News

POST TYPE

OPINION

နိုင်ငံရေးသမားတွေ အုပ်ချုပ်ရေးအမြင် ရှိဖို့လိုသည်
03-Dec-2020


မကြာမီက ရုပ်သံတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပါတီဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းခဲ့သည်ကို ကြည့်ရှုလိုက်ရပါသည်။ မေးမြန်းသူက အနိုင်ရပါတီအနေနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရဝန်ကြီးချုပ်များအဖြစ်မည်ကဲ့သို့သောပုဂ္ဂိုလ်များကို ရွေးချယ်ခန့်အပ်တာဝန်ပေးအပ်ပါမည်လဲဟု မေးမြန်းခဲ့ပါသည်။

NLD ပါတီမှ တာဝန်ရှိသူက ပြန်လည်ဖြေကြားရာတွင် 'ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်များကို ရွေးချယ် ခန့်အပ် တာဝန်ပေးအပ်ရာတွင် ပါတီအပေါ်သစ္စာရှိသူများကို အဓိကထား  ရွေးချယ်သွားမည်ဖြစ်ပြီး ထိုသို့ရွေးချယ်ခြင်းခံရသူသည် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင် စသည်တို့ရှိရမည်ဖြစ်ပြီး စီးပွားရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းများကို ဇောင်းပေးပြောဆိုသွားသည်ကို ကြား သိလိုက်ရပါသည်။

NLD ပါတီ တာဝန်ရှိသူ၏ ပြောစကားများအနက် အုပ်ချုပ်ရေး အမြင်နှင့်ပတ်သက်၍လည်းကောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းနှင့်ပတ်သက်၍လည်းကောင်း ထည့်သွင်းပြောဆိုသွားသည်ကို မကြားလိုက်ရပါ။ ပြည် ထောင်စုအဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် တာဝန်ယူဆောင်ရွက်မည့်သူများသည် နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်များ ရှိရမည်ဆိုသောအချက်ကို မည်သို့မှအငြင်းပွားစရာအကြောင်းမရှိပါ။ သို့သော် ဖြေကြားသူအနေဖြင့် (အမှတ်တမဲ့ဖြစ်သွားသည်လား၊ အရေး မကြီးဟုယူဆသည်လား မပြောတတ်ပါ) အုပ်ချုပ်ရေးအမြင်ကို လျစ်လျူရှု ကာပြောကြားသွားသည်ကိုတော့ ဘဝင်မကျမိသည်မှာ အမှန်ပင်ဖြစ်ပါသည်။

အုပ်ချုပ်ရေးအမြင်၊ အုပ်ချုပ်ရေးအလုပ်ဆိုသည်မှာ 

ပြီးခဲ့သည့် နဝတ၊ နယက အစိုးရများလက်ထက်တွင် အရာရှိများ၏ ရုံးခန်း၌ မြင် ၄ မြင်ဆိုသော စာသားများကို ရုံးခန်းအတွင်းနံရံ၌ ကပ်ထား ရသည်။ မြင် ၄ မြင်ဆိုသည်မှာ နိုင်ငံရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ စီးပွားရေး အမြင်နှင့် ကာကွယ်ရေးအမြင်တို့ ဖြစ်ကြသည်။ ယခုအခါတွင် နိုင်ငံတကာ အမြင်ဆိုသောအချက်ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။ အုပ်ချုပ်ရေးအမြင်ဆိုသည်မှာ ဘာဆိုသည်ကို တိတိကျကျ ပြောရခက်ပါသည်။ အုပ်ချုပ်ရေးအလုပ်သည် ဟိုစပ်စပ် သည်စပ်စပ် နေရာတကာတွင်ပါနေရပြီး ဟင်းတကာတွင် မပါမဖြစ်ပါနေရသည့် ဆားပမာပင်ဖြစ်ပါသည်။

မြင်လွယ်ဆုံးသောဥပမာကိုပေးရလျှင် အုပ်ချုပ်ရေးသမားသည်မြန်မာဆန်သောမိသားစုမှ အိမ်ထောင်ရှင်မတစ်ဦးနှင့်တူပြီး အုပ်ချုပ်ရေး အလုပ်သည် အိမ်ထောင်တစ်ခုကို ထိန်းသိမ်းရသည့်အလုပ်နှင့် အလားသဏ္ဌာန် တူပါသည်။ အိမ်ရှင်မတစ်ဦးသည် နံနက်မိုးလင်း အိပ်ရာမှထသည်နှင့် မိသားစုများ စားဖို့သောက်ဖို့ စီမံရသည်။ ရေနွေးအိုးတည်ရသည်။ မြို့ပေါ်နေအိမ်များဆိုလျှင် စည်ပင်သာယာ ရေလာသည့်အချိန် ရေခံရသည်။ အိပ်ရာမှ နိုးထလာသည့် မိသားစုများအတွက် လက်ဖက်ရည်၊ ကော်ဖီနှင့် စားဖွယ်ရာများ စီမံရသည်။

ကျောင်းသူ ကျောင်းသားများရှိလျှင် ကျောင်းအမီ ထမင်းချိုင့်ထည့် ဖို့ ချက်ရပြုတ်ရ၊ စီမံရသည်။ ကလေးတွေ ကျောင်းသွားပြီးနောက် လင် ယောကျာ်းအလုပ်သွားဖို့အတွက် ထမင်းချိုင့်ထည့်ခြင်းအပါအဝင် လိုအပ် သည်များလုပ်ပေးရသည်။ အားလုံးသွားကြပြီဆိုသောအခါ အမောအဖြေ နိုင်သေးဘဲ ဈေးသို့အပြေးအလွှားသွားပြီး ဈေးဝယ်ရပြန်သည်။ ဈေးက ပြန်လာမှ ညနေစာအတွက် ချက်ပြုတ်ရသလို နောက်တစ်နေ့စာအတွက် ချန်သင့်တာချန်ရသည်။ ချက်ပြုတ်ပြီးတော့မှ လင်ယောကျာ်း၊ သားသမီး တို့ ချွတ်ပုံထားခဲ့သည့် အဝတ်တွေကိုလျှော်ဖွပ်ရသလို ယမန်နေ့က လျှော်ဖွပ် ပြီးသောအဝတ်တို့ကို မီးပူတိုက်ရပြန်သည်။

အိမ်ရှင်မတစ်ယောက်အတွက် နေ့လယ်စာ စားရသည်အချိန်ကား နေ့မွန်းတည့် ၁၂ နာရီနှင့် မွန်းလွဲတစ်နာရီခန့်တွင်ဖြစ်သည်။ နေ့လယ်ပိုင်း တွင် (သီးခြားအိမ်အလုပ်မရှိပါက)ခေတ္တခဏအနားယူပြီး ကျောင်းဆင်း ပြန်လာမည့်ကလေးများအတွက် ပြင်ဆင်ရသလို ညနေ သို့မဟုတ် ညဉ့်နက် မှပြန်လာမည့်လင်ယောကျာ်းအတွက်လည်း စီစဉ်ဆောင်ရွက်ရပြန်သည်။ အချိန်ကိုစီမံခန့်ခွဲရသည့်အလုပ်ကား လွယ်မယောင်နှင့် ခက်ခဲသောအလုပ် ပင်ဖြစ်ပါသည်။ လင်ယောကျာ်းက မကျေမနပ် ဘဝင်မကျ ပြောဆိုခြင်း ကို ခံရတတ်သလို အိမ်ရှင်မများအတွက် အဖြေရအခက်ဆုံးမေးခွန်းသည် ကား 'မင်းတစ်နေကုန် ဘာလုပ်နေလဲ'ဆိုသည့် မေးခွန်းပင်ဖြစ်ပါသည်။(အလုပ်တစ်ဖက်နှင့် အိမ်ရှင်မများ၏ တစ်နေ့တာလုပ်ငန်းများကား ပုံစံ တစ်မျိုး ဖြစ်ပါသည်)။
အိမ်ရှင်မများသည် ဤသို့လုပ်ကိုင်နေရသည့်အတွက် အမြဲတစေ မျက်နှာကောင်းရသည်တော့မဟုတ်ပါ။ လခစားဝန်ထမ်းများ၏ဇနီးများ ဆိုလျှင် လကုန်ခါနီးရက်တွင် ငွေကုန်မသွားရန် ထိန်းသိမ်းသုံးစွဲနေရသည့် အထဲ မလောက်မငဖြစ်သည့်အခါ လင်ယောကျာ်း၏ ကြိမ်းမောင်းသံကား ခြင်္သေ့ဟောက်သံအလားသဏ္ဌာန်ပင် ဖြစ်သည်။ တစ်လနှင့်တစ်လ အလျင်မီအောင်၊ ဝင်ငွေနှင့်ထွက်ငွေမျှတအောင်၊ သားသမီးများလိုချင် သည်ကိုလည်း ဖြည့်ဆည်းပေးနိုင်အောင် ငွေကြေးကို စီမံခန့်ခွဲရသည့်အလုပ် ကား အခက်အခဲဆုံးအလုပ်ပင် ဖြစ်ပါသည်။

အုပ်ချုပ်ရေးသမားတို့သည်လည်း ထိုနည်းအလားသဏ္ဌာန်ပင် ဖြစ်ပါသည်။ နိုင်ငံရေးသမားတို့ သွားချင်သောလမ်းကြောင်းကို ဖြောင့် တန်းမှန်ကန်စွာရောက်ရှိအောင် ဆောင်ရွက်ပေးရသည်။ နိုင်ငံရေးသမား တို့ လုပ်ချင်သောအလုပ်သည် ဥပဒေနှင့်ညီမညီ၊ နည်းဥပဒေ လုပ်ထုံးများ နှင့်ညီမညီ စိစစ်ပြီး ဘေးမသီရန်မခအောင် ဆောင်ရွက်ပေးရသည်။

နိုင်ငံရေးသမားဟူသည် အတိုက်အခံများသည်။ အတိုက်အခိုက်များ ရှိသည်။ ထို့ကြောင့် ၎င်းတို့အား  အတိုက်အခံတို့၏ရန်မှ အကာအကွယ်ပေး ရမည်မှာ အုပ်ချုပ်ရေးသမားတို့၏ အလုပ်ဖြစ်သည်။ မည်သည့်ပါတီမှ တက် လာသော မည်သူပင်ဖြစ်ပါစေ ပြည်သူတို့ကရွေးကောက်တင်မြှောက်လိုက် ၍ တက်လာသူတို့၏ ဦးဆောင်မှုကို ခံယူပြီး ထိုသူတို့အကောင်အထည် ဖော်လိုသောကိစ္စကို ဥပဒေနှင့်အညီ အောင်မြင်အောင်ဆောင်ရွက်ပေး ရမည်မှာ အုပ်ချုပ်ရေးသမားတို့၏အလုပ်ဖြစ်သည်။

ယာဉ်မောင်းသူနှင့်ဥပမာပေးရသော် ယာဉ်မောင်းသူသည် မိမိနံဘေးမှ လိုက်ပါလာသူ မိမိ သျြ ၏အလိုကျ သွားလိုသောခရီးကို ဘေးမသီရန်မခ ရောက်ရှိအောင် မောင်းနှင်ပေးရမည့်တာဝန်ရှိသည်။ လမ်းတွင်တွေ့ရသော ချိုင့်ခွက်များ၊ အတားအဆီးများကို ကျော်ခွမောင်းနှင်ရမည်ဖြစ်သလို တောင်စောင်း တောင်ကမ်းပါးများတွင်လည်း ချောက်ထဲမကျအောင် မောင်းနှင်နိုင်ရပါမည်။ ပြောရလျှင်တော့ ယာဉ်စည်းကမ်း လမ်းစည်းကမ်း  နှင့်အညီမောင်းနှင်၍ ယာဉ်အန္တရာယ်မဖြစ်အောင် မောင်းနှင်ရေးမှာ ကျွမ်းကျင်သော ယာဉ်မောင်းမှသာ ဖြစ်နိုင်ပါသည်။

ထို့ကြောင့် အုပ်ချုပ်ရေးသမားဆိုရာတွင်လည်း မည်ကာမတ္တ အုပ်ချုပ်ရေးသမားမဟုတ်ဘဲ အုပ်ချုပ်ရေးလုပ်ငန်းတွင် ကျွမ်းကျင်သူဖြစ် ရပါမည်။ ထိုသူတို့ကို နိုင်ငံရေးသမားက အသိအမှတ်ပြုရပါမည်။ နေရာ ပေးရပါမည်။ ချီးမြှင့်မြှောက်စားရပါမည်။ ဆိုရလျှင်တော့ နိုင်ငံရေးသမားသည် အုပ်ချုပ်ရေးလုပ်ငန်းကို မကျွမ်းကျင်သော်မှ အုပ်ချုပ်ရေးအမြင်ရှိရပါမည်။

အုပ်ချုပ်ရေးအမြင်ရှိသော နိုင်ငံရေးသမား

အုပ်ချုပ်ရေးအမြင်ရှိသော နိုင်ငံရေးသမားတို့သည် အုပ်ချုပ်ရေး သမားတို့ကို နားလည်ကြသည်။ အုပ်ချုပ်ရေးလုပ်ငန်းအပေါ် နားလည်မှု ရှိကြသည်။ သူတို့သည် မိမိတို့၏ ခိုင်းဖတ်များမဟုတ်၊ သူတို့သည် မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များဖြစ်သည်။ သူတို့သည် မိမိတို့ကို အထောက်အကူပြု နေသူများဖြစ်သည်။ သူတို့သည် ယခင်အစိုးရအပေါ် သစ္စာရှိခဲ့သလို မိမိ တို့အပေါ်တွင်လည်း သစ္စာရှိမည့်သူဖြစ်သည် စသည့်အမြင်မျိုးရှိကြသည်။

အုပ်ချုပ်ရေးသမားတို့သည် အချိန်ကို စီမံခန့်ခွဲနေရသည်။ သူတို့ သည် ငွေကြေးကို စီမံခန့်ခွဲနေရသည်။ သူတို့သည် လူကိုစီမံခန့်ခွဲနေရသည်။သူတို့သည် အလုပ်ကို စီမံခန့်ခွဲနေရသည် စသည်ဖြင့် နားလည်ဖို့လိုသည်။ ထိုသို့နားလည်မှသာ သူတို့ကိုတာဝန်ပေးသည့်အခါ လုံလောက်သော အချိန်ပေးရမည်ကို သိမည်။ လုံလောက်သောငွေကြေးကို ပံ့ပိုးပေးရမည်ကိုသိမည်။ လုံလောက်သောလူအင်အား ဖြည့်ဆည်းပေးမည်ကိုသိမည်။ သူတို့ကိုတာဝန်ပေးသည့်အခါ မနိုင်ဝန်ကိုထမ်းခိုင်းသလိုမဖြစ်အောင်ဝန်နှင့်အား မျှတအောင်ပေးရမည် ဆိုသည်ကိုလည်း သိမည်။

သို့မှသာလျှင် မိမိတို့အကောင်အထည်ဖော် ဆောင်ရွက်လိုသည့် လုပ်ငန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မှန်ကန်သည့်နည်းလမ်းများဖြင့် ဦးဆောင်မှုပေးနိုင်မည် ဖြစ်ပါသည်။ ဤသို့ဆိုသည့်အတွက် လိုအပ်သည်တို့ကို အပြည့်အဝပံ့ပိုးပေးထားပြီးဖြစ်၍ ပြန်လှည့် ကြည့်စရာမလိုဘဲ မျက်နှာလွဲခဲပစ်လုပ်ထားရမည်ဟု ဆိုလိုခြင်းမဟုတ်ပေ။ ငွေကြေးသုံးစွဲခြင်းမှအစ လုပ်ငန်းပြီးစီးမှု၊ သတ်မှတ်စံချိန်စံညွှန်းများနှင့်ညီညွတ်မှု၊ အချိန်မီပြီးစီးခြင်း ရှိမရှိကိုမူ သင့်လျော်ရာ နည်းလမ်းများဖြင့် စစ်ဆေးကြီးကြပ်၊ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ပါသည်။

နိုင်ငံရေးသမားတို့ အထူးသတိထားရမည့်အချက်မှာ အုပ်ချုပ်ရေး သမားတို့အား တပည့်မွေးခြင်းမပြုရန်နှင့် မသမာသောနည်းလမ်းများဖြင့်  မိမိကိုယ်ကျိုးအတွက် လုပ်ဆောင်စေခြင်းမပြုရန်ပင်ဖြစ်ပါသည်။ လောကတွင် ဆရာမွေးခြင်း၊ တပည့်မွေးခြင်းလုပ်ငန်းသည် ဆရာမွေးသူ သို့မဟုတ် တပည့်မွေးသူအား ခေတ္တခဏ ယာယီအားဖြင့် အကျိုးပြုကောင်းပြုနိုင် မည်ဖြစ်သော်လည်း ရေရှည်တွင် နှစ်ယောက်စလုံးသည် ပျက်စီးခြင်းသို့သာ ဦးတည်မည်ဖြစ်ပါသည်။ နိုင်ငံရေးသမားတို့ ကျင့်သုံးသင့်သောနည်း လမ်းမှာ မိမိကိုယ်တိုင် အုပ်ချုပ်ရေးလုပ်ငန်းကို နားလည်အောင် ကြိုးစား ခြင်းနှင့် အုပ်ချုပ်ရေးသမားတို့ကို မိမိတို့နိုင်ငံရေးပါတီ၏ နိုင်ငံရေးရည် မှန်းချက်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ့ဘဝ သာယာရေးအတွက် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များကို နားလည်အောင် ရှင်းပြခြင်းပင်ဖြစ်ပါသည်။ (ဥပမာ-တရားဥပဒေစိုးမိုးရေး၊ ငြိမ်းချမ်းရေးရရှိရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေး စသည်များ)။

နိုင်ငံရေးသမားတို့သည် မိမိတာဝန်ယူဆောင်ရွက်ရသည့်ဌာန သို့မဟုတ် မိမိတာဝန်ယူဆောင်ရွက်ရသည့် ဒေသအကြောင်းကို အူမချေးခါး မကျန် သိရှိအောင်လေ့လာခြင်း၊ ထိုဌာနက ကျင့်သုံးဆောင်ရွက်နေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း စသည်တို့ကို သိရှိနားလည်အောင် လေ့လာပြီး ခေတ်နှင့်မလျော်ညီသော၊ ပြည်သူကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း စသည်တို့ကို ပြင်ဆင်ရန် ကြိုးပမ်းရမည်ဖြစ်ပါသည်။

တိုင်းရင်းသားဒေသများတွင် တာဝန်ယူဆောင်ရွက်ရသည့် ဒေသခံ တိုင်းရင်းသားမဟုတ်သူတို့အနေဖြင့်လည်း ဒေသခံတိုင်းရင်းသားတို့၏ ရိုးရာဓလေ့ထုံးစံများနှင့် လိုက်လျောညီထွေစွာ ပြုမူနေထိုင်ခြင်း၊ ဒေသ ဓလေ့ထုံးစံများကို မဆန့်ကျင်ခြင်းနှင့် အုပ်ချုပ်ရေးသမားတို့၏ အကူအညီ ဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် အစွမ်းကုန်လုပ်ဆောင်ခြင်းဖြင့်သာလျှင် ဒေသခံများက လက်ခံသည့် အောင်မြင်သောနိုင်ငံရေးသမားတစ်ယောက် ဖြစ်လာမည် ဖြစ်ပါသည်။

နိဂုံးချုပ်အားဖြင့် ဆိုရပါလျှင် နိုင်ငံရေးသမားများသည်လည်း နယ်ပယ်အသီးသီးမှ လာကြသူများဖြစ်ပါသည်။ ဤဆောင်းပါးအစတွင် ဖော်ပြထားသည့် ပါတီတာဝန်ရှိသူတစ်ဦး၏ ပြောစကားအရဆိုလျှင် ယခု  ရွေးကောက်တင်မြှောက်ခံရသည့် ကိုယ်စားလှယ်များတွင် ဆရာဝန်၊ အင်ဂျင်နီယာ၊ ဥပဒေပညာရှင်များ လေးဆယ်၊ ငါးဆယ်၊ ခြောက်ဆယ်၊ ခုနစ်ဆယ် စသည်ဖြင့်ပါရှိကြောင်းနှင့် စီးပွားရေးပညာရှင်များလည်း ပါဝင်ကြောင်းသိရပါသည်။ ထိုသူတို့သည် မိမိတို့သက်ဆိုင်ရာနယ်ပယ် တွင် အထူးကျွမ်းကျင်လိမ္မာကြမည် ဆိုသည်မှာ ပြောစရာမလိုပါချေ။

သို့ရာတွင် လွှတ်တော်အသီးသီးတွင် ပါဝင်ဆွေးနွေးရာတွင်လည်းကောင်း၊ အဆိုများတင်ပြရာတွင်လည်းကောင်း၊ ဥပဒေကြမ်းများကို ဆွေးနွေး ရာတွင်လည်းကောင်း ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှ အမြင်အမျိုးမျိုး ဖြင့် ဆွေးနွေးနိုင်ရမည် ဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုအဆင့်အဖွဲ့ အစည်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဖွဲ့အစည်းများတွင် တာဝန်ပေးအပ်ခြင်းခံရပါကလည်း ပေးအပ်သည့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့ လိုအပ်ပါသည်။

ထိုသို့ဖြစ်စေရန်အတွက်မှာမူ နိုင်ငံရေးအမြင်၊ ကာကွယ်ရေးအမြင်၊ စီးပွားရေးအမြင်၊ နိုင်ငံတကာအမြင်နှင့် အုပ်ချုပ်ရေးအမြင်စသည့် အမြင် ၅ မြင်ဖြင့် ပြည့်စုံရန်လိုအပ်ပြီး အုပ်ချုပ်ရေးအမြင်/အုပ်ချုပ်ရေးအလုပ်သည် အခြားသောအမြင်၊ အခြားသောအလုပ်များကို အထောက်အကူပြုသည့် (ဟင်းလျာတွင် မပါမဖြစ်သည့် ဆားသဖွယ်ဖြစ်သည့်)အတွက်ကြောင့် လက်လွှတ်၍မရပါကြောင်း ရေးသားလိုက်ရပါသည်။

သိန်းထက်အောင်