News

POST TYPE

OPINION

Covid-19 ကပ်ဘေးတရားဥပဒေနှင့် ဆင်ခြင်တုံတရား
08-Dec-2020


Covid-19 ပိုးကူးစက်တွေ့ရှိမှု၊ သေဆုံးမှုအနေအထား ဟာ မြန်မာနိုင်ငံမှာ အရှေ့တောင်အာရှမှာ အဆင့် ၃ နေရာမှာရှိနေခဲ့ပြီး အာရှ မှာဆိုရင် ၂၃ နိုင်ငံမြောက်စာရင်းမှာ ရောက်နေပါတယ်။ ဒီဇင်ဘာ ၅ ရက် ည ၈နာရီအချိန် MOHS က ထုတ်ပြန်တဲ့စာရင်းတွေအရ ရန်ကုန်မှာ ၆၉,၉၆၂ ဦးနဲ့ အများဆုံးဖြစ်ပြီး၊ မန္တလေးကတော့ ၇၀၂၉ ဦးနဲ့ ဒုတိယ၊ ပဲခူးက ၅၇၁၀ ဦးနဲ့ တတိယ အများဆုံး ကူးစက်ဖြစ်ပွားလျက်ရှိပါတယ်။ ဒါ့အပြင် ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေဖြစ်တဲ့ ရခိုင်မှာ ၃၈၂၇ ဦး၊ ဧရာဝတီမှာ ၃၂၅၇ ဦး၊ မကွေးမှာ ၁၆၇၆ ဦး၊ မွန်မှာ ၁၅၉၁ ဦး၊ စစ်ကိုင်းမှာ ၉၈၂ ဦး၊ ကရင်မှာ ၇၁၄ ဦး၊ နေပြည်တော်မှာ ၄၃၄ ဦး၊ တနင်္သာရီမှာ၄၂၃ ဦး၊ ရှမ်းမှာ ၄၉၈ ဦး၊ ကချင် မှာ ၂၆၇ ဦး၊ ချင်းမှာ ၁၂၈ ဦးနဲ့ ကယားမှာ ၂၂ ဦးတို့ အသီးသီးကူးစက် ပျံ့နှံ့နေတာ အားလုံးအသိပါ။ လွန်ခဲ့တဲ့ မတ်လကစခဲ့ပြီး အခု ၉ လ ကျော်ကာလမှာ ဒီဇင်ဘာလ ၅ ရက်နေ့ ည ၈ နာရီအထိ ကူးစက်ခံရသူ ၉၈,ဝ၄၇ ဦး၊ သေဆုံးသူ ၂၀၈၁ ဦး၊ ဆေးရုံမှ ဆင်းခွင့်ရသူ ၇၆,၃၈၂ ဦးနဲ့ လက်ရှိကုသဆဲလူနာ ၁၉,၅၈၄ ဦးအထိရှိခဲ့သလို လူ ၁၀ဝ ဦးမှာ ၆၅ ဦးက လက္ခဏာမပြသကြဘူးလို့လည်း ဆိုထားပါတယ်။ 

ဒီကပ်ရောဂါနဲ့ ပတ်သက် လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒီဇင်ဘာ ၄ ရက်ညမှာ MRTV ကနေ ပြောခဲ့တဲ့နေရာမှာ ရောဂါမပြင်းထန်သူတစ်ဦးကို ကုသစရိတ် ၁၅ သိန်းမှ ၂၀ အထိကုန်ပြီး ထိုပမာဏဟာ လူ ၃၀ဝ ကို ကာကွယ်ဆေးထိုးပေးဖို့လုံ  လောက်တဲ့ပမာဏဖြစ်ကြောင်း၊ ရောဂါပြင်းထန်သူဆိုရင်တော့ ၂၅သိန်း မှ သိန်း ၅၀အထိကုန်ပြီး ထိုပမာဏဟာ လူ ၁၀ဝ၀ ကို ကာကွယ်ဆေးထိုး  ပေးနိုင်တဲ့ပမာဏဖြစ်ကြောင်း၊ Quarantine ဝင်တဲ့လူတစ်ဦးကို ၆ သိန်း ခန့်ကျသင့်ပြီး ဒီငွေတွေဟာ ကိုဗစ်အလွန် နိုင်ငံ့စီးပွားပြန်လည်တည် ဆောက်ရေးအတွက်ထားတဲ့ ပြည်သူ့ဘဏ္ဍာတွေကနေ ကျခံသုံးစွဲရတာ ဖြစ်ကြောင်း၊ ကိုဗစ်စည်းကမ်းတွေကို လိုက်နာမှုအားနည်းကြတဲ့အတွက်  အခုဆို တိုင်း၊ ပြည်နယ်တွေအထိ ရောဂါပြန့်လာနေတာမို့ ကိုဗစ်နဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သေသေချာချာ လိုက်နာကြဖို့လိုကြောင်း၊ နှစ်ကုန်နီးပြီမို့ နှစ်ဆန်းကို သစ်ဆန်းတဲ့စိတ်ကူးတွေနဲ့ ရင်ဆိုင်နိုင်ဖို့ အားလုံး အားထုတ်ကြပါစေကြောင်း လူကြီးပီပီ ပညာပေးစကားပြောကြားခဲ့တာ အများလည်း ကြားသိကြပြီးဖြစ်မှာပါ။

အခုလက်ရှိအနေအထားအရ လူနေထူထပ်တဲ့ ရန်ကုန်ကအများ ဆုံးဖြစ်နေပေမယ့်လည်း ဒီဇင်ဘာလ ၅ ရက်နေ့ ညနေပိုင်းအထိတော့ ရန်ကုန်မြို့က မဟာဗန္ဓုလပန်းခြံတစ်ဝိုက်နဲ့ တချို့သောနေရာတွေမှာ လူတွေ အုပ်စုလိုက် သွားလာမြဲ၊ အနားယူအပန်းဖြေမြဲ၊ စားစရာသောက် စရာတွေကို စားသောက်ဆိုင်တွေက ရောင်းချနေမြဲ၊ လူတချို့ကလည်း Mask တောင်မတပ်ထားတာကို တွေ့ရမြဲဖြစ်နေဆဲပါ။ ဒီပုံတွေကလည်း လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာတာမို့ ဒီအပေါ်အများကတော့ အခုလို စည်းကမ်း မလိုက်နာသူတွေကို စောင့်ကြပ်ထိန်းချုပ်ကြစေချင်ကြတာတွေလည်းဖတ်ရပါတယ်။ 

အမှန်တကယ်ဆိုရင် အခုလို ကိုဗစ်ကပ်ရောဂါဘေးကျရောက်ပြီး ကူးစက်မှုမြင့်နေဆဲဖြစ်တဲ့ကာလမှာ လူအများဟာ မိမိတို့ကိုယ်စီရဲ့အသိ စိတ်နဲ့ ဆင်ခြင်တုံတရားထားပြီးတော့သာ ကာကွယ်မှုပြုကြရမှာဖြစ်ပါ တယ်။ သက်ဆိုင်ရာက ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေ ဘယ်လောက် ထုတ်ပြန်နေပါစေ၊ လိုက်နာကြရမယ့်သူတွေက လိုက်နာကြမှသာ ဒီကပ် ရောဂါကို ထိန်းချုပ်နိုင်မှာဖြစ်သလို နောက်ဆက်တွဲကောင်းကျိုးကို ခံစားကြရမှာလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့ ကြီးမှာ ကိုဗစ်ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးအတွက် ယခင်က နှစ်ကြိမ်စည်းကမ်းတွေတင်းကျပ်ပြီး အသွားအလာကန့်သတ်တာတွေ ပြုလုပ်ခဲ့ကြတဲ့အခါ ပိုးကူးစက်မှု လျော့နည်းသွားခဲ့ပေမယ့်လည်း  အခုအချိန်မှာတော့ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာနေတဲ့အချိန်မှာလည်း ယခင်ကလို စည်းမျဉ်းစည်းကမ်းတွေ  ကို အထူးလိုက်နာကြစေချင်ကြတာမျိုးလည်း ဖြစ်ပါတယ်။ လူတိုင်းအနေ နဲ့ ကိုယ်နဲ့ကိုယ့်မိသားစုဆီကို ရောဂါပိုးမဝင်ရောက်လာနိုင်အောင် သတိထားပြီး သွားလာနေထိုင်ကြရမှာဖြစ်သလို ကိုယ့်ဆီမှာ ရောဂါပိုးကပ်ငြိနေပြီဆိုရင်လည်း အခြားသူတွေဆီ ရောက်ရှိပျံ့နှံ့မှုမဖြစ်အောင် တားမြစ် ထားတဲ့အချက်တွေကို ဆင်ခြင်တုံတရားထားပြီး အထူးလိုက်နာကြဖို့ လိုလာတယ်လို့ ဆိုလိုကြခြင်းလည်း ဖြစ်ပါတယ်။ ဒီကပ်ရောဂါပိုးကြီး ယခု ထက်ပိုမိုမပြန့်ပွားလာဖို့၊  ဒီကပ်ရောဂါပိုးကို ကာကွယ်ဖို့ ကျွန်တော်တို့ကိုယ်စီ လိုက်နာကြရမယ့်အချက်တွေကို နေ့စဉ်နဲ့အမျှ ကျန်းမာရေးဌာနကရော၊ သတင်းမီဒီယာအစုံကပါ ထုတ်လွှင့်သတိပေးနေတာမို့ အားလုံးလည်း သိကြပြီးဖြစ်မှာပါ။ ဒီနေ့ဒီလိုကာလအချိန်မျိုးမှာဆိုရင် ကျွန်တော်တို့အနေနဲ့ ဒီလိုထုတ်ပြန်ထားတဲ့အမိန့်တွေကို တစ်သဝေမတိမ်းလိုက်နာနိုင်ပါမှ ကပ်ရောဂါအန္တရာယ်ကိုလည်း တားဆီးကာကွယ်နိုင်မှာလည်း ဖြစ်ပါတယ်။       

ယခုလက်ရှိကာလမှာ ဒုတိယအများဆုံးကူးစက်မှုခံနေရတဲ့ မန္တလေး မှာလည်း အခုဆို ဒီရောဂါပိုးကာကွယ်ထိန်းချုပ်ရေးအတွက် မန္တလေးခရိုင် မှာ ဒီဇင်ဘာ ၅ ရက်မှ ၁၈ ရက်နေ့အထိ ခရိုင်တစ်ခုလုံးကို အချက် ၁၇ ချက် ထုတ်ပြန်ပြီး၊ Stay at Home ကို တင်းကျပ်စွာ ဆောင်ရွက်နေတာ၊ မဖြစ်မနေ အပြင်သွားကြရမယ့်သူတွေအတွက် မြို့နယ်ကျော်သွားလာခွင့် လက်မှတ်တွေ ထောက်ခံချက်တွေရှိမှသာ သွားလာနေကြတာတွေလုပ်ပြီး စည်းကမ်းတွေတင်းကျပ်လာတာ တွေ့ရပါတယ်။ ဒီအပေါ် ပိုးတွေ့မှု မကျသေးတဲ့ ရန်ကုန်မြို့ကိုလည်း အလားတူ ယခင်လို တင်းတင်းကျပ်ကျပ် နှစ်ပတ်ခန့်ပြန်လုပ်စေချင်တယ်လို့ ဆိုကြသလို အခုဆို စည်းကမ်းတွေ တဖြည်းဖြည်းလျော့ရဲနေတာမို့ ကူးစက်မှုနှုန်းလည်းမကျဖြစ်နေကြောင်း ဆိုသူတွေလည်းရှိတာ တွေ့ရပါတယ်။    

အခုလို အေးတဲ့ရာသီကိုရောက်လာတဲ့အချိန်မှာ ပိုးကူးစက်မှုနဲ့ သေဆုံးမှုနှုန်းမြင့်လာတာမို့ ဥရောပနိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ အီတလီ၊ ပြင်သစ် အစရှိတဲ့နိုင်ငံတွေမှာလည်း မြို့ကြီးတွေကို Lockdown ချပြီး စည်းကမ်းတွေ ပြန်လည်တင်းကျပ်ထားတာ မြင်ကြသိကြပြီးဖြစ်မယ်လို့ လည်း ထင်ပါတယ်။ မကြာမီကျရောက်တော့ ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူး ကာလမှာလည်း လူစုလူဝေးတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ကြရင် ပိုးကူးစက် မှုနှုန်း ယခုထက် ပိုမိုမြင့်တက်လာမှာကိုလည်း တာဝန်ရှိသူတွေက စိုးရိမ်နေ ကြတဲ့ကာလလည်း ဖြစ်ပါတယ်။

ဒီအတွက် ဒီကပ်ရောဂါဘေးကို အမြန်ကာကွယ်ထိန်းချုပ်ဖို့ တစ် ဖက်မှာလည်း ဥပဒေအရ တင်းတင်းကျပ်ကျပ် မဆောင်ရွက်ကြတဲ့ တာဝန် ရှိသူတွေအပေါ် ဝေဖန်ထောက်ပြနေကြတာလည်း ရှိပါတယ်။အမှန်ဆိုရင် လည်း ဒီလိုကူးစက်မြန်တဲ့ကပ်ရောဂါဘေးကို ထိန်းချုပ်ဖို့ဆိုတာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဆောင်ရွက်ကြမှသာ တရားနည်းလမ်းကျသလို အများကလည်း လိုက်နာနိုင်ကြမှာပါ။ ဒှအတွက်လည်း ယခင်ကတည်းက  ဒီလိုဖြစ်လာရင် ဒီလိုလုပ်ကြရမယ်ဆိုတာမျိုးကို မျှော်ကိုးပြီးရေးဆွဲပြဋ္ဌာန်း ထားတဲ့ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေနဲ့ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဆိုတာရှိပြီး ဒီအထဲ နှစ်ခုထဲမှာ ကူးစက်ရောဂါကို ထိန်းချုပ်ဖို့ နည်းလမ်းတွေပြဋ္ဌာန်းထားသလို မလိုက်နာကြသူတွေကို အပြစ် ပေး အရေးယူလို့ရမယ့် ပြစ်ဒဏ်တွေကိုလည်း ဖော်ပြထားတာ အားလုံးလည်း သိပြီးကြမှာပါပဲ။ တစ်ဖက်မှာလည်း ဒီကပ်ရောဂါကိုကာကွယ်ထိန်းချုပ်ဖို့ ဆိုရင် ဒီလိုဥပဒေပြဋ္ဌာန်းချက်တွေ ပြစ်ဒဏ်ချမှတ်နိုင်တာတွေ ခိုင်ခိုင်မာမာ ရှိနေလျက်နဲ့ လက်ရှိအခြေအနေမှာတော့ တချို့သောပြည်သူတွေဟာ  ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့အချက်တွေကို မလိုက်နာကြဘဲ အများနဲ့ဆိုင်တဲ့နေရာတွေမှာ အုပ်စုဖွဲ့သွားလာနေကြတာမျိုး၊ ပျော်ပွဲစား ထွက်သလို အလည်အပတ် အပျော်အပါးမက်သလို ဖြစ်နေကြတာမျိုးတွေ ကို လက်တစ်လုံးခြား ကျူးလွန်ဖောက်ဖျက်နေကြတာတွေအပေါ် တာဝန်ရှိ သူတွေကလည်း ထုတ်ပြန်ထားတဲ့ဥပဒေ၊ အမိန့်စည်းကမ်းတွေ လိုက်နာမှုရှိ၊ မရှိ စစ်ဆေးကြပ်မတ်မှုတွေအားနည်းတာ၊ အရေးယူမှုမရှိတာတွေကြောင့် ရောဂါပိုးလည်း အုပ်စုလိုက် ကူးစက်ခံနေကြရတဲ့သဘောတွေ တွေ့လာ နေရပါတယ်။ ဒီအတွက် ကိုဗစ်ကပ်ရောဂါဘေးကို ကာကွယ်ဖို့ဆိုရင် ဥပဒေတွေနဲ့ အမြန်ပြန်လည် တင်းတင်းကျပ်ကျပ်ထိန်းချုပ်ကြဖို့ လိုနေပြီလား ဆိုတာကိုလည်း စဉ်းစားလာကြသလို အခြားတစ်ဖက်မှာလည်း လူတိုင်း ကိုယ်စီဆင်ခြင်တုံတရားထားကြပြီး ဆင်ဆင်ခြင်ခြင် သွားလာနေထိုင် လုပ်ကိုင်ကြဖို့ တိုက်တွန်းနေကြတာပဲ ဖြစ်ပါတယ်။ ဒီလိုတားမြစ်ချက၊်ကန့်သတ်ချက်တွေကို မလိုက်နာကြတဲ့အခါ ပြစ်ဒဏ်ခံကြရမှာက မိမိတို့ တစ်ဦးတစ်ယောက်တည်း၊ မိသားစုတစ်ခုတည်းသာဖြစ်ပြီး ကိုယ်ကနေ တစ်ဆင့် ဖြစ်ပေါ်သွားစေမယ့် ဆိုးကျိုးတွေကို ထိခိုက်ခံစားကြရမှာကတော့ အခြားသောလူအများစုနဲ့ သူတို့မှီခိုလုပ်ကိုင်နေကြတဲ့ စီးပွားရေးလုပ်ငန်း တွေ၊ လူမှုရေး၊ ဘာသာရေးကိစ္စတွေ နှောင့်နှေးတာ၊ ပျက်ကွက်ကြတာ တွေ ဖြစ်သွားတတ်ကြတာ ရှိပါတယ်။        
                         
ဒီအတွက် အခုလို ကိုဗစ်ကပ်ရောဂါဘေးကျရောက်နေချိန်မှာ မိမိ တို့တစ်ဦးတစ်ယောက်၊ အဖွဲ့တစ်ဖွဲ့တည်းကြောင့် ကျန်မြို့သူမြို့သားအားလုံး အလုပ်အကိုင်၊ အသွားအလာပျက်ကြရမယ့် စည်းကမ်းတင်းကျပ်မှု မျိုးတွေ မကြုံစေရအောင်၊ ဘာသာရေး၊ သာသနာရေးကိစ္စတွေမှာ ကျဉ်းထဲ ကျပ်ထဲကျရောက်ပြီး အကျဉ်းရုံးနေကြရတာမျိုးတွေ မဖြစ်စေရအောင် မိမိတို့ကိုယ်စီက နိုင်ငံသားတစ်ယောက်ဖြစ်တာနဲ့အညီ ဆင်ခြင်တုံတရားထားပြီး နိုင်ငံတော်ကပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ အမိန့်၊ စည်းကမ်းတွေကိုလည်း အများအတွက် ပြန်လည်လိုက်နာကြစေချင်ပါကြောင်း တိုက်တွန်း ရေးသားလိုက်ရပါတယ်။ ကိုဗစ်ကပ်ရောဂါဆိုးကြီးဘေးက အမြန်လွတ်ကင်းကြပါစေ။ 

သန်းဖြိုးနိုင်