News

POST TYPE

OPINION

လေနဲ့လှေ
08-Dec-2020


လေသည်မည်သည့်အရပ်က လာပါသနည်း။ ထိုမေးခွန်းကို ဖြေဆိုရန်ခက်ခဲပါသည်။ ထို့အတူ လူ့ဘဝကိုလည်း မည်သည့်ဘဝက လာခဲ့ကြောင်း သိရှိနိုင်မည်မဟုတ်ပါ။ လေကို ဖမ်းဆုပ်ရန် မလွယ်ကူသလို ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာများကို ထိန်းသိမ်းထားရေး အလွန်ပင်ခက်ပါသည်။ ပန္နက်ရိုက်ထားသောအရာဟူ၍ မရှိ။ တရားသေ ထင်မှတ်ဆွဲ၍ မရစကောင်းပေ။ လေကိုမမြင်ရသော်လည်း လေရှိမှ အသက်ရှင်သန်နိုင်သည်။ အသက်ရှင်သန်နိုင်ရန်အတွက် မရှိမဖြစ် လိုအပ် သည်။ အလားတူပင် ရာထူး၊ အာဏာ၊ စည်းစိမ်ဥစ္စာများသည်လည်း လေနှင့်အတူတူပင် ဖြစ်သည်။ ထိုအရာများ မရှိပါဘဲ ရပ်တည်ရှင်သန်မှု  သည် အချည်းနှီးဖြစ်သွားသည်။ အောင်မြင်မှု၊ ရည်မှန်းချက်ပန်းတိုင်၊ ကိုယ်ယုံကြည်ရာ ကိုးစားယုံကြည်မှုများသည် မည်သည့်နေရာမှာ ရှိနေမှန်းသိသော လေနှင့် အလားသဏ္ဌာန်တူနေသည်မှာ အမှန်ပင်ဖြစ်လေသည်။ လက်ဆုပ်လက်ကိုင်ပြရန် ကြိုးစားနေကြသည်။ သဲကြီးမဲကြီး ဖမ်းဆုပ်နေကြရလေသည်။ ထိုအရာသည်ပင် လူ့ဘဝ၏ အနှစ်သာရလည်း ဖြစ်နေပြန်သည်။

လှေသည် တည်ဆောက်ဖွဲ့စည်းပြီးကတည်းက သူ့တွင် ဦးတည်ရာ ရှိမနေခဲ့ချေ။ ရေတွင် ပဲ့ကိုင်မည့်သူမရှိဘဲ ချထားပါက ရည်ရွယ်ချက်မရှိ မျောချင်ရာမျောသွားပေလိမ့်မည်။ မည်သည့်အရပ်သို့ သွားလိုပါသည်ဟု ဂဃနဏ မရှိ။ မည်သည့်အရပ်ဌာနေတွင် ရပ်နားပါမည်ဟု ပန်းတိုင်မရှိ။ ဖွဲ့စည်းတည်ဆောက်ထားသည်ကမူ တစ်နေရာရာသို့ ရွေ့လျားရန်ဖြစ်သည်။ ခရီးတစ်ခုအတွက် ရည်ရွယ်ဆောက်လုပ်ထားခြင်း ဖြစ်သည်။ ရွက်လွှင့် ထွက်ခွာလိုသော သဘောတရား အပြည့်ပါသည်။ သို့သော် ပဲ့ကိုင်ထိန်းသိမ်း မည့်သူသည် အဓိကကျနေသည် မဟုတ်ပါလော။ သည်အတိုင်းသာ လှေ တစ်စင်းကို မချည်ထားပါက မျောချင်ရာမျောသောအရပ်သည် အစုန် (နိမ့်ပါးရာ) အရပ်သို့သာ ဖြစ်လေသည်။ 

သံထည်၊ သတ္တုပစ္စည်းများကို စက်ယန္တရားဖြင့် မောင်းနှင်နိုင်သလို လူသား၏ခန္ဓာကိုယ်ကို စိတ်စွမ်းအင်နှင့် မောင်းနှင်ကြရသည်ဖြစ်ရာ စိတ် ခွန်အားရှိနေရန်မှာ အလွန်အရေးကြီးလေသည်။ နာမည်ကျော် စိတ်နယ်လွန် ဖြစ်ရပ်များမှာ သာဓကဖြစ်သည်။ စိတ်မပါလက်မပါဖြစ်ခြင်းသည် အခိုက် အတန့်အားဖြင့် ကြုံတွေ့နိုင်သည်။ သို့သော် ထို စိတ်လက်မပါဖြစ်နေသော အချိန်တွင်ပင် အလုပ်ကိုကောင်းစွာလုပ်ရမည်ဟု အဲလ်ဘတ်အိုင်းစတိုင်းက ဆိုသည်။ ပြီးမြောက်မှုကောင်းကောင်းနှင့် လုပ်ဆောင်တတ်ရန် စိတ် ကိုခိုင်းစေလေ့ကျင့်သင့်သည်မှာ အမှန်ဖြစ်လေသည်။ လေတဟူးဟူးစုန်သည့် ဘက်ကို တိုက်နေစဉ်တွင် လှေတစ်စင်းသည် စုန်ဆင်းရာကား အလွန်မြန် သည်။ ဆန်တက်ရာတွင် ခက်ခဲသော်လည်း စုန်ဆင်းရာတွင် လွယ်ကူလှ သည်။ ထို့အပြင် ဘဝလောကဓံတွင် အဆင်းကို ဘီးတပ်မည့်သူများက အဆင်သင့်ရှိနေလေသည်။

လောကကြီးသည် အပြန်အလှန် အားပြုမှုများဖြင့် တည်ဆောက်ထားသည်။ နိုင်ငံတစ်နိုင်ငံချင်း၊ ဆွေမျိုးညီအစ်ကိုသားချင်း စသည်ဖြင့် အရာရာသည် ထောက်ကန်အားဖြည့်မှ ရသည်။ လှေသည် လေကိုလိုသလို စေခိုင်းနိုင်မှသာ လိုရာရောက်မည် ဖြစ်လေသည်။ ထို့ကြောင့်ပင် ရွက်လွှင့် ထွက်ခွာနိုင်ကြခြင်း ဖြစ်သည်။ ရွက်မပါက လိုရာပန်းတိုင်ရောက်နိုင်မည် မဟုတ်ချေ။ စိတ်သည် ပဲ့ကိုင်ရှင်ဖြစ်သလို ရွက်သည် စွမ်းရည်ပင်ဖြစ်လေသည်။ စွမ်းရည်မြင့်မားလာစေရန် လိုအပ်ချက်သုံးခုသာ ရှိသည်ဆိုကြ၏။

'အသိပညာ
လုပ်ဆောင်နိုင်မှု
ဆန္ဒ'

ဤသုံးခုကို ပိုင်ဆိုင်ထားလျှင် လိုရာပြီးမြောက်စေနိုင်သည်။ အသိ ပညာကို စာအုပ်စာပေကောင်းများ(အတတ်သင်ကျောင်းစာ)ကို လေ့လာ သင်ယူခြင်းဖြင့် ရယူနိုင်သည်။ လုပ်ဆောင်နိုင်မှုမှာမူ အရည်အသွေးနှင့် သက်ဆိုင်သွားပေပြီ။ ပင်ကိုပါရမီ ပါသော်လည်း မကြိုးစားအားမထုတ်ဘဲ မည်သည့်ပန်းတိုင်မှ မရောက်နိုင်ပါ။ လှေကို ကုန်းပေါ်မှောက်ထားခြင်းနှင့် တူသည်။ အားထုတ်မှုမရှိဘဲ မျှော်လင့်ခြင်းသည် ပိုက်ဆံကောက်ရမလား လမ်းမပေါ်လျှောက်နေသူနှင့် တူသည်။ စာတွေ့ထက် လက်တွေ့က သာဓက ကျကြောင်း ရှင်းရှင်းသိနိုင်သည်။ တစ်ခါက အင်ဂျင်နီယာကျောင်းဆင်း လူငယ်တစ်ယောက်က သံချည်သံကွေးသမားကို အဝိုင်းတစ်ခုလုပ်ခိုင်း သည်။ ပေအတိုင်းအတာတွက်၍ ပစ္စည်းမှာသည်။ ထိုအခါတွင် နှစ်ယောက် သားတွက်ချက်ထားမှုက ကွာနေသည်။ အင်ဂျင်နီယာကျောင်းဆင်းလူငယ်က လက်မခံပါ။ သူ တွက်ချက်ထားသည့်အတိုင်း မှာလိုက်လေသည်။ သို့သော် သံချည်သံကွေးသမား လက်တွေ့လုပ်ဆောင်သောအခါ ကွာဟနေသည်။ မဖြစ်စလောက် အနည်းငယ်လိုနေလေသည်။ လူ့ဘဝသည်လည်း ဤသို့ပင် ဖြစ်ပြန်သည်။ လိုတိုးပိုလျှော့ အိုစာမင်းစာ ချန်ထားရသည် မဟုတ်လော။ ဆန္ဒအားပြင်းထန်ရာတွင်မူ တစ်ယောက်နှင့်တစ်ယောက် မတူညီကြပေ။ မဖြစ်ဖြစ်အောင်လုပ်မည်ဟု ခံယူထားသူက မဖြစ်ဖြစ်စေရန် ကြိုးစားအားထုတ်သည်သာတည်း။

လေနှင့်လှေသည် ဆက်စပ်နေသလို အောင်မြင်မှုဆီသွားသောသူများ၌ လေကဲ့သို့ မမြင်ရသောအရာကိုဖမ်းဆုပ်ရန် ဇွဲ၊ လုံ့လ၊ ဝီရိယ အားကြီး ရန်လိုအပ်သည်။ လှေကိုပဲ့ကိုင်ရွက်လွှင့်နိုင်ရန် အခက်အခဲ အတားအဆီးများကို ကျော်ဖြတ်ရဲရမည့် စိတ်စွမ်းအင်သတ္တိထူးများ ရှိနေရမည်။

နေခြည်(ကြီးနီ)