News

POST TYPE

OPINION

သိရှိထားသင့်သည့် လွှတ်တော်နှင့် အစိုးရဖွဲ့စည်းမှု
22-Nov-2020


အခုဆိုရင်တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ကိုယ်စားလှယ် တွေကို ထုတ်ပြန်ကြေညာခဲ့ပြီးပါပြီ။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉၊ ၁၄၁ နှင့် ၁၆၁ တို့အရ ပြည်ထောင်စုအဆင့် လွှတ်တော်နှစ်ရပ်နဲ့ တိုင်းဒေသကြီးပြည်နယ် လွှတ်တော် ၁၄ ရပ်မှာ ပါဝင်တက်ရောက်ကြမယ့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ အမည်စာရင်းကတော့ မထွက်ပေါ်လာသေးပါဘူး။ အခုအချိန်ဆိုရင်တော့ ရွေးကောက်ပွဲကော်မရှင် က တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံ တောင်းခံထားဆဲဖြစ်နိုင်ပါတယ်။ ရခဲ့ရင်တော့ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၃၁ နဲ့အညီ စိစစ်ပြီး ရွေးကောက်ခံကိုယ်စားလှယ်များနည်းတူ အများပြည်သူသိရှိဖို့ ကြေညာသွားရပါဦးမယ်။ ဒီနောက်မှာ ကိုယ်စားလှယ် အားလုံးအတွက် ကိုယ်စားလှယ်အသိအမှတ် ပြုလွှာတွေကို ထုတ်ပေးပြီးရင်တော့ သူတို့အားလုံး တတိယအကြိမ် လွှတ်တော်အစည်းအဝေးတွေ  ကို တက်ရောက်ပြီး လွှတ်တော်အတွင်း ရွေးချယ်ဖွဲ့စည်းမှုတွေ၊ အစိုးရအဖွဲ့ ဖွဲ့ပေးတာတွေကို လုပ်ပေးကြဖို့အသင့် ဖြစ်သွားပါပြီ။ 

ဒီအတွက် သူတို့လွှတ်တော်အစည်းအဝေးတွေ စတက်ကြပြီးတဲ့ အခါမှာ  လွှတ်တော်တွေအထဲမှာ ဦးစွာဘယ်လိုတွေ ရွေးချယ်ကြ၊ ဖွဲ့စည်းကြသလဲ၊ နောက်အစိုးရအဖွဲ့ကိုရော ဆက်ပြီးဘယ်လိုဖွဲ့စည်းကြတာလဲ ဆိုတာ တွေကို  ယခင် ၂၀၁၅ ရွေးကောက်ပွဲအလွန် ၂၀၁၆ ဖေဖော်ဝါရီ ၁ ရက်က စတင်ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်း အစတုန်းက ဆောင်ရွက်ခဲ့ကြတာတွေကို ပြန်လည်လေ့လာပြီး ဆွေးနွေးတင်ပြသွားပါ မယ်။ ပထမအနေနဲ့ လွှတ်တော်တွေခေါ်ယူဖွဲ့စည်းမှုကို လေ့လာကြည့်တဲ့ အခါ ပြီးခဲ့တဲ့ ၂၀၁၆ ဒုတိယလွှတ်တော်တုန်းကတော့ ဖေဖော်ဝါရီ ၁ ရက် နေ့မှာ ပြည်သူ့လွှတ်တော်၊ ဖေဖော်ဝါရီ ၃ ရက်နေ့မှာ အမျိုးသားလွှတ် တော်နဲ့ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်တွေကို စတင် ကျင်းပခဲ့ကြပြီး ကျန်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေက တော့ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာ အသီးသီး ခေါ်ယူကျင်းပခဲ့ ကြတာတွေ့ရပါတယ်။

လွှတ်တော်အားလုံး စတင်ခေါ်ယူကျင်းပတဲ့နေ့မှာ ပထမဦးဆုံးပြု လုပ်ကြတာကတော့ လွှတ်တော်သဘာပတိကို စတင်ရွေးချယ်တင်မြှောက်ကြရခြင်းပါ။ ဒီလိုအစမှာ သဘာပတိကို ရွေးချယ်တင်မြှောက်ကြတယ်ဆို တာကလည်း လွှတ်တော်တွေမှာ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေကို မခန့်အပ်နိုင် သေးမီအချိန်လေးမှာ လွှတ်တော်ကို ဦးစီးပြီး ရွေးချယ်ပေးဖို့အတွက် ရည်ရွယ်တာပါ။ ဒီလိုရွေးချယ်တဲ့အခါမှာလည်း သဘာပတိလောင်း အမည်စာရင်းကို လွှတ်တော်ရုံးဝန်ထမ်းအကြီးအမှူးတွေက တောင်းခံ ကြတဲ့အခါ တစ်ဦးထက်ပိုလာမယ်ဆိုရင်တော့ မဲခွဲပြီး ဆုံးဖြတ်ရပါတယ်။ တစ်ဦးတည်းဆိုရင်တော့ အခမ်းအနားမှူး တာဝန်ထမ်းဆောင်တဲ့ ဝန်ထမ်း အကြီးအမှူးကပဲ အဆိုပါသဘာပတိကို ဖိတ်ခေါ်ပြီး သူ့ကို ဦးစွာ အရင် ကတိ သစ္စာပြုဖို့ နှုတ်တိုက်ချပေးရွတ်ဆိုစေတာ၊ နောက် ကတိသစ္စာပြုလွှာမှာ လက်မှတ်ထိုးရတာတွေ ပြုလုပ်စေကြရပါတယ်။ 

ပြီးတော့မှ သဘာပတိက ဦးစီးပြီး စတင်တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်အားလုံး ကတိသစ္စာပြုစေကြတာ၊ ကတိသစ္စာပြုလွှာ မှာ လက်မှတ်ထိုးကြပြီးတဲ့အခါ လွှတ်တော်ဥက္ကဋ္ဌကို စရွေးကြပါတယ်။ လွှတ်တော်ဥက္ကဋ္ဌကို စရွေးတဲ့အခါမှာဆိုရင် ပါတီစုံဖြစ်တဲ့အတွက် ပါတီ တွေက အဆိုပြုတင်လာမယ့် အမည်စာရင်းဟာ တစ်ဦးတည်း ဆိုရင်တော့ အကြောင်းမဟုတ်ပေမယ့် တစ်ဦးထက်ပိုလာမယ်ဆိုရင်တော့ မဲခွဲ ဆုံးဖြတ် ကြပါတယ်။ ပြီးတဲ့အခါ ဒုဥက္ကဋ္ဌတစ်ဦးကိုလည်း အလားတူဆက်လက် ရွေးချယ်ကြပြီးတဲ့အခါမှာတော့ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ နှစ်ဦး အနေနဲ့  သဘာပတိရှေ့ မှောက်မှာ ကတိသစ္စာပြုတာနဲ့ ကတိသစ္စာပြုလွှာ ပေါ်မှာ လက်မှတ်ထိုးကြရတာတွေ ပြုလုပ်ကြရပါတယ်။ ပြီးတဲ့အခါ သဘာပတိက လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူကို တာဝန်လွှဲပေးပြီး ဥက္ကဋ္ဌက လွှတ်တော်ကို စတင်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြတာတွေ တွေ့ရ ပါတယ်။ ဒါကတော့ လွှတ်တော်တွေ စတင်ရင် စတင်ကြခြင်း ပထမနေ့ မှာ ပြုလုပ်ကြတဲ့အစီအစဉ်တွေသာ ဖြစ်ပါတယ်။

နောက်ရက်တွေမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့အတိုင်း လွှတ်တော်တွေ အားလုံးမှာ မဖြစ်မနေ အမြဲတမ်းဖွဲ့စည်းထားကြရမယ့် ကော်မတီ (Standing Committee) တွေနဲ့ ယာယီသက်တမ်းသတ်မှတ်ပြီး ဖွဲ့စည်း ကြရမယ့်ကော်မတီ (Adhoc Committee) တွေကို ဆက်လက်ဖွဲ့စည်း ကြရပါတယ်။ ဒါပေမဲ့ ကော်မတီတွေဖွဲ့စည်းဆောင်ရွက်ကြတဲ့နေရာမှာလည်း လွှတ်တော်တွေအတွင်း ဆောင်ရွက်ကြပုံခြင်းဟာ ပြည်ထောင်စု အဆင့်လွှတ်တော်တွေနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေက မတူညီကြပါဘူး။ ပြည်ထောင်စုအဆင့်လွှတ်တော်တွေမှာဆိုရင်တော့  အမြဲတမ်းကော်မတီတွေဖွဲ့တာကို သတ်သတ်မှတ်မှတ်ပြဋ္ဌာန်းထားပေမယ့်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်တွေမှာတော့ ပြီးတဲ့အခါမှ သာ လိုအပ်တဲ့ကော်မတီတွေကိုသာဖွဲ့ဖို့ ပါပါတယ်။ လွှတ်တော်စတင်ပြီး နောက်ရက်တွေမှာ မေးခွန်းတွေ စတင်တင်သွင်းမေးမြန်းကြတာ၊ အဆို တွေတင်သွင်း ဆွေးနွေးကြတာ၊ ဥပဒေကြမ်းတွေကို တင်သွင်း ဆွေးနွေး ကြတာတွေကိုတော့ ဖေဖော်ဝါရီတစ်လမှာ လွှတ်တော်အတွင်းက ဖွဲ့စည်းမှု တွေဆောင်ရွက်ကြရင်း တွဲပြီးလုပ်သွားကြလေ့ရှိတာကိုလည်း တွေ့ရပါတယ်။ 
 
နောက် ဒုတိယဆက်ပြီး လေ့လာတင်ပြမှာက အစိုးရအဖွဲ့ ဖွဲ့တာနဲ့ ဆိုင်တဲ့ကိစ္စပါ။ အစိုးရအဖွဲ့ဆိုတာက ပြည်ထောင်စုအစိုးရအဖွဲ့တင် ဆိုလို တာမဟုတ်ဘဲ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့တွေအတွက်ပါ  ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်း၊ ဆွေးနွေး၊ အတည်ပြုကြတဲ့လုပ် ငန်းစဉ်အားလုံး ပါဝင်ပါတယ်။ ဒီလို အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းနဲ့ဆိုင်တဲ့ကိစ္စ တွေရဲ့အစဖြစ်တဲ့ ဒုတိယသမ္မတ ရွေးချယ်ခြင်းလုပ်ငန်းစဉ်ကိုလည်း လွှတ်တော်တွေ စတင်ခေါ်ယူကျင်းပတဲ့ရက်ကစလို့ ဆောင်ရွက်ခဲ့ကြတာ ကိုလည်း တွေ့ရပါတယ်။ ဒီစတင်မှုကိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၀ နဲ့ နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရွေးချယ် တင်မြှောက်ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၄ အရ ပြည်ထောင်စုလွှတ်တော်က ဖေဖော်ဝါရီ ၈  ရက်နေ့ လွှတ်တော်အစည်းအဝေး စတင်ကျင်းပစဉ်ကတည်းက   ပြည်သူ့ လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သားလွှတ်တော် ကိုယ် စားလှယ်အစုအဖွဲ့သုံးဖွဲ့စီက သမ္မတလောင်း (ဒုတိယသမ္မတလောင်း) ရွေးချယ်ပွဲတွေကို  မတ်လ ၁၇ ရက်နေ့မှာ စတင်ကျင်းပရွေးချယ်ကြဖို့  နာယက က ကြေညာခဲ့ပါတယ်။ ဒါပေမဲ့လည်း မူလသတ်မှတ်ထားတဲ့ မတ်လ ၁၇ ရက်ဆိုရင် နောက်ကျသွားနိုင်တဲ့အတွက် မတ်လ တစ်ရက်နေ့မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာတော့  မတ်လ ၁၀  ရက်နေ့မှာ စတင်ကြဖို့နဲ့ ရွေးချယ်ပေးကြတဲ့ ဒုတိယသမ္မတတွေကို သမ္မတ အရည်အချင်းနဲ့ညီမညီ စိစစ်နိုင်ဖို့ အစုအဖွဲ့တစ်ခုစီကနေ ကိုယ်စားလှယ် တစ်ဦးစီရဲ့ အမည်စာရင်းကိုလည်း အတူပေးပို့ကြဖို့ နာယက က ထပ်မံ ကြေညာခဲ့တာ တွေ့ရပြန်ပါတယ်။   

ဒီနောက်မှာတော့ ပြည်သူ့၊ အမျိုးသားနဲ့ တပ်မတော်သားကိုယ် စားလှယ်များ အစုအဖွဲ့ သုံးဖွဲ့ကနေ  မတ်လ ၁၀ ရက်၊ ၁၁နေ့မှာ ဒုတိယ သမ္မတ တစ်ဦးစီရွေးချယ်ခဲ့ကြပြီး ပြည်ထောင်စုလွှတ်တော်ကို ပေးပို့ခဲ့ကြ တာ၊ ပြည်ထောင်စုလွှတ်တော်မှာတော့  မတ်လ ၁၅ ရက်နေ့မှာ နိုင်ငံတော် သမ္မတ ရွေးချယ်တင်မြှောက်ပွဲပြုလုပ်ခဲ့ပြီး မတ်လ ၁၇ ရက်နေ့မှာတော့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက အစိုးရဝန်ကြီး ဌာန ၂၁ ခုနဲ့ ခန့်အပ်မယ့်ဝန်ကြီး ၁၈ ဦးတို့ကို ဖွဲ့စည်းတာဝန်ပေးဖို့ ပြည် ထောင်စုလွှတ်တော်ကို တင်ပြခဲ့တာတွေလုပ်ခဲ့ကြပါတယ်။  ဒီတင်ပြမှုကို တော့ ပြည်ထောင်စုလွှတ်တော်မှာ  သမ္မတအဖြစ်ရွေးချယ်တင်မြှောက် ခြင်းခံထားရသူ ဦးထင်ကျော်က မတ်လ ၂၁ ရက်နေ့မှာ လာရောက်ရှင်းလင်း တင်ပြခဲ့ပြီး ဝန်ကြီးဌာနအရေအတွက်၊ အမည်နဲ့ ဝန်ကြီးတွေကိုအတည် ပြုပေးခဲ့ပါတာ တွေ့ရပါတယ်။ ဒီနောက်မှာတော့ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံထားရသူက မတ်လ ၂၄ ရက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံးဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ တင်သွင်းတာ၊ နောက် မတ်လ ၂၅ ရက်နေ့ မှာ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို တင်သွင်းတာတွေ ပြုလုပ်တာ၊ လွှတ်တော်က ဆွေးနွေးအတည်ပြုပေးတာတွေပြုလုပ်ပြီး နောက်မှာတော့ မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတတွေ နဲ့ဝန်ကြီးတွေအားလုံးက ပြည်ထောင်စုလွှတ်တော် နာယကရှေ့မှောက်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။
ဒီနောက် ဧပြီလ ၄ ရက်မှာတော့ ကျန်ရှိတဲ့ ရှေ့နေချုပ်အမည်စာရင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်များအမည်စာရင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်အမည်စာရင်း တင်သွင်းတာတွေ ပြုလုပ်ခဲ့တာ၊ လွှတ်တော်မှာ ဆွေးနွေးအတည်ပြုခဲ့ကြတာတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဧပြီလ ၆ရက် နေ့မှာတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးတွေခန့်အပ်တာကို လွှတ်တော် က မှတ်တမ်းတင်ခဲ့ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ကြတာတွေ့ရပါတယ်။ တိုင်း ဒေသကြီးနဲ့ ပြည်နယ်အစိုးရအတွက်ကတော့ ပြည်ထောင်စုလွှတ်တော်ထဲ မှာ နိုင်ငံတော်သမ္မတက လျာထားတင်သွင်းတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ် ဝန်ကြီးချုပ်တွေအတိုင်းပဲ သူတို့ကိုယ်စီရဲ့ လွှတ်တော်တွေမှာ ပြန်လည်အတည် ပြုကြ၊ ကတိသစ္စာပြုကြရပြီး ကျန်ရှိတဲ့ဝန်ကြီးတွေကိုလည်း အလားတူပြုလုပ်ကြတာ တွေ့ရပါတယ်။

ဒီနောက်မှာတော့ အစိုးရအဖွဲ့ သက်တမ်းကုန်တဲ့ မတ်လ ၃၁ ရက်နေ့မှာ အစိုးရအဖွဲ့အဟောင်းနဲ့အသစ် တာဝန်လဲလှယ်ကြတာ၊ ပြီးရင်တော့ အစိုးရအဟောင်းထဲမှာ ပြန်လည်အရွေးခံကြရတဲ့ ကိုယ်စား လှယ်တွေပါရင်လည်း လွှတ်တော်အသီးသီးကို တက်ရောက်ပြီး အဲ့ဒီ ကာလမှသာ ကတိသစ္စာပြုကြရတာတွေ ပြုလုပ်ကြတာတွေရှိခဲ့ပါတယ်။ ဒီအတွက် လာမယ့် ၂၀၂၁ လွှတ်တော်တွေ (တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်အားလုံး) အနေနဲ့လည်း အလားတူ ရက်ကာလတွေမှာသာ လွှတ်တော်တွေကို ခေါ်ယူကျင်းပတာ၊ သဘာပတိ၊ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌတွေ ရွေးတာ၊ နောက် ဖေဖော်ဝါရီလထဲမှာ ကနဦးဖွဲ့စည်းတာဝန်ပေးအပ်ကြမယ့် ကော်မတီတွေဖွဲ့တာ၊ ကြားကာလအချိန်တွေမှာ လွှတ်တော်လုပ်ငန်း တွေဖြစ်တဲ့ မေးခွန်းမေးတာ၊ အဆိုတင်တာ၊ ဥပဒေကြမ်းတင်သွင်း တာတွေ ပြုလုပ်ကြမယ်လို့လည်း သုံးသပ်ရပါတယ်။

ဒီလို ဘာလို့ပြောရသလဲဆိုတော့ လက်ရှိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေတွေအရ ပေါ်ပေါက်လာတဲ့  လွှတ်တော်တွေ(ဥပဒေပြုရေးမဏ္ဍိုင်)ကမှတစ်ဆင့် အစိုးရအဖွဲ့ (အုပ်ချုပ် ရေးအဖွဲ့) ကို ဖွဲ့စည်းပေးကြရတာမို့ လွှတ်တော်တွေကို ဦးစွာခေါ်ယူ ဖွဲ့စည်းကြပြီးကာမှ နောက်အစိုးရအဖွဲ့ကို ဆက်လက်ဖွဲ့စည်းကြရတာ၊ ဒီလိုဖွဲ့စည်းပေးတဲ့အစိုးရက ယခင်အစိုးရထံက အာဏာလွှဲပြောင်းယူဖို့ ပြင်ဆင်ကြတာတွေအတွက် ကြားထဲမှာ နှစ်လ အချိန်ယူကြရတာမို့ လွှတ် တော်နဲ့အစိုးရ တာဝန်ထမ်းဆောင်ကြမှု သက်တမ်းဟာ မတူညီတော့ဘဲ ကြားထဲမှာ နှစ်လကွာပြီး အဲ့ဒီနှစ်လမှာ လွှတ်တော်က အသစ်၊ အစိုးရအဖွဲ့က အဟောင်းဖြစ်နေတာပဲဖြစ်ပါတယ်။  

ဒီအတွက် အခုလာမယ့် ၂၀၂၁ တတိယအကြိမ်လွှတ်တော်သက် တမ်းနဲ့ အစိုးရသက်တမ်းကာလမှာလည်း  လက်ရှိအာဏာရပါတီကသာ  ဆက်လက်အနိုင်ရလို့ နိုင်ငံ့တာဝန်ကိုယူရတယ်ဆိုပေမယ့်လည်း လွှတ် တော်တွေကို ဖွဲ့စည်းတာ၊ အစိုးရဖွဲ့စည်းတာတွေကိုတော့ အထက်မှာ တင်ပြခဲ့တဲ့ ၂၀၁၆ က လုပ်ငန်းစဉ်တွေအတိုင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့ နိုင်ငံတော်သမ္မတ၊ ဒုသမ္မတ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေတွေအတိုင်းသာ အစီအစဉ် တကျ ဃေူနညိမေ ကျဆောင်ရွက်ကြရမှာဖြစ်တာမို့ ဒီလိုလွှတ်တော်အသစ်တွေ ပြန်လည်ခေါ်ယူဖွဲ့စည်းကြတာ၊ အစိုးရဖွဲ့စည်းတာတွေနဲ့ဆိုင်တဲ့ လုပ်ငန်းတွေဆိုတာ ပြည်သူ့တွေရဲ့ဆန္ဒနဲ့အညီ ရွေးချယ်တင်မြှောက်လိုက် တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် ဆက်လက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေ၊ ထမ်းဆောင်ရတော့မယ့်တာဝန်တွေဖြစ်တာမို့ အဆိုပါ လုပ်ငန်းတွေကို လေ့လာသိရှိထားသင့်ပါကြောင်း ရေးသားရင်း နိဂုံးချုပ် လိုက်ရပါတယ်။ 

သန်းဖြိုးနိုင်