News

POST TYPE

OPINION

လက်ညှိုးတွေ ဘာလုပ်ရမှာလဲ
25-Nov-2020


၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲကြီးကို အောင်အောင်မြင်မြင် ကျင်းပ နိုင်ခဲ့ပါတယ်။ အောင်အောင်မြင်မြင် ကျင်းပပြီးစီးခဲ့သလို ပြည်သူအများစု ရဲ့ဆန္ဒလည်း ပြည့်ခဲ့ကြမယ်ဆိုတာ ယုံကြည်ပါတယ်။ မကြာခင်အချိန်အတွင်းမှာ ပြည်သူကရွေးကောက်တင်မြှောက်ခဲ့တဲ့ အစိုးရသစ်တစ်ရပ်ကိုလည်း ထပ်မံဖွဲ့စည်း နိုင်ပါတော့မယ်။ ယခုလိုအချိန်မှာ USDP က ဘာကြောင့်ရှုံးသလဲ၊ NLD က ဘာကြောင့်သောင်ပြိုကမ်းပြိုနိုင်သလဲဆိုတာ စဉ်းစား နေဖို့ကို မလိုတော့ပါဘူး။ ပြည်သူ့ဆန္ဒအတိုင်း ပြည်သူကရွေးချယ်ခဲ့တဲ့ ပါတီက ရိုးရိုးရှင်းရှင်း အနိုင်ရခဲ့တာ ဘာမှလည်းကန့်ကွက်စရာမလိုပါဘူး။ ပြည်သူ့ဆန္ဒအတိုင်းဖြစ်ခဲ့လို့ ပြည်သူကို အလေးထားသူတိုင်း ရွေးကောက်ပွဲ ရလဒ်ကို လက်ခံကြမှာပါ။ ဘယ်သူဘယ်ဝါမကောင်းဘူးဆိုပြီး လက်ညှိုးတွေ ထိုးနေရုံနဲ့ နိုင်ငံ့အနာဂတ်အတွက် ရှေ့ဆက်ရမှာမဟုတ်ပါဘူး။ လက်ညှိုး တွေထိုးနေရုံနဲ့ ဘာမှလုပ်မရပါဘူး။

ယခုနှစ်ရွေးကောက်ပွဲမှာ NLD ပါတီဟာ ၂၀၁၅ ခုနှစ်ထက် အနိုင် ရခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ၅ နှစ်အတွင်း NLD ပါတီရဲ့ လုပ်ဆောင်ချက် တွေကို ပြည်သူတွေလက်ခံနိုင်လို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် ထောက်ပြစရာ အားနည်းချက်တချို့ရှိပေမယ့် ပြည်သူတွေက NLD ပါတီကို ဆက်လက်ပြီး မျှော်လင့်ယုံကြည်ပါသေးတယ်။ ၅ နှစ်အတွင်း တိုးတက်ပြောင်းလဲ လာမှုတွေကလည်း သက်သေပါပဲ။ ဒါပေမဲ့ အစိုးရတစ်ခုတည်းကိုချည်း အားကိုးနေရုံနဲ့တော့ မပြီးသေးပါဘူး။ ဒါ့အပြင် အားလုံးရဲ့ဘေးပတ်လည် မှာ အသင့်ချောင်းမြောင်းနေတဲ့ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာအန္တရာယ်လည်း ရှိပါသေးတယ်။ မမြင်နိုင်တဲ့ ယုတ်မာသူတွေရဲ့နောက်ကွယ်က လက်မဲကြီး တွေလည်း ရှိနေပါသေးတယ်။ မိမိတို့သဘောကျတဲ့အစိုးရကို ရွေးချယ်ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူတချို့က ]စောင့်ကြည့်ရမယ်}ဆိုပြီး ပြောလေ့ရှိကြ တယ်။ တချို့လည်း တောင်းဆိုချင်တာလေးတွေကို ထုတ်ဖော်ပြောကြတယ်။ လူငယ်စာရေးသူတစ်ယောက်အနေနဲ့ အဲ့ဒီလို စောင့်ကြည့်၊ တောင်းဆိုမယ့် အထဲမှာ လူငယ်တွေကို မပါစေချင်ဘူး။ စာရေးသူတို့နိုင်ငံဟာ အစိုးရရဲ့လုပ်ရပ်ကို စောင့်ကြည့်၊ တောင်းဆိုနေရမယ့် အခြေအနေမဟုတ်ပါဘူး။ ပညာရည်ပြည့်ဝတဲ့ လူငယ်တွေနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့လူကြီးတွေပါ နိုင်ငံ့အရွေ့ကို ဝင်ရွှေ့ရမယ့် အခြေအနေပါ။

စာရေးသူကတော့ အဲ့ဒီလိုပဲလက်ခံမိပါတယ်။ ဒီနေရာမှာ စာရေးသူ တို့ မိတ္ထီလာမြို့နယ်က ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒေါက်တာဆင့်စိုးရဲ့ 7Day News သတင်းဌာနက အင်တာဗျူး တစ်ခုမှ စကားလေးကို အနည်းငယ်တင်ပြချင်ပါတယ်။ ဒေါက်တာဆင့်စိုး အင်တာဗျူးမှာ ဖြေတာက အရင်ကတော့ ပါမောက္ခချုပ်တာဝန်ထမ်း ဆောင်တဲ့အကြောင်း၊ သက်ပြည့်ပင်စင်ယူပြီးတဲ့အခါ အိမ်မှာနားနေရင်း  ဘုရားကျောင်းကန်မှာပဲ ပျော်မွေ့မယ်အကြောင်းတွေ နားထောင်ရတယ်။ နောက်ထပ် ထပ်ပြောတာက 'ဒီနေ့ ဒီအချိန်အခါမှာ မြန်မာနိုင်ငံက ဒီမိုကရေစီ လမ်းဖောက်နေတာ ခရီးတစ်ထောက်ပဲရှိသေးတယ်။ ပန်းတိုင်မရောက်သေးဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ကလည်း လုပ်နေတယ်။ ဒီလိုအချိန်မျိုးမှာ  ကျွန်တော်တို့ရဲ့ခေါင်းဆောင်ကို ပြန်ကြည့်တော့ အသက်အရွယ်အရ အမေအရွယ်ပေါ့ဗျာ။ ဒါ ကြိုးပမ်းနေတာလေ။ ကျွန်တော်တို့က ဒီအတိုင်း မနေသင့်ဘူးပေါ့။ ပါဝင်သင့်တယ်၊ ကျွန်တော်တို့ ကူညီသင့်တယ်။ ဘယ် နေရာကဖြစ်ဖြစ် တစ်ထောင့်တစ်နေရာက လုပ်သင့်တယ်ပေါ့။ ဒီရည်ရွယ် ချက်နဲ့။ အဓိကက အဲဒါပါ။ အဲ့ဒါနဲ့ နိုင်ငံရေးကဏ္ဍထဲ ကျွန်တော်ရောက် လာတယ်။ ပေးတဲ့တာဝန်ကို ကျွန်တော်လုပ်မယ်။ တိုင်းပြည်အတွက် ကိုယ် ကျန်းမာနေတဲ့အချိန်မှာ တစ်တပ်တစ်အား ပါဝင်ကြရမယ်ဆိုတဲ့ ကိုယ့်ဟာ ကိုယ် တာဝန်တစ်ခုအနေနဲ့မြင်ပြီး လုပ်တာပါ။ မိတ္ထီလာကလည်း ကျွန်တော့် ဇာတိမြို့လေးလည်းဖြစ်တော့ ကိုယ့်မြို့ကိုယ့်ရွာလေးကို ကျွန်တော် ကျေးဇူး ဆပ်ချင်တာပေါ့'ဆိုပြီး ဖြေထားတာလေးကို သတိထားမိပါတယ်။ တကယ် တော့ တာဝန်သိတဲ့သူတွေမှာ တာဝန်ရှိကြတာပဲ။ တာဝန်ယူတဲ့သူအချင်း ချင်းကြားမှာလည်း ပိုစေတနာထားတဲ့သူက ပိုပင်ပန်းပါတယ်။ လူထုရဲ့ ခေါင်းဆောင် အမေအောင်ဆန်းစုကြည်ကို ကြည့်ပြန်တော့လည်း ပင်ပန်း ပြီးအသက်ကြီးလှပါပြီ။ ဒါကြောင့် စာရေးသူတို့ရဲ့ အဘွားအရွယ်၊ အမေ အရွယ်ကြီးဦးဆောင်နေတော့ စာရေးသူတို့လိုလူငယ်တွေလည်း တစ်ထောင့် တစ်နေရာက ပါဝင်သင့်ပါတယ်။ 

လူငယ်တွေမှာလည်း ခွန်အားတွေရှိပါတယ်။ စူးစမ်းမှုတွေရှိတယ်။ စိန်ခေါ်မှုတွေကို လိုလားကြပါတယ်။ နိုင်ငံ့အရွေ့မှာ ပါဝင်ကူညီနေတဲ့လူငယ် အများစုကို တွေ့ရပါတယ်။ ဒါဝမ်းသာစရာပါပဲ။ တချို့နေရာတွေမှာတော့ နိုင်ငံရေးရေချိန်မမြင့်သေးတဲ့လူငယ်တွေလည်း ရှိပါသေးတယ်။ လူငယ်ဟာ တိုင်းပြည်အနာဂတ်ရဲ့ အားအင်ပါပဲ။ နိုင်ငံ့အရွေ့မှာ အားလုံးစည်းလုံးသင့်ပါပြီ။ တချို့လူကြီးတွေအနေနဲ့လည်း လူငယ်တွေရှေ့မှာ စံပြဖြစ်နေရမယ့် အစား ကိုယ်က မိုက်ပြနေဖို့မသင့်ပါဘူး။ ကိုယ်က တကယ်နိုင်ငံကို တိုးတက် ဖို့ပဲ မှန်ကန်တဲ့စေတနာစစ်စစ်သာရှိမယ်ဆိုရင် ပြည်သူကပေးတဲ့မဲရလဒ် ကိုလည်း ကန့်လန့်တိုက်စရာမလိုပါဘူး။ နိုင်ငံ့အခြေအနေအရ လက်ညှိုးထိုး အပြစ်ရှာနေလို့ မရပါဘူး။ လတ်တလောကြားနေရတဲ့ သတင်းတွေအရ လက်ညှိုးထိုးရုံတင်မက လက်ညှိုးပါကွေးလာတဲ့ အခြေအနေပါ။ မှတ် မှတ်ရရ ဒီနေ့မနက်ပဲ ကာတွန်းထင်လင်းကျော်ရဲ့ တစ်ကွက်စာကာတွန်း လေးကို ဖတ်လိုက်ရပါတယ်။ 'ငါတို့လက်သန်းတွေက မင်တောင်မပျက် သေးဘူး၊ သူတို့က လက်ညှိုးတောင်ကွေးလာပြီ'တဲ့။ ဒါဟာ ဝမ်းနည်းစရာ ပါပဲ။ ဒီလိုစိတ်ဓာတ်မျိုးနဲ့လုပ်ရပ်မျိုးကို အလွှာအသီးသီးက နေရာအသီးသီး က ဘယ်လူငယ်ကိုမှ ကူးစက်သွားလို့မဖြစ်ပါဘူး။ စာရေးသူတို့နိုင်ငံဟာ အခုမှ ပြန်လည်တိုးတက်ဖို့ ဦးမော့နေချိန်မှာ လူငယ်တွေကလည်း လူငယ် အချင်းချင်းကြားမှာ အမုန်းပွားနေလို့ မရပါဘူး။ မတူကွဲပြားမှုကို လက်ခံနိုင်အောင်သင်ပေးရမယ့်အစား လူမှုရေးမှိုင်း၊ ဘာသာရေးမှိုင်းတွေနဲ့ တိုက်နေလို့မရဘူး။ အဲ့ဒီလို မှိုင်းတိုက်ခံရတဲ့လူငယ်ဟာ အခုအချိန်အတွက် လည်းမကောင်းသလို၊ သူ့အနာဂတ်အတွက်လည်း မကောင်းပါဘူး။ အဲ့ဒီ လူငယ်ကိုယ်တိုင်မကောင်းတဲ့အခါ သူ့ပတ်ဝန်းကျင်အတွက်လည်း ငြိမ်း အေးမှုကို ရရှိမှာမဟုတ်ပါဘူး။ အဲ့ဒီလို မှိုင်းတိုက်မှုဟာ မှိုင်းတိုက်ခံရသူရဲ့ အနာဂတ်ကို ဖျက်ဆီးရာရောက်သလို၊ နိုင်ငံ့အနာဂတ်ကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ နိုင်ငံကို တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်စေတနာဟာ စစ်မှန်နေရင် နိုင်ငံ့အနာဂတ်ကို ဆုတ်ယုတ်ပျက်စီးစေမယ့် အပြုအမူကို ရှောင်ရှားရပါမယ်။ 

ဒါကြောင့် လူငယ်တွေကို အမုန်းတရားဝါဒမှိုင်းတွေ ဘာသာရေး မှိုင်းတွေ မကပ်ငြိဖို့ ရှောင်ရှားပေးသင့်ပါတယ်။ နောက်ထပ် လက်ညှိုးတွေ ထိုးနေတဲ့ အကျင့်တွေထက် လက်မထောင်နိုင်ဖို့ ပါဝင်ကူညီသင့်ပါတယ်။ စာရေးသူတစ်ခါက ရေးခဲ့ဖူးတဲ့ 'လက်ညှိုးတွေ ဘာလုပ်ရမှာလဲ၊ လာပါ လက်မတွေ ထောင်ထားကြရအောင်' ဆိုတဲ့ ကဗျာစာသားလေးလို လက်မ ထောင်ဖို့ဆိုတာ အားလုံးစည်းစည်းလုံးလုံးနဲ့ပါဝင်ကြရမှာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံကောင်းဖို့ မြို့ရွာကောင်းများ စုပေါင်းထားရပါမယ်။ မြို့ရွာ ကောင်းများဖြစ်ဖို့ ကျေးရွာရပ်ကွက်ကောင်းများ စုပေါင်းထားရပါတယ်။ ကျေးရွာရပ်ကွက်ကောင်းများဖြစ်ဖို့တော့ မိသားစုကောင်းများစုပေါင်းထားရပါတယ်။ မိသားစုကောင်းများအတွက်တော့ တစ်ဦးတစ်ယောက် ချင်းစီစုဖွဲ့ထားရပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီဟာ တာဝန်ကျေတဲ့ နိုင်ငံသားတွေ ဖြစ်သင့်ပါတယ်။ လူငယ်တွေအတွက်တော့ မဲပေးလိုက်တာဟာ နိုင်ငံ့တာဝန်ကို ကျေတာမဟုတ်သေးဘူးလို့ ယူဆမိပါတယ်။ ဒါဟာ မဲပေးရမယ့်တာဝန်ပဲကျေတာပါ။ နိုင်ငံ့တာဝန်ကျေဖို့ နိုင်ငံမှာလိုအပ်တဲ့ နေရာမှာ ဝင်ကူသင့်ပါတယ်။ လူငယ်တွေအနေနဲ့ ကိုယ့်အနာဂတ်ကို ပုံဖော်ရပါမယ်။ ကိုယ့်အနာဂတ် ကိုယ်ဖန်တီးခြင်း၊ မြှင့်တင်ခြင်းဟာ မိမိရဲ့ မိသားစု၊ မြို့ရွာနဲ့နိုင်ငံအတွက်ပါ မြှင့်တင်ပေးရာရောက်ပါတယ်။ လက်ရှိ အစိုးရအနေနဲ့လည်း တစ်တပ်တစ်အား လုပ်ဆောင်ပေးမယ်လို့လည်း ယုံကြည်ပါတယ်။ 

ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ ပွင့်လင်းရိုးသားစွာ အလုပ် လုပ်ရပါမယ်။ အခုအချိန်မှာ လက်ညှိုးထိုးနေတာတွေဟာ ဘာမှလုပ်မရပါဘူး။ လက်ညှိုးကွေးနေရုံနဲ့လည်း နိုင်ငံ့အနာဂတ်ကို မြှင့်တင်နိုင်မှာ မဟုတ်ပါဘူး။ လက်ညှိုးတွေ ဘာလုပ်မှာလဲ။ ပြည်သူအားလုံးလက်မတွေ ထောင်နိုင်အောင်၊ နိုင်ငံတော်ကြီးအတွက် လက်မတွေထောင်နိုင်အောင် အခန်းကဏ္ဍအသီးသီးက တတ်ကျွမ်းသူအားလုံးနဲ့ ပြည်သူ့အစိုးရပေါင်းကာ တစ်တပ်တစ်အားပါဝင်ကြပြီး နောင်အနာဂတ်မှာ လက်ညှိုးညွန်ရာ ရေဖြစ်နိုင်အောင် ပါဝင်ကူညီကြပါစို့လို့ အပြုသဘောနဲ့ ရေးသားလိုက်ရပါတယ်။

သက်တံ