News

POST TYPE

OPINION

အပြောင်းအလဲနှင့် ဆန့်ကျင်ရာ အကျိုးဆက်များ
24-Nov-2020


နိုဝင်ဘာလ ၂၁ ရက်နေ့ ညပိုင်း သတင်းတစ်ပုဒ်ကတော့ မြန်မာ့ နိုင်ငံရေးရှေ့ရေးအတွက် စိုးရိမ်ဖွယ်လို့ ဆိုရနိုင်ပါတယ်။ ၂၀၂၀ ရွေးကောက် ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီဝင် ဦးထိုက်ဇော် သေနတ်နဲ့ပစ်ခံရလို့ သေဆုံးသွားတဲ့သတင်းပါပဲ။ ဦးထိုက်ဇော်ဟာ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်ပွဲမှာ အနိုင်ရထားတာ ဖြစ်ပါ တယ်။ အခုလို ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တစ်ယောက် အသတ်ခံရခြင်းဟာ အနာဂတ်နိုင်ငံရေးအပေါ် စိန်ခေါ်မှုလားဆိုတာလည်း ထည့်သွင်း စဉ်းစားစရာပါ။ 

ပြဿနာတစ်ရပ်ကို ဒီလိုလက်နက်ကိုင် ဖြေရှင်းတဲ့နည်းကို မလိုလားပါဘူး၊ အားလည်း မပေးပါဘူး။ ပြဿနာတစ်ရပ်ကို လက်နက်ကိုင် ဖြေရှင်းတဲ့နည်းလမ်း၊ စစ်ပွဲနည်းလမ်းဆိုတာ နောက်ဆုံးအဆင့် ဖြေရှင်း တဲ့နည်းလမ်းတွေပါ။ ဒီလိုဆိုရင် လက်နက်နဲ့ဖြေရှင်းရတဲ့အထိ ဖြစ်ရတဲ့ အကြောင်းတရားက ဘာလဲ၊ အဲဒီပြဿနာကိုဖြေရှင်းဖို့ ငြိမ်းချမ်းတဲ့ အခြား နည်းလမ်းမရှိလို့လား၊ အသုံးမပြုကြတာလား၊ အသုံးပြုခွင့်မရကြတာလားဆိုတဲ့ ဖြေရှင်းမှုနည်းလမ်းနဲ့ ဖြစ်စဉ်ရဲ့အရင်းခံ ဇာစ်မြစ်ကိုတော့ ဓမ္မဓိဋ္ဌာန်ကျကျ၊ သမာသမတ်ကျကျ၊ ဘက်မလိုက်ဘဲ အလေးအနက်ထား အဖြေရှာကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေ ကြပေမယ့် ဒီမိုကရေစီကျင့်ဝတ်တွေ၊ စံနှုန်းတွေနဲ့ ဒီမိုကရက်တစ် နည်းလမ်းတွေဆိုတာက ယခုအချိန်အထိ သဘောတရားအဆင့်ထက် မပိုသေးပါဘူး။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဖြစ်နိုင်ခြေတွေထဲမှာ မြန်မာ့နိုင်ငံရေး အခြေခံနဲ့ လတ်တလောပြီးစီးသွားတဲ့ ရွေးကောက်ပွဲအကျိုးဆက်လို့ ခန့်မှန်းရပါတယ်။ ဒီဖြစ်စဉ်မတိုင်မီ နိုဝင်ဘာလ ၁၅ ရက်နေ့က ကျောက်မဲ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေအိမ်ကို သေနတ်နဲ့နှစ်ချက် လာရောက်ပစ်ခတ်ခဲ့ပါသေးတယ်။ ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက ရခိုင် ပြည်နယ်အတွင်းမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းပြန်ပေးဆွဲမှုတွေ ဖြစ်ခဲ့ပါသေးတယ်။ ၂၀၁၉ နိုဝင်ဘာလ ၃ ရက် နေ့က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် NLD ပါတီဝင် ဦးဝှေ့တင်း ကို ဗဗ အဖွဲ့က ဖမ်းဆီးခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၁ ရက်နေ့မှ ပြန်လွတ်လာခဲ့ပါတယ်။ နှစ်လနဲ့ ၁၇ ရက်ကြာ ဖမ်းဆီးခံခဲ့ရတာပါ။ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလ အောက်တိုဘာလ ၁၄ ရက်နေ့မှာတော့ NLD လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦး ကို AA က ဖမ်းဆီးထိန်းသိမ်းထားတာ ဒီနေ့အထိပါပဲ။ ယခုဖြစ်တဲ့ဖြစ်စဉ် ကတော့ ရှမ်းပြည်နယ်အတွင်း ဖြစ်ပွားခဲ့တာပါ။ အခုအထိတော့ ဦးထိုက်ဇော် ဖြစ်စဉ်နဲ့ပတ်သက်လို့ ဘယ်သူလုပ်ဆောင်တယ်ဆိုတာ မသိရသေးပါဘူး။

ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း ဖြစ်စဉ်တွေကိုကြည့်ရင် နိုင်ငံရေး၊ တိုင်းရင်းသားအရေးတွေရဲ့ နောက်ဆက်တွဲတွေလို့ ယူဆရမှာပါ။ ဒီတော့ လတ်တလောဖြစ်စဉ်ဖြစ်ရပ်အပေါ်မှာ ကိုင်တွယ်ဖြေရှင်းတာတွေအပြင် အခြေခံကျတဲ့နိုင်ငံရေးအရ အဖြေရှာမှုတွေလည်း လုပ်ဆောင်ဖို့လိုအပ် ပါလိမ့်မယ်။ ဒါမှလည်း အခုလိုဖြစ်ပွားနေတဲ့ လက်နက်ကိုင်သတ်ဖြတ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ လက်စားချေနိုင်ငံရေးနည်းလမ်းတွေကို ဖြေရှင်းနိုင်မှာပါ။

ဒီမိုကရေစီတည်ဆောက်နေစဉ်မှာ ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ စရိုက် တွေ၊ နည်းလမ်းတွေ၊ အသုံးချမှုတွေဟာ နိုင်ငံရဲ့အသွင်ကူးပြောင်းရေးကို နောက်ပြန်ဆွဲစေပါလိမ့်မယ်။ လက်တွေ့မှာလည်း မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအဆင့်ဟာ အသွင်ကူးပြောင်းတဲ့အဆင့်ကို ရောက် တယ်လို့ မဆိုနိုင်သေးပါဘူး။ ဖြေလျှော့ရမယ့်ကိစ္စတွေတောင် အများကြီး ကျန်နေပါသေးတယ်။ တချို့ကိစ္စရပ်တွေမှာ အချိန်ယူကြရမယ်၊ အဆင့် လိုက်ဖြေလျှော့ကြရမယ်ဆိုတာ မှန်ပါတယ်။ ဥပမာ ဖက်ဒရယ်ဆိုင်ရာ ဖြေလျှော့မှုတွေအပြင် ဗဟိုချုပ်ကိုင်မှုတွေ၊ နိုင်ငံ့အင်စတီကျူးရှင်းစံနှုန်း တွေ၊ နိုင်ငံသားအခွင့်အရေးဆိုင်ရာတွေ၊ သတင်းမီဒီယာ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ၊ တရားဥပဒေစိုးမိုးရေး စတာတွေမှာလည်း ဖြေလျှော့ဖို့၊ ပြောင်းလဲဖို့ ကျန်နေပါသေးတယ်။ 

ဒီတော့ ဒီမိုကရေစီဖက်ဒရယ်ကိုပြောင်းလဲဖို့ အခြေခံဥပဒေကို ပြင်ဆင်ကြရမယ်ဆိုတာ အားလုံးက လက်ခံထားကြပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေရဲ့ ရှုမြင်တဲ့ရှုထောင့် နဲ့ ပြင်ဆင်ရမယ့်နည်းလမ်းမှာတော့ မတူညီကြတာကို တွေ့ရပါတယ်။ ပထမအကြိမ်လွှတ်တော်သက်တမ်းအတွင်းက သက်ဆိုင်သူတွေရဲ့ အခြေခံ ဥပဒေပြင်ဆင်ရေးဆိုင်ရာ ရှုမြင်ပုံနဲ့ ရပ်တည်ချက်တွေမတူညီခဲ့ကြပါဘူး။ ယခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်း လွှတ်တော်တွင်း အခြေခံဥပဒေ ပြင်ဆင်တာကိုကြည့်ရင် သက်ဆိုင်သူအသီးသီးရဲ့ ရှုမြင်တာ၊ ရပ်တည်တာ တွေဟာ ပထမအကြိမ်နဲ့မတူဘဲ ပြောင်းလဲသွားတာကို တွေ့ရမှာပါ။ အခြေခံ ဥပဒေကို လွှတ်တော်တွင်းမှာပြင်မယ်ဆို လက်ရှိလွှတ်တော်မှာ နေရာအများစု အနိုင်ရပါတီနဲ့ တပ်မတော်တို့ သဘောတူရင် ပြင်နိုင်ပါတယ်။ ဒါပေမဲ့ အနိုင်ရပါတီနဲ့ တပ်မတော်အကြားက အခြေခံဥပဒေအပေါ် မြင်တဲ့ အမြင်မတူကြတဲ့အတွက် ပြင်ဆင်ရေးဆိုင်ရာတွေမှာ ကွဲလွဲနေဆဲပဲ ဖြစ်ပါတယ်။ အခြေခံဥပဒေကိုပြင်လိုတဲ့အမြင်နဲ့ ရပ်တည်ချက်တွေ အခြေတည်တဲ့ ယုံကြည်မှုတည်ဆောက်တာတွေ၊ ဆွေးနွေးညှိနှိုင်း သဘောတူတာတွေ ကိုလည်း မတွေ့ရသေးပါဘူး။

ဒီလိုပဲ တိုင်းရင်းသားတွေနဲ့ပတ်သက်ရင် ဖက်ဒရယ်စနစ်တည် ဆောက်ရေးဟာ အရေးကြီးဆုံးဦးစားပေး အစီအစဉ်တစ်ခုဆိုတာ အားလုံးသိပြီးဖြစ်ပါတယ်။ ဖက်ဒရယ်တည်ဆောက်ဖို့ရင် အခြေခံဥပဒေ ပြင်ဆင်ရ မယ်ဆိုတဲ့ ဒီဘူတာပဲ ပြန်ဆိုက်လာပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေ ပြင်ဆင်ဖို့၊ ဖက်ဒရယ်တည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ကိုသွားဖို့ အခြေခံနိုင်ငံရေးအဖြေရှာတာတွေ၊ ညှိနှိုင်းတာတွေ မရှိသေးဘူး၊ မလုပ်ဆောင်နိုင်သေးဘူးဆိုတာ အခုဖြစ်ပွားတဲ့ဖြစ်စဉ်တွေက သက်သေတွေပါ။

၂၀၂၀ ရွေးကောက်ပွဲအပြီးမှာတော့ တိုင်းရင်းသားပါတီများအနေနဲ့ NLD က ဖော်ဆောင်မယ့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအရေးကို ပူးပေါင်းပါဝင်ဖို့ NLD ပါတီက တိုင်းရင်းသားပါတီ ၄၈ ပါတီကို ဖိတ် ခေါ်ထားပါတယ်။ ဘယ်လိုပုံစံမျိုးနဲ့ ပူးပေါင်းဆောင်ရွက်ရမယ်ဆိုတာ တော့ မသိရသေးပါဘူး။ ဒီတော့ တိုင်းရင်းသားပါတီတွေပါဝင်တဲ့ အစိုးရ ဖြစ်ဖို့မှာ အမှန်တကယ် တိုင်းရင်းသားတွေနဲ့ လက်တွဲနိုင်မလား။ လက်တွဲမယ် ဆိုရင် ဘယ်လိုပုံစံ၊ ဘယ်လောက်အတိုင်းအတာအထိ လက်တွဲနိုင်မလဲ ဆိုတာက အဓိကလိုအပ်ချက်ဖြစ်ပါလိမ့်မယ်။ အမျိုးသားညီညွတ်တဲ့ အစိုးရဖြစ်ဖို့ တိုင်းရင်းသားပါတီတွေက တိုင်းရင်းသားတွေကို နေရာသာ ပေးပြီး လုပ်ပိုင်ခွင့်မပေးရင်၊ ဒါမှမဟုတ် လုပ်ပိုင်ခွင့်မရှိတဲ့ ရာထူးတွေမှာပေးရင် ဒီမိုကရေစီဖက်ဒရယ်ရည်မှန်းချက်အတွက် အထောက်အကူဖြစ်၊ မဖြစ် စဉ်းစားစရာပါ။

ယခင်ကရော၊ အခုရော တိုင်းရင်းသားတွေကို နေရာပေးခဲ့ဖူးပါ တယ်။ တိုင်းရင်းသား ဒုတိယ သမ္မတ၊ တိုင်းရင်းသား လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းရင်းသားဝန်ကြီးတွေ၊ တိုင်းရင်းသား ပြည်နယ်ဝန်ကြီးချုပ်တွေပေးခဲ့ တာ ယနေ့ထက်ထိပါပဲ။ တိုင်းရင်းသားတွေကို ဒီလိုနေရာတွေပေးလိုက်လို့ ဖက်ဒရယ်တည်ဆောက်ရေးအတွက်၊ အမျိုးသားရင်ကြားစေ့ရေးအတွက်၊ ငြိမ်းချမ်းရေးအတွက်၊ အမျိုးသားညီညွတ်ရေးအတွက် ဘယ်လောက် အထောက်အကူဖြစ် မဖြစ်ဆိုတာက သုံးသပ်ကြည့်နိုင်ပါတယ်။ ဒါဟာ ရာထူး နေရာထက် လုပ်ပိုင်ခွင့်နဲ့ ပိုမိုသက်ဆိုင်ပါလိမ့်မယ်။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစုကို ဗဏြ ပါတီက အနိုင်ရ လို့ ပြည်နယ်ဝန်ကြီးချုပ်ခန့်အပ်ခွင့် တောင်းဆိုသလိုပါပဲ။ 

ဒီတော့ လိုရင်းက ဖက်ဒရယ်ကိုအထောက်အကူဖြစ်စေမယ့်၊ ရင်ကြား စေ့ရေးကို အထောက်အကူဖြစ်စေမယ့်၊ ငြိမ်းချမ်းရေးကို အထောက်အကူ ဖြစ်စေမယ့် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းတာမျိုးဖြစ်ဖို့ လိုမှာပါ။ လွှတ်တော် တွေထဲမှာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေ တောင်း ဆိုနေတာက အာဏာခွဲဝေမှုဆိုင်ရာ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့် ခွဲဝေမှုတွေပါ။ ဒီလို အာဏာခွဲဝေရေး တောင်းဆိုတာတွေ မရကြ၊ ညှိနှိုင်းမရကြလို့ လက် နက်ကိုင်နည်းနဲ့ ဖြေရှင်းလာကြတာ ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခတွေ နှစ်ပေါင်း ၇၀ ကျော်နေပါပြီ။ ဒါပေမဲ့ လိုချင်တဲ့အဖြေတော့မရသေးပါဘူး၊ ယနေ့ထက်တိုင်လည်း လက်နက်ကိုင် တိုက်ခိုက်နေကြဆဲပါ။ ရလဒ်က တော့ နိုင်ငံရော နိုင်ငံသားများရော အလုံးစုံချွတ်ခြုံကျသွားခဲ့တာပဲ အဖတ် တင်ပါတယ်။ ဒီရှိရင်းစွဲပဋိပက္ခတွေ မပြေလည်ခင်မှာဘဲ  အခုထပ်ပြီး အကြမ်း ဖက်တဲ့နည်းလမ်းတွေနဲ့ ဖြေရှင်းလာကြတာဟာ စိုးရိမ်ဖွယ်လို့ပဲ သတ်မှတ်ရမှာပါ။  

ဒီလိုဖြစ်စဉ် သမိုင်းအမှားတွေကိုပြင်ဆင်ကြဖို့ အလုံးစုံအသွင် ကူးပြောင်းရေး ကြိုးပမ်းနေကြတာပါ။ အသွင်ကူးပြောင်းရေးဆိုရာမှာ သဘောတရား၊ စနစ်၊ တန်ဖိုးနဲ့ နည်းလမ်းပြောင်းလဲခြင်းရဲ့ နောက်ကွယ် မှာ မျှော်မှန်းချက်တွေရှိနေပါတယ်။ ဒီမိုကရေစီကိုလိုလားခြင်း၊ တောင့်တခြင်း၊ မျှော်မှန်းခြင်းတွေဟာ စနစ်တစ်ခုပြောင်းလိုတာထက် ပိုပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးတွေ၊ တန်းတူညီမျှမှုတွေ၊ ဖွံ့ဖြိုးတိုး တက်ရေးတွေဟာ နိုင်ငံသားတွေရဲ့ ဒီမိုကရေစီမျှော်မှန်းချက်တွေ ဖြစ်ပါ တယ်။ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့၊ ကိုယ်စီကိုယ်စီအခွင့်အရေးရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်လိုကြ နေထိုင်လိုကြတာတွေဟာ နိုင်ငံသားတစ်ယောက် ချင်းစီရဲ့ မျှော်မှန်းချက်တွေပဲ ဖြစ်ပါတယ်။ ဒီမျှော်လင့်ချက်တွေအောက် မှာပဲ ဆင်းရဲချမ်းသာကွာဟချက်တွေ ရှိနေပါတယ်။ တိုက်ပွဲနယ်မြေတွေ ထဲ ရုန်းကန်နေထိုင်နေရသူတွေလည်း ရှိနေပါတယ်။ မညီမျှမှုတွေထဲက ဘဝတွေပါ။ လူတချို့ရဲ့ အတ္တတွေအောက်၊ စနစ်ဆိုးတွေအောက်မှာ နိုင်ငံ သားတွေ အသက်ရှင်ရပ်တည်ရေး ရုန်းကန်နေကြရ၊ ခံစားနေကြရတာ တွေဟာ တူညီတဲ့ဥပဒေတွေအောက်က မတူညီတဲ့ဘဝတွေပါပဲ။

သမိုင်းအဆက်ဆက် အမျိုးမျိုးသော တန်းတူညီမျှမှုမရှိတာတွေ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်တာတွေကြောင့် နောက်ဆက်တွဲအကျိုးဆက် က တော်လှန်တာတွေ၊ ပုန်ကန်တာတွေ၊ လက်နက်ကိုင် တိုက်ခိုက်ခဲ့တာ တွေ ပေါ်ပေါက်စေခဲ့တာပါ။ မကောင်းတဲ့စနစ်ဆိုတာလည်း လူတွေက ဖန်တီးခဲ့ကြတာပါ။ ကောင်းတဲ့စနစ်ဆိုတာလည်း လူတွေက ဖန်တီးခဲ့ကြ တာဆိုတာကို သတိချပ်ရမှာပါ။ သာမန်ပြည်သူတွေ၊ ဒေသခံတိုင်းရင်းသား တွေ၊ ဝန်ထမ်းတွေအပြင် အခုဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်ကိုယ်စားလောင်းတွေအထိ အသတ်ခံရတာ၊ ဖမ်းဆီးခံရတာ၊ ပြန်ပေးဆွဲတာတွေဟာ အရင်ကဖြစ်ခဲ့သလို နိုင်ငံရေးမကျေလည်မှုတွေရဲ့ နောက်ဆက်တွဲရလဒ်တွေ ဖြစ်ပါတယ်။

မိမိတို့နိုင်ငံမှာလည်း ပြည်သူကိုဗဟိုပြုတဲ့စနစ်တစ်ရပ်ကို ရွေးချယ် တယ်ဆိုတာက အရင်ရှိပြီး အခြေအနေတွေထက် ပိုပြီးကောင်းမွန်တဲ့ အနာဂတ်တည်ဆောက်လိုတဲ့ မျှော်မှန်းချက်တွေ ပါဝင်ပါတယ်။  စနစ်တွေ တော့ပြောင်းပါရဲ့ ပြည်သူတွေဘဝ မပြောင်းဘူး၊ အကျပ်အတည်းတွေက မရုန်းထွက်နိုင်ဘူး၊ စိန်ခေါ်မှုတွေ ထပ်တိုးလာတယ်ဆိုရင် စနစ်ပြောင်းရတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်နေတဲ့လက်တွေ့ဘဝ စရွေးမကိုက်ဖြစ်နေပါလိမ့်မယ်။

သိန်းထွန်း (IR) (၂၃ . ၁၁ . ၂၀၂၀)