News

POST TYPE

OPINION

လူငယ်တွေရှေ့မှာ လူကြီးလို နေပေးပါ
09-Dec-2020


လူကြီးမိဘ ဆရာသမားတွေက 'သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာခေါင်း၊ လူငယ်မကောင်း လူကြီးခေါင်း'ဆိုပြီး အမြဲပြောဆိုဆုံးမလေ့ရှိကြတယ်။ ဒီလိုပဲ မိဘ ဆရာ လူကြီးတွေ မကောင်း ရင်ရော ကျောင်းသားလူငယ်တွေ ဘာများဖြစ်နိုင်မလဲလို့ တွေးသင့်တယ်။ ဘာလို့လဲဆိုတော့ လူငယ်တွေဟာ လူကြီးတွေကိုကြည့်ပြီး အတုယူတတ်ကြလို့ပါပဲ။ အဲ့ဒီအခါ ကောင်းတဲ့လူကြီးနဲ့နီးစပ်ပြီး အတုယူရင်း ကောင်းမွန်သွားနိုင်ပေမယ့် မကောင်းတဲ့သူတွေကို အတုယူမိရင်တော့ လမ်းလွဲသွားနိုင်ပါတယ်။

တကယ်တော့ လူငယ်တွေဟာ လူကြီးတွေကိုကြည့်ပြီး စိတ်နေစိတ် ထားပြောင်းလေ့ရှိကြတယ်။ အတုခိုးလေ့ရှိကြတယ်။ ဆရာတွေကို ကြည့် ပြီး ဆရာဖြစ်ချင်တဲ့သူတွေ ရှိကြတယ်။ တကယ့်လူတော်တွေနဲ့နီးစပ်ပြီး လူတော်လူကောင်းဖြစ်အောင် ကြိုးစားကြတဲ့သူတွေ ရှိကြတယ်။ လူဆိုး လူမိုက်တွေကို ကြည့်ပြီး မကောင်းစိတ်ဝင်တဲ့လူတွေလည်း ရှိကြတာပဲ။ တစ်ခါက တက္ကသိုလ်က သူငယ်ချင်းတစ်ယောက်က စာသင်နေရင်းနဲ့ 'ငါလည်း ဆရာဖြစ်အောင်လုပ်ပြီး ကျူရှင်သင်စားတော့မယ်ကွာ' တဲ့။ ဘာလို့လဲမေးလိုက်တော့မှ သူက တက္ကသိုလ်ပညာရေးရဲ့အတွင်းပိုင်းက ကျူရှင်အကြောင်းတွေကို ဖောက်သည်ချပါတော့တယ်။ သူက အတုယူလွဲ သွားပုံရပါတယ်။ တကယ်ပညာကို အရင်းတည်ပြီး ကိုယ့်ပညာရပ်ကိုတန်ဖိုး ထားတဲ့ လေးစားစရာကောင်းတဲ့ဆရာတွေကို သတိမေ့သွားတယ်ထင်တယ်။ ဒီလိုမြင်တာကို မြင်တဲ့အဆင့်နဲ့မရပ်ဘဲ စိတ်ထဲမှာ အတုယူလိုက် တာဟာ ကောင်းမွန်တဲ့လုပ်ရပ်မျိုးဆိုရင်တော့ အပြစ်ပြောစရာမရှိပေမယ့် မကောင်းတဲ့အတုယူမှုမျိုးကိုတော့ ရှောင်ရှားဖို့လိုပါတယ်။ တချို့အတုယူ မှုမျိုးကတော့ ငယ်ဘဝဖြတ်သန်းမှုနဲ့လည်း ပတ်သက်ဆက်နွှယ်ပါတယ်။ ကျွန်တော် ခြောက်တန်းအရွယ်လောက်ကဆိုရင် အိမ်ဘေးကအစ်ကိုတစ် ယောက်ရေးတဲ့ ရည်းစားစာကို ဖတ်ကြည့်ဖူးတယ်။ ရည်းစားစာဆိုပေမယ့် သူက စာအုပ်နဲ့ရေးထားတာပါ။ စာအုပ်ထဲမှာလည်း ရေးထားတာတွေက ရင်ခုန်ချင်စရာတောင် ကောင်းလွန်းပါတယ်။ အစီအစဉ် ကျကျနနရေး ထားတဲ့အပြင် စာလုံးတွေကို လှလှပပပုံဖော်တာမျိုး၊ လက်ရေးလေးတွေ ဝိုင်းစက်ပြီး လှနေတာမျိုးကို ကျွန်တော် အခုထိ မှတ်မိနေပါသေးတယ်။ မှတ်မှတ်ရရ ကျွန်တော် ကြီးကောင်ပေါက်အရွယ်ရောက်လာတော့ ရည်းစား စာရေးဖူးတယ်။ အဲ့ဒီအစ်ကိုကြီးရဲ့စာအုပ်လေးဟာ ကျွန်တော့်အပေါ် ဘယ်လောက်အထိ လွှမ်းမိုးသလဲဆိုရင် လက်ရေးလက်သားလှတာအပြင် စာလုံးတွေပါ လှလှပပပုံဖော်တာအထိ တူညီအောင်လိုက်ရေးမိတယ်။ 

ဒီလိုပုံစံနဲ့ မသိစိတ်က စွဲလမ်းသွားတတ်တယ်ဆိုတာ ကျွန်တော် စာတွေ ဖတ်ပြီး ကောင်းကောင်းတွေးတတ်လာတဲ့အချိန်ရောက်မှ သတိထားမိတာပါ။ ကျွန်တော့်ငယ်ဘဝကို တော်တော်များများပြန်တွေးမိတော့ ကောင်း တဲ့အရာတွေနဲ့ လွှမ်းမိုးသွားလို့သာ လမ်းမှန်ပေါ်ကို ရောက်လာတာပါ။ တကယ်တော်တဲ့ဆရာတွေနဲ့ တွေ့ခဲ့ရတယ်။ စာအုပ်တွေပေးဖတ်တဲ့ စာရေးသူ တချို့နဲ့ တွေ့ခဲ့ရတဲ့အပြင် အမေက ရေဒီယိုအမြဲဖွင့်တော့ ရေဒီယိုကလာတဲ့ အစီအစဉ်ကောင်းတွေကနေ ဘဝအခက်အခဲတွေကို အောင်မြင်ကျော် လွှားနိုင်ဖို့ ခွန်အားတွေ၊ စာဖတ်သင့်တဲ့အကြောင်းတွေနဲ့ ကဗျာတွေကို  နားထောင်ခွင့်ရခဲ့ပါတယ်။ (ပြည်ပအားကိုး ပုဆိန်ရိုး၊ ဘယ်သူတွေက သွေးထိုး နေတယ် ဆိုတာတွေကတော့ ခြွင်းချက်ပေါ့။) ဒီတော့ ကျွန်တော့်ငယ်ဘဝ မှာ အဆိုးထက် အကောင်းလွှမ်းမှုက ပိုများသွားတယ်လို့ ဆိုနိုင်ပါတယ်။

ကျွန်တော့်ရွယ်တူ သူငယ်ချင်းတချို့ဆိုရင် ရွာထဲက အသက်လေးဆယ် ကျော်၊ သုံးဆယ်ကျော် လူကြီးတချို့နဲ့ နီးစပ်တော့ သူတို့လိုပဲ အရက်ကလေး၊ ဆေးလိပ်ကလေးတွေသောက်မှ လူကြီးဆန်တယ်၊ လူရှိန်တယ်ဆိုပြီးထင် သွားကြတယ်။ 'ကိုယ်ကောင်းရင်၊ ခေါင်းဘယ်မှမရွေ့'ဆိုတဲ့ စကားပုံတွေ ရှိပေမယ့်လည်း အသက်အရွယ် ငယ်ရွယ်တဲ့လူငယ်တွေအပေါ်ကို အနည်း နဲ့အများတော့ သက်ရောက်တာပါပဲ။ ကျွန်တော်တို့ရွာထဲမှာလည်း အခုထိ ဒီပုံစံမျိုးပါပဲ။ အသက်သုံးလေးဆယ်အရွယ် လူကြီးတွေနဲ့နီးစပ်တဲ့လူငယ်  လူလတ်ပိုင်းတွေက အတုလိုက်ခိုး၊ တစ်ခါ အဲ့ဒီလူငယ်တွေနဲ့နီးစပ်တဲ့ ကျောင်းနေအရွယ်ကလေးတွေပါ အတုလိုက်ခိုးကြတယ်။ အခုခေတ်လို  မိုဘိုင်းလ်ဂိမ်းတွေ ခေတ်စားနေတဲ့အချိန်ကတော့ ပိုဆိုးတာပေါ့။ လူအုပ်  စုစု စုစုနဲ့ ကလေးတွေကို တွေ့လို့ သေချာကြည့်လိုက်ရင် အဲ့ဒီကလေးတွေရဲ့ အလယ်ထဲမှာ လူငယ်သုံးလေးယောက်လောက် ဂိမ်းထိုင်ကစားနေတာ တွေ့ရတယ်။ ကလေးဆိုတာ အသစ်အဆန်းဆို ကြည့်တတ်ကြတာ ဓမ္မတာ ပဲလေ။ နောက် ရွာမှာ စာကြည့်တိုက်လေးထောင်ဖြစ်သွားတော့ ကလေး လေးတွေလာကြတယ်။ စာအုပ်လေးတွေ လှန်လှောကြည့်ကြ ဖတ်ကြပေါ့။ စာကြည့်တိုက်အဖွဲ့ထဲမှာပဲ ဂိမ်းကစားတဲ့လူငယ်ပါလာတော့ မကြာပါဘူး၊  ကလေးတွေက စာအုပ်လက်ကချ ဂိမ်းကစားတဲ့နေရာမှာ ဝိုင်းကြည့်ကြပါ ရော။ ဒါနဲ့ နောက်တော့ 'စာကြည့်တိုက်ကို စောင့်စောင့်မစောင့်စောင့် ဂိမ်းမကစားပါနဲ့' ဆိုပြီးသာ စည်းကမ်းထုတ်လိုက်ရတယ်။ ဒီလိုနဲ့ စာကြည့် တိုက်ထဲလာပြီး မိဘမသိအောင် ဂိမ်းကစားချင်တဲ့သူတွေ လျော့သွားတာ ပေါ့။ လျော့ဆို တစ်ယောက်မှကို မလာတော့တဲ့အထိပဲ။
ဒီလို အသိနုနယ်ငယ်ရွယ်တဲ့ကလေးတွေဆိုတာ ထူးဆန်းရာကို စူးစမ်းကြတာပဲ။ နောက်တော့ ကျွန်တော်အကြံတစ်ခုရတာနဲ့ အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့သူငယ်ချင်းတွေကို စာကြည့်တိုက်မှာလာပြီး  လေ့ကျင့်ဖို့ ဖိတ်တယ်။ ကလေးတွေကလည်း အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့စကားဝိုင်းကို ကြည့်ကြပါတယ်။ သူတို့လည်း တွတ်တွတ်နဲ့ ဘာပြောနေမှန်းမသိတော့ နားထောင်စူးစမ်းကြတယ်။ သူငယ်ချင်းတွေပြန်သွား တော့မှ ကလေးတွေက 'အစ်ကိုကြီး အဲ့ဒါဘာတွေပြောကြတာလဲ'လို့ မေးကြတယ်။ ဒီတော့မှ ကလေးတွေကို အင်္ဂလိပ်စကားပြောလေ့ကျင့်တဲ့ အကြောင်း၊ အင်္ဂလိပ်ဘာသာစကားဟာ လေ့လာသင့်တဲ့အကြောင်း အပြင် စာကြည့်တိုက်မှာရှိတဲ့ စာအုပ်တွေကို ဖတ်ထားသင့်ကြောင်းပြောပြမိ တယ်။ ဒါတွေဟာ ဘယ်လောက်အထိ ဖြစ်မြောက်ပြီး ရာခိုင်နှုန်းဘယ် လောက်များများ အောင်မြင်မလဲဆိုတာ အတိအကျမပြောတတ်ပေမယ့် သူတို့စိတ်ထဲမှာ လုပ်ရပ်ကောင်းလေးတစ်ခုတော့ မြင်သွားလောက်မယ်၊  သတိထားမိသွားမယ်ဆိုတာ အပြည့်အဝယုံကြည်မိပါတယ်။

ကျွန်တော်တို့ပတ်ဝန်ကျင်းမှာရှိတဲ့ လူတွေတိုင်းဟာ ကိုယ်နဲ့နီးစပ်တဲ့လူကြီးတွေရဲ့စရိုက်တွေ လုပ်ရပ်တွေကို အတုယူ ကူးစက်သွားကြတာ ချည်းပါပဲ။ တကယ်ကို ဖောက်ထွက်ရဲတဲ့သူ၊ စိတ်ဓာတ်ကြံ့ခိုင်ပြီး လုပ်ချင် တာကို ဇောက်ချလုပ်တတ်တဲ့အကျင့်ရှိတဲ့သူတွေသာ ကွဲပြားသွားကြတာ ပါ။ ရွာတစ်ရွာမှာပဲဖြစ်ဖြစ်၊ နိုင်ငံတစ်လုံးမှာပဲဖြစ်ဖြစ် လူငယ်တွေရှေ့မှာ  စံပြဖြစ်နိုင်မယ့် လူကြီးတွေဆိုတာ ရှိကိုရှိနေရပါမယ်။ ဖြစ်နိုင်ရင် လူငယ်တွေ ရှေ့မှာ အမုန်းတရားကို ထုတ်မပြဖို့ ရှေးရိုးစွဲအမြင်တွေကို မပြောဖြစ်ဖို့ အထူးဂရုစိုက်ရပါမယ်။ တစ်နေ့က ရွာထဲက မိသားစုလေးတစ်စုကို သတိ ထားမိလိုက်ပါသေးတယ်။ အဲ့ဒီမှာ အမေဖြစ်တဲ့သူက မြေကြီးထဲမှာ ကစား နေတဲ့ကလေးကို "ဟဲ့ လာစမ်းပါဟယ်၊ အခုမှရေချိုးထားတာကို ဆော့နေ တယ်၊ ဒေဝေါကြီးလာလိမ့်မယ်၊ မုတ်ဆိတ်မွေးနဲ့လူကြီးက လာဖမ်းလိမ့်မယ်"ဆိုပြီး ခြောက်ပြောတော့ စာကြည့်တိုက်မှာ စာလာဖတ်နေကျ သူ့သား ဆယ်တန်းကောင်လေးက "ဟာ အမေရယ် အဲ့လိုမပြောပါနဲ့၊ လာလာ ညီလေး လာ၊ မြေကြီးထဲမှာ မဆော့ရဘူး၊ မြေကြီးထဲမှာ မသန့်ရှင်းတဲ့ပိုးမွှား တွေရှိတယ်၊ ဒါတွေက၊ ရောဂါဖြစ်တတ်တယ်"ဆိုပြီး ကလေးကို အိမ်ထဲ ခေါ်သွားလိုက်တယ်။ ကျွန်တော့်စိတ်ထဲ ဝမ်းသာပီတိကလေး တဖွားဖွားဖြစ်မိ ပါတယ်။ ကျွန်တော်တို့လူကြီးတွေဟာ ကလေးတွေကို ခဏတာ နားအေး သွားအောင် ကြောက်မယ့်အရာနဲ့ခြောက်လိုက်တာမျိုး၊ မဟုတ်တာကို လုပ်ဇာတ်ခင်းပြောလိုက်တာမျိုးတွေနဲ့ ဆုံးမလေ့ရှိကြတော့ တချို့ကလေး တွေဆိုရင် အသက်ကြီးတဲ့အထိ သရဲတစ္ဆေတွေကို ကြောက်တတ်သွား ပါတယ်။

ဒီလိုပါပဲ ဘယ်နေရာမှာပဲဖြစ်ဖြစ် အတွေ့အကြုံနည်းတဲ့ကလေးလူငယ်တွေကို မမှန်ကန်တဲ့အကြောင်းတရားတွေကို တိုက်ရိုက်ပဲဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးပဲဖြစ်ဖြစ် မပြောမိအောင်ထိန်းသိမ်းတာ အကောင်းဆုံးပါပဲ။ မပြောမိအောင်ထိန်းသိမ်းနိုင်တဲ့အပြင် လုပ်ရပ်နဲ့တောင် မပြုမူမိရင် အကောင်း ဆုံးပါပဲ။ တစ်ခါက အစ်မတစ်ယောက်က ပြောဖူးတယ်။ သူဟာ ကလေးတွေ ရှေ့မှာ အနေအထိုင် အပြောအဆိုကအစ အတော်လေးသတိထားပြီးနေတဲ့ အကြောင်း၊ အမှိုက်လွှင့်တဲ့အကြောင်း၊ မီးပွိုင့်စိမ်းတဲ့အထိ စောင့်ကူးတဲ့ အကြောင်းတွေကို ပြောပြဖူးတယ်။ (ကျွန်တော်တို့နယ်ဘက်မှာ မီးပွိုင့် စိမ်းတဲ့အထိ စောင့်ကူးလေ့မရှိကြဘူး။) လူငယ်ဟာ တိုင်းပြည်ရဲ့အနာဂတ် ဖြစ်လို့ ကျွန်တော်တို့တာဝန်လွှဲအပ်ရမယ့် အနာဂတ်လူငယ်တွေကို ကောင်း တာတွေပဲ လက်ဆင့်ကမ်းပေးသင့်ပါတယ်။ တစ်လောလေးကတောင်  ကျွန်တော် အွန်လိုင်းပေါ်က သတင်းစာရှင်းလင်းပွဲ ပိုစ့်တစ်ခုအောက်မှာ 'ခင်ဗျားတို့ လူကြီးတွေကို လူငယ်တွေက ကြည့်နေကြတာ၊ နည်းနည်း လောက်တော့ လူငယ်တွေကို အားနာပါဦးဗျာ' ဆိုပြီး မှတ်ချက်လေး ရေးမိပါသေးတယ်။ သေချာပါတယ်၊ အဲ့ဒီလူကြီးမင်းတွေကိုလည်း ကျွန်တော်တို့ လူငယ်တွေ ကြည့်နေကြတာပါ။ ဒီအထဲကမှ ဒီအဲ့ဒီလူကြီးတွေကို ထောက်ခံ တဲ့လူငယ်တွေလည်း ရှိပါတယ်။ ဘယ်သူဟာ ဘယ်အဖွဲ့အစည်း၊ ဘယ်သူ့ကိုပဲ ထောက်ခံပါစေ၊ အမှန်တရားက ဘာလဲ၊ ဘယ်ဟာ ကောင်းတဲ့လမ်းလဲ ဆိုတာကိုသိဖို့ အရေးကြီးတာပါ။ အတုယူမလွဲဖို့ပဲ လိုတာပါ။ ပညာတတ် သလိုလိုနဲ့မိုက်တဲ့ ပညာတတ်လူမိုက်ကြီးတွေ၊ စာနာပြီးစေတနာအပြည့်ရှိ သလိုလိုနဲ့မိုက်တဲ့ နှလုံးလှလူမိုက်ကြီးတွေကို သတိထားဖို့ လိုပါတယ်။ အတ္တကြီးတဲ့လူကြီးတွေဟာ သိသိကြီးနဲ့ ဆက်မိုက်နေကြတာပါ။ အတ္တတွေ ဖုံးနေတော့ သိက္ခာနဲ့အရှက်တရားကို သတိမထားမိကြတော့ပါဘူး။ ဒါကို ခပ်ဝေးဝေးက သုံးသပ်လှမ်းကြည့်တဲ့သူက တိတိပပမြင်နိုင်ပါတယ်။ ချစ်ခြင်း၊ မုန်းခြင်းကင်းတဲ့အမြင်နဲ့ မညှာတမ်းသုံးသပ်ကြည့်ရင် မြင်နိုင်ပါ တယ်။ ဒီလိုလူကြီးတွေကို ဘယ်သူတွေ ဘယ်လိုမျက်လုံးနဲ့ပဲကြည့်ကြည့် လူငယ်တွေဟာ အတုယူမယ့်မျက်လုံးနဲ့မကြည့်ဖို့ လိုပါတယ်။ 

ဒါကြောင့် လူငယ်တွေရှေ့မှာ လူကြီးလူကောင်းများများရှိနေသင့် တယ်။ နာမည်ကြီးပြီး သတိထားခံရတဲ့ပုဂ္ဂိုလ်တွေကပါ လူငယ်တွေရှေ့မှာ အတ္တတွေကြီးပြပြီး ကန့်လန့်တိုက်နေရင်တော့ အမြင်တွေလွဲကုန်တော့ မှာပါပဲ။ လူကြီးဆိုတာ ရင့်ကျက်တည်ငြိမ်သင့်တယ်။ စိတ်သဘောထားကြီး မြတ်ပြီး ခေါင်းဆောင်မှုအရည်အချင်းနဲ့ပြည့်ဝရပါတယ်။ အသက်ကြီးရင် အချိန်စီးတာထက် အသက်ကြီးရင် ဦးနှောက်စီးဖို့လိုတာပါ။ အသက်ကြီး ပြီး ဦးနှောက်ထဲမှာ ဗလာနတ္ထိဖြစ်နေရင်တော့ လူ့လောကထဲမှာ အချိန် စောစောရောက်လာတာပဲရှိတယ်။ ဒါကြောင့် ဦးနှောက်မစီးတဲ့လူကြီး တွေကို အတုမယူမိဖို့ သတိထားရပါမယ်။ အနာဂတ်နိုင်ငံတော်ကြီးကို ဆက်လက်ဖွံ့ဖြိုးအောင်လုပ်မယ့် လူငယ်တွေအတွက် အကောင်းမြင်စိတ်၊ သဘောထားကြီးမြတ်မှု၊ ပညာသားပါပါနဲ့ ခေါင်းအေးအေး ဖြေရှင်း တတ်မှု၊ ရင့်ကျက်တည်ငြိမ်မှု၊ စုပေါင်းလုပ်ဆောင်တတ်မှု စတဲ့သဘော ထား၊ လုပ်ရပ်တွေနဲ့ စံပြဖြစ်နေဖို့လိုပါတယ်။ ဒါပေမဲ့ အတ္တအပြည့်နဲ့ ဖျောင်းဖျမရတော့တဲ့ ပညာတတ်လူမိုက်ကြီးတွေ၊ နှလုံးလှလူမိုက်ကြီးတွေ ကတော့ ဘယ်လိုပဲတရားချချ ပြင်မရတော့ပါဘူး။ အဲ့ဒီအခါမျိုးမှာ လူငယ် တွေကပဲ သတိရှိရှိနဲ့ လျစ်လျူရှုပေးလိုက်တာ အကောင်းဆုံးပါပဲ။ သို့ပေမယ့် ဟိုဘက်မကျ ဒီဘက်မကျ အကြောက်တရားမကျွတ်တကျွတ် ပညာတတ် နှလုံးလှလူမိုက်လေးတွေအနေနဲ့ကတော့ လူငယ်တွေရှေ့မှာ သတိထားနေပေးသင့်ပါတယ်။

အဆုံးသတ်အနေနဲ့ကတော့ လူငယ်တွေဆိုတာ လူကြီးတွေရဲ့ လုပ်ရပ် တွေကိုကြည့်ပြီး ကူးစက်သွားတတ်တယ်ဆိုတာ သတိထားစေချင်ပါတယ်။ လူငယ်တွေအနေနဲ့ကလည်း ကိုယ်က ဘယ်လိုလူကြီးမျိုးကို သတိထားမိပြီး ဘယ်လိုလူကြီးတွေကို အားကျနေမိပြီလဲ ဆိုတာ သတိထားဖို့ လိုပါတယ်။ လူငယ်တွေရဲ့ရှေ့မျိုးဆက်၊ ရှေ့ဆောင်လမ်းပြတွေဟာ စံနမူနာထား အတုယူ သင့်တဲ့လူကြီးတွေ ဖြစ်သင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း နယ်ပယ် အသီးသီးက လေးစားစရာကောင်းတဲ့ ခေါင်းဆောင်တွေ၊ ပညာရှင်တွေ ရှိပါတယ်။ လူငယ်တွေဟာ ဒါတွေကို ကြည့်နေတာဖြစ်တယ်။ ဒါကြောင့် ပြင်မရတော့တဲ့ လူမိုက်ကြီးတွေကို ခဏဖယ်ထားပြီး ပညာတတ်တဲ့ နှလုံးလှ လူမိုက်လေးတွေအနေနဲ့ကတော့ လူငယ်တွေရှေ့မှာ အားနာနာနဲ့ လူကြီးစစ်စစ်ဖြစ်အောင် နေပေးစေချင်ပါတော့တယ်။

သက်တံ