News

POST TYPE

OPINION

လှပတဲ့ နှလုံးသားများ
07-Dec-2020


ကျိုတိုမြို့၊ လီဆူမေကန်တက္ကသိုလ်ပရိဝုဏ်နောက်က ချောင်ကျ ပြီးသပ်ရပ်တဲ့ ကော်ဖီဆိုင်လေးမှာ ပါမောက္ခ သုံးယောက်၊ ကျောင်းသား သုံးယောက် နေ့လယ်စာအတူစားရင်း စကားစမြည်ပြော ဖြစ်ကြတယ်။ နည်းပညာကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ လူ့အသိုင်းအဝိုင်း တစ်ခုနဲ့တစ်ခု အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်လာတဲ့ Globalization ဖြစ်စဉ်ကို ဒီလူခြောက် ယောက်ဝိုင်းလေးက တစ်စိတ်တစ်ပိုင်းကိုယ်စား ပြုနေမယ် ထင်ပါတယ်။ ပါမောက္ခသုံးယောက်က အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားလူမျိုးတွေ။ ကျောင်းသားသုံးယောက်က မြန်မာ၊ တရုတ်နဲ့ ဂျပန်-အမေရိကန် ကပြား တွေ။ စားတဲ့အစားအစာက အီတလီ ပီဇာ၊ ဂျပန်ရာမန်ခေါက်ဆွဲ၊ ဂျပန်ပုံစံအမေရိကန်ဟမ်ဘာဂါ။ ဆွေးနွေး တဲ့အကြောင်းအရာက ဂျပန်-အမေရိကန်ကပြား နိုင်ငံရေးသိပ္ပံပညာရှင် ဖန်စစ်ဖူကူယားမားရဲ့ စာအုပ်သစ်အကြောင်းဖြစ်တယ်။ 

စကားပြောကြရင်း တစ်နေရာအရောက်မှာ ဂျပန်ပါမောက္ခက ဂျပန် လူငယ်မျိုးဆက်ဟာ သူငယ်စဉ်ကလို အစုအဖွဲ့စိတ်နည်းလာပြီး တစ်သီးပုဂ္ဂလ ဆန်လာကြတယ်လို့ မှတ်ချက်ပြုတယ်။ အမေရိကန်ပါမောက္ခက အဲဒီအဆို ကို သဘောမတူဘူး။ ဂျပန်လူငယ်တွေဟာ အမေရိကန်လူငယ်တွေထက် ပိုပြီးစည်းလုံးတယ်၊ အဖွဲ့အစည်းစိတ်ပိုရှိပြီး အချင်းချင်း ပိုစေးကပ်ကြတယ် လို့ ဆိုတယ်။ ကျွန်တော်ကတော့ အမေရိကန်ပါမောက္ခပြောတာကို ပိုထောက်ခံမိတယ်။ ဂျပန်လူကြီး၊ လူငယ်မျိုးဆက်နှစ်ခုဟာ အပေးအယူမျှ၊ သဟဇာတ ရှိပြီး သူတို့လူ့အဖွဲ့အစည်း ကောင်းရာကောင်းကျိုးအတွက် ညီတူညီမျှတာဝန်ယူမှုရှိနေကြတုန်းလို့ မြင်မိတယ်။

ကျွန်တော် ဒီလိုမြင်၊ ဒီလိုတွေးမိစေဖို့ အကြောင်းကလည်း ရှိနေပါ တယ်။ ကျိုတိုက ရှင်ဇန်းဂုမိ Shinzengumi လို့ခေါ်တဲ့ စေတနာ့ဝန်ထမ်း သန့်ရှင်းရေးအဖွဲ့လေးမှာ ကျွန်တော် လုပ်အားပေးနေတာ တစ်နှစ်နီးပါး ရှိလာနေပါပြီ။ နွေဦးတစ်နေ့ ပန်းကြည့်ပွဲတော်မှာ ကျိုတိုက နာမည်ကြီး ကီယမချီလမ်းတစ်လျှောက် သူငယ်ချင်းတွေနဲ့ ချယ်ရီပန်းလိုက်ကြည့်ရင်း ရှင်ဇန်းဂုမိက အဖွဲ့ဝင်တစ်ယောက်နဲ့ ခင်မင်ရင်းနှီးခဲ့တယ်။ သူတို့က ကီယမချီ လမ်းဘေးက တကဆဲဂါဝါ (မြစ်)ထဲမှာ ခရီးသွားဧည့်သည်တွေအတွက် အခမဲ့လှေထိုးပေးနေကြတာ။ မြစ်ဆိုလို့ ကျွန်တော်တို့သိတဲ့မြစ်လိုတော့  မဟုတ်ပါဘူး။ ဂျပန်စကားမှာ ကြီးကြီး၊ သေးသေး 'ဂါဝါ' လို့ခေါ်ကြတာပဲ။ ကျွန်တော့်အတွက်က တကဆဲမြစ်ဟာ ဟိုဘက်၊ ဒီဘက်ခုန်ကူးလို့ရတဲ့ ချောင်းအသေးစားလေးလို့ပဲ ဆိုပါစို့။ 

အဲဒီနေ့ညမှာ ရှင်ဇန်းဂုမိက သူငယ်ချင်းအသစ်က မတ်ဆေ့ချ်ပို့ လာတယ်။ သူတို့ရှင်ဇန်းဂုမိအဖွဲ့ဟာ ကီယမချီလမ်းမှာ စနေနေ့ မနက် ၆ နာရီကစပြီး တစ်နာရီ သန့်ရှင်းရေးလုပ်ကြကြောင်းနဲ့ ကျွန်တော် အဆင် ပြေရင် လာဖို့ဖြစ်ပါတယ်။ ကျွန်တော်လည်း ဒေသခံတွေနဲ့ အပေါင်းအသင်း ဖြစ်ချင်တာကြောင့် သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ ကီယမချီကို ၆ နာရီ မထိုးခင် တကယ်အရောက်သွားတဲ့အခါမှာတော့ မလွယ်လှပါဘူး။ ကျွန်တော် နေတဲ့ ဖူနာအိုကာရပ်ကွက်နဲ့ ကီယမချီက လှမ်းပါတယ်။ ရထားနဲ့ ဘတ်စ်ကား က မနက်အစောကြီးမရှိပါဘူး။ ဒါကြောင့် မနက် ၄ နာရီခွဲခါနီးလောက်စပြီး လမ်းလျှောက်ရပါတယ်။ တစ်နာရီခွဲကျော်ကျော်လောက် လျှောက်ရပါတယ်။ 
သန့်ရှင်းရေးမလုပ်ခင်မှာ အားလုံးမတ်တတ်ဝိုင်းရပ်ပြီး လူသစ်တွေက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ရပါတယ်။ ကျွန်တော့်လည်း တတ်တဲ့ဂျပန်စကား နဲ့ ကြိုးစားပြီး ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်ပါတယ်။ ပြီးတော့ ဘယ်သူ ဘာ တာဝန်ယူမယ်ဆိုတာ လက်ထောင်ပြီး ဆန္ဒပြုကြပါတယ်။ အဲဒီနောက် သက်ဆိုင်ရာသန့်ရှင်းရေးပစ္စည်းတွေသယ်ပြီး ကိုယ့်အဖွဲ့နဲ့ကိုယ် သန့်ရှင်းရေး လုပ်ကြတယ်။ သူငယ်ချင်းက ကျွန်တော့်ကိုကူဖို့ တစ်ဖွဲ့တည်းနေပေးပါ တယ်။ အဓိကကတော့ ကီယမချီလမ်းနဲ့ တကဆဲမြစ်ကို သန့်ရှင်းရေး လုပ်ကြတာပါ။

ကီယမချီလမ်းဟာ သမိုင်းဝင်လမ်းဖြစ်ပေမယ့် လမ်းတစ်လျှောက် မှာ အီဇာကာယာ (ဂျပန် အရက်ဘား) တွေချည်းပါပဲ။ သောကြာနေ့ညနေ ဆို လူပိုစည်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ မနက်မှာ အမှိုက်က ဒင်ပြည့် ကြမ်းပြည့်ပါ။ အန်ဖတ်တွေကိုလည်း တွေ့ရတတ်ပါတယ်။ ကျွန်တော့် ပထမဆုံးနေ့မှာပဲ လမ်းပေါ်က အန်ဖတ်ကျုံးပြီး ရေဆေးချရတဲ့အလုပ်ပါ။ ပထမ စိတ်ထဲသရိုးသရီပါ။ ဒါပေမဲ့ သူငယ်ချင်းက ကျကျနနလုပ်ပြတဲ့အခါ ကျွန်တော်လည်း အားတက်သရော ဖြစ်လာပါတယ်။ 

၇ နာရီမှာ အဖွဲ့တွေပြန်ဆုံကြပါတယ်။ အစကလိုပဲ မတ်တတ်ဝိုင်းရပ်ပြီး လူသစ်ဖြစ်တဲ့ ကျွန်တော်က သန့်ရှင်းရေးလုပ်ခဲ့တဲ့အတွေ့အကြုံကို ပြန်ပြော ပြရပါတယ်။ ကျွန်တော်လည်း အမှန်အတိုင်းပဲပြောပါတယ်။ လမ်းပေါ်မှာ တစ်ခါမှ အန်ဖတ်မကျုံးဖူးကြောင်း၊ ဒါပေမဲ့ ကိုယ့်ကြောင့် လမ်းသန့်ရှင်း သွားတာမြင်တော့ စိတ်ချမ်းသာရကြောင်း၊ သူငယ်ချင်းသစ်တွေနဲ့အတူ သန့်ရှင်းရေးလုပ်ခွင့်ရတာ ပျော်မိကြောင်းပြောပြပါတယ်။ ပြီးတော့ အနီးနား ကဆိုင်လေးမှာ မနက်စာအတူစားကြပါတယ်။ အဲဒီမှာတော့ တစ်ယောက် နဲ့တစ်ယောက် ပိုခင်သွားကြတယ်။ ဒါနဲ့ စနေနေ့တိုင်း စောစောထလမ်း လျှောက်ပြီး သူတို့နဲ့အတူသန့်ရှင်းရေးလုပ်ဖို့ ကျွန်တော်လည်း ဆုံးဖြတ် ချက်ချလိုက်မိတော့တယ်။ 

သန့်ရှင်းရေးလုပ်တာကို ဂျပန်လို 'ဆိုဂျီ'လို့ခေါ်ပါတယ်။ ဒါပေမဲ့ ပိုပြီးအမြတ်တနိုး ယဉ်ကျေးဖွယ်ဖြစ်အောင် 'အိုဆိုဂျီလို့' ခေါ်ကြပါတယ်။ သန့်ရှင်းရေးလုပ်တာကို ဘယ်လောက်တောင် အမြတ်တနိုးနဲ့ အလေးထား ကြလဲဆို သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းကိရိယာတွေက စုံစီနဖာ အစုံပါ။ အဲဒါတွေကို ဘယ်လိုသုံးလဲဆိုတာနဲ့ပတ်သက်ပြီး သင်တန်းသဘောမျိုး ပို့ချပေးတာမျိုးလည်း ရှိပါတယ်။ ကျွန်တော် တစ်ခေါက်လိုက်တက်ဖူးပါ တယ်။ သင်တန်းတက်ပြီးတော့ လက်မှတ်ရသန့်ရှင်းရေးသမားကြီးဖြစ်ပြီလို့ ကိုယ့်ကိုယ်ကိုယ် တွေးလိုက်မိပါသေးတယ်။ 

အိုဆိုဂျီအပြင် 'တွိုင်းလက်ဆိုဂျီ}ဆိုတဲ့ အိမ်သာသန့်ရှင်းရေးလည်း ရှိပါသေးတယ်။ ရှင်ဇန်းဂုမိဟာ တစ်လတစ်ကြိမ် ကျိုတိုမြို့က ဘုရားကျောင်း၊ နတ်ကွန်း၊ စာသင်ကျောင်းတွေမှာ အိမ်သာသန့်ရှင်းရေးလိုက်လုပ်ကြပါတယ်။ အဲဒီမှာ ထူးခြားတာက ကျိုတိုရဲ့ ထိပ်ပိုင်းအသိုင်းအဝိုင်းတွေ အမြဲ လာတတ်ကြတာပါပဲ။ ကျိုတိုမြို့တော်ဝန် ခဒိုဂါဝါစံနဲ့ သူ့ရုံးအဖွဲ့အချို့၊ လွှတ် တော်အမတ်၊ နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းရှင်တွေပါပါတယ်။ သူတို့ လည်း ရှင်ဇန်းဂုမိအဖွဲ့ဝင်တွေနဲ့တွဲပြီး သန့်ရှင်းရေးလုပ်ကြပါတယ်။ ကျိုတို မြို့တော်ဝန်ဟာ ရှင်ဇန်းဂုမိအဖွဲ့ ဝင်တစ်ဦးပါ။ တစ်လ တစ်ခါနှစ်ခါတော့ ကီယမချီကို လာတတ်ပါတယ်။ ရှင်ဇန်းဂုမိဟာ အောက်ခြေ အလုပ်သမားက စလို့ ကျောင်းသား၊ လူလတ်တန်း၊ အထက်တန်းလွှာ လူတန်းစားပေါင်းစုံနဲ့ ဖွဲ့ထားတဲ့ ပရဟိတအဖွဲ့အစည်းဖြစ်ပါတယ်။ ကိုယ်ပိုင်အချိန်အပေါ်မူတည် ပြီး အလျဉ်းသင့်သလို လာပြီးလုပ်အားပေးကြပါတယ်။ 

မူလတန်းကျောင်းတွေမှာ အိမ်သာသန့်ရှင်းရေးလုပ်တာ စိတ်ဝင်စားစရာကောင်းပါတယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ မိဘတွေပါဝင် ကြပါတယ်။ ရှင်ဇန်းဂုမိအဖွဲ့ဝင်တွေကဦးဆောင်ပြီး အဖွဲ့ငယ်အသီးသီးခွဲပါ တယ်။ အဖွဲ့တစ်ခုစီမှာ ခေါင်းဆောင်နဲ့ ဒုတိယခေါင်းဆောင်ရှိပါတယ်။ သန့်ရှင်းရေးမလုပ်ခင် မြို့တော်ဝင်နဲ့ ကျောင်းအုပ်အပါအဝင် ရှင်ဇန်းဂုမိက ကိုယ်စားလှယ်တစ်ဦး မိန့်ခွန်းပြောပါတယ်။ နောက် အတူသွေးပူလေ့ကျင့်ခန်း လုပ်ပါတယ်။ ပြီးတော့မှ ကိုယ့်အဖွဲ့နဲ့ကိုယ် တာဝန်ကျရာနေရာက အိမ်သာတွေကို သန့်ရှင်းရေးလုပ်ကြပါတယ်။ သတ်မှတ်ထားတဲ့နေရာ ရောက်တော့ အဖွဲ့ခေါင်းဆောင်တွေက အသုံးပြုရမယ့်ပစ္စည်းတစ်ခုချင်းစီ ကို ရှင်းပြကြပါတယ်။ 

အိမ်သာသန့်ရှင်းရေးဟာ အိုဆိုဂျီရဲ့ ထိပ်တန်းသန့်ရှင်းရေးအတတ် လို့ပြောမလား။ ကိုယ့်စိတ်ကိုအဆင်သင့်ဖြစ်အောင် အဲဒီထက်ပြင်ဆင်ရ တဲ့ သန့်ရှင်းရေးမရှိတော့လို့ပါ။ အများသုံးတဲ့ အိမ်သာခွက်တဆုံး လက်နှိုက် ဆေးပါတယ်။ အပေါ့စွန့်တြွေဲ့ကခွက်တွေက ဂျိုးတွေပြောင်အောင် တိုက် ပါတယ်။ ကြမ်းပြင်၊ မျက်နှာကြက် မချန်ပါဘူး။ စလုပ်စတုန်းက ကျွန်တော် အတော်အားတင်းရပါတယ်။ ဒါပေမဲ့ ဘေးမှာ ကျိုတိုမြို့တော်ဝန်ကိုယ်တိုင် အိမ်သာကြွေခွက်ကို ပယ်ပယ်နယ်နယ်တိုက်ချွတ်နေတာမြင်တော့ အန်ဖတ် ကျုံးခဲ့တုန်းကစိတ်မျိုး ပြန်ဝင်လာပါတယ်။ ဒါပေမဲ့ နောက်ပိုင်း အများသုံး အိမ်သာတွေကို သန့်ရှင်းရေးလိုက်လုပ်တဲ့အခါမှာတော့ ကျွန်တော့်မှာ ဘာစိတ်မှမရှိတော့ပါဘူး။ ကိုယ့်အလုပ်ကိုယ် ကြိုးစားလုပ်ရတာ ဂုဏ်ယူ လာပါတယ်။ ကိုယ့်ကြောင့် အိမ်သာတစ်ခုလုံးပြောင်လက်သွားရင် ပျော်ရွှင် မိပါတယ်။ သန့်ရှင်းရေးပြီးတော့ ထုံးစံအတိုင်း လူပြန်စုပြီး တစ်ယောက်ချင်းစီ က ကိုယ့်အတွေ့အကြုံကို ပြောကြရပါတယ်။ အဖွဲ့တွေအားလုံး ပြန်ဆုံပြီး တော့လည်း အဖွဲ့ကိုယ်စားလှယ်တစ်ဦးချင်းစီက ကိုယ့်အတွေ့အကြုံ၊ ခံစားမှု တွေကို ပြောပြကြရပါတယ်။ ကိုယ်စားလှယ်အများစုက ကျောင်းသားလူငယ် လေးတွေပါပဲ။ သူတို့ပြောပြကြတာ အမျိုးမျိုးပါ။ တချို့ ဒီလိုသန့်ရှင်းရေး တစ်ခါမှမလုပ်ဖူးကြောင်း၊ အခုလုပ်လိုက်တဲ့အခါ ကိုယ့်ကြောင့် သန့်ရှင်း သပ်ရပ်သွားတာမြင်ရတော့ စိတ်ချမ်းသာမိကြောင်းပြောသလို၊ သူငယ်ချင်း တွေသုံးတဲ့ အိမ်သာကို သန့်ရှင်းပေးလိုက်ရတာ ဂုဏ်ယူမိကြောင်း၊ ကိုယ် တိုင်လည်း သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်နေသွားမယ့်အကြောင်း၊ အမှိုက်သရိုက်တွေကို စနစ်တကျစွန့်ပစ်ဖို့ဆုံးဖြတ်ထားကြောင်း၊ နောင် လည်း အခွင့်ရရင် အခုလိုသန့်ရှင်းရေးတွေလုပ်ချင်ကြောင်း ပြောကြပါ တယ်။ 

ဒီလို ကျောင်းသူ၊ ကျောင်းသားလေးတွေနဲ့အတူ အိမ်သာသန့်ရှင်း ရေးလုပ်ရင်း သင်ယူလေ့လာမှုနဲ့ပတ်သက်တဲ့ အယူအဆတစ်ရပ်ကို သတိ ရမိပါတယ်။ အကောင်းဆုံး သင်ယူလေ့လာမှုက သင်ယူလေ့လာစေလိုတာ ကို တွေ့ကြုံစေတာပါတဲ့။ ဒီလို သင်ယူလေ့လာနည်းမှာ လက်တွေ့ကြည့် (Seeing)၊ ကိုယ်တိုင်ပါဝင်ဆောင်ရွက် (Doing)၊ ပြန်ဆွေးနွေးတာ (Discussing) တွေပေါင်းစပ်ထားတာပါ။ ဒီနည်းက အကောင်းဆုံးရလဒ် တွေထွက်စေတယ်လို့ ဆိုပါတယ်။ ရှင်ဇန်းဂုမိအဖွဲ့က ရည်ရွယ်သလား၊ မရည်ရွယ်သလား မသိပေမယ့် ကလေးတွေကို သန့်ရှင်းရေးနဲ့ပတ်သက် လို့ သင်ကြားပြသပေးနေတာတွေဟာ ဒီအယူအဆနဲ့ အံကိုက်ဖြစ်နေပါ တယ်။ သန့်ရှင်းရေးကို ဘယ်လိုလုပ်ရတယ်ဆိုတာပြောပြတယ်။ ကိုယ်တိုင် လုပ်စေတယ်။ ပြီးတော့ အတွေ့အကြုံကို ပြန်ဆွေးနွေးတယ်။ 

ဒီနည်းသုံးပြီး ကလေးတွေကို တာဝန်ယူတတ်တဲ့စိတ်ရှိလာအောင် သင်ပေးနေတာလို့ ကျွန်တော် တွေးမိပါတယ်။ အိမ်သာသန့်ရှင်းရေးက တစ်ဆင့် ကိုယ့်အတွက်သာမက အများအတွက် တာဝန်ယူရမယ်ဆိုတဲ့ စိတ်မျိုးကို တစ်ဖက်လှည့်နဲ့ သင်ပေးတယ်လို့ ထင်ပါတယ်။ နောက်ပြီး ကိုယ့် အတွေ့အကြုံကို ပြန်ပြောပြစေတာက ဒီလိုတာဝန်ယူတတ်တဲ့စိတ် စွဲမြဲရှင် သန်စေဖို့ အားပေးတာလို့ မြင်မိပါတယ်။ ကျွန်တော်တွေ့ခဲ့ဖူးသမျှကလေး တိုင်းဟာ သန့်ရှင်းရေးလုပ်ပြီးတဲ့အခါ သူတို့ လုပ်အားပေးခဲ့တာကို ကျေနပ်ပျော်ရွှင်နေကြတာ ထင်ထင်ရှားရှားတွေ့ရတယ်။ နောက်ထပ် လုပ်အားပေးဖို့ကိုလည်း စိတ်အားထက်သန်နေကြတယ်။ 

ဂျပန်နိုင်ငံဆိုရင် အမှိုက်တစ်စမှမရှိတဲ့ ကမ္ဘာမှာ အသန့်ရှင်းဆုံး တိုင်းပြည်လို့ ကျွန်တော်တို့ သိကြတယ်။ ဒါပေမဲ့ ကျွန်တော်ဂဃနဏသိတဲ့ ကျိုတိုကိုပဲနမူနာပြောရရင် အခကြေးငွေယူပြီး လမ်းပေါ်မှာ အမှိုက်လှဲတဲ့ ဝန်ထမ်းမရှိပါဘူး။ အမှိုက်စုရမယ့်နေရာကို အမှိုက်လာသိမ်းတဲ့ အမှိုက် ကားပဲရှိပါတယ်။ ဒါဆို ဘာလို့ လမ်းတွေဟာ သန့်ရှင်းသပ်ရပ်နေကြတာ လဲ။ မနက်စောစောထပြီး ကီယမချီမှာ သန့်ရှင်းရေးလုပ်ဖို့  ကျွန်တော်သွားရင် လမ်းပေါ်မှာ တံမြက်စည်း၊ အမှိုက်ခြင်း၊ ဂေါ်ပြားတွေနဲ့ အမှိုက်လိုက်သိမ်း နေတဲ့ ရပ်ကွက်သူရပ်ကွက်သားတွေကို တွေ့ရတတ်ပါတယ်။ အားလပ်ရက် တွေမှာလည်း လူစုပြီး တစ်မြို့လုံးမှာ အမှိုက်လိုက်ကောက်နေတဲ့ အထက်တန်း ကျောင်းသား၊ တက္ကသိုလ်ကျောင်းသားအရွယ် လူငယ်လေးတွေကိုတွေ့ တတ်တယ်။ ဒါဟာ ရှင်ဇန်းဂုမိလို အဖွဲ့တွေကတစ်ဆင့် လူငယ်တွေကို လက် ဆင့်ကမ်းပြီး ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်လူ့အဖွဲ့အစည်း သန့်ရှင်းလှပဖို့ ကိုယ့်မှာတာဝန်ရှိတယ်၊ တာဝန်ယူတတ်ရမယ်လို့ လက်ဆင့်ကမ်းသင်ပေး နေကြတာကြောင့်လို့ ယူဆမိပါတယ်။ 

ဒါကြောင့် ဂျပန်လူမျိုးတွေဟာ ကိုယ့်အတွက်၊ သူတစ်ပါးအတွက်၊ ကိုယ့်လူ့အဖွဲ့အစည်း၊ ကိုယ့်နိုင်ငံအတွက် တာဝန်ကျေလိုစိတ်၊ တာဝန်ယူလို စိတ်ကြီးကြတယ်ဆိုတာကို ကျွန်တော် မအံ့သြမိတော့ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ဂျပန်ပါမောက္ခပြောတဲ့ ဂျပန်လူငယ်မျိုးဆက်ဟာ အများ အတွက် တာဝန်ယူလိုစိတ်နည်းလာပြီး ကိုယ်ကျိုးစီးပွားဗဟိုပြုတဲ့ တစ်သီး ပုဂ္ဂလသမားတွေ များလာတယ်ဆိုတာကို လက်ခံလို့မရခဲ့တာပါ။ ဆရာက သူ့စံ၊ သူ့ပေတံနဲ့တိုင်းလို့ နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော့်အတွေ့အကြုံ ကတော့ ဆန့်ကျင်ဘက်ကို ပြောနေပါတယ်။  

ရှင်ဆန်ဂုမိက အတွေ့အကြုံကို အခြေခံပြီး ကျွန်တော်တို့ မြန်မာ့ လူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့လည်း အတွေးနယ်ချဲ့မိပါတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုဆိုတဲ့ စကားကို မကြာခဏလှိုင်လှိုင်ကြားနေရပြီး ကိုယ့်ထက် ပိုတဲ့ ကိုယ့်လူ့အဖွဲ့အစည်းအတွက် တကယ်တာဝန်ယူတတ်၊ တာဝန်ခံတတ် တဲ့အလေ့အကျင့်တွေကို ကျွန်တော်တို့ကိုယ်တိုင် စံပြပျိုးထောင်ခဲ့ကြရဲ့လား၊ ကျွန်တော်တို့ရဲ့ နုပျိုသစ်စလူငယ်မျိုးဆက်ကိုရော တာဝန်ယူတတ်၊ တာဝန်ခံတတ်လာအောင် စနစ်တကျ လက်ဆင့်ကမ်းသင်ကြားပြသပေး ခဲ့ရဲ့လား။ လူ့အဖွဲ့အစည်းတစ်ရပ် တိုးတက်ဖွံ့ဖြိုးရေးမှာ ရုပ်ဝတ္ထုပစ္စည်း သက်သက်တင်မဟုတ်ဘဲ အများအကျိုးအတွက် စေတနာထားပြီး တာဝန် ယူပေးတတ်တဲ့ လှပတဲ့နှလုံးသားတွေဟာလည်း အခြေခံအုတ်မြစ်တစ်ခု အနေနဲ့ လိုအပ်တာကတော့ အသေအချာပါပဲ။    ။

နေခင်စော