News

POST TYPE

OPINION

လူထုဒေါ်အမာရဲ့ ပြန်စာ
23-Nov-2020


ရှေးလူကြီးတွေရဲ့ အတော်ချစ်ဖို့ကောင်းတဲ့အကျင့်က စာရေးရင် ဖြစ်စေ၊ လက်ဆောင်လေးတစ်ခုပို့လိုက်ရင်ဖြစ်စေ၊ ပို့စ်ကတ်လေးတစ်ခု ပို့လိုက်ရင်ဖြစ်စေ အမြဲမပျင်းမရိ ဂရုတစိုက်နဲ့ တာဝန် တစ်ရပ်အနေနှင့် အကြောင်းပြန်တတ်ကြပါသည်။ ဂျပန်မှာ ကတော့ 'ဟင်းဂျီ'လို့ခေါ်သည်။ တာဝန်အဖြစ် နားလည်ထားကြသည်။ နှုတ်ဆက်လိုက်လို့ ပြန်မထူးရင် ဒါအကြီးအကျယ်ပြဿနာပါ။ နှစ်သစ်ကူးကတ် ကိုယ်ကရလျှင် အချိန်လွန် သော်လည်း ပြန်ပို့ပေးရသည်။

လက်ဆောင်ပစ္စည်းရလျှင် ကျေးဇူးတင်စကားပြောရသည်။ ဒါ သူတို့ထုံးစံ။ ကျွန်တော် လူကြုံနှင့်ဖြစ်စေ၊ စာတိုက်ကဖြစ်စေ လက်ဆောင် ပစ္စည်းလေးများ မြန်မာပြည်မှသူငယ်ချင်းများသို့ ပို့ပေးဖြစ်သည်။ အများစုက အကြောင်းမပြန်။ ကျွန်တော့်မှာ လူကြုံကများ သွားမပေးဖြစ်သလား ဆိုပြီး စိုးရိမ်စိတ်။ မကောင်းစိတ်ဝင်ရသည်။ ကုသိုလ်မရဘဲ ငရဲကိုဝယ် သလိုဖြစ်နေလို့ နောက်ပိုင်း မပို့ဖြစ်တော့။ အဲ ဆရာမြသန်းတင့်တို့လို၊ အမေမာတို့လို ရှေးလူကြီးများကတော့ တာဝန်သိပ်ကျေလွန်းသည်။ စာရှည်ကြီးတွေနှင့် အကြောင်းပြန်သည်။ ချစ်စရာဓလေ့ကို ဘာလို့များ ဖျက်လိုက်ကြပါလိမ့်။ ယနေ့တော့ IT ခေတ်ရောက်လာပြီမို့ ဟင်းဂျီကိစ္စ ကိုထိန်းနိုင်ကြပြီဟု ထင်ပါသည်။

လူထုဦးလေးလှ၏မိတ်ဆွေ တကာမီ ဂျွန်စံ၏ဇနီး တကာမီ အကီကို ထံသို့ ၁၉၉၇ မေ၂၅ ရက်က ရောက်ခဲ့သည်။ တကာမီ အကီကိုစံက အမေမာ့အား ဂျပန်လာလည်ရန်ဖိတ်သည်။ သူ့မှာကျန်းမာရေးကလည်း သိပ်မကောင်းတော့၍ လေယာဉ်စီးခွင့်မရတော့။ အမေမာကသာ ငယ်တုန်း။
သားသမီးလေးတွေ လက်ဆွဲပြီးလာလည်ပါရန် ပြောသည်။ မသေခင် တွေ့သွားချင်ရှာသတဲ့။ သူပြောတာလေးကို ကျွန်တော်က ကက်ဆက်နဲ့အသံ သွင်းထားပြီး ထိုညနေ အိမ်ပြန်အရောက် အမေမာ့ကို ဖွင့်ပြဖြစ်သည်။မြန်မာလိုလည်း ဘာသာပြန်ပေးသည်။ အမေမာက ငြိမ်ပြီးနားထောင်နေ ခဲ့သည်။

အဲ့ဒီဖိတ်ကြားမှုလေးဖွင့်ပြပြီး မကြာမီ (၁၉၉၇ ဇွန်လ ၂ ရက်)နေ့စွဲနှင့် အမေမာ့ရဲ့စာလေးရောက်လာသည်။ တကာမီ အကီကိုစံအတွက်က တစ်စောင်၊ ကျွန်တော့်အတွက်ကတစ်စောင်။

မစ္စ တကာမီ ဂျွန်။  

တယ်လီဖုန်းထဲက ရှင့်အသံလေး ကြားရတယ်။
ရှင်က ကျန်းမာသေးတယ်။ အသက်တော့ ၈၅ နှစ်ဆိုတာရယ် ကြားရတော့ ဝမ်းသာလိုက်တာ။ ဒီအတွက် ကျွန်မတို့ ကိုသိန်းကို ကျေးဇူးတင် ရပါတယ်။
ရှင် လက်ဆောင်ပေးထားတဲ့ ကမုကုရဘုရားဆင်းတုလေးကို ကျွန်မ မနက်တိုင်း ဝတ်ပြုတဲ့ဘုရားစင်မှာ ရကတည်းက တင်ထားပြီး ကျွန်မ ဘုရား ရှိခိုးတဲ့နေ့တိုင်း ဒီဆင်းတုတော်ကိုပါရှိခိုးပြီး ရှင့်ကို သတိရနေပါတယ်။နို့ပေမဲ့ ရှင်နဲ့ကျွန်မ စာအဆက်အသွယ်က မရှိလေတော့ ရှိသေးလား၊ မရှိ တော့ဘူးလားဆိုတာတောင် ဘာမှမသိရဘူး။ ခုလို ကိုသိန်းကတစ်ဆင့် ပြန်ဆက်မိတော့ ရှင်နဲ့ကျွန်မ တစ်သက်လုံးဆက်သွယ်နိုင်ကြပြီပေါ့။ ရှင့် ကျန်းမာရေးကောင်းသေးတယ်ဆိုရင် မြန်မာပြည်အလည်လာခဲ့ပါဦးလို့ ဖိတ်ပါရစေ။ ကျွန်မယောကျာ်း ဦးလှ ရှင်တို့ဇနီးမောင်နှံရဲ့  ဧည့်သည်လုပ် ပြီး ဂျပန်ပြည်ကို အလည်ခေါ်သလို ရှင်ကလည်း ကျွန်မဧည့်သည်လုပ်ပြီး ဗမာပြည်ကို လည်ပတ်ကြည့်ရှုလှည့်ပါဦး။ ကျွန်မက ဖိတ်ခေါ်ပါတယ်။

ကျွန်မကတော့ ဂျပန်ပြည်ကို လာနိုင်လောက်အောင် ကျန်းမာရေး ကလည်းကောင်းသေးတယ်။ လာလည်းလာချင်ပါတယ်။ ဒါပေမဲ့ ကျွန်မ အနေနဲ့ ပတ်စပို့ရဖို့ လွယ်မယ်မထင်ဘူး။ ဒါကြောင့် ရှင်ပဲလာခဲ့ပါ။ ရှင်လာ ရင် ကျွန်မ ရန်ကုန်ဆင်းကြိုမယ်။

ရှင်နဲ့ကျွန်မ ဂျပန်-မြန်မာ စာရေးဆရာကြီးနှစ်ဦးရဲ့ ကျန်ရစ်သူ မုဆိုးမ နှစ်ဦးရဲ့ သိနားလည်မှု၊ ချစ်ကြည်မှုကတော့ အသက်ထက်ဆုံးခိုင်မြဲပြီး ဂျပန်-မြန်မာချစ်ကြည်ရေးကိုလည်း အထောက်အကူပြုမှာပါ။

မစ္စ တကာမီ ဂျွန်တစ်ယောက် အသက်ရှည်လို့ အနာကင်းပြီး ကုသိုလ်ရရနေသွားနိုင်ပါစေ။

ရှင့်ချစ်မိတ်ဆွေ--
လူထုဒေါ်အမာ
ကိုသိန်း။

ဂျပန်တစ်ခေါက်စာအုပ်နဲ့ဦးလှ တကာမီအကြောင်း သတင်းစာမှာ ဆောင်းပါးရေးခဲ့တာတွေကို ပြန်ပုံနှိပ်တဲ့ သောင်းပြောင်းထွေလာ ပို့ပေးလိုက်တယ်။ ရောက်ရင်စာရေးပါဦး။ ကိုသိန်းအဖို့ အသုံးကျရင် ယူသုံးပါ။ပြီးတော့ တကာမီရဲ့ဇနီးကို ပေးလိုက်ပါ။ ကိုသိန်းကို တစ်စုံပေးဖို့ကောင်း ပေမယ့် စာအုပ်တွေက မရှိတော့ဘူး။

တကာမီဂျွန် မြန်မာပြည်အကြောင်းရေးတာတွေစုပြီး စာအုပ်လုပ်မလား။ ကျွန်မ ဘာကူပေးရမလဲ။ သိပါရစေ။

ပူးတွဲပါစာကိုတော့ မစ္စတကာမီကို ဘာသာပြန်ပေးလိုက်ပါ။ သူပေးတဲ့အသံသွင်း Message ကလေးလည်း ဗမာလိုပြန်ပြီးပေးနိုင်ရင်ပေးပါ။

သူနဲ့ အခုလိုပြန်ဆက်လို့ရတာ ကျွန်မသိပ်ဝမ်းသာပါတယ်။ မစ္စတာ တကာမီရဲ့ဇနီး ကျန်ရစ်တယ်ဆိုတာသိပေမယ့် စာမရေးတတ်တော့ မဆက်မိဘူး။

ဦးလှတို့နှစ်ယောက်က သိပ်ချစ်ကြတာ။ ခဏခဏပြောနေတာပါ။သူတို့ဓာတ်ပုံတွေ ကျွန်မဆီမှာ အများကြီး ရှိပါတယ်။
ကျန်းမာချမ်းသာပါစေ။

လူထုဒေါ်အမာ

အမေမာ မှာတဲ့အတိုင်း ကျွန်တော် တကာမီ အကီကိုစံဆီ စာနဲ့ စာအုပ်လေး ယူသွားပေးလိုက်သည်။ စာပါအကြောင်းအရာကို ကျွန်တော် က ဘာသာပြန်ပြပေးသည်။ တကာမီ အကီကိုစံခမျာ ငြိမ်လို့ နားထောင် နေပြီး မျက်ရည်တွေကျရှာသည်။ ''ငါသွားချင်တယ် မြန်မာပြည်ကို။ ဒါပေမဲ့ ငါ့ကျန်းမာရေးက သိပ်မကောင်းတော့ဘူး။ ငါ့ဆရာဝန်ကလည်း လေယာဉ် မစီးရဘူးတဲ့။ မင်းကလည်း အခုမှပေါ်လာတယ်။ လွန်ခဲ့တဲ့ သုံးလေးနှစ်က ဆိုရင် ငါ့ကျန်းမာရေးက ခုလောက်မဆိုးသေးဘူး။ မအမာက ဘာလို့ ပတ်စပို့ မရနိုင်ရတာလဲ။ ကြိုးစားကြည့်ပါဦး။ ငါဘက်က ကူညီနိုင်တာရှိ ရင်လည်း ကူညီပေးပါမယ်လို့ ပြောပေးပါ''တဲ့။ တလွမ်းတဆွေးနှင့် ပြောသွားရှာသည်။ ကျွန်တော့်မှာ စိတ်မကောင်းပါ။

သြော် ကံကြမ္မာရယ်။ ခုတော့ တကာမီ အကီကိုစံရော၊ အမေမာ ရော ကွယ်လွန်သွားရှာကြပြီ။ သူတို့နှစ်ဦး(ဂျပန်-မြန်မာ စာရေးဆရာကြီး နှစ်ဦးရဲ့ ကျန်ရစ်သူ မုဆိုးမနှစ်ဦး)ခမျာ မဆုံဖြစ်ခဲ့ကြ။ ကျွန်တော့်မှာ ဝမ်းနည်းလို့မဆုံး။

ကိုသိန်း (တိုကျို)