News

POST TYPE

OPINION

အချက်အလက်ရှင်သန်မှ နိုင်ငံ ရှင်သန်မည်
25-Nov-2020


နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်ခြင်းသည် နိုင်ငံသားတွေကို ဟိုဟာ မလုပ်နဲ့ ဒီဟာလုပ်ပါ၊ ဟိုလိုမလုပ်နဲ့ ဒီလိုလုပ်ပါဟု ပြောဆို ညွှန်ကြားခြင်းဖြစ်သည်ဟု အချို့က ထင်မှတ်မှားနေကြပါသည်။ အမှန် တကယ်တော့ နိုင်ငံတစ်နိုင်ငံကို အုပ်ချုပ်စီမံခန့်ခွဲခြင်းသည် ထို့ထက်မက များစွာလေးနက် ပါသည်။ သာမန်အားဖြင့်ကြည့်လျှင် နိုင်ငံတစ်နိုင်ငံကို လူသား(နိုင်ငံသား) များဖြင့်သာ ဖွဲ့စည်းတည်ထောင်ထားသည်ဟု ယူဆ ဖွယ်ရာဖြစ်ပါသည်။ အမှန်တကယ်တော့ နိုင်ငံတစ်နိုင်ငံကို လူသားများ သာမက စာရင်းဇယားများ၊ အချက်အလက်များ၊ ကိန်းဂဏန်းများဖြင့် ဖွဲ့စည်းတည်ဆောက်ထား ခြင်း ဖြစ်ပါသည်။

ကိန်းဂဏန်းများဟု ဆိုရာတွင်လည်း နယ်ပယ်အသီးသီးအတွက် အကျုံးဝင်သောကိန်းဂဏန်းများဖြစ်ပါသည်။ ဥပမာ-နိုင်ငံတစ်နိုင်ငံ၏အုပ်ချုပ်မှုနယ်ပယ်အတွင်း အကျုံးဝင်သောကဏ္ဍများကို အကြမ်းအား ဖြင့် ဖော်ပြရလျှင် စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ငွေရေး ကြေးရေးကဏ္ဍ၊ အုပ်ချုပ်ရေးကဏ္ဍ၊ စစ်ရေးကဏ္ဍ စသည် စသည်အားဖြင့် ရှိကြပါမည်။ ဤဆောင်းပါးတွင် အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်၍ ဦးစား ပေးရေးသား ဖော်ပြသွားမည်ဖြစ်ပါသည်။

ဗြိတိသျှအုပ်ချုပ်ရေးအစ မြေယာစာရင်းက

ဗြိတိသျှ အင်္ဂလိပ်နယ်ချဲ့တို့သည် စစ်ပွဲသုံးကြိမ်ဆင်နွှဲကာ မြန်မာနိုင်ငံတစ်ဝန်းလုံးကို သိမ်းပိုက်ခဲ့သည်။ ထိုသို့သိမ်းပိုက်ပြီးနောက် ၎င်းတို့ အားဆန့်ကျင် ပုန်ကန်တိုက်ခိုက်သည့် မြန်မာ့တော်လှန်ရေးသမား တိုင်းရင်း သားများကို နှိမ်နင်းပြီး ပထမဆုံး စတင်ဆောင်ရွက်ခဲ့သောလုပ်ငန်းမှာ မြေယာစီမံခန့်ခွဲရေးလုပ်ငန်းပင် ဖြစ်ပါသည်။ မြေယာစီမံခန့်ခွဲရေးလုပ်ငန်း ကို လုပ်ကိုင်နိုင်ရန်အလို့ငှာ ဦးစွာပထမဆောင်ရွက်သည့်လုပ်ငန်းမှာ မြေယာဆိုင်ရာစာရင်းဇယားများကောက်ယူခြင်းနှင့် မြေအမျိုးအစားခွဲခြားခြင်း လုပ်ငန်းပင်ဖြစ်ပါသည်။

မြန်မာနိုင်ငံရှိမြေများကို လယ်မြေ၊ ယာမြေ၊ ဥယျာဉ်ခြံမြေ၊ သစ်တော မြေ၊ မြေလွတ်မြေရိုင်း၊ မြစ်ချောင်း အင်းအိုင်မြေ၊ သုသာန်မြေ၊ သာသနာမြေ၊ မင်းပေးမြေ၊ ဘိုးဘွားပိုင်မြေ၊ အစိုးရပိုင်မြေ၊ အစိုးရကစီမံခန့်ခွဲပိုင်ခွင့်  ရှိသောမြေ စသည်အားဖြင့် အမျိုးအစားစုံစွာ ခွဲခြားစိတ်ဖြာပြီးလျှင် အဆိုပါ မြေများကို စနစ်တကျ စီမံခန့်ခွဲခဲ့သည်။

အဆိုပါမြေအမျိုးအစား ခွဲခြားသတ်မှတ်ခြင်းနှင့် မြေယာစီမံခန့်ခွဲ ခြင်းလုပ်ငန်းများတွင် အင်္ဂလိပ်တို့ရေးဆွဲခဲ့သော မြေယာစီမံခန့်ခွဲမှုဥပဒေ များနှင့် မြေနှင့်အခွန်ဆိုင်ရာဥပဒေများမှာ ယနေ့တိုင်မှီငြမ်းပြုနေရဆဲဖြစ် ပြီး အသစ်ပြန်လည်ရေးဆွဲခြင်းမပြုနိုင်သေးပါ။ မြေနှင့်သက်ဆိုင်သည့် စာရင်း ဇယား အချက်အလက်များနှင့် မြေယာစီမံခန့်ခွဲမှုကိစ္စများသည် နိုင်ငံကို စီမံခန့်ခွဲအုပ်ချုပ်ရာတွင် များစွာအထောက်အကူရစေသဖြင့် မြေနှင့်သက်ဆိုင်သည့် စာရင်းဇယားများ မှန်ကန်ဖို့ အထူးအရေးကြီးပါသည်။

လူဦးရေစာရင်း အရေးကြီးသည်

တိုင်းပြည်နိုင်ငံတစ်ခုကို အုပ်ချုပ်တော့မည်ဆိုလျှင် ထိုတိုင်းပြည်၌ လူဦးရေ မည်ရွေ့မည်မျှရှိသည်ကို မသိရှိဘဲနှင့် အုပ်ချုပ်၍မရနိုင်သည် ကိုသိရှိသော နယ်ချဲ့ဗြိတိသျှတို့သည်လည်း မြန်မာနိုင်ငံကိုအုပ်ချုပ်ရန်အလို့ငှာ အရေးကြီးသော အချက်အလက် စာရင်းဇယားတစ်ခုဖြစ်သည့်  သန်းခေါင်စာရင်းကို ၁၈၇၂ ခုနှစ်တွင် ပထမဆုံး စတင်ကောက်ယူခဲ့သည်။ ထို့နောက် ၁၈၈၁ ခုနှစ်တွင် ဆက်လက်ကောက်ယူခဲ့၍ ၁၉၄၁ ခုနှစ်အထိ ဆယ်နှစ်တစ်ကြိမ် ကောက်ယူခဲ့သည်။ 

လွတ်လပ်ရေးရပြီးနောက် ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရသည် ပြည်တွင်းလုံခြုံရေးအခြေအနေများကြောင့် ၁၉၅၃ ခုနှစ်တွင် မြို့ပြဒေသများကိုသာ ကောက်ယူနိုင်ခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ကျေးလက်ဒေသများ၏ ၁၅ ရာခိုင်နှုန်းခန့်သာ ကောက်ယူနိုင်ခဲ့သည်။ ထို့နောက်ပိုင်းတွင် သန်း ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မဆောင်ရွက်နိုင်ဘဲ ၁၉၇၃ ခုနှစ် ရောက်မှသာလျှင် တစ်နိုင်ငံလုံးကိုလွှမ်းခြုံနိုင်သော သန်းခေါင်စာရင်းကို ကောက်ယူနိုင်ခဲ့သည်။ သို့ရာတွင် ထိုစဉ်က သန်းခေါင်စာရင်းကောက်ယူ ရာတွင် မွေးဖွားခြင်းနှင့် သေဆုံးခြင်းအကြောင်းအရာများကို ကောက်ယူ ခြင်းမပြုနိုင်ဟု သိရှိရပါသည်။

ထို့အပြင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ကောက်ယူခြင်းမပြုနိုင်တော့ဘဲ အနှစ် ၃၀ အကြာ ၂၀၁၄ တွင်မှ လူဦးရေ သန်းခေါင်စာရင်းနှင့် နေအိမ်အကြောင်းအရာတို့ကို ကောက်ယူနိုင်ခဲ့ပါ သည်။

သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းကို ဆယ်နှစ်လျှင် တစ်ကြိမ်ကျသာကောက်ယူသဖြင့် ထိုဆယ်နှစ်အတွင်း တိုးပွားလာသော သို့မဟုတ် လျော့နည်းသွားသော လူဦးရေစာရင်းများကိုမူ ခန့်မှန်း၍သာ တွက်ချက်ရယူကြပါသည်။ သန်းခေါင်စာရင်းလုပ်ငန်းသည် လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပင်မအလုပ်ဖြစ်သော်လည်း ထိုသန်းခေါင်စာရင်းမှ ထွက်ပေါ်လာသည့် စာရင်းဇယားအချက်အလက်များ သည် အခြားသော ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး စသည့်ကဏ္ဍများအတွက်လည်း အသုံးဝင်သဖြင့် နှစ်စဉ်/နှစ်အလိုက် တိုးပွားလာသော လူဦးရေစာရင်းအကြောင်းအရာများကို စဉ်ဆက်မပြတ် သိရှိနေဖို့လိုအပ်ပါသည်။

အုပ်ချုပ်ရေး၏ အခန်းကဏ္ဍ

အုပ်ချုပ်ရေးအဖွဲ့အစည်းများ အထူးသဖြင့် ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့အစည်းများသည် မိမိအုပ်ချုပ်စီမံခန့်ခွဲရာ နယ်မြေဒေသအတွက် အုပ်ချုပ်ရေးဆိုင်ရာ စာရင်းဇယားအချက်အလက်များကို အားကိုးအား ထားပြု၍သာ စီမံခန့်ခွဲအုပ်ချုပ်ကြရသည်။ အထူးသဖြင့် အုပ်ချုပ်ရေးအဖွဲ့ အစည်းများသည် မိမိဒေသအတွင်းရှိ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ကိုင်ရသဖြင့် ယင်းတို့နှင့်သက်ဆိုင်သည့်စာရင်းဇယားများ ကိုလည်း ကောက်ယူပြုစုရသည်။

ဥပမာ-ကျန်းမာရေးဌာနအတွက်လိုအပ်သည့် အသက် ငါးနှစ် အောက် ကလေးသူငယ်များစာရင်း၊ ကိုယ်ဝန်ဆောင်မိခင်များစာရင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအတွက်လိုအပ်သည့် သက်ကြီးရွယ်အိုများစာရင်း၊ ပညာရေးဌာနအတွက်လိုအပ်သည့် ကျောင်းနေအရွယ်ကလေးသူငယ်များစာရင်း၊ ထက်၊ လယ်မူ၊ ကျောင်းသူ/ကျောင်းသားများစာရင်း စသည် တို့အပြင် အခြားဌာနများအတွက် လိုအပ်သည့်စာရင်းများကို သက်ဆိုင် ရာရပ်ကွက်နှင့် ‌ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် ကောက်ယူပြုစုရပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနသည် သန်းခေါင် စာရင်းကောက်ယူသည့်လုပ်ငန်းကို ဆယ်နှစ်လျှင် တစ်ကြိမ်သာကောက် ယူနိုင်ကြပြီး ကြားကာလများတွင် ခန့်မှန်းစာရင်းများကိုသာ ဖော်ပြနိုင် ကြသည်။ သို့ရာတွင် ထိုစာရင်းများသည် မတိကျပါ။ ထို့ကြောင့် အချိန် မရွေးအသုံးပြုနိုင်သည့် ခိုင်လုံတိကျသော နောက်ဆုံးရ စာရင်းများကို အုပ်ချုပ်ရေးဌာနများက ကောက်ယူပြုစုပေးရမည်ဖြစ်ပါသည်။

ရပ်ကွက်နှင့်ကျေးရွာအုပ်စုရုံးများတွင် အမြဲတမ်းထားရှိရန်အတွက် ပုံစံ ၂၇ မျိုးကို နည်းဥပဒေထုတ်ပြန်၍ ထားရှိပြီးဖြစ်ပါသည်။ (အဆိုပါပုံစံ များမှာ အင်္ဂလိပ်နယ်ချဲ့အစိုးရက သူကြီးလက်စွဲစာစောင်တွင် သတ်မှတ် ပြဋ္ဌာန်းဖော်ပြထားပြီးသော အချက်အလက်များကိုပင် ခေတ်နှင့်အညီ် ပြုပြင်ဖန်တီးထားခြင်းဖြစ်ပြီး အလွန်ပင်ပြည့်စုံလှပါသည်)။

မြို့နယ်လဝကရုံးများနှင့် မြို့နယ်ထွေအုပ်ရုံးများသည် အချင်းချင်း နြအတသမု ချိတ်ဆက်ကာ လူဦးရေစာရင်းများ(ပြောင်းရွှေ့/ထွက်ခွာ/ မွေးဖွား/သေဆုံး)ကို စဉ်ဆက်မပြတ် ညှိနှိုင်းဆောင်ရွက်နေကြဖို့ လိုအပ် ပါသည်။ လစဉ် အသက် ၁၈ နှစ် ပြည့်လာသည့် လူစာရင်းများကို ဖြည့် သွင်းခြင်းအားဖြင့်လည်း ရွေးကောက်ပွဲကျင်းပသည့်အခါတိုင်း ကြုံတွေ့ရ သည့် အခက်အခဲများ လျော့ပါးသွားမည်ဖြစ်ပါသည်။

သို့ရာတွင် အဆိုပါစာရင်းဇယားအချက်အလက်များကို မည်သည့် ရပ်/ကျေးအုပ်ချုပ်ရေးရုံးကမျှ အချိန်နှင့်တစ်ပြေးညီ ရေးသွင်းနိုင်ခြင်း မရှိကြဘဲ အထက်အဖွဲ့အစည်းများက လိုအပ်၍တောင်းခံသည့်အခါမှသာ အရေးပေါ်စာရင်းကောက်ယူပြီး ပေးပို့ကြခြင်းဖြစ်ပါသည်။ ထိုကဲ့သို့ဖြစ် ရသည်မှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ရုံးများတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စာရေးဝန်ထမ်းတစ်ဦးသာရှိပြီး အလုပ်နှင့်အင်အား မမျှတသလို ပြည်သူများဘက်ကလည်း တာဝန်မကျေကြခြင်းကြောင့်ဖြစ် ပါသည်။

ဆိုရလျှင် အိမ်ထောင်စုတစ်ခုသည် မိမိအိမ်ထောင်စုတွင် (မွေးဖွား ခြင်းကြောင့်ဖြစ်စေ၊ ပြောင်းရွှေ့ဝင်ရောက်လာခြင်းကြောင့်ဖြစ်စေ)လူဦးရေ တိုးပွားလာပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် လဝကဌာနသို့ သတင်း ပေးပို့သည့်နည်းတူ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ သတင်းပေးပို့ရပါမည်။ အလားတူ မိမိအိမ်ထောင်စုတွင်(သေဆုံးခြင်းကြောင့်ဖြစ်စေ၊ ပြောင်းရွှေ့ ထွက်ခွာခြင်းကြောင့်ဖြစ်စေ) လူဦးရေလျော့သွားပါကလည်း ကျန်းမာရေး ဌာန၊ စည်ပင်သာယာနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြား ရမည်ဖြစ်ပါသည်။ ထို့အပြင် အိမ်ထောင်စုတစ်ခုတွင် အသက် ၁၀ နှစ်ပြည့်၍ မှတ်ပုံတင်ပြုလုပ်ခြင်း၊ အသက် ၁၈ နှစ်ပြည့်၍ နိုင်ငံသားမှတ်ပုံတင်ပြုလုပ် ခြင်းတို့အတွက် စာရင်းမှန်များရရှိရေးမှာ ထွေ/အုပ်နှင့် လဝကဦးစီးဌာန တို့ ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများဖြစ်ကြသည်။ ထိုကဲ့သို့ ပြောင်း ရွှေ့/ဝင်ရောက်/ထွက်ခွာစာရင်းနှင့် ၁၈ နှစ်ပြည့်စာရင်းများကို မှန်ကန်စွာ အချိန်နှင့်တစ်ပြေးညီ မဆောင်ရွက်ခဲ့ကြခြင်းကြောင့် ပြီးခဲ့သည့် ရွေးကောက် ပွဲတွင် မဲစာရင်းမှားယွင်းမှု အများအပြားဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

၁၉၇၃ ခုနှစ်က ကျွန်တော်တို့ နောက်ဆုံးနှစ်စာမေးပွဲများဖြေဆိုပြီး နောက် နိုင်ငံအနှံ့ စီးပွားရေးစစ်တမ်းများ ကောက်ယူခဲ့ကြရာ ကျွန်တော် သည် လှည်းကူးမြို့နယ် ကလီထော်ကျေးရွာတွင် တာဝန်ကျခဲ့ပါသည်။ အဆိုပါ ကောက်ယူသည့် စာရင်းဇယားပုံစံတွင် အိမ်ထောင်ဦးစီးအမည်၊ မိသားစုဦးရေ၊ ကျောင်းနေအရွယ်ဦးရေနှင့် အလုပ်အကိုင်ရှိသူဦးရေ၊ မိသားစု၏ တစ်လ/တစ်နှစ်ဝင်ငွေ၊ နေအိမ်နှင့် ကျွဲ၊ နွား၊ လယ်ယာပိုင် ဆိုင်မှုပမာဏ စသည့်စာရင်းဇယားများကို ကောက်ယူခဲ့ရပါသည်။ ထိုကဲ့သို့သော စာရင်းဇယားများကို ခေတ်အဆက်ဆက်တွင် ကောက်ယူ ပြုစုခဲ့ပြီး ပုံမှန်ဖြည့်သွင်းဆောင်ရွက်ကြမည်ဆိုပါက ယခုလို နိုင်ငံတော်က လက်လုပ်လက်စားအခြေခံလူတန်းစားများကို ပစ္စည်း/ငွေကြေးထောက်ပံ့ သည့်ဖြစ်စဉ်မျိုး၌ မလိုလားအပ်သော အငြင်းပွားမှုများ ဖြစ်ပေါ်လာစရာ အကြောင်းမရှိပါ။

ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေပါ (ပြောင်းရွှေ့၊ ထွက်ခွာ၊ မွေးဖွား၊ သေဆုံး)စာရင်းဇယားပုံစံများကို မြို့နယ်သို့ တစ်နှစ် တစ်ခါပေးပို့ရမည်ဟူ၍ ဖော်ပြထားပါသည်။ ထိုသို့တစ်နှစ်တစ်ကြိမ် ပေးပို့ ရသော်လည်း တစ်နှစ်ပြည့်မှ (ပေးပို့ခါနီးမှ) စာရင်းရေးသွင်းပြုစုခြင်း ထက် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးတွင် စဉ်ဆက်မပြတ် နေ့စဉ်/အပတ်စဉ် ဖြည့်သွင်းရေးသားဖို့လိုပါသည်။ သို့မှသာလျှင် စာရင်းဇယားအချက်အလက် တို့သည် အမြဲတမ်း ခေတ်မီ (Update) နေမည်ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် လူတွေသည် နေ့စဉ်မွေးဖွားနေကြသည်၊ နေ့စဉ် သေဆုံးနေကြသည်၊ နေ့စဉ်ပြောင်းရွှေ့/ထွက်ခွာ/ဝင်ရောက်နေကြသည်ဖြစ်ရာ အောက်ခြေ အဖွဲ့အစည်းဖြစ်သည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်း များတွင် အဆိုပါစာရင်းများသည် အမြဲအဆင်သင့် (Ready) အနေအထား ဖြင့် အသက်ဝင် (Live)နေမည်ဖြစ်ပါသည်။ (ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကွန်ပျူတာတစ်လုံးစီထားသင့်ကြောင်း အကြံ ပြုရေးသားခဲ့ဖူးပါသည်။ အခြေခံလူတန်းစားများကိုပင် ဘီလီယံနှင့်ချီ သောငွေကြေးများထောက်ပံ့နိုင်သေးလျှင် ကွန်ပျူတာတစ်လုံးအတွက် မတတ်နိုင်စရာမရှိပါ)။

လူတွေသည် အသက်ရှင်နေသည်နှင့်အမျှ သွားလာလှုပ်ရှားသက်ဝင်နေကြသည်။ ထို့ကြောင့် လူနှင့်သက်ဆိုင်သည့် စာရင်းဇယား အချက် အလက်တို့သည်လည်း အမြဲတမ်းအသက်ဝင်ရှင်သန်နေဖို့လိုပါသည်။ သို့မှသာလျှင် စာရင်းဇယား အချက်အလက်များဖြင့် တည်ဆောက်ထားသည့်နိုင်ငံသည်လည်း အမြဲရှင်သန် အသက်ဝင်နေမည်ဖြစ်ပါသည်။

သိန်းထက်အောင်