News

POST TYPE

OPINION

ရွေးကောက်ပွဲ၊ ဒီမိုကရေစီတည်ဆောက်ခြင်းနှင့် အရည်အသွေး
11-Dec-2020


ကမ္ဘာမှာ ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံတွေ များပြားလာပေမယ့် ဒီမို ကရေစီကျင့်သုံးတဲ့ နိုင်ငံတွေရဲ့ ဒီမိုကရေစီ အရည်အသွေး အနိမ့်အမြင့်၊ အတိုင်းအတာ၊ အဆင့်ကွာခြားမှုတွေ  ရှိနေ ပါတယ်။ မကြာသေးမီကာလအတွင်းက အာဏာရှင်စနစ်၊ ဒီမိုကရေစီနဲ့ အာဏာရှင်အင်စတီကျူးရှင်းတွေ ရောနှောနေတဲ့ နှစ်မျိုးစပ်အစိုးရနဲ့ ထိခိုက်ပျက်စီးလွယ်တဲ့ဒီမိုကရေစီတို့လို စိုးရိမ်ဖွယ်ပုံစံသစ်တွေကြောင့် ကမ္ဘာတစ်ဝန်း ဒီမိုကရေစီထွန်းကားလာမှုဟာ ရပ်တန့်နေတဲ့သဘော တွေ့ရပါတယ်။
၁၉၇၀ ခုနှစ်များနဲ့ ၁၉၉၀ ခုနှစ်များအလယ်မှာ အရှေ့အလယ်ပိုင်းနဲ့ စိန်ခေါ်မှုတွေရှိတဲ့ အာဏာရှင်ခေတ်လွန်နဲ့ အာဏာရှင်နိုင်ငံတွေ၊ စစ်အစိုးရ နိုင်ငံတွေ၊ ဥရောပတောင်ပိုင်း၊ လက်တင်အမေရိက၊ အာရှ၊ အာဖရိကနဲ့ ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းရှိ အာဏာရှင်တွေအုပ်ချုပ်တဲ့ နိုင်ငံတွေ ကလွဲလို့ ကမ္ဘာ့ဒေသအများစုမှာ ဒီမိုကရေစီအသစ်ပေါ်ထွန်းမှုတွေ ဖြစ်ပေါ်လာပါတယ်။ ဒီလိုနိုင်ငံရေးအပြောင်းအလဲတွေကို ပညာရှင်များက ဒီမို ကရေစီအောင်ပွဲ၊ သမိုင်း၏နိဂုံး၊ ဒီမိုကရေစီတော်လှန်ရေး၊ ဒီမိုကရေစီကျယ် ပြန့်လာမှုဟာ ငွေနဲ့အင်တာနက်ပြီးရင် တတိယမြောက် ကမ္ဘာသုံးဘာသာ စကားအဖြစ် ညွန်းဆိုခဲ့ကြပါတယ်။ 

ဒါပေမဲ့ ၂၁ ရာစုအစပိုင်းမှာ အာဏာရှင်စနစ် ကမ္ဘာတစ်ဝန်းပျံ့နှံ့ လာခဲ့တာကြောင့် ဒီမိုကရေစီအစိုးရတွေ၊ နိုင်ငံရေးနဲ့ နိုင်ငံသားအခွင့်အရေး တွေအတွက် စိန်ခေါ်မှုဖြစ်လာပါတယ်။ ၂၀ဝ၀ ပြည့်နှစ်အစောပိုင်းကာလ လေ့လာမှုတွေအရ အာဏာရှင်ပုံစံအသစ်တွေ၊ အာဏာရှင်နဲ့ ဒီမိုရေစီ အင်စတီကျူးရှင်းတွေ ရောနှောနေတဲ့ နှစ်မျိုးစပ် အစိုးရပုံစံသစ်တွေဟာ စိုးရိမ်ဖွယ်အလားအလာတွေအဖြစ်နဲ့ တွေ့လာရပါတယ်။ နှစ်မျိုးစပ်အစိုးရ ပုံစံမျိုးတွေကြောင့် ကမ္ဘာ့အသိုက်အဝန်းကို ဒီမိုကရေစီနဲ့အာဏာရှင်စနစ် ရဲ့ လမ်းဆုံလမ်းခွကို ရောက်ရှိစေနိုင်တဲ့ အခြေအနေပါပဲ။ ၂၀ ရာစု နှောင်းပိုင်း အတွင်း ကမ္ဘာအနှံ့ ဒီမိုကရေစီကျယ်ပြန့်လာမှုနဲ့ ၂၁ ရာစုအစောပိုင်းမှာ အာဏာရှင်စနစ် တိုးမြင့်လာတာကြောင့် ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေကို ဘယ်လိုတည်ဆောက်ကြရမယ်ဆိုတာကို နားလည်နိုင်ဖို့နဲ့ ရှင်းလင်းနိုင်ဖို့ ပိုမိုစိတ်ဝင်စားလာကြပါတယ်။

၁၉၉၀ ခုနှစ်များအစောပိုင်း ဒီမိုကရေစီတည်ဆောက်ရေးဟာ ခေတ်သစ်သမိုင်းမှာ ယခင်ကထက် ပိုမိုကြီးကျယ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ဟန်တင်တန်က အာဏာရှင်စနစ်ကနေ ရွေးကောက်ခံနဲ့ လစ်ဘရယ် ဒီမိုကရေစီဆီ ကူးပြောင်းတဲ့ နိုင်ငံရေးအကူးအပြောင်းတွေထဲမှာ အဓိက  ဒီမိုကရက်တစ်လှိုင်းတွေကို ဖော်ထုတ်ခဲ့ပါတယ်။ ရွေးကောက်ခံဒီမိုကရေစီစနစ် ဆီ ပြောင်းလဲတဲ့ အကူးအပြောင်းတွေဟာ ရာထူးရရှိရေး ယှဉ်ပြိုင်ရတဲ့ အများကြိုက်မဲစနစ် (Popular Vote) နဲ့ ရွေးကောက်ပွဲအပေါ် အဓိက အခြေခံထားပါတယ်။ ကမ္ဘာတစ်ဝန်း ရွေးကောက်ခံဒီမိုကရေစီ အသွင်  ကူးပြောင်းမှုများစွာဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ မှာ ယှဉ်ပြိုင်တဲ့ပါတီတွေအတွက် မဲပေးပိုင်ခွင့် ပြုထားပါတယ်။ လွတ်လပ် ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေဟာ နိုင်ငံရဲ့ တရားစီရင်ရေး၊ အုပ်ချုပ် ရေးနဲ့ တရားစီရင်ရေးအကြား အပြန်အလှန်ထိန်းကျောင်းတာကို အခြေခံ ထားတာမို့ ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာပြီး အာမခံကြပါ တယ်။ 

၂၀ဝ၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ တစ်ဦးချင်းနဲ့ အဖွဲ့လိုက် လေ့လာမှုတွေနဲ့ ဒီမိုကရေစီလွတ်လပ်မှုတွေနဲ့ပတ်သက်တဲ့ လေ့လာ ဆန်းစစ်ချက်တွေအရ ဒီမိုကရေစီတတိယလှိုင်းရဲ့ အသွင်ကူးပြောင်းရေး ဆိုင်ရာ စိန်ခေါ်မှုအသစ်တွေကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ ဒီဖော်ထုတ် ချက်တွေဟာ အာဏာရှင်စနစ်ရဲ့ တတိယပြောင်းပြန်လှိုင်းလက္ခဏာတွေလို့ မဆိုနိုင်သေးပေမယ့် ကမ္ဘာတစ်ဝန်း စိုးရိမ်ရတဲ့ ဒီမိုကရေစီစိန်ခေါ်မှု လက္ခဏာအဖြစ် လေ့လာသူများကတော့ ထောက်ပြခဲ့ကြပါတယ်။

ဒီစိန်ခေါ်မှုတွေထဲက ပထမအချက်ကတော့ အသွင်ကူးပြောင်းဆဲ နိုင်ငံတွေမှာ အာဏာရှင်လက္ခဏာတွေပါဝင်နေပြီး မပီပြင်တဲ့ရွေးကောက်ခံ ဒီမိုကရေစီတွေ ပေါက်ပေါက်လာခြင်း ဖြစ်ပါတယ်။ အဲဒီနိုင်ငံတွေမှာ လွတ် လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲတွေ ရှိတယ်ဆိုပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအပေါ် ဆိုးကျိုးသက်ရောက်စေတဲ့  နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး အတားအဆီး အခက်အခဲတွေကို ရင်ဆိုင် နေရဆဲ ဖြစ်ပါတယ်။ ဒီအတားအဆီး အခက်အခဲတွေဟာ ဒီမိုကရေစီပုံစံနဲ့  ဒီမိုကရေစီမဆန်တဲ့ပုံစံတွေ ရောထွေးနေလို့ ဒီမိုကရေစီမပီပြင်တဲ့ နိုင်ငံရေး ဝန်းကျင်ကို ဖန်တီးပေးနေသလိုပါပဲ။ ဒီအတားအဆီး အခက်အခဲတွေကို လွတ်လပ်ခွင့်နဲ့ ပါဝင်ခွင့် (Liberties and Participation) ကန့်သတ်ခံ ထားရတဲ့ပုံစံတွေ၊ ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုနဲ့ အပေးအယူလွှမ်းမိုးနေတဲ့ ရွေး ကောက်ခံဒီမိုကရေစီစနစ်ပုံစံတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ရွေးကောက်ခံဒီမိုကရေစီပုံစံတွေ၊ တည်ငြိမ်မှုနဲ့အေးချမ်းမှုကိုစိန်ခေါ်နေတဲ့ အထိန်းအချုပ်မဲ့ လူထုစည်းရုံးမှုတွေ စတဲ့ ရွေးကောက်ခံဒီမိုကရေစီပုံစံအမျိုးမျိုးမှာ တွေ့နိုင်ပါတယ်။ ဒီမိုကရေစီ မပီပြင်တဲ့စနစ်တွေမှာ ရွေးကောက် ပွဲတွေ ကျင်းပပေးနိုင်လို့ တရားဝင်အတိုက်အခံပါတီတွေကို ကျေနပ်စေနိုင် ပေမယ့် ဒီမိုကရေစီမပီပြင်တဲ့စနစ်တွေကို စိန်ခေါ်နေတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်နဲ့ ဒီမိုကရေစီတည်ငြိမ်မှုကို လွှမ်းမိုးနေတဲ့ အခြားအရေးကြီးပြဿနာတွေ ရှိနေပါတယ်။  

ဒုတိယအချက်ကတော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို လွှမ်းမိုးနေတဲ့ နိုင်ငံတကာလွှမ်းမိုးမှုဖြစ်ပါတယ်။ ကမ္ဘာမှာဒီမိုကရေစီကိုထိန်းသိမ်း ဖို့ဆိုပြီး နိုင်ငံတကာရေးရာတွေမှာ အဓိက အင်အားကြီးနိုင်ငံတွေအကြား  အာဏာရှင်ဆန်ဆန်လုပ်ဆောင်မှု တိုးမြင့်လာခြင်းဖြစ်ပါတယ်။ အာဏာရှင် နိုင်ငံတွေဟာ မိမိနိုင်ငံအတွင်းမှာ ဒီမိုကရေစီအခွင့်အရေးတွေနဲ့ လွတ်လပ် ခွင့်တွေကို ကန့်သတ်ထားတဲ့အပြင် ဒီမိုကရေစီကျယ်ပြန့်လာတာကို ဟန့်တားတဲ့ နိုင်ငံခြားရေးမူဝါဒလုပ်ဆောင်မှုတွေမှာ တက်တကြွ်ကြွကပူးပေါင်းလုပ်ဆောင်နေကြပါတယ်။ 

ဒီမိုကရေစီနှင့် ဒီမိုကရေစီမကျတဲ့ အစိုးရတွေကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ကြမယ်၊ ဘယ်လိုတိုင်းတာမယ်ဆိုတာနဲ့ပတ်သက်လို့ လေ့လာသူတွေ အကြား ယနေ့အထိ ကာလရှည်ကြာမှ ဆွေးနွေးနေကြဆဲပါ။ ဒီမိုကရေစီ တည်ဆောက်ရေးနဲ့ပတ်သက်လို့ ဒီမိုကရေစီဆိုင်ရာ အယူအဆနှစ်ခု ဖြစ်တဲ့ အနည်းဆုံးမျှော်မှန်းချက် (Minimalist Perspective) နဲ့ အများ ဆုံးမျှော်မှန်းချက် (Maximalist Perspective) တို့ ဆက်စပ်နေပါတယ်။ ပထမအချက်ဖြစ်တဲ့ Minimalist Perspective အရ ဒီမိုကရေစီကို လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ အင်စတီကျူးရှင်းယန္တရားနဲ့ အင်စတီးကျူးရှင်းလုပ်ငန်းစဉ်များအပေါ် အဓိကထားတဲ့ ရွေးကောက်ခံ ဒီမိုကရေစီလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ ရွေးကောက်ခံဒီမိုကရေစီကတော့  လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ထုံးလုပ်နည်းတွေကို အခြေခံပြီး နိုင်ငံရေးအထက်တန်းလွှာတွေဟာ အာဏာရရှိရေးအတွက် ရွေးကောက်ပွဲတွေမှာ ယှဉ်ပြိုင်ကြပါတယ်။ ပြည်သူလူထုကတော့ ရွေးကောက်ပွဲ တွေကို တစ်မျိုးအသုံးချကြပါတယ်။ အသုံးချရတဲ့ရည်ရွယ်ချက်က နိုင်ငံရေးအာဏာကို အာဏာရရှိသူတွေ လွဲမှားအသုံးချမှာကို ပြန်လည်ထိန်းကျောင်းနိုင်ဖို့ဖြစ်ပါတယ်။ Minimalist Perspective ရဲ့ အဓိကအခြေခံကတော့ ပြည်သူလူထုက အစိုးရအတွက် အာမခံချက်တစ်ခုအဖြစ် ရွေးကောက်ပွဲ တွေအကောင်အထည်ဖော်ခြင်းလို့ ဆိုပါတယ်။ ရွေးကောက်ပွဲတွေနည်းတူ နိုင်ငံရေးနှင့် နိုင်ငံသားလွတ်လပ်ခွင့်တွေကို အာမခံပေးမယ့် နိုင်ငံရေးလုပ်ထုံးလုပ်နည်းတွေ အရေးကြီးကြောင်းကိုလည်း ရွေးကောက်ခံ ဒီမို ကရေစီဆိုင်ရာ လေ့လာမှုတွေမှာ အလေးထားဖော်ပြထားပါတယ်။  

ရွေးကောက်ခံဒီမိုကရေစီနှင့်ပတ်သက်ပြီး Minimalist Pers-pective နဲ့နှိုင်းယှဉ်ရင် ဒုတိယအချက်ဖြစ်တဲ့ Maximalist Pers-pective ကတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ထုံး လုပ်နည်းတွေအပြင် နိုင်ငံရေးနဲ့ နိုင်ငံသားလွတ်လပ်ခွင့်တွေကို အလေးထားပြီး အရည်အသွေး ပိုမိုပြည့်ဝတဲ့ဒီမိုကရေစီအပေါ်ကို အခြေခံပါတယ်။ ဒီလိုလစ်ဘရယ်ဒီမိုကရေစီ အယူအဆဟာ 'Electoralism ယူဆချက် အမှား' (Fallacy of Electoralism) ကနေ ထွက်ပေါ်လာတာလို့ဆိုပါ တယ်။ ဆိုလိုတာက ရွေးကောက်ပွဲအပေါ်မှာပဲ အများကြီးအာရုံစိုက်ထား ပြီး ဒီမိုကရေစီရဲ့ အခြားအရေးကြီးတဲ့ နိုင်ငံရေးနှင့် နိုင်ငံသားလွတ်လပ် ခွင့်တွေ ပျောက်ဆုံးနေလို့ပဲ ဖြစ်ပါတယ်။ (Electoralism ကို အာဏာရှင် စနစ်ကနေ ဒီမိုကရက်တစ်အုပ်ချုပ်ရေးဆီ အကူးအပြောင်း လမ်းတစ်ဝက် ခရီးလို့ နိုင်ငံရေးသိပ္ပံပါမောက္ခ တယ်ရီကားလ်က ဆိုပါတယ်။ Electoralism ဟာ အာဏာရှင်အုပ်ချုပ်ရေးကနေ အသွင်ကူးပြောင်းရေး စတင်ပြီး တည်ဆဲအစိုးရကစီမံခန့်ခွဲတဲ့ အခြေအနေကို ရည်ညွန်းပါတယ်။ ဒါပေမဲ့ တည်ဆဲအစိုးရက အသွင်ကူးပြောင်းတဲ့လုပ်ငန်းစဉ်တစ်ရပ်လုံးကို လွှမ်းမိုးထားတာကြောင့် အသွင်ကူးပြောင်းရေးဖြစ်စဉ်မှာ လစ်ဘရယ် ဒီမိုကရေစီအင်စတီကျူးရှင်း အရည်အသွေးတွေ မရရှိတဲ့ အခြေအနေကို ရည်ညွန်းပါတယ်။) နူနခအသမေူငျာ ယူဆချက်အမှားကြောင့် ဒီမိုကရေစီ အသွင်လက္ခဏာတွေမရှိတဲ့ နိုင်ငံတစ်နိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် သတ် မှတ်သွားနိုင်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ အရေးကြီးပေမယ်လို့ Electoralism အပေါ်မှာပဲ အခြေပြုခြင်းဟာ ဒီမိုကရေစီဆိုင်ရာ ကျဉ်းမြောင်းတဲ့အယူအဆ ဖြစ်ပါတယ်။ ဒါကြောင့် Maximalist Perspective မှာ ရွေးကောက်ခံ ဒီမိုကရေစီ ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအပေါ် အခြေခံတဲ့ လစ်ဘရယ်ဒီမိုကရေစီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် အခြားအခွင့်အရေးတွေ နဲ့ လွတ်လပ်ခွင့်တွေ (ဥပမာအားဖြင့် လူနည်းစု အခွင့်အရေးတွေ၊ နိုင်ငံရေး တန်းတူညီမျှမှု၊ လွတ်လပ်စွာယုံကြည်မှု၊ သဘောထား၊ ဆွေးနွေးမှု၊ ပြောဆိုခွင့်၊ ထုတ်ဝေခွင့်နဲ့ စုဝေးခွင့်၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်အရေး စသဖြင့်) တို့လည်း ပါဝင်ပါတယ်။ 

ဒါကြောင့် ဒီမိုကရေစီစနစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက် ပွဲတွေ အရေးပါနေသလို ရွေးကောက်ပွဲတွေနောက်ပိုင်း ဒီမိုကရေစီအရည်အသွေးတွေ တိုးတက်ရေးဟာလည်း အရေးပါနေပါတယ်။ ရွေးကောက်ပွဲတွေ ကျင်းပနိုင်တာကြောင့် ဒီမိုကရေစီအသက်ဝင်လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲများဟာ ဒီမိုကရေစီရဲ့ နောက်ဆုံးပန်းတိုင်မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့ စမှတ်သာဖြစ်ပါတယ်။ ရွေးကောက်ပွဲများရှိရုံနဲ့ ဒီမိုကရေစီ အရည်အသွေး ပြည့်ဝတယ်လို့ မဆိုနိုင်ပါဘူး။ ရွေးကောက်ပွဲနောက်ပိုင်း အကောင်အထည်ဖော်ကြရတဲ့ ဒီမိုကရက်တစ်လုပ်ငန်းစဉ်များကသာ ဒီမိုကရေစီအရည်အသွေးကို တိုးမြင့်စေပါလိမ့်မယ်။

ဒီမိုကရေစီစနစ်မှာ ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေမှာလည်း ရွေးကောက်ပွဲမှာ မဲပေးရွေးချယ်လိုက်ရုံနဲ့ ပြည်သူတစ်ယောက်ရဲ့တာဝန်ပြီးဆုံးပြီး ကျန်တာတွေကို ရွေးကောက်တင်မြှောက်လိုက်တဲ့အစိုးရ တာဝန်ပဲဖြစ်တယ်လို့ သတ်မှတ်လို့မရပါဘူး။ ပြည်သူတစ်ယောက်ရရှိရမယ့် ရပိုင်ခွင့်တွေ၊ လိုက်နာရမယ့်တာဝန်တွေ၊ ပူးပေါင်းလုပ်ဆောင်ရမယ့် တာဝန်တွေ၊ ထိန်းကျောင်းရမယ့်တာဝန်တွေ များစွာရှိနေပါသေးတယ်။ အရည်အသွေးပြည့်ဝတဲ့ ဒီမိုကရေစီဖြစ်ဖို့ဆိုရင် ရွေးကောက်ပွဲပြီး နောက်ပိုင်း လုပ်ဆောင်ရမယ့် စဉ်ဆက်မပြတ် ဒီမိုကရက်တစ်လုပ်ငန်းစဉ်တွေ၊ နိုင်ငံ ရေးနဲ့ နိုင်ငံသား လွတ်လပ်ခွင့်ဆိုတာတွေ ဟန်ချက်ညီဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။

သိန်းထွန်း (IR) (၈ . ၁၂ .၂၀၂၀)

ရည်ညွန်း။ Daniel Silander. Building Democracy: National and International Factors