News

POST TYPE

OPINION

ကျီးကို ဘုတ်ရိုသေ ဘုတ်ကို ကျီးရိုသေ
09-Dec-2020


ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကနေ ဆင်းသက်လာတဲ့ မြန်မာ့ယဉ်ကျေးမှုကို အစဉ် အလာအားဖြင့် လက်ခံကျင့်သုံးခဲ့ကြတဲ့နိုင်ငံဖြစ်ပါတယ်။ ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကို သနားဆိုတဲ့ အစဉ်အလာကို လက်ခံကျင့်သုံးခဲ့ရာကနေ အခုအခါမှာတော့  လေးစားခြင်းတွေ ပျောက်ဆုံးနေတာကို တွေ့မြင်နေရပါတယ်။

ရုံးဌာနတွေမှာလည်း အထက်အရာရှိတွေက လက်အောက်ဝန်ထမ်းတွေကို မလေးစား။ လက်အောက်ဝန်ထမ်းတွေကလည်း အထက်အရာရှိကို မလေးစားမှုတွေ တွေ့နေကြပါတယ်။

ဘုတ်ကို ကျီးရိုသေမှ ကျီးကို ဘုတ်ရိုသေမယ်

မြန်မာ့ယဉ်ကျေးမှုလောကမှာ ဘုတ်ကို ကျီးရိုသေ၊ ကျီးကို ဘုတ်ရိုသေဆိုတဲ့ စကားပုံတစ်ခုရှိပါတယ်။ အဲဒီစကားပုံဟာ ဘုရားဟော 'တိကနိပါတ် ဥလူကဇာတ်}မှာပါရှိတဲ့ ကျီးနဲ့ခင်ပုပ်ရဲ့ ဇာတ်ကြောင်းကနေ ဆင်းသက်လာတာဖြစ်ပါတယ်။

ကမ္ဘာဦးအစတုန်းက လူတွေ၊ တိရစ္ဆာန်တွေ စတဲ့သတ္တဝါတွေဟာ မိမိတို့တူရာတူရာမျိုးနွယ်အလိုက် မင်းတင်မြှောက်ကြတဲ့အခါ ငှက်မျိုးတွေကလည်း ငှက်အစည်းအဝေးကျင်းပပြီး ငှက်ဘုရင်တင်မြှောက်ကြရာ မှာ ခင်ပုပ်ငှက်ကို မင်းမြှောက်ဖို့ အခြားငှက်များက သဘောတူကြသော်လည်း ကျီးတစ်ကောင်က ကန့်ကွက်တဲ့အတွက် ခင်ပုပ်ငှက်ဟာ မင်းမဖြစ်တော့ပါဘူး။ ဒါကြောင့် အဲဒီအချိန်ကစပြီး ကျီးနဲ့ခင်ပုပ်ဟာ ကမ္ဘာ့ရန်တွေ ဖြစ်လာကြတယ်လို့ ဆိုပါတယ်။

ကျီးဆိုတာမျိုးက နေ့မှာကျက်စားတဲ့ငှက်ဖြစ်ပြီးတော့ ညမှကျက်စားတဲ့ခင်ပုပ်ကို နေ့ဘက်မှာ လိုက်လံ ရှာဖွေထိုးဆိတ်ပါတယ်။ ခင်ပုပ်ဟာ ညဉ့်ငှက်ဖြစ်တဲ့အလျောက် ညအခါမှာကျီးသိုက်ကို ထိုးဆိတ်ဖျက်ဆီးရန်ပြုပါတယ်။ အဲဒီရန်စဟာ အပြန်အလှန်ဖြစ်နေပြီးတော့ ရန်မီးဟာမငြိမ်းခဲ့ပါ ဘူး။ အဲဒါနဲ့ တစ်နေ့တော့ ကျီးနဲ့ခင်ပုပ် (ဘုတ်) ငှက်တွေ့ဆုံကြတဲ့အခါ ကျီးက ခင်ပုပ်ငှက်ကို 'အဆွေ၏အမွေးသည် အနီတွင် အဝါရောင်သန်းလျက် မြတ်စွာဘုရား၏သင်္ကန်းတော်နှင့်တူသဖြင့် အသင့်အား ငါရိုသေပါသည်' လို့ ဆိုပါတယ်။ ဘုတ်ငှက်ကလည်း အသင်ကျီး၏အမွေးအတောင်တို့သည် အနက်ရောင်တဖိတ်ဖိတ်တောက်လျက် မြတ်စွာဘုရား၏  သပိတ်တော် အရောင်နှင့်တူသဖြင့် အသင့်အား ငါရိုသေပါ၏' လို့ ပြောပါတယ်။

အဲဒီအချိန်ကစပြီးတော့ ကျီးနဲ့ခင်ပုပ်(ဘုတ်)ငှက်တို့ဟာ ယနေ့တိုင် တစ်ကောင်နဲ့တစ်ကောင် အပြန်အလှန် ရိုသေလေးစားကြပြီး ချစ်ချစ်ခင်ခင် နဲ့ နေလာခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်လည်း လူနှစ်ဦး ဆက်ဆံကြတဲ့အခါ တစ်ဦးက ကျန်တစ်ဦးကို လေးစားရိုသေမှသာ ကျန်တစ်ဦးကလည်း အပြန်အလှန် လေးစားရိုသေမယ်လို့ ရှေးလူကြီးသူမများက ဒီစကားကို အချင်းချင်းလက်ဆင့်ကမ်း သယ်ဆောင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဝန်ထမ်းလောကမှ ကျီးနဲ့ ဘုတ်များ

ဝန်ထမ်းလောကမှာ လုပ်ငန်းတွေ လုပ်ရကိုင်ရလွယ်ကူအောင်၊ လုပ်ငန်းတွေအဆင်ပြေအောင် ရာထူးတွေအဆင့်ဆင့်သတ်မှတ်ပြီး တာဝန်တွေ အမျိုးမျိုးပေးခဲ့ကြတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ဦးစီးအရာရှိ အဆင့်ကနေ ညွှန်ကြားရေးမှူးချုပ်၊ အတွင်းဝန်အဆင့်အထိကို ပြန်တမ်း ဝင်အရာရှိအဆင့်လို့ သတ်မှတ်ကြပါတယ်။ ယေဘုယျအားဖြင့် ဒုတိယ ညွှန်ကြားမှူးအဆင့်ကနေ ညွှန်ကြားရေးမှူးချုပ်အဆင့်ထိကို အရာရှိကြီးများလို့ သတ်မှတ်ထားပါတယ်။ (တစ်ချိန်တုန်းကတော့ အဲဒီအဆင့်တွေကို အရွေးချယ်ခံတန်း (Selection Grade) လို့ တရားဝင်သတ်မှတ်ပါတယ်။

နောက်တစ်ခါ ဦးစီးအရာရှိရဲ့အောက် ဒုတိယဦးစီးမှူးအဆင့်ရှိတဲ့ သူတွေ (စီမံခန့်ခွဲရေးဝန်ထမ်းအဆင့်-၁၊ စီမံ/စီးပွား အဆင့်-၁၊ တရား ရေးဝန်ထမ်း အဆင့်-၄ နဲ့ ဥပဒေဝန်ထမ်း အဆင့်-၄ တွေ)ကိုတော့ အရာရှိ ငယ်တွေလို့ သတ်မှတ်ကြပါတယ်။ ဒီဆောင်းပါးမှာတော့ ရုံးတွေမှာ ဖြစ်ပျက် နေကြတဲ့ အရာရှိငယ်(စီမံ-အဆင့် ၁)တွေနဲ့ စာရေးဝန်ထမ်းတွေရဲ့ ဆက်ဆံပုံ တွေ၊ ဖြစ်နေတဲ့ပြဿနာတွေအပေါ် အခြေခံပြီးနဲ့ ရေးသားဖော်ပြသွား မှာ ဖြစ်ပါတယ်။

ဝန်ထမ်းလောကမှာ ဝင်ပေါက်ရာထူးတွေ အမျိုးမျိုးရှိကြတဲ့အနက် အရာရှိငယ်ဝန်ထမ်းတွေဟာ ပြင်ပမှ ဘွဲ့ရတွေ၊ ဌာနအသီးသီးက အသက်မီ တဲ့ ဘွဲ့ရဝန်ထမ်းတွေနဲ့ လက်ရှိဌာနက လုပ်သက်နဲ့အသက်မီတဲ့ ဘွဲ့ရဝန်ထမ်း တွေကိုခေါ်ယူပြီး ရေးဖြေ၊ နှုတ်ဖြေ စတဲ့ စာမေးပွဲအဆင့်ဆင့်ကို ဖြေဆို အောင်မြင်ပြီးမှ ရွေးချယ်ခန့်ထားတာ ဖြစ်ပါတယ်။ အဲဒီလိုခန့်ထားပြီးတဲ့ အရာရှိငယ်တွေကို အထက်မြန်မာပြည်(ပြင်ဦးလွင်)နဲ့ အောက်မြန်မာပြည် (ဖောင်ကြီး) မှာရှိတဲ့ ဗဟိုဝန်ထမ်းတက္ကသိုလ်တွေကို တက်ရောက်စေပြီးမှ တာဝန်ကျရာဒေသတွေကို ပို့ဆောင်တာဝန်ထမ်းဆောင်စေတာဖြစ်ပါတယ်။

အရင်တုန်းက အရာရှိငယ်တွေကို အနည်းဆုံး သုံးလခွဲသင်တန်းတက်ရောက်စေခဲ့သော်လည်း အခုခေတ်မှာတော့ တချို့ဌာနတွေက အရာရှိ ငယ်တွေကို တစ်လပဲတက်ရောက်စေပြီး ဌာနတွင်းသင်တန်းကျောင်းတွေ မှာ တစ်လ၊ နှစ်လ စသည် တက်ရောက်စေပါတယ်။ ဒီလို သင်တန်းတက် ရောက်ပြီးတဲ့အခါ အရာရှိငယ်(အနည်းစုကလွဲပြီး)အများစုဟာ  ရပ်ဝေး ဒေသတွေက မြို့နယ်ရုံး၊ ခရိုင်ရံးနဲ့ ပြည်နယ်ရုံးတွေမှာ သွားရောက်တာဝန် ထမ်းဆောင်ရပါတယ်။

အရာရှိဖြစ်ကာစသူတွေဟာ အသက်အရွယ်အားဖြင့်လည်းငယ်၊ အတွေ့အကြုံကလည်းနည်းပါးပြီး မိဝေး ဖဝေး တစ်နယ်တစ်ကျေးမှာ တာဝန်ထမ်းဆောင်ရတဲ့အတွက် စိတ်အားငယ်မှုကတော့ အနည်းနဲ့အများ ရှိကြမှာပါပဲ။ မိန်းကလေးတွေဆို ပိုပြီးတော့ဆိုးပါတယ်။ (အခုခေတ်မှာ နိုင်ငံ့ဝန်ထမ်းအလုပ်ကို အမျိုးသမီးတွေလျှောက်ထား/ခန့်ထားလာတာ ပိုမိုများပြားလာပါတယ်)။ မိန်းကလေးတွေအနေနဲ့ နေရေးထိုင်ရေး အဆင် ပြေတယ်ဆိုရင် တော်ပါသေးရဲ့ နေရေးထိုင်ရေးအဆင်မပြေရင် အခက်အခဲ တွေအများကြီးတွေ့ရပါတယ်။ (ကျွန်တော်တို့ခေတ်ကတော့ ယောကျာ်း လေးတွေမို့ တစ်ဦးထဲဆိုရင် ရုံးမှာနေကြပြီး မိသားစုပါရင်တော့ အိမ်ငှားနေ ရပါတယ်။ အခုခေတ်မှာတော့ ဌာနတွေက ဝန်ထမ်းအိမ်ရာတွေ ဆောက် ပေးထားတာ များပါတယ်)။

နွေးနွေးထွေးထွေးကြိုကြပါ

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မြို့ကိုယ့်ရပ်ရွာကို ပြောင်းရွှေ့ရောက်ရှိလာ တဲ့ဝန်ထမ်းဟာ အိမ်ရှင်ဖြစ်တဲ့ဒေသခံတွေအပါအဝင် အရင်ရောက်နှင့်သူ တွေက လိုလိုလားလား နှစ်နှစ်ကာကာ နွေးနွေးထွေးထွေးနဲ့ကြိုရမှာက  မြန်မာ့ယဉ်ကျေးမှုတစ်ခုပါ။ ဒီထက်ပိုပြီးပြောရရင် ဝန်ထမ်းလောကရဲ့ ယဉ်ကျေးမှုတစ်ခုပါ။ အသစ်ရောက်ရှိလာတဲ့ဝန်ထမ်းကို ကြိုဆိုနှုတ်ဆက်ပွဲ လေးလုပ်ပြီး နှုတ်ခွန်းဆက်အမှာစကားပြောကြားပေးရမှာက ရုံးအကြီးအကဲ ရဲ့တာဝန်ပါ။

အဲဒီအခမိးအနားမှာ ရုံးအကြီးအကဲက 'အခုလိုရောက်ရှိလာတဲ့ အတွက် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း၊ လိုအပ်တဲ့အကူအညီ အခက်အခဲများရှိပါကလည်း ပြောကြားရန်နဲ့ လိုအပ်တာတွေကို အကူအညီ ပေးမှာဖြစ်ကြောင်း ပြောကြားသင့်သလို ဝန်ထမ်းငယ်တွေကလည်း မိမိ တို့ကဒေသခံတွေဖြစ်တဲ့အတွက် အခက်အခဲတစ်စုံတစ်ရာရှိရင် အချိန်မရွေး လိုအပ်တဲ့အကူအညီတောင်းခံနိုင်ကြောင်း ပြောကြားရပါမယ်။ ပေးအပ် လာတဲ့တာဝန်တွေကိုလည်း ကျေပွန်စွာထမ်းဆောင်မည် ဖြစ်ပါကြောင်း စသည်တို့ကို ပြောကြားသင့်ပါတယ်။

ပြောင်းရွှေ့ရောက်ရှိလာတဲ့ အရာရှိငယ်အနေနဲ့ကလည်း မိမိအနေနဲ့ ဒီရာထူးနဲ့ ဒီဒေသမှာ ပထမဆုံး စတင် ဝင်ရောက် တာဝန်ထမ်းရမှာဖြစ်လို့ ရေမြေစိမ်းသလို လုပ်ဖော်ကိုင်ဖက်အသစ်တွေနဲ့ တွေ့ကြုံဆက်ဆံရမှာ ဖြစ်လို့ ရင်ခုန်လှုပ်ရှားမိပါကြောင်း၊ ဒေသအကြောင်း၊ ဒေသခံတွေအကြောင်း၊ ရုံးရဲ့ဓလေ့စရိုက်ဆက်ဆံရေးတွေအကြောင်း မိမိကို မျှဝေပေးကြပါရန်နဲ့ မိမိမသိတာ မတတ်တာတွေကိုလည်း မေးမြန်းမှာဖြစ်ပါကြောင်း၊ ဒီလို မေးမြန်းတဲ့အခါမှာ စိတ်ရှည်ရှည်နဲ့ ဖြေကြားပေးကြပါရန်နဲ့ မိမိကိုလည်း  မိသားစုသဖွယ်၊ အစ်မ၊ ညီမသဖွယ် ဆက်ဆံကူညီရိုင်းပင်းကြစေလိုကြောင်း' စသည်ဖြင့် ပြောကြားရမှာ ဖြစ်ပါတယ်။

နယ်မြေအသစ် ရုံးအသစ်မှာ စတင်ဝင်ရောက် တာဝန်ထမ်းဆောင်ကြ သူ အရာရှိငယ်တွေအနေနဲ့ မိမိကိုယ်မိမိ ငါ အရာရှိဆိုတဲ့စိတ်မျိုးနဲ့ ကိန်းကြီး ခန်းကြီးနိုင်တာတို့၊ မိမိမသိမတတ်တာကို တတ်ယောင်ကားနဲ့ တတ်ချင် ယောင်ဆောင်တာတို့ မလုပ်ဖို့လိုပါတယ်။ မိမိမသိတာ မတတ်တာကို ဘယ်သူ့ကိုပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မေးမြန်းဖို့လိုသလို၊ လက်အောက် ဝန်ထမ်းတွေအနေနဲ့ကလည်း အရာရှိဖြစ်ပြီးတော့ ဒီလောက်တောင် မသိရကောင်းလားဆိုတဲ့ အမြင်မျိုးနဲ့ မကြည့်မိဖို့ မမြင်မိဖို့ မဆက်ဆံမိဖို့ လိုပါတယ်။

လောကမှာ ဘယ်သူမှ ပြီးပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဒီလိုပဲ ကိုယ် မသိတာ သူ့ကိုမေး၊ သူမသိတာ ကိုယ့်ကိုမေးနဲ့ လုပ်ငန်းတာဝန်ကို အတူတကွ တက်ညီလက်ညီ တာဝန်ထမ်းဆောင်ကြတာ ဝန်ထမ်းလောကရဲ့ ပျော်စရာ ကောင်းတဲ့ဓလေ့တစ်ရပ်ပါပဲ။ တချို့ရုံးတွေမှာ အသစ်ပြောင်းရွှေ့ရောက်ရှိ လာတဲ့အရာရှိငယ်တွေကို ပညာပြတာတွေရှိပါတယ်။ စာတစ်စောင်ရှာ ခိုင်းရင် ရှာလို့မတွေ့တာတို့၊ မေးလိုက်ရင် မသိဘူးလို့ဖြေတာတို့၊ ကွန်ပျူတာ ရိုက်ခိုင်းရင် အချိန်ဆွဲထားပြီး နောက်ဆုံးမနေနိုင်တော့ အရာရှိကိုယ်တိုင် ဝင်ရိုက်ရတာမျိုးတွေ ရှိကြပါတယ်။

တကယ်တော့ အထက်အရာရှိက ခိုင်းတယ်ဆိုတာက သူ့ကိုယ်ရေး ကိုယ်တာအတွက် ခိုင်းတာမဟုတ်ပါဘူး။ ဌာနရဲ့ကိုယ်စား၊ နိုင်ငံတော်ရဲ့ ကိုယ်စား အဆင့်ဆင့်တာဝန်ပေးအပ်ခြင်းဖြစ်ပါတယ်။ အဲဒါကို အကြောင်း အမျိုးမျိုးပြပြီး ငြင်းဆန်တယ်ဆိုတာက ဌာနရဲ့အမိန့်ကို ငြင်းဆန်တာ၊ နိုင်ငံတော်ကို ဆန့်ကျင်တာဖြစ်ပါတယ်။ အရာရှိငယ်တွေအနေနဲ့ ဘယ်လောက်ပဲ တန်းတူရည်တူထားပြီး ညီအစ်မ၊ မောင်နှမလို ဆက်ဆံတယ် ဆိုပေမယ့် အလုပ်နဲ့ပတ်သက်လာရင်၊ လုပ်ငန်းနဲ့ပတ်သက်လာလို့ တာဝန် ပေးတာကို အကြောင်အမျိုးမျိုးပြပြီး ငြင်းဆန်တယ်ဆိုရင် ဝန်ထမ်းစည်း မျဉ်းစည်းကမ်းအရ အရေးယူရပါမယ်။

အရာရှိကြီးတွေ၊ ရုံးအကြီးအကဲတွေအနေနဲ့လည်း အရာရှိငယ်က တင်ပြလာတဲ့ကိစ္စတွေကို လေးလေးနက်နက်စဉ်းစားပြီး အရေးယူသင့်က  ကျောသားရင်သားမခွဲခြားပဲ အရေးယူရပါမယ်။
နောက်တစ်ခုက ဌာနခွဲ၊ ဌာနစု၊ ဌာနစိတ်တွေများတဲ့ ရုံးကြီးတွေက အရာရှိကြီးတွေဟာ မိမိဌာနခွဲရဲ့ အောက်ခြေမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာ အချိန်ရရင်ရသလို လှည့်ပတ်ကြည့်ရှုသင့်ပြီး တစ်ပတ်တစ်ခါ လောက် ဌာနခွဲ၊ ဌာနစု အစည်းအဝေးတွေခေါ်ပြီး လုပ်ငန်းဆောင်ရွက်မှု လုပ်ငန်းပြီးမှု၊ လုပ်ငန်းကြန့်ကြာမှုတွေကို ဆွေးနွေးတိုင်ပင် ညှိနှိုင်းသင့်ပါ တယ်။ (အခု ရုံးတွေမှာက အကြီးဆုံးလူကသာ တစ်လတစ်ကြိမ် ဝန်ထမ်း ဒါဘာလို့ခေါ်တဲ့ တွေ့ဆုံပွဲတွေကျင်းပပြီး ဝန်ထမ်းငယ်တွေက မပြောရဲဘဲ လူကြီးကပဲ ပြောတာများပါတယ်)။

ဝန်ထမ်းငယ်တွေအနေနဲ့ မပြောရဲရင် အရာရှိငယ်တွေကတစ်ဆင့် မိမိတို့ရဲ့အခက်အခဲတွေကို အဆင့်ဆင့်တင်ပြပြီး အစည်းအဝေးတွေမှာ အရာရှိကြီးတွေကို တင်ပြသင့်ပါတယ်။ ဒီလိုတင်ပြပေးမှလည်း အရာရှိငယ် တွေကို ဝန်ထမ်းတွေက လေးစားချစ်ခင်ကြည်ညိုလာကြမှာ ဖြစ်ပါတယ်။ အရာရှိငယ်တွေအနေနဲ့ မိမိရဲ့လုပ်ငန်းတွေ အောင်မြင်ဖို့ဆိုရင် စည်းကမ်း ဖောက်ဖျက်တဲ့ဝန်ထမ်းတွေကို ကျောသားရင်သားမခွဲခြားပဲ ဝန်ထမ်း စည်းကမ်းနဲ့အညီ အရေးယူဆောင်ရွက်ဖို့လိုသလို ဝန်ထမ်းတွေရဲ့အရေးကိစ္စ တွေမှာ ကူညီဆောင်ရွက်ပေးတာတို့၊ ရုံးပိတ်ရက်တွေမှာ အတူတကွ မုန့် လုပ်စားတာတို့၊ ဒေသတွင်းက တန်ခိုးကြီးဘုရား၊ ရေတံခွန်၊ ပန်းခြံ၊ ရှုခင်း သာလိုနေရာမျိုးတွေကို အတူတကွ သွားရောက်ကြတာတို့ဟာ တစ်ဦးအပေါ်တစ်ဦး နားလည်မှုပိုလာပြီး အချင်းချင်း အပြန်အလှန် လေးစားမှုရှိလာကာ လုပ်ငန်းတွေအောင်မြင်ကြမှာဖြစ်ပါတယ်။

နိဂုံး

နောက်ဆုံးပြောချင်တာကတော့ တို့တစ်တွေဟာ နိုင်ငံတော်က ပေးအပ်ထားတဲ့တာဝန်ကို အတူတကွ ထမ်းဆောင်ကြဖို့အတွက် ဒေသ တစ်ခုထဲမှာ လာရောက်ဆုံစည်းကြတယ်လို့ပဲ မှတ်ယူကြဖို့ဖြစ်ပါတယ်။ ငါက အရာရှိမို့လို့၊ သူက စာရေးမို့လို့၊ ငါက အသက်ကြီးလို့၊ သူက အသက် ငယ်လို့၊ သူက အတွေ့အကြုံမရှိလို့၊ ငါက အတွေ့အကြုံရှိလို့ဆိုတဲ့ စိတ်တွေ မထားဘဲ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ် စေ၊ ရာထူးငယ်သည်ဖြစ်စေ တစ်ဦးကိုတစ်ဦး အပြန်အလှန်လေးစားမှု (Mutual Respect) ရှိကြဖို့လိုအပ်ပါကြောင်း ကျီးနဲ့ဘုတ်ကို နမူနာပြရင်း၊ 'ကျီးကို ဘုတ်ရိုသေ၊ ဘုတ်ကို ကျီးရိုသေ'ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

သိန်းထက်အောင်