News

POST TYPE

OPINION

ပြည်သူတွေ လိုချင်နေသည့် ရလဒ်
23-Nov-2020


နိုင်ငံပင် တည်ဆောက်တည်ဆောက်၊ စီးပွားပင် ရှာရှာ၊ တရားအားထုတ်လိုက အားထုတ်၊ မည်သို့သောအရာကိုဆောင်ရွက်သည်ဖြစ်ပါစေ ရလဒ်သည်သာ အဓိကကျသည်။ 

နိုင်ငံသစ်တစ်ခုတည်ဆောက်သည်ဖြစ်စေ၊ ဈေးရောင်းသည်ဖြစ်စေ၊ ပညာ ဆည်းပူးသည်ဖြစ်စေ၊ တရားရှုမှတ်အားထုတ်သည်ဖြစ်စေ မည်သည့်အလုပ်ပဲ လုပ်လုပ် ရလဒ်ကောင်းထွက်ပေါ်ရန်သည်သာ အခရာကျပေသည်။ 

ထိုသို့ရလဒ်ကောင်းထွက်ပေါ်ရန်အဓိကကျသည်မှာလည်း ဝါယမ ဘယ်လောက်စိုက်သည်၊ အလုပ်ဘယ်လောက်လုပ်သည် ဆိုသောအကြောင်းအရာ များပေါ်တွင်သာမူတည်ပေသည်။ ဒီမိုကရေစီစနစ်ဖော်ဆောင်နေသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် 'လူ' နှင့် 'မူ'ဆိုသောကိစ္စကို နိုင်ငံရေးသမားများသာမက နိုင်ငံရေးစိတ်ဝင်စားသူအားလုံး မကြာခဏဆိုသလို ပြောဆိုဆွေးနွေးလေ့ရှိကြပေသည်။ 

နိုင်ငံရေးစနစ်ကောင်းတစ်ရပ် ပြောင်းလဲကျင့်သုံးကြခြင်း၏ ဦးတည်ချက် ဟူသည်မှာလည်း လူပုဂ္ဂိုလ်ထက် မူဝါဒကဆုံးဖြတ်သည့် ခေတ်ကာလသို့ရောက် အောင် စနစ်တကျပြောင်းလဲယူကြရခြင်းသာပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူများ အကျိုးအမြတ်ထွက်စေမည့် ရလဒ်ကောင်းများဖန်တီးပေးရန်သာဖြစ်သည်။  

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ကိုးနှစ်ကျော် ၁၀နှစ်ခန့်ကာလသို့ ရောက်လာပြီဖြစ်သော်လည်း အမှန်တွင် မူဖြင့်အုပ်ချုပ်ရန် ကြိုးစားတည်ဆောက် နေသည့်အဆင့်တွင်သာရှိနေသေးသည်ဟု ဆိုရပေမည်။ 

အုပ်ချုပ်သူလူအတော်များများပြောင်းသွားခဲ့သည်၊ မူအချို့လည်းပြောင်းလဲသွားခဲ့သည်။ သို့အတွက်ရလဒ်အချို့ပြောင်းလာသည်မှာသေချာသည်။ 

သို့သော်လည်း နှစ်ကာလကြာမြင့်စွာဖြတ်သန်းခဲ့ရသော ယခင်ခေတ်စနစ် ဟောင်း၏ 'မူထက်လူကဆုံးဖြတ်သည်' ဆိုသော အစဉ်အလာက ယနေ့ဒီမိုကရေစီ ခေတ်ကာလအထိ အရှိန်မသေသေးဘဲလိုက်ပါ လွှမ်းမိုးနေသေးသည်ကို ပြည်သူ အားလုံးက ဦးစွာနားလည်သဘောပေါက်ထားသင့်ပေသည်။ 

ထိုသို့နားလည်သဘောပေါက်မှုရှိမှသာလျှင် 'လူ' ထက် 'မူ' က ဆုံးဖြတ် ပေးသည့်ခေတ်၊ တစ်မျိုးဆိုရလျှင် တရားဥပဒေစိုးမိုးမှုအပြည့်အဝရှိပြီး ဥပဒေအထက်တွင်မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့် ပါတီတို့မှမရှိသော ခေတ်သို့ ရောက်ရှိအောင် တည်တည်ငြိမ်ငြိမ်ဖြင့်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။ 

သို့သော်လည်း စာတွေ့သဘော၊ ညွှန်းတမ်းလာသဘောမဟုတ်ဘဲ ပကတိ လောကထဲတွင် ပြဿာနာပေါင်းစုံရှုပ်ထွေးလှသည့် တိုင်းပြည်တစ်ခုတွင် တည်တည်ငြိမ်ငြိမ်အကောင်အထည်ဖော်ရေးဟူသည်မှာ ကြီးမားသည့်စိန်ခေါ်မှုတစ်ရပ်ပင်ဖြစ်သည်။ 

သို့အတွက်ကြောင့် 'လူ' ထက် 'မူ'က အာဏာပိုရှိသည့်ခေတ် မည်သည့် အခါရောက်မည်နည်းဆိုခြင်းထက် ပကတိကြုံတွေ့နေရသည့် စိန်ခေါ်မှုကြီးများနှင့် ပြဿနာများကို မည်သို့မည်ပုံကိုင်တွယ်ဖြေရှင်းမည်၊ မည်သည့်နည်းလမ်းဖြင့် ကြိုးစားတည်ဆောက်မည်ဟူသော မေးခွန်းတို့မှာလည်း အရေးကြီးလာသည်ဟု ဆိုရပေမည်။ 

ထို့အတူ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်းတွင်း ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပြဿနာများကို ဦးဆောင်ဖြေရှင်းရာတွင်၊ တစ်နည်းအားဖြင့် 'မူ' ရော 'လူ' ပါအရေးပါနေဆဲဖြစ်နေသည့် ခေတ်ကာလထဲတွင် ခေါင်းဆောင် နေရာ၌ရှိသူတို့၏  စိတ်ဓာတ်စွမ်းအား၊ ဝီရိယစွမ်းအားနှင့် အသိÓဏ်စွမ်းအားတို့မှာ အထူးအရေးကြီးလာပေသည်။ 

ပြည်သူက ယုံကြည်စိတ်ချစွာ နောက်တစ်ကြိမ်ရွေးချယ်လိုက်သော အစိုးရ၏ ဒုတိယငါးနှစ်တွင် လူကောင်းများ၊ မူကောင်းများဖြင့် ရလဒ်ကောင်းများပိုမို မြင်တွေ့ရန်သာ မျှော်လင့်မိပါကြောင်း။ 

အယ်ဒီတာ ( ၂၃ - ၁၁ - ၂၀၂၀)