News

POST TYPE

OPINION

ပြည်သူချစ်မှ ရပါတော့နိုင်
24-Nov-2020
x

‌ဪ ... ဒါနဲ့စကားမစပ်။ 

ကျုပ်တို့နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ ဒီမိုကရေစီပါတီစုံအထွေထွေ ရွေးကောက်ပွဲကြီးလည်း ကျင်းပလို့ ပြီးသွားခဲ့ပါပြီ။ ထောင့်စုံနေရာစုံက စိန်ခေါ်မှုတွေကြားထဲမှာ လူးကာလွန့်ကာနဲ့ပေါ့။ ပွဲလည်းပြီးရော မီးသေလိမ့်မယ်မထင်နဲ့။ အနိုင်မရတဲ့ ပါတီတချို့ရဲ့ ပေါက်ကွဲသံတွေက အားပြင်းတဲ့ တရုတ် ဗြောက်အိုးတွေ ဖောက်သလို  ကျယ်ကျယ်လောင်လောင်နဲ့ ထွက်ပေါ် လာတယ်။ ပြောရမယ်ဆိုရင် ထွက်လာတဲ့အသံတွေက ပွဲမစခင်ကတည်းကပါ။ 

ရွေးကောက်ပွဲလည်း နီးလာရော လက်ရှိ အာဏာရထားတဲ့ ပါတီကြီးကို အတိုက်အခံပါတီကြီးတစ်ခုက ဦးဆောင်ပြီး နည်းလမ်းအသွယ် သွယ်နဲ့ ကပ်ဖဲ့တိုက်တာတွေ လုပ်လာတယ်။ အာဏာလိုချင်တဲ့ နောက် လိုက်ပါတီ အကြီးအငယ်တွေလည်း ကပ်ပိုးတွဲလောင်းနဲ့ ပါလာတာပေါ့။ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ  ၅ နှစ်တစ်ကြိမ် ကျင်းပရမယ့် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးကို မကျင်းပဖို့ အုံနဲ့ကျင်းနဲ့ ကန့်ကွက်ကြ တယ်။ အပေါ်ယံအကြောင်းပြချက်က ကိုဗစ်ရောဂါကြောင့်လို့ ထောက်ပြ တယ်။ အမှန်က ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း အချိန်တန်လို့ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့ရင် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းရမယ်ဆိုတဲ့ အဖြစ်မျိုးကို ရောက်စေချင်တာ။ 

ဘာရလိမ့်မလဲ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကလည်း ရွေးကောက်ပွဲ ကျင်းပဖြစ်အောင် မူငါးချက်ကို အခြေခံပြီး အစီအမံတွေ ရေးဆွဲရတော့တာပေါ့။ ဒီလိုနဲ့ ပွဲလည်းဖျက်လို့ မရရော နောက်တစ်မျိုး မရိုးရအောင် လုပ်ကြပြန်တယ်။ အမျိုး၊ ဘာသာ၊ သာသနာကို ခုတုံး လုပ်ပြီး ပြည်သူချစ်တဲ့ပါတီကို အတင်းအဓမ္မ သင်းသတ်ကြပြန်တယ်။ လက်ရှိ အာဏာရပါတီက ပြန်ပြီးအနိုင်ရရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ ကွယ်ပျောက်ပြီး အမျိုးပျောက်မှာ စိုးကြောက်ပါတယ်ဆိုတဲ့ စကားအဆိပ် နဲ့ ပြည်သူတွေကို သွေးထိုးကြပြန်တယ်။ ပြည်သူတွေရဲ့ ရိုးသား၊ ဖြူစင်နေတဲ့စိတ်ထားကို ကမောက်ကမဖြစ်အောင် မောဟနွံထဲ တွန်းပို့နေကြတာ။

ငွေကြေးကျပ်တည်းနေတဲ့ ပြည်သူတချို့ကို နေ့စားခပေးပြီး ဆန္ဒပြ ခိုင်းကြတယ်။ ဆန္ဒပြတဲ့သူတွေအားလုံးကလည်း စိတ်ထဲပါလို့တော့ မဟုတ်ဘူး။ အစားချောင်လို့ ပိုက်ဆံရရင် ပြီးရောဆိုပြီး ဝင်လုပ်ကြတာ။ ပြည်သူတွေက သူတို့အကြံလောက်တော့ တိတ်တိတ်ပုန်းပြီး ရယ်တာပေါ့။ နှစ် ၅၀ လောက် နာလန်မထူးနိုင်အောင် ခံခဲ့ရတာဆိုတော့ နပ်ပြီးသားပဲ။ 

ဒီလိုမရပြန်တော့ ဟိုလိုလုပ်ပြန်တယ်။ ပါတီကိုရော၊ ဦးဆောင်သူ တွေကိုရော အွန်လိုင်းကနေ လုပ်ကြံဇာတ်လမ်းတွေနဲ့ ထိုးနှက်ကြပြန် တယ်။ အမနာပ တိုက်ခိုက်ကြတယ်။ အနောက်နိုင်ငံတွေကိုပဲ အားကိုးနေ သယောင်ယောင်။ ရွေးကောက်ပွဲဥပဒေကို ကျော်လွန်ပြီး မဲဆွယ်နေသယောင်ယောင် စတဲ့သတင်းအမှားတွေကို ရေးသားလာခဲ့ကြတယ်။ အမှန်ကတော့ လက်ရှိအာဏာရပါတီကို သိက္ခာကျအောင်၊ လူအကြည် အညိုပျက်အောင် လုပ်တာပါပဲ။ ဒါတွေကို တာဝန်ရှိသူတွေက ဖော်ထုတ် လိုက်တော့ ဖုံးမရ ဖိမရအောင် အရှက်တွေက  ဗြန်းဗြန်းကွဲတော့တာပါပဲ။ အွန်လိုင်းပေါ်မှာ မဟုတ်မဟတ် လုပ်ဇာတ်ရေးတင်တဲ့သူတွေထဲမှာ အငြိမ်းစား အဆင့်မြင့် အရာရှိကြီးတွေတောင် ပါတယ်လို့ သိရတယ်။ တစ်ဖက်ကညစ်လေ ပြည်သူတွေက ပြည်သူ့ခေါင်းဆောင်ကို ပိုပိုပြီး ချစ်လေပါပဲ။ 

ရွေးကောက်ပွဲ နီးလာလို့ မဲဆွဲရမယ့်ကာလလည်း ရောက်ရော အခြေခံလူတန်းစားတွေရဲ့ လက်ထဲမှာ နေ့စားခတွေ ရွှင်လာတယ်။ တချို့ပါတီတွေက လူငှားပြီး အင်အားပြကြတာကိုး။ တချို့ဆို ပိုက်ဆံ ရလို့သာ လိုက်လာရတာ။ မဲထည့်ရင် ပြည်သူကို မျက်နှာမူတဲ့ ပါတီကိုပဲ ထည့်မှာတဲ့။ ကောင်းရောပဲ။ အန်အယ်လ်ဒီပါတီကို ချစ်တဲ့ပြည်သူတွေ ကတော့ ကိုယ့်ထမင်းကိုယ်စားပြီး အင်အားပြ ဝန်းရံကြတာပါ။ ဒီလိုဆို ပြန်တော့လည်း သူတို့အကြံ မအောင်မမြင်ဖြစ်ရပြန်တာကလား။

အနုနည်းနဲ့မရတော့ အကြမ်းနည်း သုံးရပြန်တာပေါ့။ ဘာခက် တာမှတ်လို့။ သူတို့မှာ နည်းဗျူဟာတွေက ရှိပြီးသား။ နေပြည်တော်က ရွေး/ကော်အဖွဲ့ဝင်အိမ်ကို လက်ပစ်ဗုံးနဲ့ ခြိမ်းခြောက်ပြလိုက်တယ်။ ပဲခူးမြို့ ခရိုင်ရွေး/ကော်ရုံးခွဲကို ဗုံးဖောက်ပြလိုက်တယ်။ ဒင်းတို့ သတ္တိရှိရင် ဆက်လုပ်ကြဆိုတဲ့ သဘော။ ပြည်သူရော ရွေး/ကော်အဖွဲ့တွေရော ဘာကြောက်လိမ့်မလဲ။ ဒါမျိုးတွေ ခေတ်အဆက်ဆက် သုံးလာတဲ့နည်း တွေမို့ ရိုးနေပြီ။ ပြည်သူတွေက မတုန်မလှုပ်ကျောက်ရုပ်ပေါ့။ ပြည်သူ တွေက ကျောကော့အောင် ခံလာရတော့ အရေထူနေပြီ။ ခြောက်တိုင်းကြောက်မယ် မထင်နဲ့တော့။

ရွေးကောက်ပွဲလည်း နီးလာရော အမျိုးဘာသာကို အင်မတန်မှ ချစ်မြတ်နိုးပါတယ်ဆိုတဲ့ အဝေးရောက် ပုဂ္ဂိုလ်တစ်ယောက်က တစ်နေရာကနေ ထွက်ပေါ်လာတယ်။ အသံနဲ့ သွေးထိုးပေးလိုက်ရင် ပြည်သူတွေ အုံကြွပြီး ပွက်ပွက်ဆူအောင် ဖြစ်လာမလားလို့ပေါ့။ သာသနာ့ဝန်ထမ်း တွေနဲ့ ပြည်သူအပေါင်းက ရုပ်သေးရုပ်တွေ မဟုတ်တော့ဘူး။ ပြည်သူတွေက ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောတာကို လက်မခံဘဲ နားမယောင်တော့ အနှီပုဂ္ဂိုလ်လည်း လုံခြုံတဲ့နေရာကို ရောက်သွားရပါ လေရောလား။  

မဲပေးရမယ့်နေ့လည်းရောက်ရော အရစ်တွေ၊ အညစ်တွေ လုပ် ပြန်ရော။ သူတို့ငွေပေးခိုင်းထားတဲ့သူတွေက မဲရုံထဲမှာ တံဆိပ်တုံးအတု တွေ လာပြီးထားလိုထား။ ကြိုတင်မဲလာထည့်တဲ့ အဘိုး၊ အဘွားတွေကို ကူသယောင်ယောင်နဲ့ သူတို့ထောက်ခံတဲ့ပါတီကို တံဆိပ်တုံးတွေနှိပ် လိုနှိပ်။ အဘိုးတွေ၊ အဘွားတွေက ဆတ်ဆတ်ထိ သည်းမခံတော့ ပြဿနာ တွေက တက်တော့တာပေါ့။ တချို့လူတွေကလည်း အသလို၊ နသလိုနဲ့ မဲလက်မှတ်ကို နှစ်ကြိမ်ထည့်လိုထည့်နဲ့ အလိမ်အညာ သံသရာကြောမှာ မျောနေလိုက်ကြတာ တဝဲလည်လည်နဲ့ မဆုံးတော့ဘူး။

ဒါတင်ကပါမလား။ မဲလည်းထည့်ပြီးကြရော မဲရေတွက်ရာမှာ မသမာမှုတွေရှိတယ်ဆိုပြီး အထောက်အထားမဲ့ လေလုံးတွေနဲ့ စွပ်စွဲကြ ပြန်တယ်။ အသံထွက်ရင် ပြီးရောဆိုပြီး လုပ်ကြတာ။ သူတို့ခေါင်းထဲမှာ ဦးနှောက်မရှိတော့ဘူး။ မသမာမှုဆိုတာ လုပ်ချင်တိုင်း လုပ်လို့ရပါ့မလား။ မဲရုံတွေထဲမှာ မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တွေ၊ တာဝန်ကျ ဆရာ၊ ဆရာမတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီကိုယ်စားလှယ်တွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ စောင့်ကြည့်လေ့လာသူတွေ အများကြီး ရှိနေတာပဲ။ သူတို့ရှေ့မှောက်မှာ မဲရေတွက်တာပဲ မှားနိုင်ပါ့မလား။ အဆုံးသတ် မှာတော့ ရှုံးမဲမဲတော့တာပေါ့။ 

ရွေးကောက်ပွဲလည်းပြီးရော ရွေးကောက်ပွဲဝင်ပါတီတချို့က သတင်းစာရှင်းလင်းပွဲ လုပ်ကြတယ်။ မဲရုံတွေမှာ မတရားမှုတွေ ရှိခဲ့တယ်။ မဲရုံအတွင်း တာဝန်ကျပညာရေးဌာနက ဆရာ၊ ဆရာမအများစုသည် ကြားနေ ဆရာ၊ ဆရာမများ မဖြစ်သည်ကို တွေ့ရှိရပါသည်ဟု စွပ်စွဲပြော ဆိုမှုတွေ လုပ်လာတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ တပ်မတော် ပူးပေါင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကို ပြန်လုပ်ပေးဖို့ တောင်းဆိုလာတယ်။ သူတို့ရဲ့ ရှင်းလင်းချက်နဲ့ တောင်းဆိုချက်တွေဟာ အဆီအငေါ်မတည့်မှန်း သူတို့မသိကြဘူး။ မတရားမှုတွေရှိတယ်ဆိုပြီး တော့သာ အသံကုန်အော်နေတာ။ ခိုင်လုံတဲ့ အထောက်အထား ဘာတစ်ခုမှ မပြနိုင်ဘူး။ သက်သေပြနိုင်ရင် မတရားဘူးလို့ယူဆရင် တရားဝင် တင်ပြတိုင်ကြားစရာဌာနတွေ ရှိနေရက်သားနဲ့။ 

ဒါ့ထက်ဆိုးတာက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမထုအပေါ် တရားမဲ့ စွပ်စွဲပြောဆိုလိုက်တဲ့အချက်ပါပဲ။ ပညာရေး အသိုက်အဝန်းကလည်း ဘယ်ခံနိုင်ပါ့မလဲ။ ပညာရေးဆိုင်ရာ အဖွဲ့အစည်း အသီးသီးက ဥပဒေနဲ့အညီ တရားစွဲမယ်လည်းလုပ်ရော အရူးကွက်နင်းတော့တာပဲ။ သူတို့အပြောမှားတာ မဟုတ်ပါဘူး။ ကွန်ပျူတာ စာရိုက်သူအမှားပါလို့ စာရွက်ပေါ်ကနေ တောင်းပန်တယ်။ ဗြောင်လိမ်ဗြောင်စား လုပ်ကြပြန်ရော။ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ကလည်း ဘယ်ကျေနပ် ပါ့မလဲ။ သူတို့ပြောတုန်းက တစ်ပြည်လုံးသိအောင် သတင်းစာရှင်းလင်း ပွဲမှာ ပြောခဲ့တာလေ။ သတင်းစာရှင်းလင်းပွဲ လုပ်ပြီးတောင်းပန်မှ ကျေနပ်မှာပေါ့။ ဒီလိုမှမဟုတ်ရင် ရွေးကောက်ပွဲဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ တင်ပြမယ်လို့ သိရတယ်။ 

ဆိုတော့ကာ... ရွေးကောက်ပွဲဝင် ပါတီတစ်ရပ်အနေနဲ့ မဲအနိုင်ရ ချင်တိုင်း အခြေအမြစ်မရှိဘဲ အထောက်အထားမဲ့ စွပ်စွဲချက်တွေနဲ့ အနိုင် ရပါတီကိုပဲဖြစ်ဖြစ်၊ တာဝန်ရှိသူတွေကိုပဲဖြစ်ဖြစ် ပြောဆိုပြစ်တင်နေတဲ့ လုပ်ရပ်တွေ ရပ်သင့်ပါပြီ။ ပြောလေမှားလေ လှုပ်လေမြုပ်လေဖြစ်နေပြီ။ ပြောသမျှစကားတွေနဲ့ စွပ်စွဲချက်တွေဟာ ကိုယ့်ဘက်ကိုပဲ မြားဦးလှည့် နေတယ်ဆိုတာ သတိထားသင့်ပါပြီ။ ဒီမိုကရေစီစနစ်မှာ ဝင်ပြိုင်တဲ့ပါတီ တွေအနေနဲ့ အနိုင်အရှုံးဆိုတာ ရှိလာမှာပဲ။ 
ကျန်တဲ့ပါတီတွေလည်း ရှုံးကြတာပါပဲ။ ဒါပေမဲ့ သူတို့က အရှုံးကြားထဲက အပြုံးတွေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားပါတယ်ဆိုတဲ့ မုဒိတာ စကားတွေကို ထုတ်ပြောလာကြတယ်။ ပြည်သူတွေကလည်း သူတို့ရဲ့ စိတ်ဓာတ်အပေါ်မှာ တန်ဖိုးထားလေးစားကြတယ်။ သဘောထားကြီး သူတွေ၊ နိုင်ငံကြီးသား ပီသသူတွေလို့ အသိအမှတ်ပြုကြတယ်။ 

ဒါကြောင့် ... ရွေးကောက်ပွဲဆိုတာ ပြည်သူတွေရဲ့ဆန္ဒ ဖော်ထုတ်တဲ့ အခမ်းအနားကြီးပါ။ လာမယ့် ၂၀၂၅ ခုနှစ် ဒီမိုကရေစီ ပါတီစုံအထွေထွေ ရွေးကောက်ပွဲမှာ အနိုင်ရချင်သလား။ ဘာအကြံအဖန်တွေမှ လုပ်စရာ မလိုဘူး။ ပြည်သူတွေ လေးစားလာအောင် ချစ်ခင်လာအောင်နေပြ၊ လုပ်ပြကြ။ ဘယ်ပါတီမဆို ပြည်သူချစ်မှရပါတော့နိုင်လို့ ပြောလိုကြောင်းပါခင်ဗျား။

ကိုသောင်း(ပညာရေး)