News

POST TYPE

OPINION

ပြည်သူချစ်သော အနုပညာရှင် မာမာအေး
08-Dec-2020


ကျွန်တော်အလုပ်လုပ်သော လျှပ်စစ်ကုန်တိုက်က အကီဟား ဘာရား ဘူတာအနီးတွင်ရှိသည်။ နိုင်ငံတကာသုံး ပစ္စည်းများ ရောင်းသည်။ ဂျူတီဖရီး (အခွန်မဲ့) လည်းရောင်းသည်။ တိုကျိုတွင် လျှပ်စစ်မြို့တော်ဟု ကမ္ဘာကျော်သည်။ တိုကျိုရောက်သူတိုင်း အကီဟားဘာရား သို့လာကြသည်။ ကျွန်တော့်အလုပ်မှာ မြန်မာဝန်ထမ်း ၆ ဦးခန့်ရှိသည်။ အများစုက ကျောင်းတက်ရင်း အချိန်ပိုင်းဝင်လုပ်ကြသည်။ ဂျပန်ရောက် မြန်မာများအကြား မြန်မာကုန်တိုက်ဟု နာမည်ကြီးသည်။

တစ်ရက် ကျွန်တော် မြေညီထပ်မှာရှိနေစဉ် မေသင်္ကြန်ဦးဆောင် သော မြန်မာအုပ်စုတစ်စုဝင်လာသည်။ ထိုအုပ်စုထဲတွင် အစ်မကြီး ဒေါ်မာမာအေးကို လှမ်းတွေ့သည်။ ကျွန်တော် အပြေးသွားပြီး ခရီးဦးကြို ပြုသည်။ မေသင်္ကြန်က အစ်မကြီးနှင့်ကျွန်တော့်ကို မိတ်ဆက်ပေးသည်။ 
အစ်မကြီးက ဗီဒီယိုကင်မရာလေးတစ်လုံး လိုချင်သည်။ ရှိသမျှ ဆိုနီ၊ နေရှင်နယ်၊ ဟီတာချီကင်မရာများ ထုတ်ပြသည်။ အစ်မကြီးက ဆိုနီ ကင်မရာလေးတစ်လုံးကိုကြိုက်သည်။ ဈေးကမသေး ယန်းဆယ်သောင်း ကျော်။ ကျွန်တော်လည်း စာရင်းစာအုပ်ကို အကြိမ်ကြိမ်လှန်ပြီး အလျှော့ နိုင်ဆုံးဈေးကိုထုတ်ပြသည်။ ထိုအချိန်က ဒေါ်လာဈေးကကောင်းသည်။တစ်ဒေါ်လာကို ယန်းတစ်ရာ့နှစ်ဆယ်လောက်ရှိသည်။ အစ်မကြီးနှင့်အတူ ပါလာသောအမေရိကမှ အစ်မကြီးက "အိုတန်တယ်။ US မှာ ဒီဈေးမရ ဘူး"ဟု ဝင်၍မှတ်ချက်ပေးသည်။ အစ်မကြီးကဝယ်လိုက်သည်။ ဒေါ်မာမာအေးရောက်နေတယ်ဆိုတဲ့သတင်းကြားပြီး အပေါ်ထပ်၊ အောက်ထပ်မှ ဝန်ထမ်းလေးများက ခေါင်းတပြူပြူဖြင့် လာချောင်းကြသည်။ ကျွန်တော်  ကအားလုံးကိုခေါ်ပြီး အစ်မကြီးနှင့်မိတ်ဆက်ပေးသည်။ ကောင်တာမှ  ကင်မရာတစ်လုံးထုတ်ပြီး သူတို့တွေကို အစ်မကြီးနှင့်တွဲ၍ ဓာတ်ပုံရိုက် ပေးသည်။ သူတို့လေးတွေမှာပျော်လို့၊ အစ်မကြီးကလည်း အိုက်တင်မခံ အားလုံးကိုတရင်းတနှီး။ ကျွန်တော့်မှာ ပထမဆုံး အရှင်လတ်လတ် အစ်မ ကြီးကိုတွေ့ဖူးခြင်းဖြစ်သည်။ တွေ့တွေ့ချင်း ခင်မင်သွားမိသည်။

ဂီတမိခင်မာမာအေး တေးပွဲတော်နှင့် ကာရာအိုကေပြိုင်ပွဲကြီး ကို၂၀ဝ၃ စက်တင်ဘာ၂၃ ရက် စနေနေ့က အုအဲနိုပန်းခြံ ဂီတစင်မြင့်တွင် ကျင်းပသည်။ ဝင်ကြေး ယန်းနှစ်ထောင်။ ကျွန်တော် သွားရောက်အားပေး ခဲ့သည်။ အလွန်စည်ကားအောင်မြင်သည်။ ကာရာအိုကေပြိုင်ပွဲမှာ ယခု သည် ဒုတိယအကြိမ်။ ပထမအကြိမ်မှာ ၁၉၉၈ ခုနှစ်က အမေလူထုဒေါ်အမာ  ဂုဏ်ပြုပွဲအတွက် ရန်ပုံငွေရှာကြစဉ်ကဖြစ်သည်။ ရန်ပုံငွေရှာဖွေရေးတာဝန်ခံ ဒေါက်တာစိုးမြင့်ပြောတာလေးကို မှတ်မိနေသည်။ "ဂျပန်မှာက ဖိုးဆိုချင် ကများတယ်။ ပြိုင်ပွဲဝင်ချင်သူတွေကို လက်မှတ်ဆယ်စောင်စီ တာဝန်ပေး လိုက်တယ်။ သူ့လူ၊ သူ့ပရိသတ်၊ သူ့ဟာသူစည်းရုံးဆိုတော့ အစစအဆင်ပြေ တယ်"တဲ့။ ခုပွဲလည်း ကျွန်တော့်ဘော်ဒါကြီးတွေ ဗိုလ်မြတို့၊ ဗိုလ်ဉာဏ်တို့ ဝင်ဟဲနေကြတာတွေ့ရသည်။ အစ်မကြီးက အကဲဖြတ်ဒိုင်လည်းလုပ်ပေး သည်။ တဝကြီးလည်း ဖျော်ဖြေပေးသွားသည်။ ဂျပန်ရောက် မြန်မာလူငယ် တို့အကြား ဂန္ထဝင်တေးများ တစ်ဖန်ပြန်လို့ခေတ်စားလာသည်။ ဝမ်းသာ စရာပါ။

၂၀ဝ၇ ဇန်နဝါရီ ၂၈ ရက်နေ့က တိုကျိုမြို့၊  နာကာနိုဆန်းပလာဇာ ခန်းမမှာ မင်းသားလေး ထွန်းထွန်းနှင့် မင်းသမီးလေး ချိုချိုမြင့်တို့၏ မင်္ဂလာပွဲ ကျင်းပသည်။ သူတို့၏မင်္ဂလာပွဲအတွက် အစ်မကြီးကို တကူးတကလှမ်း ဖိတ်ပြီး အကူအညီတောင်းကြသည်။ ချစ်စရာ။ အစ်မကြီးကလည်း လက်ခံ သည်။

ဒီလိုနဲ့ အစ်မကြီး ဒုတိယအကြိမ် တိုကျိုသို့ရောက်ဖြစ်သည်။ တိုကျို မှာက အနုပညာအင်အားစုကတောင့်သည်။ မင်္ဂလာဒိုး၊ ကိုမြတ်သူတို့ရဲ့ (Bllack Rose) ဂီတာဝိုင်း၊ ဟာသရုပ်ရှင်သရုပ်ဆောင် ဦးသန်းနွဲ့၏ သား စန္ဒရား ကိုထွန်းအေးနွဲ့တို့ကရှိသည်။ ဝိုင်းကြဝန်းကြသည်။ နယ်စပ် ဒေသရန်ပုံငွေပွဲ နွှဲလိုက်ကြသေးသည်။ ဝင်ကြေး ယန်း ၁၅၀ဝ။ အစ်မကြီးက သက်တန့်ပေါ်မှာကစားမယ်၊ ငွေဇင်ယော် စသည့်ခေတ်ပေါ်တေးများ ရော၊ ဂန္ထဝင်တေးများရော မရပ်မနားဖျော်ဖြေပေးသွားသည်။

တိုကျိုသားတို့ အစ်မကြီးကို တသသလွမ်း၍ ကျန်ရစ်ခဲ့ကြသည်။

၁၉၄၂ ဇူလိုင်၂၆ ရက်တွင် ဖခင်နှဲဆရာ ဦးအေး မိခင်ဒေါ်သန်းနှစ် (အဆိုတော် မြောင်းမြသန်း)တို့မှ မြောင်းမြမြို့တွင် မွေးသည်။ ငယ်မည် မအေးမြင့်ဖြစ်သည်။ ၃နှစ်တွင် ခေတ်သစ်ရာဇဝင်ပြဇတ်အဖွဲ့တွင်ပါဝင် ခဲ့သည်။ ၈ နှစ်သမီးတွင် စတင်အသံလွှင့်ခဲ့သည်။ သီချင်းကြီးတူရိယာအဖွဲ့၊ စစ်ရဲဂီတ၊ ကေသီပန်အဖွဲ့တို့တွင် သီဆိုခဲ့သည်။ ၁၉၅၅ တွင် သက်တန့် ပေါ်မှာကစားမယ်သီချင်းနှင့် နိုင်ငံကျော်ခဲ့သည်။ ၁၉၆၁ တွင် မြန်မာ့အသံ ၌ အစီအစဉ်လက်ထောက်ထုတ်လုပ်ရေးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ခေတ်ပေါ်တေးဂီတကောင်စီဝင်၊ ဂီတပဒေသာမဂ္ဂဇင်းကော်မတီဝင် ဖြစ်ခဲ့သည်။ မြချူသံ၊ မန်ဒါလီ၊ သူ့ကိုမှချစ်သည်ဇာတ်ကားများတွင် ရုပ်ရှင် သရုပ်ဆောင်လုပ်ခဲ့သည်။ ၁၉၇၆ တွင် အေးအဆိုသင်တန်းကျောင်း၊ ၁၉၇၁ တွင် တေးသံရှင်ဓာတ်ပြားထုတ်လုပ်ရေး၊ စတူရီယိုအသံသွင်းခန်း များလုပ်ခဲ့သည်။ ၁၉၈၉ တွင် အမျိုးသားဂီတပညာရှင်များအဖွဲ့ချုပ် အတွင်းရေးမှူး (၁)၊ ၁၉၉၅ တွင် မဟာဂီတသီချင်းကြီးများ စိစစ်ရေးနှင့် ဂီတသင်္ကေတ မှတ်တမ်းပြုစုရေးကော်မတီဝင်၊ စည်းဝါးသံကျစိစစ်ရေးအဖွဲ့အတွင်းရေး မှူးတာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၅-၉၇ တွင် ဆို-က-ရေး-တီးပြိုင်ပွဲ (အဆို-မဟာဂီတ)အတွင်းရေးမှူးလုပ်ခဲ့သည်။ ၁၉၉၈ တွင် အင်္ဂလန်နိုင်ငံ မှ ဆရာတော်ဦးရေဝတ၏ ဘုရားကြီးထီးတင်ပွဲသို့သွားရင်း အမေရိကသို့ ဝင်လည်ခဲ့သည်။ နယူးယောက်တွင် နိုင်ငံရေးအတိုက်အခံ အဖွဲ့၏ ဂီတဖျော်ဖြေပွဲ၌ ဝင်ရောက်ဖျော်ဖြေပေးခဲ့၍ မြန်မာပြည် ပြည်ဝင်ခွင့်ဗီဇာ အပိတ်ခံရသည်။ အမေရိက အင်ဒီယားနားပြည်နယ် ဖော့ဝိန်း မြို့တွင်နေထိုင်သည်။ ဂီတမှတ်တမ်းများပြုစုသည်။ ဘီဘီစီမြန်မာပိုင်းမှ   'ပြောစရာတွေလည်း တပုံကြီးရှိသေးတယ်'မှတ်တမ်း ရေးသားအသံလွှင့် သည်။ စာအုပ်လည်းထုတ်ခဲ့သည်။ ဂီတချစ်သူများ၏ဖိတ်ကြားမှုအရ အင်္ဂလန်၊ သြစတြေးလျ၊ ဂျပန်၊ စင်ကာပူ၊ အမေရိကရှိပြည်နယ်များသို့ သွားရောက်ဖျော်ဖြေပေးခဲ့သည်။

ကျွန်တော်တို့ငယ်စဉ်က မိုးရွာအပြီး ကောင်းကင်၌သက်တန့်ရောင် စဉ်များပေါ်လျှင် 'သက်တန့်ပေါ်မှာကစားမယ်၊ သက်တန့်ပေါ်မှာကစား မယ်' ဟု အော်ခဲ့ကြသည်။ ကျွန်တော်တို့အရပ်ထဲတွင် မညိုက လက်ဖက် သုပ်၊ ချင်းသုပ်ရောင်းသည်။ မညိုက လုံးကြီးပေါက်လှ၊ အပြောကချိုသည်။အစ်ကိုကာလသားတို့စည်သည်။ ဆိုင်ကယ်နှင့်၊ ကားနှင့်လာစားကြသည်။မညိုကို ရိသဲ့သဲ့ပြောကြသည်။ မညိုကပြုံးပြုံး။ အနှိပ်သည်ဒေါ်ကြီးစိန်က 'စိန်နားကပ်ကြီးပန်ရမလို၊ စိန်နားကပ်ကြီးပန်ရမလို'ဟု စောင်းချိတ်သံ ကြားရသည်။ ထိုသို့ အစ်မကြီး၏သီချင်းလေးများက ပေါက်သည်။

'ကောင်းမြတ်သောစိတ်ဓာတ်နှင့် မေတ္တာပွားစေ။ အနန္တသတ္တဝါ  ဝေနေယျာတွေ၊ ကိုယ်ရောစိတ်ပါ အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းချမ်းသာ စေ၊ အရပ်ရှစ်မျက်နှာ မင်္ဂလာမျက်မှောက်အမြဲရောက်ပါစေ၊ ချမ်းမြေ့ ချမ်းမြေ့ပါစေ၊ ချမ်းမြေ့ပါစေ၊ ဖေဖေလည်းချမ်းမြေ့ပါစေ၊ မေမေလည်း ချမ်းမြေ့ပါစေ၊ သားသမီးလည်းချမ်းမြေ့ပါစေ' အစ်မကြီး၏ရင်ခေါင်းထဲမှ ဆွဲငင်သီဆိုလိုက်သော 'ချမ်းမြေ့ပါစေ'သီချင်းလေးကိုကြားရလျှင် အရမ်း ခံစားရသည်။ တခြားပြန်ဆိုသူများက အစ်မကြီး၏အသံကို မမီဟု ခံစားရ သည်။

အစ်မကြီးသည် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဈာပနသို့ ရောက် သည်။ မှတ်တမ်းတွင် 'ဘငြိမ်းချမ်းကို ရွှေချိုးဖြူကူသံစဲမှသော်လည်းကောင်း၊ ရွှေစပါးနှံတွေ တုံးမှသော်လည်းကောင်း မေ့၍ရနိုင်တော့မည် ဖြစ်ပါသည်။ ဘငြိမ်းချမ်း၍ ရောက်ရာဘဝတွင် ရွှေချိုးကူသံ တညံညံကြားနိုင်ပါစေ'ဟု ရေးခဲ့သည်။

ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ပြည်သူတို့နှင့်အတူ ဒီမိုကရေစီ တေးများသီဆိုခဲ့သည်။ ရွှေဝါရောင်တော်လှန်ရေးတွင် 'အသည်းနာ ကမ္ဘာ မကျေ'တေးသီချင်း သီဆိုပေးခဲ့သည်။ အစ်မကြီးသည် ပြည်သူ့အကြားမှာ ပြည်သူအများနှင့် အစဉ်ရှိခဲ့သည်။ အစ်မကြီးကလည်း ပြည်သူတွေကိုချစ် သည်။ ပြည်သူတွေကလည်း အစ်မကြီးကိုချစ်သည်။

၂၀၁၁ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက် နိုင်ငံရေးလှုပ်ရှား သူများ ပြည်ဝင်ခွင့်ပေးခဲ့သည်။ ၂၀၁၂ တွင် အစ်မကြီး မြန်မာပြည်ပြန်ခဲ့ သည်။ အစ်မကြီးကိုချစ်သူများက ဂီတဖျော်ဖြေပွဲများကျင်းပကြသည်။ ၂၀၁၇ အစ်မကြီး၏မွေးနှစ် စိန်ရတုတွင်လည်း ရန်ကုန်၊ မန္တလေး စိန်ရတုပွဲ များကျင်းပကြသည်။ အစ်မကြီးက တဝကြီးဖျော်ဖြေပေးသည်။ ၂၀၁၆ တွင် သမ္မတကြီးဦးသိန်းစိန် အနားယူခါနီး နိုင်ငံတော်မှ အလင်္ကာကျော်စွာ ဘွဲ့များကို ပန်းချီဦးစိုးမိုး၊ ဟင်္သာတဦးမြင့်ငွေ၊ စင်ရော်မောင်မောင်တို့ကို ချီးမြှင့်ခဲ့သည်။ ပြည်သူများအကြား ရှေးယခင်က အနုပညာဆုများပြန် လည်နိုးကြားလာခဲ့သည်။ ဆရာဆူးငှက်၏ အမေလူထုဒေါ်အမာ ရာပြည့်ပွဲ တွင် လူရွှင်တော်ဦးထင်ပေါ်က "သြော် အနုပညာဂုဏ်ထူးဆုတွေအတော် များများရကုန်ကြပြီ။ မာမာအေးတစ်ယောက်တော့ ဘာလို့များ ဘာဆုမှ မရသေးပါလိမ့်"ဟု ဆိုခဲ့သည်။ ဟုတ်သည်။ ဘာလို့များပါလိမ့်။
ပြည်သူချစ်သော မာမာအေးအတွက် ဂျပန်မှ ဖူကူအိုကာဆု (အနုပညာနှင့် ယဉ်ကျေးမှု)ရရှိရန် ကြိုးစားနေကြပါသည်။ ဒီလ စက်တင်ဘာအတွင်း ဆုပေးရေးကော်မတီသို့ အဆိုပြုလွှာများ ဝိုင်းဝန်း တင်ပေးခဲ့ကြပါသည်။၂၀၂၁ အတွက်ပါ။

ပညာရှင်ဆုကို ၂၀ဝ၀ တွင် ဒေါက်တာသန်းထွန်း၊ ၂၀ဝ၅ တွင် ဆရာဦးသော်ကောင်း၊၂၀၁၅ တွင် ဒေါက်တာသန်းမြင့်ဦးတို့ ရခဲ့ပါသည်။ အနုပညာနှင့်ယဉ်ကျေးမှုဆုကို မြန်မာပြည်မှမရဘူးသေးပါ။၂၀၂၁ တွင် ဒေါ်မာမာအေးရပါစေ။

ကိုသိန်း (တိုကျို)