News

POST TYPE

OPINION

ဒေါ်ခင်မျိုးဆွေ (ကျောင်းသားမိဘ ၊ ISM ကျောင်း) နှင့် တွေ့ ဆုံခြင်း
03-Dec-2020
"ခြိမ်းခြောက်မှုဆိုတာက မူလတန်းကလေးတွေကိုဆိုရင် မိဘတွေက စီးပွားပျက်သွားလို့ ငွေမသွင်းထားဘူးတွေ၊ ငွေမသွင်းရင် လိုင်းပိတ်တော့မယ် ဆိုတာတွေပေါ့"



International School of Myanmar (ISM) ကျောင်းအနေနှင့် ယခု ကိုဗစ်ကာလ ပညာသင်နှစ်တွင် Deposit ကြေး ဒေါ်လာ ၁၀ဝ၀ အထိ တိုးကောက်သည့်အပြင် ဒုတိယအကြိမ် ကျောင်းဖွင့်ချိန်မှသာ ခုနှိမ်ရန် စီစဉ်ခြင်း၊ ကိုဗစ်ကာလ အွန်လိုင်းဖြင့် သင်ကြားသော်လည်း ကျောင်းလခ ဖြေလျှော့မပေးသည့်အပြင် ပုံမှန်စာသင်နှစ်ကဲ့သို့ ကျောင်းလခအပြည့်ပေးသွင်းရန် ဖိအားပေးခံရခြင်း၊ သင်ကြားရေးဆိုင်ရာဝန်ဆောင်မှု အားနည်းခြင်းတို့ကြောင့် ညှိနှိုင်းဖြေရှင်းပေးရန် ကျောင်းသားမိဘများက ရန်ကုန်တိုင်း စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားထားသည်။

ISM ကျောင်း ဝန်ဆောင်မှုများ၊ ကြုံတွေ့ရသည့် အခြေအနေများနှင့်ပတ်သက်၍ အဆိုပါကျောင်းမှ ကျောင်းသားမိဘဖြစ်သူ ဒေါ်ခင်မျိုးဆွေထံ The Voice Daily က ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

Voice : ISM ကျောင်းအနေနဲ့ ယခုပညာသင် နှစ်မှာ ပညာရေးအပိုင်းမှာ အားနည်းမှုတွေ ရှိလို့ပါလား။ 
DKMS : ပညာရေးအပိုင်းမှာလည်း အားနည်းမှုတွေရှိပါတယ်။ ဆရာတွေ လုံလုံလောက်လောက် မငှားရမ်းတာတွေ ငါးယောက်ခန့်ရမယ့်နေရာမှာ လေးယောက်ပဲခန့်တာတွေ ရှိတယ်။ ကျောင်းပိုင်ရှင် တွေက အုပ်ချုပ်ရေးအပိုင်းမှာ ဝင်စွက်ဖက်တဲ့အပိုင်းတွေပါလာတော့ ဆရာကောင်းတွေရဖို့ ခဲယဉ်းလာပါတယ်။ သူတို့ပြောစကားနားထောင်တဲ့ ဆရာတွေ ဖြစ်လာတဲ့အချိန်မှာ သင်ကြားရေးအပိုင်းမှာ အားလျော့ လာတာတွေရှိပြီး တချို့ဘာသာရပ်တွေမှာဆို တော်တော်ဆိုးဆိုးဝါးဝါးတွေ ကြုံရပါတယ်။

Voice : ဒီလိုဖြစ်စဉ်မျိုးတွေက ဘယ်လောက်ကြာပြီလဲ။
DKMS : ဒါတွေဖြစ်လာတာ ၇ နှစ်လောက်ရှိပါပြီ။ အရှေ့နှစ်တွေမှာ မိဘတွေရဲ့ အသံနားထောင်တော့ ပြုပြင်လာခဲ့တော့ တော်တော်လေးအဆင်ပြေခဲ့ ပါတယ်။ အဲ့ဒီနောက်ပိုင်းတော့ အဆင်မပြေတာတွေ ရှိလာတယ်။ မိဘတွေပြောတာတွေဆိုလည်း လုပ်ပေးနေပါတယ်ဆိုတာနဲ့ပဲ အမှန်တကယ်ပြေလည်ဖို့ အတွက် ဦးတည်နေတယ်ဆိုတာ နည်းသွားတယ်။ သူတို့ဘက်က မကြိုက်ရင် ကျောင်းပြောင်းပါတွေ ခဏခဏပြောခဲ့ပါတယ်။ ကလေးတွေကလည်း ဒီကျောင်းမှာစာသင်ခဲ့တာ နှစ်တွေများလာတော့လည်း ကျောင်းပြောင်းတာတွေ မလုပ်ချင်တော့လို့ သည်းခံပြီးထားခဲ့တာပါ။

Voice : ကိုဗစ်ကာလမှာ ISM အနေနဲ့ ကျောင်းဖွင့် ဖို့နဲ့ သင်ကြားရေးအပိုင်း ဘယ်လိုလုပ်ပေးပါလဲ။ 
DKMS : ကျောင်းဖွင့်ကာလ နောက်ဆုံးအပိုင်း ကိုဗစ်ကာလနဲ့ဆုံတာပေါ့။ ကျွန်မတို့က တစ်နှစ်ကို နှစ်ကြိမ် ငွေသွင်းရတယ်။ ငွေလည်းသွင်းပြီးသွားရော ကိုဗစ်ဖြစ်တယ်။ အွန်လိုင်း သင်ကြားမှုစတယ်။ ကျွန်မ တို့ ဈေးလျှော့ခိုင်းရမယ် နားလည်သော်လည်း သည်းခံလိုက်ပါမယ်၊ ပြောလည်း ထူးမှာမဟုတ်ဘူးဆိုပြီး ဘယ်သူမှ ဘာမှ မတောင်းဆိုခဲ့ပါဘူး။ ဒါပေမဲ့ အခက်အခဲတွေက အများကြီးဖြစ်လာတယ်။ နိုင်ငံခြားသားဆရာတွေ သင်ပေမယ့်လည်း အသက်ကြီးတဲ့ဆရာတွေဖြစ်နေတော့ နည်းပညာနဲ့ပတ်သက်ပြီး အားနည်းတာတွေရှိတယ်။ ဒါပေမဲ့လည်း စာသင်ကာလက လည်း နောက်ဆုံးကာလလည်းဖြစ်တယ်၊ တစ်ကမ္ဘာလုံးမှာဖြစ်နေတဲ့ ရောဂါဆိုးကြီးကြောင့်ဆိုတော့ မိဘတွေဘက်က အပြည့်အဝနားလည်မှုပေးခဲ့ပါတယ်။ 

Voice : ISM ကျောင်းအနေနဲ့ လက်ရှိ ပညာသင်နှစ်မှာရော ဘယ်လိုဆောင်ရွက်မှုတွေနဲ့ စတင်ခဲ့လဲ။ 
DKMS : ကျွန်မတို့ ၅ လပိုင်း အရင် စာသင်နှစ် အဆုံးမှာ သူတို့ကနေပြီး ရှေ့တစ်နှစ်မှာ လူကိုယ်တိုင် ကျောင်းတက်ရမယ်၊ ကျောင်းဖွင့်ချိန်ရောက်ရင် ကပ်ရောဂါကလည်း ပြီးလောက်တယ်ဆိုပြီး ပြောပါတယ်။ အဲ့ဒါကြောင့် ကျောင်းသားတွေအတွက် နေရာ ချန်ပေးစေချင်ရင် ငွေကြိုသွင်းထားဖို့ပြောပါတယ်။ အရင်ဆိုရင် ဒေါ်လာ ၅၀ဝ ကောက်ပါတယ်။ ဒီတစ်နှစ်မှာတော့ ဒေါ်လာတစ်ထောင် ကောက်ပါမယ်လို့ ပြောတယ်။ မိဘတွေကလည်း ပြောကြတယ်။ ဒီလို ကာလမှ ဒေါ်လာတစ်ထောင်ကောက်တာများတယ်ပေါ့။ အရင်လိုငါးရာပဲ ကောက်စေချင်တယ် ပြောတာကို သူတို့ဘက်က နားမထောင်ပါဘူး။ နောက်ပြီး ဒီနှစ်မှာ တစ်ထောင်ကောက်ပြီး ဒုတိယနှစ်ဝက်မှ ပြန်နုတ်ပေးမယ် ပြောပါတယ်။ အရင်ငါးရာကောက်တုန်းကတောင် ပထမနှစ်ဝက်မှာ နုတ်ပေးပါတယ်။ အကြောင်းအရင်းနှစ်မျိုး မကျေနပ်စရာတွေ ဖြစ်လာတယ်။ အဲဒါတွေကြောင့် ငါးလပိုင်းမှာ ငွေမသွင်းတဲ့ လူလည်း မသွင်းဘူး။ တချို့ကျတော့လည်း ကြောက်ပြီးသွင်းတာတွေရှိပါတယ်။ ဒီနှစ်ကျောင်းစဖွင့်မယ် ကြေညာတဲ့အချိန်မှာ ငွေကြိုသွင်းထားတဲ့ ကလေးတွေကိုတော့ စာပို့တာပေါ့။ မိဘတွေကိုတော့ သေချာရှင်းပြတာတွေမရှိဘူး။ ကျောင်းဖွင့်ရတာနဲ့ ပတ်သက်ပြီး လူကြီးတွေရဲ့ စစ်ဆေးမှုတွေ၊ A အဆင့်ရတာတွေ ပြင်ဆင်မှုတွေမပြောဘူး။ ဖွင့်ခွင့်ရတယ်လို့ပဲပြောပြီး ငွေမသွင်းထားတဲ့ကလေးတွေကို သွင်းပါ၊ မသွင်းရင် ဒီတစ်နှစ်လက်မခံဘူး ကျောင်းတက်လို့မရဘူးဆိုပြီးပြောတော့ ကျွန်မတို့လည်း သွားသွင်းလိုက်ပါတယ်။ 

Voice : ဒီနှစ်မှာကလေးတွေက ကျောင်းသွားပြီး ပညာသင်ခဲ့တဲ့အချိန်တွေရော ရှိခဲ့လား။ 
DKMS : ကျောင်းတက်ရမယ့်ရက် ရောက်ခါနီးကျတော့ ကျွန်မတို့ဆီမှာ ကိုဗစ်ဒုတိယလှိုင်းဖြစ်လာတော့ အစိုးရကျောင်းတွေလည်း ပိတ်လိုက်ရတော့ သူလည်း မဖွင့်တော့ဘူး ဖြစ်သွားတယ်။ ငွေသွင်းတဲ့အချိန်တုန်းက အစိုးရအထက်တန်းကျောင်းတွေလည်း ဖွင့်ထားတဲ့အချိန်ပါ။ ကျောင်းမဖွင့်ဖြစ်တော့ အွန်လိုင်းကပဲ သင်ကြားတော့မယ်ဆိုပြီး သတင်းထုတ်ပြန်တာပေါ့။

Voice : အွန်လိုင်းသင်ကြားရေးအပိုင်းမှာ ကျောင်းသားတွေအနေနဲ့ရော ဘာအခက်အခဲတွေ ရှိပါလဲ။
DKMS : အွန်လိုင်း သင်ကြားရေးကတော့ ကျောင်းချိန်အတိုင်း သင်ကြားပါတယ်။ အခုထိလည်း သင်ကြားပေးနေပါတယ်။ နိုင်ငံတကာသုံးသပ်ချက်တွေမှာ အွန်လိုင်းသင်ကြားမှုက ၃၀ ရာခိုင်နှုန်းပဲ ထိရောက်တယ်လို့ ပညာရှင်တွေ သုံးသပ်ထားပါတယ်။ ကျွန်မတို့ကိုယ်တိုင်လည်း ခံစားရပါတယ်။  ဥပမာ-ကိုယ်ကာယလေ့ကျင့်ခန်းဆိုရင် ဆရာနဲ့ သင်ပြီးလုပ်ရမယ့်အလုပ်ကို သူတို့က ဗီဒီယိုတစ်ခု ပေးလိုက်တယ်။  အဲဒီထဲကနေ လိုက်ကြည့်ပြီးတော့မှ ကိုယ့်ဟာကိုယ် ဗီဒီယိုပြန်ရိုက်ပြီး ဆရာဆီတင်လိုက်တယ်။ ဒါက တော်တော်အဆင်မပြေဘူး။ ထိရောက်မှုက တော်တော်နည်းပါတယ်။

Voice : လက်ရှိ မကျေလည်မှုတွေနဲ့ပတ်သက်ပြီး ISM ကျောင်းဘက်က ဆက်သွယ်တာ၊ တောင်းပန်တာမျိုးတွေ ရှိပါလား။ မိဘတွေအနေနဲ့ ဘာတွေ တောင်းဆိုချင်တာပါလဲ။
DKMS : ဆက်သွယ်တာတော့ရှိပါတယ်။ ကျောင်းလခရဖို့ ဆက်သွယ်ခြင်းပဲဖြစ်ပါတယ်။ သူပြောတာက ကျောင်းလခမပေးရင် လိုင်းပိတ်မယ်ဆိုတာမျိုးတွေ။ အွန်လိုင်းသင်ကြားရေးပြောင်းလိုက်တော့ သူတို့ ဘက်မှာ အရမ်းအကုန်အကျသက်သာသွားတယ်။ ကျောင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ ဆရာငှားခတွေ အရမ်းသက်သာသွားပါတယ်။ လက်ရှိမှာ ကျောင်းသားမိဘ ၁၀ဝ ကျော်လောက်က ကျွန်မတို့နဲ့ အတူ တောင်းဆိုမှုတွေမှာ ပါပါတယ်။ နောက်ပိုင်းမှာ သူတို့ဘက်က ခြိမ်းခြောက်မှုတွေရှိလာတော့ ကြောက်ပြီး ငွေသွင်းတာတွေရှိတော့ မိဘတချို့က ဘေးထွက်လိုက်တာတွေရှိပါတယ်။ ခြိမ်းခြောက်မှုဆိုတာက မူလတန်းကလေးတွေကိုဆိုရင် မိဘတွေက စီးပွား ပျက်သွားလို့ ငွေမသွင်းထားဘူးတွေ၊ ငွေမသွင်းရင် လိုင်းပိတ်တော့မယ်ဆိုတာတွေပေါ့။

Voice : ISM ကျောင်းကို ဘယ်လိုတာဝန်ယူ ဖြေရှင်းစေချင်လဲ။ 
DKMS : အခု မကျေလည်တာတွေ များလာတော့ ဖြေရှင်းမယ်ဆိုရင် နိုင်ငံတော်ဘက်က တာဝန်ရှိတဲ့ လူရဲ့ ရှေ့မှောက်မှာ ရှင်းချင်ပါတယ်။ လောလောဆယ် ကျွန်မတို့က စားသုံးသူရေးရာကို တိုင်ထားပါတယ်။ ဘယ်သူမှားတယ်၊ မှန်တယ်၊ ဘာလုပ်သင့်တယ်ဆိုတဲ့ အဖြေကို အမြန်ဆုံးလိုချင်ပါတယ်။ ဒီကျောင်းကိုလည်း သိက္ခာရှိတဲ့ ကျောင်းဖြစ်စေချင်တယ်။ ကျောင်းပိုင်ရှင်တွေဘက်ကလည်း မိဘတွေကို လေးလေးစားစား ဆက်ဆံစေချင်ပါတယ်။ ဒါတွေကြောင့် တောင်းဆိုမှုတွေ ဖြစ်လာတာပါ။

ကျော်ဖြိုး