်တွေနဲ့ သူတို့ရဲ့ အပေါင်းအပါတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင် ဆင်းရဲနိမ့်ပါးနေတဲ့ တိုင်းရင်းသားအချင်းချင်း တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲနေတာတွေကို ပြန်လည်ညှိနှိုင်း ဖို့အတွက် ၂၁ ရာစု ပင်လုံညီလာခံကြီးကို အားလုံးယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဦးစီးပြီးလုပ်မှာ ဖြစ်ပါတယ်။

ဒါကြောင့် အနှစ်၅၀ ကျော် ပြိုပျက်နေတဲ့ အိမ်အိုကြီးကို ပြင်ဆင်ဖို့ ပထမအဆင့် ခြေလှမ်းဖြစ်တဲ့ ကာလရှည်ကြာနေတဲ့ ပြည်တွင်းစစ်ကို ပြေငြိမ်းနိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲတွေကရော တပ်မတော်ကရော နိုင်ငံတကာကရော၊ မြန်မာပြည်သူ တွေအားလုံးကရော၊ ယုံကြည်မျှော်လင့်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို ကျွန်တော် တို့မြန်မာပြည်သူတွေအားလုံးက ထောက်ခံ ပံ့ပိုးကြရင်းနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ အသက်ရှည်ပါစေကြောင်း ဆုတောင်းကြပါစို့လား ခင်ဗျာ။

ထွဏ်းထွဏ်း (သင်္ဃန်းကျွန်း)