News

POST TYPE

OPINION

ချစ်သော ပုဂံ
23-Nov-2020


ရိုးရိုးသားသား၀န်ခံရရင် 'မြန်မာမှန် ပုံဂံရောက်ဖူးရမယ်' ဆိုတဲ့ စကား ဘယ်သူက ဘယ်လို စပြောတယ် ဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီစကားလေးကို သဘောကျမြတ်နိုးမိပါတယ်။ ပုဂံဟာ မြန်မာရဲ့ ပထမဦးဆုံး အင်ပါယာဖြစ်ပါတယ်။ ရှေးအကျဆုံး အနုသုခုမ လက်ရာတွေ တပြုံတမကြီး စုဝေးနေပါတယ်။ စည်းလုံး ညီညွတ်မှုရဲ့ အထင်ရှားဆုံး ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ ပြည်ပက သူငယ်ချင်း တွေနဲ့ပဲဖြစ်ဖြစ်၊ ယဉ်ကျေးမှုဖလှယ်ပွဲ တွေမှာပဲဖြစ်ဖြစ် သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ အကြောင်း ပြောဆိုဆွေးနွေးကြပြီဆိုရင် ကျွန်တော့်အတွက် ပုဂံအကြောင်းက မပါမဖြစ်ပါ။ ပုဂံအလှကို ရှုထောင့်ပေါင်းစုံက ရိုက်ထားတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ ကျွန်တော်သိသလောက် ပုဂံ အကြောင်းကို အားတက်သရော ပြောမိပါတယ်။ ဒါပေမဲ့ ကျွန်တော်ကိုယ်၌က ပုဂံကို အကြောင်းအမျိုးမျိုး ကြောင့် တစ်ခါမှ မရောက်ဖူးခဲ့ပါဘူး။ 

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်ကမှပဲ လူကိုယ်တိုင်အရောက်သွားနိုင် ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပုဂံခရီး ခံစားမှုကတော့ အရောရောအထွေးထွေး ဖြစ်ခဲ့ပါတယ်။ ပထဦးဆုံးအကြိမ် ပုဂံဒေသကို သွားရတဲ့ခရီးဖြစ်ပြီး ဆောင်း ဝင်စ အညာဒေသရှုခင်းတွေဟာ ဆွတ်ပျံ့ကြည်နူးစရာကောင်းပါလှပါ တယ်။ ပုဂံက စေတီ၊ ပုထိုး၊ ကျောင်း၊ ကန်၊ ဇရပ်တွေရဲ့ ခမ်းနားမှုကလည်း ရင်သပ်ရှုမောဖွယ်ပါပဲ။ ပုဂံ-ညောင်ဦးက ဒေသခံတွေရဲ့ ရိုးသားဖြူစင်တဲ့ စိတ်ရင်းစေတနာတွေကလည်း အံ့သြယူရပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်း မှာပဲ ပုဂံရဲ့ အကျည်းတန်ဘက်ခြမ်းကိုလည်း သတိပြုမိပါတယ်။ အဲဒါ အတွက်တော့ စိတ်မကောင်းဖြစ်၊ နှမြောတသဖြစ်မိပါတယ်။ 

မိတ္ထီလာမြို့ကနေ ကျောက်ပန်းတောင်း-မိတ္တီလာ ကားလမ်း အတိုင်းသွားပြီး ညောင်ဦးကို ဝင်ပါတယ်။ လမ်းတစ်လျှောက် ညိုမွဲမွဲကွင်း ပြင်ကျယ်ကြီးတွေထဲက ထနောင်းပင်အုပ်အုပ်၊ ရွာစုစုလေးတွေကို ဟို တစ်ကွက် ဒီတစ်စက် မြင်နေရပါတယ်။ ကုန်းအမြင့်ပေါ်ရောက်သွားရင် ရှေ့က မည်းနက်နက်ကားလမ်းမကြီးဟာ ကြည့်မဆုံးအောင် တစ်မျှော် တစ်ခေါ်ဖြစ်သွားပြီး အဝေးတစ်နေရာမှာ သေးမျှင်မှုန်းဝါး ပျောက်ကွယ်သွား တတ်ပါတယ်။ ချုံပုတ်ပုပုလေးတွေနဲ့ မြေကြီးနီနီတွေ၊ တစ်ခါခါ ကားလမ်းဘေးမှာ အုံလိုက်ကျင်းလိုက်တွေ့ရတဲ့ နေကြာခင်းတွေဟာ ကျွန်တော့် အတွက်  အဆန်းကြယ်ဖြစ်စရာတွေချည်းပါပဲ။ ဒါကြောင့် သူငယ်ချင်းကို ကားရပ်ခိုင်းပြီး မကြာခဏဆင်းပြီး ငေးမောကြည့်မိပါတယ်။ 

ညောင်ဦးကိုရောက်တော့ တည်းခိုခန်းမှာ ခဏနားပြီး မြို့ကိုလှည့် ပတ်ကြည့်ဖြစ်ပါတယ်။ သတိထားမိသလောက် မြို့မှာ တည်းခိုခန်း၊ ဟိုတယ် တွေအတော်များများတွေ့ပါတယ်။ အားလုံးမှာလည်း အနယ်နယ်အရပ်ရပ် ကလာတဲ့ ဧည့်သည်တွေနဲ့ စည်းကားသိုက်မြိုက်နေပါတယ်။ ကျွန်တော် တို့သူငယ်ချင်းတွေမှာ ဒေသခံတစ်ယောက်မှ မပါတော့ သွားတဲ့လာတဲ့ နေရာမှာ ဟိုမေးစမ်း၊ ဒီမေးစမ်းပြီး သွားရပါတယ်။ မေးသမျှလူတိုင်းဟာ အလွန်ဖော်ရွေကြပြီး စိတ်လိုလက်ရ ကူညီကြပါတယ်။ တချို့ဆို ဆိုင်ကယ် လေးဆွဲပြီး ကျွန်တော်တို့ သွားချင်တဲ့နေရာကို ကိုယ်တိုင်ကိုယ်ကျ လိုက် ပို့ကြပါတယ်။ လိုက်ပို့တဲ့နေရာကလည်း မနီးလှပါဘူး။ ဒါကို အကျိုးတစ်ခုခု မျှော်လို့လို့ ကျွန်တော် ပထမတွေးမိပါတယ်။ ကူညီချင်စိတ်အရင်းခံပြီး သဘောရိုးနဲ့ လိုက်ပို့မှန်း နောက်မှသိရတော့ အဲလိုတွေးမိတာကို ကျွန်တော် ပြန်ရှက်ရပါတယ်။ 

ကျွန်တော့်သူငယ်ချင်းက နာမည်ကြီးတယ်လို့ သူသိထားတဲ့ မြန်မာ ထမင်းဆိုင်ကို လမ်းကြိုလမ်းကြားတွေထဲ ဟိုမေး၊ ဒီမေးပြီး ခေါ်သွားပါ တယ်။ ထမင်းဝိုင်းပျောက်အောင်ကို ဟင်းပွဲတွေက အမောက်အလျှံပါ။ အဓိကကတော့ အလကားပေးတဲ့ အရံဟင်းတွေကြောင့်ဖြစ်ပါတယ်။ ပုံးရည်ကြီး၊ မန်ကျည်းရွက်ထောင်း၊ ရှားဖြူသီးထောင်း၊ ဆူးပုပ်၊ ပဲဟင်း၊ အညာငါးပိချက်၊ ကြက်ဟင်းခါးသီး၊ လက်ပံပွင့်ခြောက်ခရမ်းသီး စသဖြင့် အချက်၊ အကြော်၊ အသုပ်၊ အထောင်း အစုံပါပဲ။ အဓိကဟင်းလျာတွေကိုလည်း ကုန်သွားရင် ထပ်ဖြည့်ပေးသေးသဗျ။ ပြီးတော့ အချိုပွဲမျိုးစုံကလည်း အရန်သင့်။ ဒီလောက် အလျှံအပယ်ကျွေးနေတော့ အကုန်အကျများမယ် ထင်ထားတာ ပိုက်ဆံရှင်းတော့ ထမင်းဟင်းရောင်းစားနေတာလား၊ အလှူ ပေးနေတာလားလို့တောင် တွေးယူရတဲ့အထိပါပဲ။ 

ဆိုင်ရှင်နဲ့ကော စားပွဲထိုးကောင်လေး၊ ကလေးမလေးတွေနဲ့ပါ စကား ပြောကြည့်တဲ့အခါ စိတ်ရင်းက ရိုးရိုးကြီးတွေလို့ ခံစားမိတယ်။ သူတို့ရဲ့ စကားလုံးတွေဟာ အခုအခံမရှိ ရင်ထဲကတိုက် ရိုက်ထွက်ကျလာတာဖြစ်ပြီး စေတနာ၊ ဖော်ရွေမှုတွေနဲ့ ယိုစီးကျနေတယ်။ ညောင်ဦးမြို့ကိုခြေချမိ တဲ့ခဏလေးမှာပဲ ထိတွေ့ဆက်ဆံခွင့်ရတဲ့ ဒေသခံ အညာသူ၊ အညာသား တွေရဲ့ စိတ်နေစိတ်ထားနဲ့ ရိုးသားဖော်ရွေမှုတွေကို ကျွန်တော့်စိတ်ထဲက တစိမ့်စိမ့်ချစ်လာမိတယ်။ အညာသားတွေရဲ့ ဒီလိုဖော်ရွေတတ်ပုံကို တစ်ဆင့်စကားတစ်ဆင့်နားနဲ့ ကြားဖူးပေါင်းများပေမယ့်လည်း ကိုယ်တိုင် ကြုံရတဲ့အခါမှသာ တကယ့်ကြည်နူးချမ်းမြေ့တဲ့စိတ်က အမှတ်သညာမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်လာပါတယ်။ တစ်ဆက်တည်းပဲ ဒီလို စိတ်ထား၊ ဖော်ရွေမှုလေးတွေကို ဂုဏ်ယူမိသလို၊ ဆက်လည်း တည်နေစေချင်မိပါ တယ်။ ကောင်းမြတ်တာတွေအတွက် ကောင်မြတ်တဲ့စိတ်အခြေခံဟာ မရှိ မဖြစ် မဟုတ်လား။ 

နောက်တစ်နေ့မှာ ကျွန်တော်တို့ ပုဂံဘုရားတွေဘက်ကို သွားကြ တယ်။ သစ်ပင် ဟိုတစ်ပင်၊ ဒီတစ်ပင်ကို ကြားခံပြီး မြက်ရိုင်းပင်တွေအလယ် က နီညိုညိုဘုရား၊ ပုထိုးတွေ တစ်နံတစ်လျား ပြန့်ကျဲနေတာ မျက်စိပသာဒ ဖြစ်စရာကောင်းလှပါတယ်။ ကျွန်တော်ဟာ ရှေးဟောင်းသုတေသန ပညာရှင်မဟုတ်သလို ရှေးဟောင်းပစ္စည်း၊ အနုပညာလက်ရာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဘာပညာအခြေခံမှမရှိတဲ့အတွက် ပုဂံဘုရား၊ ပုထိုးတွေရဲ့  အနုသုခုမလက်ရာတွေအကြောင်းကို မဆွေးနွေးတတ်ပါဘူး။ ကျွန်တော့်ရဲ့ အတွေ့အကြုံပေါ် အခြေခံပြီးပဲ ပြောနိုင်တာကတော့ ပုဂံက ရှေးဟောင်းအဆောက်အအုံတွေဟာ ထုထည်ကြီးမားခိုင်ခန့်ပြီး အသေးစိတ် ပန်းချီ၊ ပန်းပု၊ ပန်းတော့၊ ပန်းတမော့လက်ရာတွေနဲ့ ကြက်သီးမွေးညင်း ထလောက်အောင် အံ့ဘနန်း ခမ်းနားထည်ဝါလွန်းတယ်ဆိုတာပါပဲ။ 

ဒါပေမဲ့ ဘဝင်မကျမိတာလေးတွေတော့ ရှိပါတယ်။ ဘုရား၊ ပုထိုး တွေဟာ နှစ်ပရိစ္ဆေဒ ကြာလာတော့ ယိုယွင်းပျက်စီးကြပါတယ်။ နံရံတွေ၊ နံရံကအစောင့်အရုပ်တွေ၊ ကနုတ်ပန်းတွေ၊ ပန်းချီလက်ရာ စတာတွေဟာ ကျိုးပဲ့ပျက်စီးတာတွေကို တွေ့ရပါတယ်။ ဒီလိုအပျက်အစီးတွေကို ပြန် ပြုပြင်တာမှာ အရုပ်ကပဲ့ထွက်နေတဲ့နေရာမှာ အင်္ဂတေနဲ့ ပြန်ဖြည့်ထည့် ထားတာ၊ ပေါက်နေတဲ့နံရဲ့ကို အင်္ဂတေပြန်ကိုင်ထားတာ၊ ထုံးဖြူသုတ်ထား တာ၊ ကနုတ်ပန်းတွေကိုလည်း မသပ်မရပ် ပြန်တပ်ထားတွေမြင်ရတာ စိတ်မချမ်းမြေ့စရာပါ။ ရှေးဟောင်းသုတေသနပညာရပ်လို နကန်းတစ်လုံး မှနားမလည်ပေမယ့် အဲလိုပြန်ပြီးပြုပြင်ပုံက မဟုတ်သေးပါဘူးလို့ထင်မိ တယ်။ တချို့နေရာတွေဆို ပြုပြင်ထားတဲ့နေရာက အင်္ဂတေသားပဲ့ပြီး အပြာရောင်ကော်ပိုက်လုံးတွေ အကြည့်ရဆိုးစွာ ငေါထွက်နေတာ မြင်မိ ပါတယ်။ 

နောက်ပြီး တချို့စေတီ၊ ပုထိုးတွေထဲ ဝင်ရောက်ဖူးမြော်တဲ့အခါ ကင်မရာယူပြီး မှတ်တမ်းတင်ဓာတ်ပုံ၊ ဗီဒီယိုမရိုက်ဖို့၊ နံရံတွေ၊ ရုပ်တုတွေ ကိုမကိုင်ဖို့ ညွှန်ကြားထားတာတွေရှိပါတယ်။ ဒါပေမဲ့ စည်းကြပ်မှုအားနည်း သလို လိုက်နာမှုအားနည်းတာ တွေ့ရပါတယ်။ တချို့နံရံတွေမှာဆို တောက် တီးတောက်တဲ့စာတွေ တောင်ခြစ်၊ မြောက်ခြစ် လက်ဆော့ထားတာကိုတောင် တွေ့ခဲ့ရပါသေးတယ်။ 

လူသိများတဲ့ စေတီ၊ ပုထိုးတွေမှာပဲ လူစည်နေတတ်ပြီး အခြားစေတီ ငယ်ပေါင်းများစွာဟာ ပုဂံရှေးဟောင်းနယ်မြေအနှံ့ ပြန့်ကျဲနေပါတယ်။ အဲဒီမှာလည်း စေတီငယ်တွေပေါ်ကိုမတက်ဖို့ အင်္ဂလိပ်လို၊ မြန်မာလိုတွေ ရေးထားပေမယ့် ရေးထားတဲ့ဆိုင်းဘုတ်ကို ခွကျော်ပြီး စေတီထိပ်ရောက် နေတဲ့ နိုင်ငံခြားသားစုံတွဲကို တွေ့ခဲ့ရပါတယ်။ ဖြတ်သွားဖြတ်လာ မြန်မာတချို့ မြင်ပေမယ့် အမှုမဲ့အမှတ်မဲ့ပါပဲ။ ကျွန်တော်မနေနိုင်လို့ ပြန်ဆင်းလာဖို့ လှမ်းအော်ပြောမိပါတယ်။ 

ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာ ပုဂံကိုမြင်ရတာ လှပသပ်ရပ်ပြီး ဆွဲဆောင်မှုရှိလှပါတယ်။ ဒါပေမဲ့ တကယ့်အပြင်မှာတော့ ပုဂံဟာ  ကြွပ်ကြွပ်အိတ်တွေ၊ ရေသန့်ဘူးခွံ၊ ပုလင်းခွံတွေ၊ စက္ကူစုတ်တွေနဲ့ ဒင်းပြည့် ကြမ်းပြည့်ပါပဲ။ ပုံဂံရဲ့ အလှအပကို ဓာတ်ပုံကောင်းကောင်းရိုက်ချင်ရင် အဲဒီ အမှိုက်သရိုက်တွေကို ရှောင်နေရတာက အလုပ်တစ်လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အမှိုက်ယဉ်ကျေးမှုကောင်းကောင်းမဖွံ့ဖြိုးသေးတာကို လမ်းဘေးကအမှိုက်ပုံးတွေ ဟာလာဟင်းလင်းနဲ့ ဘေးပတ်ချာလည်မှာ အမှိုက်တွေ ပွစိတက် ပြန့်ကျဲနေတာကိုကြည့်ရင် သိနိုင်ပါတယ်။ 

ကျွန်တော် ပြည်ပနိုင်ငံတချို့က ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံတချို့ကို ရောက်ဖူးပါတယ်။ သူတို့လုပ်တဲ့ ပြုပြင်ထိန်းသိမ်း ရေးဟာ မူလလက်ရာကို မူလအတိုင်း ရှိနေအောင်လုပ်ကြတာပါ။ မတတ် သာလို့ ပြုပြင်မွမ်းမံတဲ့အခါမှာလည်း ကျွမ်းကျင်ပညာရှင်တွေ ဦးစီးပြီး အနုစိတ်လုပ်ပါတယ်။ ဒါကြောင့် ပြုပြင်မွမ်းမံမှုတစ်ခုဟာ နှစ်ချီကြာ တတ်ပါတယ်။ ပြုပြင်နေတဲ့နေရာကို ဘယ်ခရီးသွားမှ မဝင်ရပါဘူး။ ရှေးပစ္စည်းတွေနဲ့ပတ်သက်လို့ အပွန်းအပဲ့လည်း မခံကြပါဘူး။ ဥပမာ- ဘုရားကျောင်းအဆောက်အအုံထဲက ကြမ်းပြင်ကိုတောင် ပွန်းမှာစိုးလို့ လူလျှောက်ဖို့ဆိုပြီး လမ်းသပ်သပ်ခင်းပေးထားပါတယ်။ ဘေးကပစ္စည်း တွေ မကိုင်နိုင်အောင်လည်း စည်းရိုးကာထားပါသေးတယ်။ လူအစောင့်၊ လျှို့ဝှက်ကင်မရာအစောင့်တွေနဲ့ ဓာတ်ပုံ၊ ဗီဒီယိုမရိုက်အောင် စောင့် ကြည့်ပါတယ်။ ဒါပေမဲ့ ဘယ်သူကမှလည်း စည်းမဲ့ကမ်းမဲ့လုပ်ဖို့ စိတ် မကူးကြပါဘူး။ နောက်ပြီး ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံရဲ့ အတွင်းအပြင်နဲ့ အနီးအပါး ဧရိယာမှာ ဈေးရောင်းခွင့်မရှိပါဘူး။ ယာယီ ဈေးဆိုင်တွေအတွက် နေရာသပ်သပ် စနစ်တကျစီစဉ်ထားပေးပါတယ်။ 

ကျွန်တော်တို့နိုင်ငံက ဆင်းရဲတော့ ရှေးဟောင်းအမွေအနှစ်ပစ္စည်း တွေကို အပြည့်အဝကာကွယ်ထိန်းသိမ်းဖို့ မတတ်နိုင်သေးပါဘူး။ ပုဂံကို ယူနက်စကိုအဖွဲ့ရဲ့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းထဲဝင်အောင်ကြိုး ပမ်းပေးခဲ့ကြတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို ကျေးဇူးအထူးတင်မိပါတယ်။ ဒါမှသာ နိုင်ငံတကာက ပညာရှင်တွေနဲ့ပေါင်းပြီး ငွေကြေးအလုံအလောက် နဲ့ ရေရှည်ပြုပြင်ထိန်းသိမ်းမှုတွေလုပ်နိုင်မှာဖြစ်သလို ကမ္ဘာလှည့်ခရီး သွားတွေကိုလည်း ပိုဆွဲဆောင်နိုင်မှာပါ။ 
သက်ဆိုင်ရာ အစိုးရ၊ အဖွဲ့အစည်းတွေပိုင်းက အားထုတ်ကြိုးပမ်း သလို ဒေသခံတွေ၊ မြန်မာနိုင်ငံတစ်နံတစ်လျားက ခရီးသွားဧည့်သည် တွေအနေနဲ့လည်း ပုဂံကို ဝိုင်းဝန်းပြီး ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ရှိ ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် ပုဂံဟာ ဂုဏ်ယူစရာယဉ်ကျေးမှု အမွေအနှစ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဒီအမွေအနှစ်မပျက်စီးမယိုယွင်း အောင် ကျွန်တော်တို့အားလုံး တာဝန်သိခရီးသွားတွေဖြစ်ဖို့လိုပါတယ်။ ညွှန်ကြားချက်တွေ အပြည့်အဝလိုက်နာဖို့လိုပါတယ်။ ဒါ့အပြင် ပုဂံပတ်ဝန်း ကျင်မညစ်နွမ်းစေဖို့၊ ဒေသရဲ့ချစ်စရာယဉ်ကျေးမှုဓလေ့စရိုက်တွေ မပျက် စီးစေဖို့ ပစ်စလက်ခတ် အပြုအမူတွေကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်နဲ့လည်း ရှောင်ကြဖို့လိုပါတယ်။ ချစ်ခင်မြတ်နိုးစိတ်ဟာ တာဝန်ယူတတ်တဲ့စိတ်နဲ့ ယှဉ်တွဲနေတယ်လို့ မြင်ပါတယ်။ လူသားတိုင်း အလှအပကို ချစ်ခင်မြတ်နိုး တတ်ကြပါတယ်။ ဒါဟာ လူ့သဘာဝဖြစ်ပါတယ်။ ဒါပေမဲ့အလှအပကို ထိန်းသိမ်းစောင့်ရှောက်တတ်ဖို့ကတော့ သင်ယူလေ့လာကြရမယ့်ကိစ္စလို့ ကျွန်တော် ထင်ပါတယ်။ 

လွန်ခဲ့တဲ့ ဇွန်လဆန်းပိုင်းလောက်က ပုဂံဘုရားရှစ်ဆူ ဖောက်ထွင်း ခံရတာဖတ်ရတော့ ပုဂံကို ချစ်ခင်သူတစ်ယောက်အနေနဲ့ စိတ်နှလုံးနောက်ကျိ ရပါတယ်။ ကျွန်တော့်ရဲ့ ပထမဦးဆုံးပုဂံခရီးမှာ ကိုယ်တွေ့ကြုံခွင့်ရခဲ့တဲ့ စိတ်ကြည်နူးချမ်းမြေ့စရာ ရိုးသားပြီး ယဉ်ကျေးပျူငှာဖော်ရွေ ဧည့်ဝတ် ကျေတဲ့ ချစ်စရာစိတ်ထားနဲ့ ဓလေ့စရိုက်လေးတွေ ဒီဒေသမှာ  အသက် ဆက်နိုင်ပါဦးမလား။ နောက်တစ်ခေါက် ပုဂံကို ကျွန်တော်ပြန်ရောက်ခဲ့ရင် ပုဂံဟာ ကျွန်တော်သိခဲ့ဖူးတဲ့အတိုင်း ရှိနေပါတော့မလားဆိုပြီး စိုးရိမ် စိတ်လည်းပွားမိပါတယ်။

အခု ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာကြောင့်  အလည်အပတ်ခရီးသွား လာတာတွေ ရပ်နေပါတယ်။ လူအချင်းချင်း ဆက်သွယ်၊ ဆက်ဆံရေးတွေ ကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ လူဆိုတာ လူမှုဆက်ဆံရေးသတ္တဝါ ဖြစ်လို့ တစ်နည်းနည်းနဲ့ အရင်လို သွားလာ၊ ဆက်သွယ်၊ ဆက်ဆံမှုတွေ သေချာပေါက်ပြန်ရှိလာဦးမှာပါ။ ကျွန်တော်တို့ ခရီးတွေပြန်သွားကြဦး မှာပါ။ အဲဒီအခါမှာ အလှအပနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ချစ်ခင်မြတ်နိုးစိတ်နဲ့အတူ တာဝန်သိစိတ်လေးတွေ ကိုယ်စီကိုယ်ငရှိကြမယ် ဆိုရင် ကျွန်တော်တို့ ချစ်ခင်တန်ဖိုးထားအပ်သမျှဟာ နောင်လာမယ့် သားစဉ်မြေးဆက်တွေအထိ ချစ်ခင်တန်ဖိုးထားစရာတွေအဖြစ် ဆက်လက်ပြီး အဓွန့်ရှည်တည်တံ့နေလိမ့်မယ်လို့ ယုံကြည်မိနေပါတော့တယ်။ ။ 

နေခင်စော