News

POST TYPE

OPINION

UEC တပ်မတော်နှင့် ရွေးကောက်ပွဲ
03-Dec-2020


ရန်ပိုင် ။ ။ မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲကြီး ပြီးဆုံးသွားခဲ့တာ တစ်လနီးပါး ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများကား မပြီးဆုံးနိုင်သေးပေ။ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို နှစ်ပိုင်းခွဲလို့ဆိုရရင် ရွေးကောက်ပွဲမတိုင်မီ အငြင်းပွားမှုများနှင့် ရွေးကောက်ပွဲ ပြီး အငြင်းပွားမှုများ ဟူ၍ဆိုရာမှာ ရွေးကောက်ပွဲအပြီး အငြင်းပွားမှုများတွင် အဓိက အတိုက်အခံပါတီဟုဆိုရမည့် ကြံ့ခိုင်ရေးပါတီက ရွေးကောက်ပွဲ ဆိုင်ရာ မဲရလဒ်များအပါအဝင် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပပေးရန်အထိ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲကော်မရှင်မှလည်း အဆိုပါတောင်းဆိုမှုများသည် ရွေးကောက်ပွဲကော်မရှင်ဥပဒေအရ နိုင်ငံရေးပါတီတစ်ရပ်ကို ဖျက်သိမ်းသည်အထိ ဆောင်ရွက်နိုင်သည်ဟု နိုင်ငံပိုင်သတင်းစာများမှနေ၍ ပြန်လည်ရေးသားခဲ့ရာ အနည်းငယ်ငြိမ် သက်မှုများရှိလာသည်ကို တွေ့မြင်လာရသော်လည်း ရွေးကောက်ပွဲ အငြင်းပွားမှုဆိုင်ရာ စည်းအတွင်းသို့ နောက်ဆုံးဝင်ရောက်လာသည်မှာ တပ်မတော်ဟု ဆိုရမည်ဖြစ်ပါတယ် ကိုရန်နိုင်ရေ။ 

ရန်နိုင် ။ ။ ဟုတ်ပါတယ် ကိုရန်ပိုင်ရေ။ ရွေးကောက်ပွဲဆိုင်ရာ တပ်မတော် သဘောထားနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲနေ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် သတင်းထောက်များနဲ့တွေ့ဆုံစဉ် ပြည်သူ့ဆန္ဒနဲ့အညီ ထွက်ပေါ်လာသည့်ရလဒ်ကို လက်ခံရမည်ဖြစ်ပြီး ငြင်းပယ်၍မရကြောင်း ပြောဆိုခဲ့ပါတယ်။ 

ထို့ကြောင့် ရွေးကောက်ပွဲပြီးနောက် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများပေါ်ပေါက်လာပြီး ကြံ့ခိုင်ရေးပါတီ၏ နိုဝင်ဘာလ ၁၂ ရက်ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် လွတ်လပ်၍တရားမျှတပြီး ဘက် လိုက်မှုကင်းသော၊ မတရားသည့်နည်းလမ်းဖြင့် မဲဆွယ်မှုကင်းသည့်ရွေး ကောက်ပွဲဖြစ်ရန် ရွေးကောက်ပွဲကော်မရှင်အနေနှင့် တပ်မတော်နှင့် ပူးပေါင်းပြီး ရွေးကောက်ပွဲများ အမြန်ဆုံးပြန်လည်ကျင်းပပေးရန် တောင်းဆိုချက်အပေါ် တပ်မတော်နှင့် ညှိနှိုင်းထားခြင်းမရှိ၊ တပ်မတော်၏ သဘော ထားမဟုတ်ကြောင်း တပ်မတော်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောကြားခဲ့တာလည်း ကြားမိလိုက်ပါတယ်ဗျ။ အလားတူ တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သည် နိုင်ငံရေးပါတီ မဟုတ်တဲ့အတွက် နိုင်ငံရေးပါတီတစ်ရပ်ကဲ့သို့ လုပ်ဆောင်သွားရန်လည်းမရှိဟု  ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တစ်ဦးမေးတာကို ပြန်လည် ဖြေကြားခဲ့ပါတယ်။ 

သို့သော်လည်း နိုဝင်ဘာလကုန်ပိုင်းတွင် တပ်မတော်မှ သဘော ထားထုတ်ပြန်ချက်ဟူ၍ ထွက်ပေါ်လာပြီး အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် ချက်များကို ဥပဒေနှင့် ညီညွတ်ရေး၊ ဖြောင့်မတ်မှန်ကန်၍ တရားမျှတမှု ရှိရေးတို့ကို ကြပ်မတ်ထိန်းကျောင်းရန်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေနှင့်လည်း တပ်မတော်မှ ပြန်လည်စိစစ်လျက်ရှိသည့် တပ်မတော်သားနှင့် မိသားစုဝင်များ၏ ဆန္ဒမဲပေးခဲ့ကြသည့် ၂၁၈ မြို့နယ်၌ ဥပဒေနှင့်အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်း ရှိ မရှိကို စိစစ်သုံးသပ်ရာတွင် လိုအပ်သောစာရွက်စာတမ်းများ ဥပဒေနှင့်အညီ ကူးယူခွင့်ပြုရေး စသည့် အချက်များပါ သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ရည်ရွယ်ချက်မှာ လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲအဖြစ် အများ ပြည်သူ သံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရဖြစ်သော တရားဥပဒေကို လေးစားလိုက်နာခြင်း စသည့် အချက်များပါသော သဘောထားထုတ်ပြန်ချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။

ရန်ပိုင် ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင်များအပေါ် စွပ်စွဲပြစ်တင်ခြင်းနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း (၉) ရွေးကောက်တင်မြှောက်ခြင်းအခန်း ပုဒ်မ ၄၀ဝ ပုဒ်မခွဲ    (က) ပါအရ အကြောင်းတစ်ရပ်ရပ်ဖြင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်တစ်ဦးဦးကို စွပ်စွဲပြစ်တင်ခြင်းကို နိုင်ငံတော် သမ္မတကသာ ပြုလုပ်နိုင်ကြောင်း ဆိုပါတယ်ဗျ။ ဒါ့အပြင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ အခန်း (၆) ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့် ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ အခန်း ပုဒ်မ (၁၈) ပုဒ်မခွဲ (ဈ) အရ ကော်မရှင် က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စ များနှင့်စပ်လျဉ်း၍ ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းခြင်း စတဲ့ အချက်အလက်အရဆိုလျှင် တပ်မတော်၏ သဘောထားထုတ်ပြန်ချက်သည် ဥပဒေကြောင်းအရ ပွတ်တိုက်မှုရှိခဲ့တာအမှန်ပါ။

ရန်နိုင် ။ ။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း ကျင်းပပြီးစီး ခဲ့သည့် အထွေထွေရွေးကောက်ပွဲဆိုင်ရာ စာရင်းဇယားများနှင့် ရာခိုင်နှုန်း များကို နိုဝင်ဘာလ ၃၀ တွင် ကြေညာချက် အမှတ်(၂၆၈/၂၀၂၀) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဆက်တိုက်ဆိုသလို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ၊ စာရွက်စာတမ်းများကို ကူးယူခွင့်မပြုရန် ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိများကို ဒီဇင်ဘာ ၁ ရက်နေ့စွဲဖြင့် ထုတ်ပြန်ညွန်ကြားထားကြောင်း နေ့စဉ်ထုတ်သတင်းစာများတွင် ပါရှိလာပါတယ်။

ရန်ပိုင် ။ ။ တပ်မတော်၏ သဘောထားထုတ်ပြန်ချက်ပါ တပ်ရင်းတပ်ဖွဲ့များ၊ တပ်မတော်သားများနှင့် ယင်းတို့၏မိသားစုဝင်များ ဆန္ဒမဲပေးခဲ့သည့် မြို့နယ် ၂၁၈ မြို့နယ်များတွင် စိစစ်သုံးသပ်ခြင်းနှင့် လိုအပ်ရင် စာရွက် စာတမ်းများ ကူးယူခွင့်ပြုရေးနှင့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ လွှတ်တော်အသီးသီး၏ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင် ရာ စာရင်းဇယားများ၊ ရာခိုင်နှုန်းများထုတ်ပြန်ချက်များအရ ပြည်သူ လွှတ်တော်ရွေးကောက်ပွဲကျင်းပသည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်များကို အခြေခံပြီး ကွာဟချက်ကို တွက်ချက်မည်ဆိုပါက ၉၇ မြို့နယ်သာကျန်ရှိ သောကြောင့် တစ်နိုင်ငံလုံးသဘောဆောင်နေတာလည်း တွေ့ရပါတယ်ဗျ။ ဘယ်လိုပင်ရှိစေ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနှင့် ပတ်သက်ပြီး ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသည် အပြီး အပြတ်ဖြစ်စေရမည်ဟု ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေတွင် ပြဋ္ဌာန်းထားပါကြောင်း။

အဂ္ဂ