News

POST TYPE

OPINION

ဒီမိုကရေစီခေတ်ကို လိပ်ပြာသန့်စွာ ဖြတ်သန်းကြပါ
22-Nov-2020


ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာရပါတီကို ကိုယ်စားပြုပြီး ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တစ်ခုအတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံခဲ့သူ ကိုယ်စားလှယ်တစ်ဦး ကျောက်မဲမြို့နယ်တွင် ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံလိုက်ရသည့်သတင်းမှာ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုသစ် နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းလျက်ရှိသော မြန်မာနိုင်ငံအတွက် တုန်လှုပ်ခြောက်ခြားစရာကောင်းလှပေသည်။  

ယခုဖြစ်ရပ်သည် တရားဥပဒေစိုးမိုးမှုမရှိသည့် ပြဿနာလား၊ သို့မဟုတ် နိုင်ငံရေးပြဿနာလားဟုမေးလျှင် နှစ်ခုစလုံးဖြစ်သည်ဟု ဦးစွာဆိုရပေလိမ့်မည်။ 

ရွေးကောက်ပွဲကျင်းပပြီးစီးသည်မှာ သီတင်းပတ်နှစ်ပတ်ပင်မပြည့်သေးသည့် အချိန်ကာလတွင် ပြည်သူကရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ် တစ်ဦးကို ယခုလိုလုပ်ကြံသတ်ဖြတ်ခြင်းသည် ဥပဒေကိုသာမက ပြည်သူတစ်ရပ်လုံးကို တိုက်ရိုက်စိန်ခေါ်လိုက်ခြင်းပင်ဖြစ်သည်။ 
အာဏာရပါတီ သို့မဟုတ် ပါတီတစ်ခုကို မကျေနပ်လျှင် ယင်းပါတီအစား အခြားပါတီတစ်ခုခုကို မဲပေးခြင်းဖြင့်သော်လည်းကောင်း၊ မိမိမနှစ်သက်သော အကြောင်းကိစ္စများကို ဆန္ဒထုတ်ဖော်ခြင်းဖြင့်သော်လည်းကောင်း ဒီမိုကရေစီ နည်းလမ်းတကျ တုံ့ပြန်၍ရသောခေတ်ထဲတွင် ယခုလိုလက်နက်အသုံးချပြီး လုပ်ကြံ တိုက်ခိုက်ခြင်းမျိုးကို ညစ်ပတ်အောက်တန်းကျသည့်နိုင်ငံရေးဟု မပြောလျှင် မည်သို့ပြောရမည်နည်း။ 

ပါတီဝင်များကို လက်နက်အားကိုးဖြင့် ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပစ်ခတ် လုပ်ကြံခြင်းမျိုးသည် မြန်မာ့နိုင်ငံရေးအဆင့်တန်း နိမ့်ကျသည့်ဘက်၊ ညစ်ပတ်သည့် ဘက်သို့ ရောက်လာခြင်းသာဖြစ်သည်။
တကယ်တော့ နိုင်ငံရေးဟူသည် ညစ်ပတ်သည့်ဂိမ်းတစ်ခုမဟုတ်ပေ။ သို့သော်လည်း နိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများက ယခုလိုညစ်ပတ်           အောက်တန်းကျသည့်နည်းလမ်းမျိုး၊ အသုံးပြုခြင်းမျိုး မြင်တွေ့လာရသည်မှာ မြန်မာ့နိုင်ငံရေးအတွက် ရင်လေးစရာကောင်းလှပေသည်။ 
သို့သော် မြန်မာနိုင်ငံရေးတွင် ပါဝင်ပတ်သက်နေသူများသည် ညစ်ပတ်သည့် နိုင်ငံရေးကိစ္စတွင် ညံ့သူများမဟုတ်ဆိုသောအချက်ကို ဘုရင်ခေတ်၊ လွတ်လပ်ရေး မရခင်နှင့် လွတ်လပ်ရေးရပြီးခေတ်တို့ကို ပြန်ကြည့်လျှင်တွေ့နိုင်ပေသည်။ သို့အတွက်ကြောင့် သတင်းစာတစ်ဆောင်၏ ခေါင်းကြီးပိုင်းကော်လံမှတစ်ဆင့် ဆိုရေးရှိ၍သာ ပြောဆိုရသော်လည်း များစွာအားရကျေနပ်နိုင်စရာမရှိပေ။ 

သမိုင်းတွင် ညစ်ပတ်နိုင်ငံရေးသမားများအဖြစ် ကဗ္ဗည်းတင်ခံမည်လော၊ ဒီမိုကရေစီသွင်ကူးပြောင်းရေးခေတ်ကို လိပ်ပြာသန့်စွာဖြင့် ဖြတ်သန်းသူများအဖြစ် ကဗ္ဗည်းတင်ခံမည်လောဆိုသည်ကို မြန်မာ့နိုင်ငံရေး၌ ထဲထဲဝင်ဝင်ပါဝင်ပတ်သက် နေသူများကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ကြရပါမည်။
 
အယ်ဒီတာ ( ၂၂ - ၁၁ -၂၀၂၀ )