News

POST TYPE

OPINION

တာဝန်ကိုယ်စီရှိကြသည်
08-Dec-2020


'ရန်ကုန်တွင် အမှိုက်နှင့် စားနပ်ရိက္ခာ လဲလှယ်ခြင်းအစီအစဉ် စတင်' ဆိုသည့်သတင်းလေးဖတ်ရတော့ အတော်လေး ဝမ်းသာမိရသည်။ ရန်ကုန်မြို့ရှိ အခြေခံမိသားစုများထံ We Love Yangon အဖွဲ့က သွားရောက်ပြီး အမှိုက်အိတ်များကို စားနပ်ရိက္ခာဖြင့် လဲလှယ်ပေး မည်ဖြစ်သည်။ မိသားစုများအနေနှင့် မိမိပတ်ဝန်းကျင်ရှိ အမှိုက်များကို ကောက်ယူသိမ်းဆည်းပြီး လာရောက်လဲလှယ်ရန် ရည်ရွယ်သည့်အစီအစဉ် လေး ဖြစ်သည်။ ဖတ်ရင်း အလွန်တရာ ကြည်နူးမိရသည်။ ထိုအစီအစဉ်လေးကို အချို့က အဆိုးဘက်ကတွေးကြသလို အချို့ကလည်း အကောင်းဘက်က ရှုမြင်ပေးနေကြသည်။ မည်သို့ပင်ဆိုစေကာမှု ယခုအစီအစဉ်လေးဟာ လူဦးရေထူထပ်များပြား လွန်းသည့် ရန်ကုန်တစ်တိုင်းလုံးကို မဆောင်ရွက် နိုင်သေးဘူးဆိုလျှင်တောင် မြို့နယ်အချို့ကို စီမံဆောင်ရွက်နိုင်လျှင်တောင် အတော်လေး အကျိုးကျေးဇူးများနေပါသည်။ ထိုအခွင့်အရေးလေးကို အမိအရ အသုံးချပြီး အမှိုက်များရှုပ်ပွခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများကို ပညာ ပေးအစီအစဉ်နှင့် ရှင်းပြဆောင်ရွက်လာနိုင်လျှင် လက်ရှိအနေအထားထက် ပိုကောင်းသည့်အနေအထားကို ရရှိလာမည် ဖြစ်သည်။

အမှိုက်တွေကြောင့် သဘာဝပတ်ဝန်းကျင်ဟာ အလွန်ညစ်ညမ်း နေတာတွေ နေရာအနှံ့တွေ့နိုင်ပါသည်။ သဘာဝပတ်ဝန်းကျင်သန့်ရှင်းမှု တည်တံ့မှု ညစ်ညမ်းမှုတွေလျော့နည်းမှ လူသားတွေ အဓိကရင်ဆိုင် တွေ့ကြုံနေရသည့် လူသားများ၏ဘဝ အသက်ရှင်နေထိုင်မှုဖြစ်စဉ်များကို  သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကြောင့် ပျက်သုဉ်းစေတာကနေ ကာကွယ်နိုင်မှာပါ။  သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေက ကျွန်မတို့လူသားတွေ ကို ကျန်းမာရေးဆုတ်ယုတ်စေသလို နိုင်ငံ၏ပုံရိပ်ကိုလည်း ကျဆင်းစေ သည်မှာအမှန်ပါ။

အမှိုက်ဆိုသည်နှင့် လူတိုင်းမျက်စိထဲ အရင်ဦးဆုံးမြင်မိသည်က  အသုံးမကျတော့သည့်ပစ္စည်းများ၊ ရှုပ်ပွသော၊ နံစော်သော၊ စွန့်ပစ်ရမည့် ပစ္စည်းများသာ ဖြစ်မည်။ မှန်ပါသည် အမှိုက်သည် အိမ်၌ မတင့်တယ်သော၊ အမြင်မလှသောအရာသာ ဖြစ်သည်။ လူ့သားဘဝ၊ လူ့လောကတွင် မိမိ အတွက်၊ အများအတွက် အကျိုးမပြုသောသူများကို လူ့အမှိုက်ဟု အမည် တပ်ကြသည်မှာ အမှိုက်သည် အသုံးမကျသည်ကို ပိုပေါ်လွင်စေသည့်အတွက် ဖြစ်မည်။

အမှိုက်ဟုဆိုမှ ငယ်ငယ်က အိမ်၌ရှိသည့်အမှိုက်များကို ရပ်ကွက်၏ အပြင်ဘက်ရှိ လယ်ကွင်းများဆီ သွားပစ်ရသည်ကို သတိရမိသည်။ ကျွန်မ တို့အိမ်က ကုန်မျိုးစုံရောင်းသည့်အိမ်ဖြစ်သောကြောင့် တစ်ရက်တစ်ရက် ကို အမှိုက်တော်တော်များများ ထွက်လေသည်။ အားလပ်ချိန် အိမ်အတွင်း အပြင်ကို တံမြက်စည်းလှည်းလိုက်လျှင် အမှိုက်များသည် တောင်းတစ်တောင်း စာလောက် အမြဲရသည်။ ထိုအမှိုက်များကို ကျွန်မတို့မောင်နှမတစ်တွေက ရပ်ကွက်နှင့် အတန်ငယ်ဝေးသည့် လယ်ကွင်းတွေဆီသွားပစ်ရသည်။ကျောင်းတက်နေသည့်အချိန်ဖြစ်၍ ကျောင်းအားရက်ဖြစ်သည့် စနေ၊ တနင်္ဂနွေရောက်မှသာ ထိုသို့ပစ်ရခြင်းဖြစ်သည်။ ထိုအချိန်က အမှိုက်များ တွင် လက်ရှိအသုံးများနေသည့် ကြွပ်ကြွပ်အိတ်ခွံဟုခေါ်သည့် ပလတ်စတစ် အမှိုက်များ မပါဝင်သေးပေ။ အင်ဖက်များ၊ စက္ကူအိတ်ခွံများ၊ သစ်ရွက်ကြွေများ၊ သစ်သားကိုင်းအဆွေးအမြည့်များ၊ အဝတ်စုတ်များသာ ပါသည်။ ထိုအရာများသည် အချိန်ကာလတစ်ခုအတွင်းတွင် လျင်မြန်စွာ ဆွေးမြည့် လွယ်ပြီး မြေဆွေးဖြစ်သွားသောအရာများသာ ဖြစ်သည်။ ထိုမြေဆွေး သည် မြေဆီမြေနှစ်ပြည့်ဝသော မြေသြဇာကောင်းကို ဖြစ်စေသည်။ သဘာဝ အတိုင်း ဖြစ်တည်သည့်မြေသြဇာဖြစ်တော့ စိုက်ပျိုးသီးနှံတွေသည် လူတို့ အတွက် အာဟာရပြည့်ဝမှုကတော့ ပြောစရာမလိုတော့ပေ။ အခြားသော အထောက်အပံ့ ဓာတုဆေးတွေက အောင်မြင်နေသောအပင်လေးတွေ အနား သီခွင့်မရကြ။ စိုက်ခင်းထဲရှိသည့် အပင်လေးများသည်လည်း သဘာဝ ကျကျ ဖူးပွင့်ကြသီးကြရလေသည်။ စိမ်းစို လတ်ဆတ်နေသည့် အရွက်လေးများသည် အပူပင်ကင်းမဲ့သည့် ကလေးငယ်လေးများကဲ့သို့ ရှိရသည်။

ထိုသို့သော အကြောင်းတရားကြောင့် လယ်ပိုင်ရှင်များသည် ကျွန်မ တို့ အမှိုက်ပစ်သည်ကို လိုလိုလားလားလက်ခံလေသည်။ ပြောရမယ်ဆိုလျှင် ထိုအချိန်က အမှိုက်သည် လူတွေအတွက် အမှိုက်ဘဝနှင့် သွယ်ဝိုက် အကျိုး ပြုနေ၏။ လယ်ပိုင်ရှင်က လယ်အတွင်းချသည့်နွားချေးနှင့် ဆွေးမြည့်လွယ် အမှိုက်တို့ အချိန်ကာလတစ်ခုအတွင်း ကောင်းမွန်သည့်မြေသြဇာ ရရှိမှု သည် ယနေ့အချိန်အခါတွင်မှု အိပ်မက်သဖွယ် ဖြစ်နေရပါပြီ။

ခေတ်ကာလ အရွေ့တစ်ခုမှာတော့ နေရာအနှံ့ပျံ့နှံ့နေသည့်  ပလတ် စတစ်အိတ်တွေက လူတိုင်း၏လက်ထဲ၊ အိမ်ထဲတွင် နေရာအပြည့်ယူလာ သည်။ မဆွေးမြည့်လွယ်ရုံမက ဝန်းကျင်ကို ရှုပ်ပွစေသည်။ သဘာဝအရင်း အမြစ်တွေကို ထိခိုက်စေသည်။ ထို့ကြောင့် ရပ်ကွက်အနောက်ဘက်၌ ရှိသည့် သုသာန်ထဲသို့ အမှိုက်ပစ်ကာ ထိုအမှိုက်များကို မီးရှို့ဖျက်ဆီးရ သည်။ သို့သော် ထိုသို့မီးရှို့ခြင်းသည် ပတ်ဝန်းကျင်ကို မီးခိုးညှော်နံ့ရစေသည့် အပြင် သဘာဝ၀န်းကျင်ကို ထိခိုက်စေသည်။
ဆရာချစ်စံဝင်း၏ 'ပူနွေးဆူဝေ ကမ္ဘာမြေ' ဖတ်ပြီးသည့်နောက်မှာ သဘာဝ၀န်းကျင်ကို ဂရုပြုမိခဲ့ရသည်။ ဆရာမဂျူး၏ ပတ်ဝန်းကျင်ထိန်းသိမ်း ရေး ဆောင်းပါးများ၊ ဆရာအော်ပီကျယ်၏ ထိမိပြောင်မြောက်သည့် အစိမ်း ရောင်ကာတွန်းများကတော့ ရင်ထဲရောက်ရသည်။ တိုက်ဆိုင်စွာနှင့် ယူနီလေးဗားကုမ္ပဏီလုပ်ငန်းစုက ပေးသည့် ပြက္ခဒိန်လေးတွင်လည်း ဆရာအော်ပီကျယ်၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နှိုးဆော်ထားသည့် ကာတွန်းပြကွက်လေးတွေ ထပ်မံကြည့်ရှုရပြန်သည်။စိတ်ထဲအတော်လေး ကြိုက်နှစ်သက်မိရသည့်အတွက် ကိုယ့်အနီးအနား ကလူတွေကို တတ်နိုင်သလောက်လေးပြောပြခဲ့သည်။ အားနာ၍လား  လူမှုရေးအရကြောင့်လားတော့မသိ နားထောင်ပေးကြသည်။ လိုက်နာမှု တော့ ဝေးနေဆဲပင်ဖြစ်သည်။ ထိုနှင့် ဗျူဟာတစ်မျိုးပြောင်းကြည့်သည်။ ကိုယ့်ဆိုင်လာသူတွေကို ကြွပ်ကြွပ်အိတ်နှစ်အိတ် သုံးအိတ်ထည့်ပေးရ မည့်အစား တစ်အိတ်ထဲ ပေါင်းထည့်ပေးသည်။ ထိုအိတ်ကို သုံးလို့ရသမျှ  အသုံးပြုဖို့ အကြံပေးသည်။ ကိုယ်ကပြန်ပြီး အသုံးမပြုချင်လျှင် သေချာစု ထားပြီး အချို့သောဈေးသည်လေးများအားပေးဖို့ အကြံပေးမိသည်။တစ်ခါသုံးပြီး လွှင့်ပစ်ခြင်းထက် နှစ်ခါ သုံးခါအသုံးပြုပြီးမှ လွှင့်ပစ်ခြင်းက  အမှိုက်ရှုပ်ပွမှုကို လျော့နည်းမည်ဟူသော အတွေးကြောင့်ပင်ဖြစ်သည်။သို့သော် ဈေးဝယ်သူအားလုံးနီးပါးသည် ဈေးခြင်းယူဆောင်ခြင်းထက် ကြွပ်ကြွပ်အိတ်လေးငါးအိတ်စုကိုင်ကာ ဆွဲသွား ဆွဲလာသာ အသုံးတွင်ကျယ် နေကြဆဲဖြစ်သည်။ အမှိုက်ကို ခွဲခြမ်းပြောရလျှင် ဆွေးမြည့်လွယ် ဖက် အမှိုက်ထက် ကြွပ်ကြွပ်အိတ်အမှိုက်သည် တကယ့်အမှိုက်စစ်စစ်ဖြစ်သည်။

လိုက်နာမှုအားနည်းသည့် လူများကြောင့် ပလတ်စတစ်လျှော့ချ ရေးသည် သိပ်ပြီး မထိရောက်သည့်အတွက် နေရာအနှံ့မြင်နေရဆဲ။ ထို ပလတ်စတစ်အမှိုက်သည် သဘာဝ၀န်းကျင်ကို ဒုက္ခပေးနေဆဲ။ အမှိုက် ချင်းတူပေမည့် အကျိုးပြုအမှိုက်များဖြစ်ခဲ့သည့် တစ်ချိန်ကအမှိုက်များ ကို လွမ်းသလိုလို ခံစားရသည်။

သတင်းတစ်ပုဒ် ဖတ်ဖူးသည်။ အိန္ဒိယနိုင်ငံ ဂူဝါဟာတီမြို့မှာရှိသည့်  စာသင်ကျောင်းတစ်ကျောင်းမှာ ကျောင်းလခအနေနှင့် ပလတ်စတစ် အမှိုက်များကို လက်ခံတာကြောင့် နာမည်ကြီးလာသည့် ကျောင်းဖြစ်သည်။ ထိုကျောင်းက ပလတ်စတစ်အမှိုက်ပြဿနာကို ကလေးငယ်လေးများ နားလည်လာစေရန်အတွက် ထိုသို့လုပ်ခြင်းဖြစ်သည်။ အဲဒီကျာင်းကို ၂၀၁၆ ခုနှစ်က စပြီးဖွင့်ခဲ့တာပါ။
လူ့အသိုင်းအဝိုင်း အောက်ဆုံးလွှာမှာရှိသည့် ကလေးတွေ ပညာ သင်ခွင့်ရစေရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုသည်မှာ မည်မျှ အရေးကြီးကြောင်း ကလေးတွေကို သင်ပေးနိုင်ရန်အတွက် ထိုကျောင်း ကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါ ထိုကျောင်းက အတော်လေး အောင် မြင်နေပြီဖြစ်သည်။ ကလေးများက တစ်ပတ်ကို ပလတ်စတစ်အမှိုက် ၁၀ ခုကနေ အခု ၂၀ အထိ ကျောင်းကို ယူလာရသည်။ ပလတ်စတစ်အမှိုက်တွေ ကို မီးရှို့မပစ်ပါဘူးဟု ကလေးတွေက စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများကို ကတိပေးထားရသည်။

ဖတ်ရင်း စိတ်ထဲတွင် အတော်လေးသဘောကျမိရသည်။ တစ်ချက် ခုတ်ပြီး နှစ်ချက် သုံးချက်ပြတ်သည့် အစီအစဉ်လေးပါ။ ငွေကြေးမပြည့်စုံသည့် ကလေးတွေ အခမဲ့ပညာသင်ကြားခွင့်ရသလို အလေးထားသင့်သည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလတ်စတစ်အမှိုက်များ စွန့်ပစ်ခြင်းကိုလည်း စနစ်တကျလုပ်ဆောင်လာနိုင်မှာ ဖြစ်သည်။

ယခု We Love Yangon လုပ်ဆောင်သည့်အစီအစဉ်သည်  ထိုအစီအစဉ်နှင့် အသွင်တူသည်။ လူတစ်ယောက်သည် သူတစ်ပါးအား အလုံးစုံမှီခိုခြင်းထက် မိမိ၏လုပ်အားတန်ဖိုးနှင့်ညီမျှမှုကို ရရှိခံစားနိုင် မည်။ ထိုမှ တစ်ဆင့်တက်၍ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာမည်။ ထို့ကြောင့် ထိုကဲ့သို့သောအစီ အစဉ်ကောင်းလေးများ နေရာအနှံ့ပေါ်ပေါက်လာစေရန်အတွက် ကျွန်မတို့ တစ်တွေလည်း တတ်နိုင်သည့်ဘက်မှ တာဝန်ယူသင့်နေပါတော့သည်။       

ခိုင်ခိုင်