News

POST TYPE

OPINION

ရှစ်နှစ်အကြာ ဤစကား
06-Dec-2020


၂၀၂၀ ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၂ ရက်က NLD ပါတီ၏ ထုတ်ပြန်ချက်ကို တွေ့လိုက်ရသည်။ တိုင်းရင်းသားပါတီ ၅၀ နီးပါး (တိတိ ကျကျပြောရလျှင် ၄၈ ပါတီ)ကို အသိပေးလိုက်ခြင်း (သို့မဟုတ်) NLD အစိုးရအနေနှင့် အနာဂတ်နိုင်ငံတွင် တိုင်းရင်းသား အားလုံးအရေး အလေးထားဆောင်ရွက်မည်ဟု ကတိကဝတ်ပြုလိုက် ခြင်းလည်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်သည် ရွေးကောက်ပွဲ ကတိကဝတ် ထက်ပင် ပို၍ လေးနက် သည်ဟု ယူဆမိသည်။

'တိုင်းရင်းသားပါတီများ၏ ရည်မှန်းချက်များသည် NLD ၏ ရည်မှန်းချက်များနှင့် တူညီကြသည်ဖြစ်ရာ NLD အနေနှင့် နောင် အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထား ဆောင်ရွက်သွားမည်ဖြစ်ပါသည်'ဟူ၍ ထုတ်ပြန်ချက်တွင် ရေးသားထား ခြင်းဖြစ်သည်။
တိုင်းရင်းသားအရေးကို ဥပဒေကဏ္ဍဖြင့်  ပြန်ကြည့်မည်ဆိုပါက  -

၁၉၄၇  ခုနှစ်၊ အခြေခံဥပဒေ၊ အခန်း (၂) ၏ မူလအခွင့်အရေးနှင့် ခေါင်းစဉ်အောက်တွင် တိုင်းရင်းသားများအပါအဝင်  နိုင်ငံသားများညီမျှမှု အခွင့်အရေးများ၊ လွတ်လပ်မှု အခွင့်အရေးများ၊ ဘာသာ သာသနာရေး ဆိုင်ရာ အခွင့်အရေးများနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများကို ပြဋ္ဌာန်း ထားသည်ကို တွေ့ရှိရမည် ဖြစ်သည်။

အလားတူ ၁၉၇၄ ခုနှစ်၏ ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၂) အခြေခံမူများ ၏ ပုဒ်မ ၂၁ ဖြင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ပြဋ္ဌာန်းထားသည်ကို ထပ်မံ တွေ့ရှိရပြန်သည်။

ထိုကဲ့သို့ပင် ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေတွင်လည်း အထက်ပါ အခြေခံဥပဒေ နှစ်ခုလုံး၏ တိုင်းရင်းသားအရေးနှင့် အကျုံးဝင်နေသည့် ပြဋ္ဌာန်းချက်များကို အခန်း(၁) အခြေခံမူများတွင်ပြဋ္ဌာန်းထားသည်ကို အများအသိဖြစ်သည်။

သို့သော် လက်တွေ့ကဏ္ဍတွင် တိုင်းရင်းသားအရေး လက်တွေ့အကောင် အထည်ဖော်မည့် ဥပဒေမရှိဟု ဆိုခဲ့ကြဖူးသည်။ 

၂၀၁၂ ခုနှစ်  ဇူလိုင်လ။ ပထမအကြိမ် လွှတ်တော်၊ စတုတ္ထအကြိမ် အစည်းအဝေး ၁၄ ရက်မြောက်နေ့။ ထိုနေ့တွင်  လူနည်းစု တိုင်းရင်းသား တို့၏ မျှော်လင့်စရာအချက်တစ်ခု ရှိခဲ့ဖူးသည်။

ထိုကိစ္စကို လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အနေနှင့်  ပါဝင်ဆွေးနွေးခဲ့သည်ကို မှတ်တမ်းအဖြစ် တွေ့ရမည်မှာ မလွဲသောအကြောင်း အရာဖြစ်ပေမည်။

ထိုစဉ်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့် ရှောက်သည့် ဥပဒေပြဋ္ဌာန်းရေး ဟူသည့်ခေါင်းစဉ်ဖြင့် ပြည်သူ့လွှတ်တော် ကို တင်ပြကာ ဆွေးနွေး၊ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းခေါင်းစဉ်ကို အဆိုအဖြစ် တင်သွင်းသူမှာ လက်ရှိ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ် ဖြစ်ပြီး၊ ထိုစဉ်က ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌအနေဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ဥပဒေ ကြမ်းကို ရေးဆွဲသူမှာ ၎င်းကိုယ်တိုင်ဖြစ်ပြီး ယင်းဥပဒေကြမ်းကို တင်သွင်းရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (သူရဦးရွှေမန်း)ထံတင်ပြစဉ် ဦးရွှေမန်းက အဆို အဖြစ် ဦးစွာတင်သွင်းဆွေးနွေးရန် ညွှန်ကြားခဲ့သည်ဟု တင်သွင်းသူက ပြောခဲ့ဖူးသည်။

ဦးတီခွန်မြတ်၏ တိုင်းရင်းသားအရေး ကာကွယ်စောင့်ရှောက်ရေး နှင့် ဥပဒေကြမ်းတစ်ရပ် ဖြစ်ပေါ်လာရေးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ပေါင်း ၂၈ ဦးက ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး လက်ရှိ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုစဉ်က အတိုက်အခံပါတီ၏ ခေါင်းဆောင်။ ထိုခေါင်းဆောင်သည် ပြိုင်ဘက် အာဏာရ ပါတီဝင် တစ်ဦး၏ တင်သွင်းသည့် တိုင်းရင်းသားအရေးကို ပြတ်သားစွာ ထောက်ခံခဲ့သည်မှာ တိုင်းရင်းသား၊ လူမျိုးစုများ၏အရေးကို အလေးထားသည်ဟု ဦးစွာ သတ္တုချ နိုင်သည်။

ထိုစဉ်က ဒေါ်အောင်ဆန်းစုကြည်၏ ဆွေးနွေးချက်ကို ထုတ်နုတ် ပြန်ကြည့်မည်ဆိုပါက -
'ကျွန်မတို့နိုင်ငံမှာ ပြည်တွင်းစစ်မီး လုံးဝငြိမ်းချမ်းသွားတယ် ဆိုတာ မရှိခဲ့သေးပါဘူး။ ဒါကြောင့် တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများ ကို ကာကွယ်စောင့်ရှောက်ခြင်း ဆိုတာဟာ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခြင်းနှင့် များစွာပိုပြီးတော့ ကျယ်ပြန့်နက်နဲတယ်ဆိုတာကို ကျွန်မ တို့ ဆိုနိုင်ပါတယ်။ ဒါကိုထောက်ထားပြီးတော့ ပင်လုံစိတ်ဓာတ်နဲ့ ကွာခြားလို့ မရတဲ့ ခွာလို့မရတဲ့ တန်းတူညီမျှရေး၊ အပြန်အလှန်လေးစား ယုံကြည်ရေး တို့ကို အခြေခံပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်း လာရေးအတွက် ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်များအားလုံး ဆွေးနွေး ညှိနှိုင်းပြီး တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေးများကို ကာကွယ်နိုင်ဖို့ အတွက် ဥပဒေများကို လိုအပ်သလိုပြုပြင်ခြင်း၊ လိုအပ်သလို ပြဋ္ဌာန်းခြင်း တို့များ ဆောင်ရွက်စေရန်၊ ဆောင်ရွက်ဖို့ကို တိုက်တွန်းရင်းနဲ့ ဦးတီခွန်မြတ် ရဲ့အဆိုကို ကျွန်မအနေနဲ့ ထောက်ခံပါတယ်' ဟု ပြန်လည်ဖော်ပြလိုသည်။

ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်သည် ဗြီ (အာရှဖွံ့ဖြိုးရေး ဘဏ်)၏ ကိန်းဂဏန်းများကို ကိုးကား၍ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှုကို လွှတ်တော်တွင် ချပြခဲ့သည်။

သူပြောခဲ့သည့် မှတ်တမ်းအရ  ချင်းပြည်နယ်သည် ၇၃ ဒသမ ၃ ရာခိုင်နှုန်း၊ ရှမ်းအရှေ့သည် ၄၆ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းမြောက်ပိုင်းသည် ၃၇ ဒသမ ၄ ရာခိုင်နှုန်း၊ ရှမ်းတောင်ပိုင်းသည် ၂၅ ဒသမ ၂ ရာခိုင်နှုန်းဖြစ် ပြီး ရှမ်းပြည်နယ်၏ ပျမ်းမျှဆင်းရဲမွဲတေမှုမှာ ၃၃ ဒသမ ၁ ရာခိုင်နှုန်း ဖြစ်နေ ကြောင်း သိခဲ့ရသည်။

ယင်းအပြင် ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုမှာ ၄၃ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်နေပြီး တစ်နိုင်ငံလုံး၏ ပျမ်းမျှဆင်းရဲမွဲတေမှုသည် ၂၅ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်နေသည်ဟု သူမက ဆက်စပ်၍ ပြောဆိုခဲ့သည်။

'ကချင်ပြည်နယ်မှာလည်း ၂၈ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ပျမ်းမျှခြင်း ရာခိုင်နှုန်းထက် မြင့်တက်နေပါတယ်။ မွန်၊ ကယားနဲ့ ကရင်တို့က ပိုပြီးတော့ နိမ့်ကျပါတယ်'ဟု အစချီလိုက်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်က -

 'ဒီကိန်းဂဏန်းတွေကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေဟာ ကျေနပ်ဖွယ်ရာမရှိဘူးဆိုတာ ထင်ရှား ပါတယ်''ဟု လွှတ်တော်တွင် တင်ပြပြောဆိုခဲ့သည်။ ထိုတင်ပြချက်တို့သည် ယနေ့ဆိုလျှင် ရှစ်နှစ်ကျော်လာခဲ့ပြီဖြစ် သည်။

အချုပ်အားဖြင့်ဆိုရလျှင် ပထမလွှတ်တော်သက်တမ်းတွင် တိုင်းရင်း သားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဟူသော အစဆွဲထုတ်မှု ကြောင့် ဥပဒေတစ်ရပ်ပေါ်ထွက်ခဲ့ပြီးနောက် ပြည်ထောင်စုအဆင့် တိုင်းရင်း သားရေးရာဝန်ကြီးဌာနတစ်ခုကို ၂၀၁၅ တွင် အာဏာရလာသည့် NLD ပါတီက ဖွဲ့စည်းခဲ့ကြသည်။

လက်ရှိတွင် ထိုဝန်ကြီးဌာနသည် တိုင်းရင်းသားအရေးအတွက် အားရလောက်သည့် လုပ်ကိုင်မှုနှင့် ပေါ်လွင်ထင်ရှားသည့် ဆောင်ရွက်မှု ကို မတွေ့ရဟု ဝေဖန်မှုများရှိနေသည်။ ယင်းအပြင် အဆိုပါ ဝန်ကြီးဌာနကို ပြည်ထောင်စုအဆင့်တွင် သီးသန့်ဝန်ကြီးဌာနတစ်ခုမထားဘဲ ပေါင်းစပ် ဝန်ကြီးဌာနတစ်ခုဖြစ်စေလိုကြောင်း အကြံပြုချက်များ ရှိနေသည်။

ထိုကိစ္စကိုလည်း အစိုးရအနေနှင့် ရှင်းလင်းသည့် ဖြေရှင်းချက် တစ်ခု လိုနေသည်ဟု ယူဆမိသည်။
တိုင်းရင်းသားအရေးဆိုသည်ကို အခြေခံမူအရ ကြည့်မည်ဆိုသော်  အခြေခံဥပဒေပြင်ဆင်ရေးနှင့် ငြိမ်းချမ်းရေးဘက်ကို ဦးလှည့်သွားမည် ဖြစ်သောကြောင့် အဆိုပါအရေးကိစ္စကို မရေးလိုတော့ပေ။ 

ပြည်တွင်းတိုင်းရင်းသားအရေးကိစ္စသာမက အခြားတစ်ဖက်ကို  ကြည့်မည်ဆိုပါကလည်း ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက် အမှတ်  (၆၁/၂၉၅ )တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ပြည့်စုံစွာဖော်ပြထားပြီး ကုလအဖွဲ့ဝင်နိုင်ငံများအနေနှင့်  အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည့် ကဏ္ဍများကိုလည်း ထည့်သွင်းထားသည်ကို တွေ့ရမည်ဖြစ်သည်။

ကုလ၏ ကြေညာချက်အပိုဒ် ၃၈ (ဗမအငခူန ၃၈) တွင် ဒေသခံတိုင်းရင်း သားများနှင့် ညှိနှိုင်းတိုင်ပင်ဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်နေ သောနိုင်ငံများသည် ဤကြေညာစာတမ်းပါ ရည်မှန်းချက်အောင်မြင်ရေး အတွက် ဥပဒေပြုရေးကို ဆီလျော်စွာ လုပ်ငန်းစီမံဆောင်ရွက်ရမည်ဟု ပါရှိသည့်အပြင် အပိုဒ် ၄၆ (ဗမအငခူန ၄၆)   ၌လည်း ဤကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်ကို အဓိပ္ပာယ်ဖွင့်ဆိုရာ၌ တရားမျှတရေး၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရေး၊ သာတူညီမျှမှုရှိရေး၊ ခွဲခြားဆက် ဆံမှုပပျောက်ရေး၊ ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် သဘောရိုး ထားရှိ  စေရေး စသော သဘောတရားနှင့်အညီ အဓိပ္ပာယ်ကောက်ယူရမည်ဟု ပါရှိနေသည်ကို တွေ့ရသည်။

NLD သည်  ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကောင်းကို မြင်ရပြီးသည် နှင့် အထက်တွင် ဖော်ပြခဲ့သည့် တိုင်းရင်းသားပါတီများ ပူးပေါင်းပါဝင်ရေး ထုတ်ပြန်ချက် ထုတ်လိုက်ခြင်းသည် ပေါင်းစုသော ရလဒ်ကောင်းကို မျှော်လင့် နိုင်သည်ဟု ယူဆနိုင်ပြီး အစိုးရအနေနှင့် လုပ်ဆောင်ခွင့်ရှိသည့် နေရာစုံမှ တိုင်းရင်းသားအရေးကို လက်တွဲလုပ်ဆောင်လိုသောဆန္ဒရှိနေသည်ဟု မှတ်ယူနိုင်ပြန်သည်။
၂၀၁၂ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုးကားပြောဆိုခဲ့သော ဗြီ ၏ စစ်တမ်းတွင် ပြည်တွင်းဆင်းရဲမွဲတေမှုသည် ၂၅ ဒသမ ၆ ရာခိုင်နှုန်း ရှိနေခဲ့ပြီး ယခု (၂၀၂၀)နှစ် စက်တင်ဘာလက  ဗြီ ၏ (၂၀၁၇ စစ်တမ်း) ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုသည် ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနေကြောင်း ဖော်ပြထားသည်။

အစိုးရ၊ ြီ့ဏ နှင့် ကမ္ဘာ့ဘဏ်တို့၏ ပေါင်းစည်းကောက်ယူသည့် စစ်တမ်း(၂၀၁၇ )တွင် ဆင်းရဲမွဲတေမှုနှုန်းသည် ချင်းပြည်နယ်တွင်  ၅၈ ရာခိုင်နှုန်း၊ ရခိုင်ပြည်နယ်တွင် ၄၁ ဒသမ ၆ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် တွင် ၃၆ ဒသမ ၆ ရာခိုင်နှုန်း ၊ မကွေးတိုင်းတွင် ၃၅ ဒသမ ၆ ရာခိုင်နှုန်း၊ ကယားပြည်နယ်တွင်  ၃၂ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းတွင် ၃၁ ဒသမ ၇ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းတွင် ၃၀ ဒသမ ၇ရာခိုင်နှုန်း၊ ရှမ်းပြည်နယ်တွင်  ၂၈ ဒသမ ၆ ရာခိုင်နှုန်း၊ ကရင်ပြည်နယ်တွင်  ၂၄ ဒသမ ၂ရာခိုင်နှုန်း ၊ နေပြည်တော်တွင် ၂၂ ဒသမ ၁ ရာခိုင်နှုန်း ၊ မွန်တွင် ၁၉ ဒသမ ၂ရာခိုင်နှုန်း၊ ပဲခူးတွင် ၁၇ ဒသမ ၄ ရာခိုင်နှုန်း၊ ရန်ကုန်တွင် ၁၃ ဒသမ ၇ ရာခိုင်နှုန်း၊ မန္တလေးတိုင်းနှင့် တနင်္သာရီ တွင် ၁၃ ဒသမ ၂ရာခိုင်နှုန်းဟု ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။

အဆိုပါ စစ်တမ်းကို ၂၀၁၇ ခုနှစ်က ကောက်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

၂၀၁၇ စစ်တမ်းအရ တစ်နိုင်ငံလုံး၏ ဆင်းရဲမွဲတေမှုမှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းဟု ဖော်ပြထားခြင်းကြောင့် ၂၀၁၂ ခုနှစ်အတွင်းက ဗြီ ၏ စစ်တမ်းကို ဒေါ်အောင်ဆန်းစုကြည် ကိုးကားပြောဆိုခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့် ပါက ဆင်းရဲမွဲတေမှုနှုန်းသည် ဝ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု မှတ်ယူနိုင်သည်။

ထို့အပြင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းသည် ၂၀၁၈-၁၉ နှစ် တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်မှုရှိခဲ့ပြီး  ၂၀၁၉-၂၀ ခုနှစ်တွင် ကိုဗစ် ကြောင့် ဝ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားနိုင်သည့်အပြင် ကိုဗစ်ကူးစက် မှုသည် ရေရှည်နေမည်ဆိုပါက ၂ ဒသမ ၅ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်း နိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပြန်သည်။ 

လက်ရှိတွင် NLD သည် အစိုးရဟောင်းကို ပေါင်းရှင်း၊ ရေလောင်း ၍ အစိုးရသစ်ကို ပြန်လည်ဖွဲ့စည်းရမည့်အချိန်နှင့် နီးကပ်နေပြီလည်းဖြစ် သည်။ တိုင်းရင်းသားအရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၂ စကားနှင့် ၂၀၂၀ ပြည့်နှစ် ၎င်း၏ပါတီမှ ထုတ်ပြန်စကားသည် အရွေ့မည်မျှ ရှိ၊ မရှိတော့ မှန်းဆမရသေးပေ။

၂၀၂၀၊ နိုဝင်ဘာ ၁၂ ရက်က NLD ပါတီ၏ထုတ်ပြန်ချက်တွင် တော့ အောက်ပါအတိုင်း အဆုံးသတ်ထားသည်။

'တိုင်းရင်းသားပါတီများအနေနှင့် အဖွဲ့ချုပ်ကဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တကြွ်ကြွက ပူးပေါင်း ပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်' ဟူ၍ပင်။
ထို့ကြောင့် အထက်တွင် ရေးသားခဲ့ပြီးဖြစ်သည့်  'ဒီကိန်းဂဏန်း တွေကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့ ပြည်နယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေဟာ ကျေနပ်ဖွယ်ရာမရှိဘူးဆိုတာ ထင်ရှားပါတယ်' ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ စကား။

အဆိုပါစကားကို  သတိရနိုင်ပါစေကြောင်း အသိပေးရေးသားလိုက်ပေသည်။

အောင်ထက်